စိတ်သန့်စင်ခြင်းနည်းလမ်းတစ်ခု
Vol. 59 Ch. 883
ဝမ်လင်းက သူတော်စင်အင်မော်တယ်ကျမ်းကို ပထမဆုံးအကြိမ်အဖြစ် အလွန် အန္တရာယ်များသည်ဟု ခံစားမိခဲ့သည်။
ဝမ်မိသားစုအိမ်ငယ်လေးတွင် ဉာဏ်အလင်းပေးထားသော မှင်စာများထဲ၌ သူတော်စင်အင်မော်တယ်ကျမ်းသည် အစွမ်းအထက်ဆုံးဖြစ်သည်မှာ ထင်ရှား၏။
သခင်မာက တိုက်ခိုက်ရေးတွင် အစွမ်းထက်ဆုံး မွန်းစတားဖြစ်သော်လည်း အခြားသောကဏ္ဍများတွင် သူတော်စင်အင်မော်တယ်ကျမ်း၏ ခွန်အားက အမှတ်တကယ်ပင် အံဩလောက်စရာ ဖြစ်နေသည်။
အကယ်၍သာ သခင်မာကဲ့သို့ ဒုတိယအကြိမ် ဉာဏ်အလင်းရခဲ့လျှင် သူတော်စင်အင်မော်တယ်ကျမ်းသည် စကြာဝဠာအဆင့် ကောင်းကင်မှော်ရတနာပင် ဖြစ်လာနိုင်၏။
ဝမ်လင်းက သူတော်စင်အင်မော်တယ်ကျမ်း၏ စွမ်းရည်များသည် စကြာဝဠာကြီးကို အကျိုးပြုနိုင်သည်ဟု ခံစားရသည်။
၎င်း၏ ဖြစ်နိုင်ချေတွက်ချက်မှုများက ကောင်းကင်ကြီးကိုပင် ဇောက်ထိုးဖြစ်သွားနိုင်သည် အထိ အစွမ်းထက်သည် မဟုတ်ပါလား။
သူတော်စင်အင်မော်တယ်ကျမ်း၏ ထင်ရှားသောအရည်အချင်းတစ်ခုမှာ သိသိသာသာပင် ဖားယားတတ်ခြင်းဖြစ်သည်။
၎င်းက ဝမ်လင်းကို ကျွန်တော့်ရဲ့ သခင်လေး ဟူ၍ ပါးစပ်မှမချတမ်း ခေါ်ဆိုနေခဲ့သည်။
ဝမ်လင်းတွင် ထူးခြားသော အတွေးတစ်ခု ရှိနေသည်။
သူက သူတော်စင်အင်မော်တယ်ကျမ်းကို အခြားစကြာဝဠာသို့ ပို့လိုက်သင့်သည်ဟု ခံစားမိသည်။
ဤအကောင်က ဉာဏ်ကောင်းလွန်းနေသည်။
သူနှင့်အတူ ထားရှိခြင်းက သူ့ကိုအမှန်တကယ်ပင် ခေါင်းကိုက်စေသည်။
"ကျွန်တော့်ရဲ့ သခင်လေး"
အချိန်အတော်ကြာသည်အထိ ဝမ်လင်းက မတုံ့ပြန်သည်ကိုမြင်ရလျှင် သူတော်စင်အင်မော်တယ်ကျမ်းက ထပ်မံ၍ ခေါ်လိုက်သည်။
"ကျွန်တော့်ရဲ့သခင်လေး ဘာတွေတွေးနေတာလဲ"
သို့သော် ဝမ်လင်းပြန်မဖြေခင်မှာပင် သူတော်စင်အင်မော်တယ်ကျမ်းက သူ့စကားကို ဆက်ပြောလိုက်သည်။
"ကျွန်တော့်ရဲ့သခင်လေးက မိစ္ဆာအူမှိုတက်အရှင်ရဲ့ ကိစ္စကို စဉ်းစားနေတုန်းပဲဆိုတာ ကျွန်တော်သိတယ်.. ကျွန်တော့်ရဲ့သခင်လေးအနေနဲ့ တတိယနည်းကို ရွေးချယ်ဖို့အတွက် ၈၇% အခွင့်အရေးရှိတယ်လို့ ကျွန်တော်မှန်းဆထားတယ်.. ဒါကြောင့် ကျွန်တော်က အင်မော်တယ်ထုန်ရာကို ကြိုတင်ဆက်သွယ်ပြီး မိစ္ဆာအူမှိုတက်အရှင်ကို ကိုင်တွယ်ဖို့အတွက် သခင့်ရဲ့ပုံစံကို အတုခိုးပြီး မက်ဆေ့ချ်ပို့ထားခဲ့တယ်"
ဝမ်လင်း ".........."
သူတော်စင်အင်မော်တယ်ကျမ်း "မနက်ဖြန်ပင်လယ်ပြင်မှာ လေဆင်နှာမောင်း တိုက်ခက်ဖို့ ၉၇% ဖြစ်နိုင်ချေရှိတဲ့အတွက် ပျံသန်းမှုတွေကို ထိခိုက်စေမယ့် အလားအလာရှိနေတယ်လို့ ကျွန်တော်တွက်ချက်ထားတယ်.. ဒါကြောင့် အင်မော်တယ်ထုန်ရာကို ရေအောက်လှိုဏ်ခေါင်းကနေ ခရီးသွားဖို့အတွက် လက်မှတ်ကို ကူဝယ်ထားပေးခဲ့တယ်.. သူက ဒီနေ့ ညနေ ထွက်ခွာမှာဖြစ်ပြီး နှစ်နာရီအတွင်း လိုရာခရီးကို ရောက်လိမ့်မယ်"
".........."
"မီရှို့နိုင်ငံရဲ့ နယ်စပ်တစ်လျှောက်မှာ အာကာပြင် ထိန်းချုပ်မှုတွေ ရှိတဲ့အတွက် ကျွန်တော့်ရဲ့ သခင်လေး အနေနဲ့ အင်မော်တယ်ထုန်ရာကို အာကာသ ဥမင်လှိုဏ်ခေါင်းကနေ ပို့လိုက်မယ်ဆိုရင် နိုင်ငံတွေကြားက ဆက်ဆံရေးကို သက်ရောက်မှုတွေ ရှိလာနိုင်တယ်"
"..........."
"ဒါ့အပြင် တစ်ခု ပြောလိုတာက သခင်လေးရဲ့ သရေစာ ခေါက်ဆွဲခြောက်ထုပ်တချို့ကို အပေါင်ခံလို့ရတဲ့ ပိုက်ဆံနဲ့ မြေအောက်လှိုဏ်ခေါင်း ခရီးစဉ်အတွက် လက်မှတ်ကို ဝယ်ခဲ့တာပဲ"
"???"
"လောလောဆယ်မှာတော့ ကျွန်တော့်ရဲ့သခင်လေးက ကျွန်တော့်ကို သတ်ပစ်ဖို့ ၉၉%ဖြစ်နိုင်ချေရှိတယ်လို့ ခန့်မှန်းထားတယ်.. ဟုတ်ပါတယ်.. လူတွေကို အကျိုးပြုဖို့အတွက် အခြားသော စကြာဝဠာကိုပို့ဖို့က ၁%ရှိပါတယ်.. ကျွန်တော့်ရဲ့သခင်လေး အနေနဲ့ စိတ်ငြိမ်ငြိမ်ထားတော်မူပါ.. သခင်လေးရဲ့ ဒေါသက အတိုင်းအတာနံရံကို ဖြတ်ကျော်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိခိုက်စေတာကို ကျွန်တော်နားလည်နေပါပြီ"
စက္ကန့်အနည်းငယ်ကြာပြီးနောက်...
"ကျွန်တော့်ရဲ့သခင်လေး စိတ်အေးအေးထားပါ.. သခင်လေး ရဲ့ဒေါသတွေ တဟုန်းဟုန်း တောက်နေတာကို ကျွန်တော်ခံစားမိနေပါတယ်.. ဒေါသတွေက အတိုင်းအတာနံရံကနေ အခြားသော စကြာဝဠာတွေဆီကို စိမ့်ဝင်သွားပုံရတယ်.. စက္ကန့်များစွာကြာပြီးနောက်မှာ ကျွန်တော့်ရဲ့သခင်လေးက ကျွန်တော့်ကို သေတဲ့ထိ ရိုက်နှက်ဖို့ဖြစ်နိုင်ချေက ၉၉.၉၉% ရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမဲ့ သခင်လေး အနေနဲ့ ဆက်ပြီး ဒေါသဖြစ်နေမယ်ဆိုရင် ဒသမ စကြဝဠာရဲ့ အတိုင်းအတာနံရံမှာရှိတဲ့ အက်ကွဲမှုက ပိုကြီးမားလာမှာဖြစ်တယ်.. ၁၀ခုမြောက်စကြာဝဠာကြီးက သခင်ရဲ့အမျက်ဒေါသ သက်ရောက်မှုတွေကို ခံစားခဲ့ရပြီး သူ့ရဲ့ ဝင်ရိုးစွန်း၄ခုကလည်း အရည်ပျော်သွားခဲ့ပြီ.. ဒဿမ စကြာဝဠာမှာရှိတဲ့ ယိုစိမ့်မှုအတွက် အဲဒီစကြာဝဠာမှာ ရှိတဲ့လူတွေက ရာသီလာတဲ့အခါမှာ အသုံးပြုတဲ့ ဂွမ်းထုပ်ကို သုံးမယ်ဆိုရင်တော့ နောက်ထပ် နှစ်၃၀ကြာအောင် ထိန်းထားနိုင်မယ် ဆိုပေမဲ့ နောက်ပိုင်းမှာတော့ သူတို့အားလုံး သေဆုံးသွားရမှာပဲ ဖြစ်တယ်"
ထိုအချိန်တွင် ဝမ်လင်းက အသက်ကိုခပ်ပြင်းပြင်း ရှူလိုက်သည်။
သူ့စိတ်ထဲတွင် လုံးဝ ရှင်းသွားခဲ့ပြီဖြစ်သည်။
ဤအကောင်ကို ဒဿမ စကြာဝဠာဆီသို့ ပို့ရမည်ဖြစ်သည်။
တစ်ဖက်တွင်လည်း အင်မော်တယ်ထုန်ရာက ဝမ်လင်း၏ပုံစံကို အတုခိုး၍ပေးပို့ခဲ့သော သူတော်စင်အင်မော်တယ်ကျမ်း၏ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့ပြီ ဖြစ်သည်။
သူတော်စင်အင်မော်တယ်ကျမ်း၏ မူရင်းဇစ်မြစ်မှာ အိုင်ပက်ဖြစ်သောကြောင့် သူတော်စင်အင်မော်တယ်ကျမ်းသည် ကမ္ဘာပေါ်ရှိ မည်သည့် အီလက်ထရောနစ် စက်ပစ္စည်းနှင့်မဆို ချိတ်ဆက်နိုင်ပြီး မက်ဆေ့ချ်များလည်း ပေးပို့နိုင်၏။
အင်မော်တယ်ထုန်ရာက အလွန်ပင် စိတ်လှုပ်ရှားနေသည်။
အကြောင်းအရင်းမှာ ဤသည်က သူ့အနေဖြင့် နိုင်ငံရပ်ခြားတွင် ပထမဆုံး ပြုလုပ်ရမည့် မစ်ရှင် ဖြစ်သောကြောင့်ပင်။
ထိုထက်ပိုသည်က ခေါက်ဆွဲခြောက်တာအိုဧကရာဇ် အနေဖြင့် သူ့အတွက် အခွင့်အရေးတစ်ခုပေးနေမှန်း သူကောင်းစွာသိသည်။
"မစ်ရှင်အတွက် ရွေးချယ်ခံရလို့ ဂုဏ်ယူပါတယ် အင်မော်တယ်ထုန်ရာ"
ဗုံးပစ်စီနီယာအင်မော်တယ်က ချီးကျူးစကား ပြောလိုက်သည်။
"မင်းရဲ့ကျင့်ကြံခြင်းနယ်ပယ်အဆင့် မတိုးတက်ရခြင်း အဓိကအကြောင်းအရင်းက မင်းအနေနဲ့ အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေလို့ပဲ"
"ဘာကိုဆိုလိုတာလဲ "
ပုံမှန်အားဖြင့် အဂ္ဂိရတ် ပညာရှင်တစ်ဦးသည် သာမန်ကျင့်ကြံသူများထက် ပိုမိုတည်ငြိမ်သော စိတ်ဓာတ်ရှိသည်။
အဘယ်ကြောင့်ဆိုသော် အရာဝတ္ထုများကို သန့်စင်ရာတွင် ငြိမ်းအေးသောစိတ် ရှိရမည်ဖြစ်သောကြောင့်ပင်။
ဆိုရလျှင် စိတ်ခံစားချက် အတက်အကျများသည် ဆေးပြားသန့်စင်ရာတွင် အောင်မြင်မှုနှုန်းအား သိသိသာသာပင် ကျဆင်းစေသည်။
ထို့ကြောင့် ဤလုပ်ငန်းကို လုပ်ကိုင်သော ပညာရှင်များ၏ စိတ်ထားသည် ဗုဒ္ဓနှင့် အလွန်ဆင်တူကြသည်။
"ညီနောင်ထုန်ရာ နားလည်မှုမလွဲပါနဲ့.. မင်းက စိတ်ထားပွင့်လင်းလွန်းတာကြောင့် သာမန်ကျင့်ကြံသူတွေနဲ့ မကိုက်ညီဘူး.. ပြောရရင် ပွင့်ပွင့်လင်းလင်း ရှိတဲ့လူတွေက ပိုပြီး ထိခိုက်လွယ်လေပဲ.. မင်းအနေနဲ့ ဂန္ဓမာကျွန်း ကျူးကျော်ခံရတဲ့အတွက် နာကျည်းမှုတွေကို ခံစားရမှာ သေချာတယ်"
ထိုသို့ပြောပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က သက်ပြင်းချလိုက်သည်။
"ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ရည်းစားရှိဖို့က အရေးကြီးတယ်"
အင်မော်တယ်ထုန်ရာ ".........."
"ညီနောင်ထုန်ရာမှာသာ ရည်းစားရှိရင် တူနှစ်ကိုယ် ကျင့်ကြံခြင်းနဲ့ ညီနောင်ထုန်ရာရဲ့ဒေါသကို စွန့်ထုတ်နိုင်တယ်.. ဒါပေမဲ့ ရည်းစားမရှိဘူးဆိုတော့ မင်းရဲ့စိတ်ကို မင်းကိုယ်တိုင်ပဲ သန့်စင်နိုင်တော့မယ်"
ဗုံးပစ်စီနီယာအင်မော်တယ်က ပြောလိုက်သည်။
"စိတ်ကိုသန့်စင်ခြင်းက ကျင့်ကြံခြင်းနယ်ပယ်အဆင့်မှာ ပိတ်ဆို့နေတဲ့ ကျင့်ကြံသူတိုင်း ရင်ဆိုင်ရမယ့်အရာဖြစ်တယ်.. ခြုံငုံပြောရရင် ညီနောင်ထုန်ရာက နတ်ဆိုးအိုဝမ် မဟုတ်ဘူးလေ"
"ဒါက နတ်ဆိုးအိုဝမ်နဲ့ ဘယ်လိုများ သက်ဆိုင်နေလို့လဲ"
"ညီနောင်ထုန်ရာ မေ့သွားပြီလား.. အဲဒီအချိန်က သူ့စိတ်ကို သန့်စင်ဖို့အတွက် နတ်ဆိုးအိုဝမ်က သစ်သားထွင်းဆိုင်ကို အထူးဖွင့်လှစ်ခဲ့ပြီး သစ်သားလေယာဉ်ပျံ ကစားစရာတွေ ပြုလုပ်ခဲ့တယ်လေ.. ပြောရရင် ကျင့်ကြံသူတစ်ယောက်က ဇွဲလုံ့လမရှိဘဲ လက်မှုပညာရှင်အဆင့်ကို ဘယ်လိုမှ မရောက်နိုင်ဘူး"
".........."
အင်မော်တယ်ထုန်ရာက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
ခဏအကြာတွင် သူက ဗုံးပစ်စီနီယာအင်မော်တယ်၏ ဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
"စီနီယာအင်မော်တယ် ဒါက..."
"ညီနောင်ထုန်ရာ မြင်တဲ့အတိုင်းပဲ.. ဒါက မိတ်ဆွေဖွဲ့တဲ့ အက်ပ်တစ်ခုပဲ.. စကင်န်ခလုပ်ကို နှိပ်လိုက်တာနဲ့ မင်းရဲ့ အနီးတဝိုက် ၅၀၀ မီတာအတွင်းမှာရှိတဲ့ အမျိုးသမီး ကျင့်ကြံသူတွေထဲက မင်းရဲ့စိတ်ဝင်စားမှုနဲ့ ဝါသနာအကိုက်ညီဆုံးသော သူတွေကို အလိုအလျောက် စကင်န်ဖတ်ပေးလိမ့်မယ်"
"ဒါပေမဲ့.."
"ညီနောင်ထုန်ရာ.. ငါတို့တွေက မငယ်တော့ဘူးလေ.. ငါတို့ရဲ့အနာဂတ်ကိုလည်း စဉ်းစားရဦးမယ် မဟုတ်လား.. လက်တွဲဖော်နဲ့ အခြေချနေထိုင်ခြင်းက ကောင်းမွန်တဲ့အရာ တစ်ခုပါ.. လက်တွဲဖော်နဲ့ အတူသာဆိုရင် ဆေးပြားသန့်စင်တဲ့ နေရာမှာလည်း မင်းရဲ့အောင်မြင်မှုနှုန်းက ပိုမိုမြင့်မားလာမှာ သေချာတယ်"
"ဒါပေမဲ့.."
"ဟုတ်ပါတယ်.. အချိန်က အတော်လေးတောင် နောက်ကျနေပါပြီ.. ဒါပေမဲ့ အခွင့်အရေးက မင်းရှေ့မှာပဲလေ.. ဒီအက်ပ်ကို ငါကိုယ်တိုင် စတင်အသုံးပြုခဲ့တာပါ.. ညီနောင်ထုန်ရာ အနေနဲ့ အနည်းနဲ့အများတော့ အသုံးပြုသင့်တယ်.. ဒါမှ ကျင်းရှီနဲ့ယင်းရှီတို့အတွက် အမေတစ်ယောက်ကို ရှာပေးနိုင်မှာပေါ့"
"ဒါပေမဲ့.."
"ညီနောင်ထုန်ရာ မငြင်းပါနဲ့.. ဒါက မစ်ရှင်တစ်ခုပါ.. မဟာဗျူဟာလှည့်ဖျားမှုရုံးကို စတင်တည်ထောင်ချိန်ကစပြီး မင်းရဲ့ပထမဆုံးတာဝန်လည်း ဖြစ်တယ်.. ငါတို့ အဖွဲ့အစည်းက မင်းဘဝရဲ့ အရေးပါတဲ့ကိစ္စတွေကို ဂရုစိုက်ပေးတာ ဖြစ်တယ်.. အကယ်၍သာ ညီနောင်လင်းက ဂန္ဓမာကျွန်းကို မကူညီခဲ့ဘူးဆိုရင် အခုချိန်မှာ ညီနောင်ထုန်ရာရဲ့ဝိညာဉ်က ပြိုပျက်သွားလောက်ပြီ.. ဒါကြောင့် ညီနောင်ထုန်ရာအနေနဲ့ ညီနောင်လင်းကို ကျေးဇူးပြန်ဆပ်ဖို့အတွက် ခေါက်ဆွဲခြောက်ကြွပ်ကြော် လုပ်နိုင်တဲ့ ဇနီးကို ရှာသင့်တယ်လို့ မထင်ဘူးလား"
"ဒါပေမဲ့..."
"ဒါပေမဲ့ပဲ ဘာလို့ထပ်နေရတာလဲ.. ညီနောင်ထုန်ရာကို ကြည့်ရတာ အရမ်းကို စိတ်လှုပ်ရှားနေပုံရတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ.. အက်ပ်ကို အခုပဲ စမ်းသုံးကြည့်လိုက်ပါ.. အဲဒါမှ ဘယ်လောက် အသုံးဝင်လဲဆိုတာကို မင်းနားလည်သွားလိမ့်မယ်"
"နားလည်ပါတယ် စီနီယာအင်မော်တယ်.. ဒါပေမဲ့.."
အင်မော်တယ်ထုန်ရာက အသက်ကိုခပ်ပြင်းပြင်း ရှူလိုက်သည်။
စင်စစ် သူက တစ်ယောက်တည်းနေရသည်ကို အချိန်အတော်ကြာကတည်းက ကျင့်သားရနေပြီ ဖြစ်သည်။
နောက်ထပ် အခိုက်အတန့်တွင် အင်မော်တယ်ထုန်ရာသည် ဗုံးပစ်စီနီယာအင်မော်တယ် ဘာမှမပြောနိုင်မီ ဦးစွာ ပြောလိုက်သည်။
"ဒါပေမဲ့ စီနီယာအင်မော်တယ်.. အက်ပ်မှာ မင်းမိတ်ဆွေဖွဲ့တဲ့အခါ ငါ့ပရိုဖိုင်ပုံကို ယူမသုံးပါနဲ့"
အပိုင်း(၈၈၃) ပြီး၏