← Chapters

ဝမ်လင်း၏မွေးနေ့

Vol. 59 Ch. 881

ဝမ်လင်း၏မွေးနေ့

Vol. 59 Ch. 881

လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိကြသည်။

ဝမ်လင်းအပါအဝင် ဖိုးဖိုးဝမ်၊ ဖေဖေဝမ်၊ မေမေဝမ်နှင့် မကြာသေးမီကမှ သူတို့နှင့်အတူ လက်တွဲခဲ့သော ထွင်ထျန်းဟာတို့သည် ဒိုင်ယာရီရေးသည့် အလေ့အထ ရှိခဲ့ကြသည်။

ထွင်ထျန်းဟာက အစောပိုင်းတွင် အရေးအသားကို လေ့ကျင့်ရန်အတွက် ဒိုင်ယာရီကို စတင်ရေးသားခဲ့ခြင်း ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့သည်။

ဝမ်မိသားစုဝင်များ ရေးသားခဲ့သော အရာများသည် စိတ်ကူယဉ်၍ ရေးသားခဲ့ခြင်း မဟုတ်ဘဲ ယခင် ဖြစ်ပျက်ခဲ့သည်များကို ရေးသားခြင်း ဖြစ်သည်။

ယနေ့တွင် ဝမ်လင်းသည် သူ၏ဒိုင်ယာရီတွင် ရေးနေရင်း ယမန်နှစ်က သူ့မွေးနေ့၌ ရေးသားခဲ့သည့် အကြောင်းအရာကို မတော်တဆ တွေ့မိသွားသည်။

ထို‌နေ့က သူ၏အတွေ့အကြုံသည် အလွန်ဆန်းကြယ်၏။

ဒီဇင်ဘာ ၂၆ရက်၊ သက္ကရာဇ် ၄၃၉၅ ခုနှစ်။

ထိုအချိန်က ဝမ်လင်းသည် ဗုံးပစ်စီနီယာအင်မော်တယ်တို့ လူစုနှင့် မရင်းနှီးသေးပေ။

ဝိညာဉ်ဆင့်ခေါ်ခြင်း နည်းစနစ်ကို မဖန်တီးရသေးသလို ရောင်စုံငါး ဖြစ်ရပ်လည်း မဖြစ်ပေါ်သေးပေ။

အင်မောင်တယ်ဘုရင်၏ နေ့စဉ်ဘဝ ဝတ္ထုကိုလည်း ကာတွန်းအဖြစ် ပြောင်းလဲပုံဖော်ခြင်း မလုပ်ရသေးပေ။

အဖွဲ့က လူကြိုက်မများသေးသလို လျူချန်းတုန်ကိုလည်း ဖမ်းမမိသေးပေ။

အချောမောဆုံး ယွီချန် အဖွဲ့ဝင်နှစ်ယောက်လည်း အစွမ်းကုန်အမြင့် မပျံသန်းရသေးပေ။

ပြုပြင်ပြောင်းလဲရေး လေပြေက ကြီးမားသော အပြောင်းအလဲများကို ယူဆောင်လာပေးသည် ဟူသောစာသားသည် ပျံနှံ့နေဆဲပင် ဖြစ်သည်။

ထိုနေ့တွင် ဝမ်လင်းနိုးလာသည့်အခါ၌ ဖြစ်ပျက်ခဲ့သမျှအကြောင်းအရင်းသည် ကောင်းကင်တာအိုပြက္ခဒိန်ကို ကြည့်မိခြင်းက စတင်ခြင်း ဖြစ်သည်။

ကျင့်ကြံခြင်းပြက္ခဒိန်=ဒီဇင်ဘာ၂၆ရက်၊သက္ကရာဇ်၄၃၉၅ ခုနှစ်

လုပ်၍ရသည်=(မင်္ဂလာဆောင်၊ အသုဘအခမ်းအနား၊ ခရီးသွား၊ ဘောလုံးကန်၊ စာကျက်)

လုပ်၍မရ=(သရေစာစားခြင်း)

“……….”

ဝမ်လင်းက သူ့လက်ထဲမှ ခေါက်ဆွဲခြောက်ထုပ်ကို ငုံ့ကြည့်လိုက်သည်။

အထုပ်ကို မဖွင့်ရသေးသော်လည်း သူ့လက်က အနည်းငယ် တုန်ယင်နေပြီ ဖြစ်သည်။

“ဒီကောင်းကင်တာအို ပြက္ခဒိန်ကတော့..”

စင်စစ် ကောင်းကင်တာအို ပြက္ခဒိန်ကို ကောင်းကင်တာအိုက ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင် ဤကဲ့သို့ ဖြစ်၍ မရပေ။

သူ့အနေဖြင့် ပြောင်းလဲရပေမည်။

သူ၏မွေးနေ့တွင် သရေစာစားခွင့် မပြုလျှင် သူက တစ်နေ့တာကို မည်သို့ ဖြတ်သန်းရပါမည်နည်း။

ထိုစဉ်က ဝမ်လင်းနှင့် ကောင်းကင်တာအို ၆ယောက်သည် ဤမျှလောက်ထိ ရင်းနှီးသော ဆက်ဆံရေး မရှိသေးပေ။

သူက ခေါက်ဆွဲခြောက် ကိုင်ထားသည့်လက်နှင့် အညီအမျှလဲလှယ်ခြင်း အစီအရင်ကို ရေးဆွဲလိုက်ပြီး ကောင်းကင်တာအို ရွှေလူသားကို ဆင့်ခေါ်လိုက်သည်။

ရွှေလူသား၏ လက်များက တုန်ယင်နေသည်။

“မင်း.. မင်းဘာလို့ချင်လို့လဲ”

ဝမ်လင်း၏အကြည့်က ပြက္ခဒိန်သို့ ရောက်ရှိသွားသည်။

သူ၏ရည်ရွယ်ချက်က အလွန်ပင် ရှင်းလင်းနေ၏။

“ဒီကောင်းကင်တာအို ပြက္ခဒိန်ကို မနေ့ကပဲ ကောင်းကင်တာအို ပြက္ခဒိန်အုပ်ချုပ်ရေး ညီလာခံက အတည်ပြုခဲ့တာပါ.. ဒါပေမဲ့တကယ့် ဆုံးဖြတ်ချက်ကိုတော့ ကောင်းကင်တာအို ၆ယောက်က ဆုံးဖြတ်တာ မဟုတ်ဘဲ ကောင်းကင်တာအို ၃၀၀၀ ကိုကိုယ်စားပြုထားတဲ့ ကိုယ်စားလှယ်တွေက မဲပေးတာဖြစ်တယ်.. ဒီအတွက် ငါ့ကို အပြစ်မတင်ပါနဲ့.. ငါက သရေစာစားတဲ့ အလေ့အထကို အလကားနေရင်း တုတ်နဲ့ထိုးမှာ မဟုတ်ဘူး”

ရွှေလူသားက အေးစက်သော ချွေးများကို သုပ်ရင်း ပြောလိုက်သည်။

သူ့ရှေ့မှ သခင်လေး ဒေါသထွက်သောအခါ မည်ကဲ့သို့ ပုံစံလဲ ဆိုသည်ကို သူကောင်းစွာသိ၍ သွားမစဝံ့ပေ။

“ဒါဆို ငါ့ကို မနေ့ကအချိန်ဆီပြန်ခေါ်သွားပေး”

ဝမ်လင်းက ရွှေလူသားကို စိုက်ကြည့်ကာ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

ရွှေလူသားက အညီအမျှ လဲလှယ်ရေး အစီအရင်အရ ငြင်းဆိုပိုင်ခွင့်မရှိသဖြင့် မည်သည့်အရာနှင့် လဲလှယ်ရန် ပြင်ဆင်ထားသလဲဟု ဝမ်လင်းကိုမေးရန် ပြင်လိုက်သည်။

အဆုံးသတ်တွင် သူသည် ဝမ်လင်း၏လက်ထဲမှ ခေါက်ဆွဲခြောက်ထုပ်ကို သတိထားမိပြီး နှလုံးသားတစ်ခုလုံး ချက်ချင်းပင် အေးခဲသွားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ယခုတစ်ခေါက် လဲလှယ်မည့်ပစ္စည်းမှာလည်း ဒိတ်ကုန်နေသည့် ခေါက်ဆွဲခြောက်ထုပ်ပင် ဖြစ်သည်။

ကောင်းကင်တာအိုက သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း မနေ့က အချိန်ကို ပြန်လည် အသက်သွင်းလိုက်သည်။

ဝမ်လင်းက ကောင်းကင်တာအို ပြက္ခဒိန် အတွက် အထွေထွေညီလာခံ ကျင်းပရာနေရာကို မဆိုင်းမတွ လျှောက်လာခဲ့သည်။

ထို ညီလာခံကို အားကစားခန်းမနှင့် ဆင်တူသည့် ခန်းမကျယ်ကြီးထဲတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဝမ်လင်းက တံခါးဝသို့ ရောက်သောအခါတွင် မဲပေးသည့်စက်ကိရိယာများကို ကိုင်ထားသည့် ရွှေရောင်ယောက်ျားလေးအများစုကို တွေ့လိုက်ရသည်။

အထွေထွေအစည်းအဝေး တရားဝင် စတင်သောအခါတွင် ဤမဲပေးသည့် ကိရိယာသည် ပြက္ခဒိန်ရှိ လုပ်ဆောင်စရာများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဆုံးဖြတ်ရာ၌ အရေးကြီးသောအချက် ဖြစ်လာပေလိမ့်မည်။

“ဒါက မဲပေးတဲ့ကိရိယာပါ.. ကျေးဇူးပြုပြီးယူပါ”

မဲရုံတွင် အလုပ်လုပ်နေသည့် ရွှေရောင်လူသားက မဲရုံထဲ ဝင်လာသည့် ရွှေလူသားတိုင်းကို တစ်ခုစီပေးခဲ့သည်။

ဤတစ်ခေါက်က ဝမ်လင်း၏အလှည့် ဖြစ်သည်။

“ဒါက မဲပေးတဲ့ကိရိယာပါ.. ကျေးဇူးပြုပြီးယူ…”

ရွှေရောင်လူသားက မော့ကြည့်လိုက်ရာ အမှန်တကယ်ပင် လူသား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“တစ်ခုခုတော့ မှားယွင်းနေပြီ.. လူသားက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ပေါ်လာတာလဲ”

တစ်ဖက်တွင်လည်း ဝမ်လင်းကို လမ်းပြလုပ်ပေးနေသည့် ရွှေရောင်လူငယ်လေးသည် တစ်ဖက်လူအား သတိပေးသည့်အနေဖြင့် အကြည့်တစ်ချက် လွှတ်ကာ ပြောလိုက်သည်။

“မင်းမသေချင်ဘူးဆိုရင် ကိရိယာကို မြန်မြန်ပေးလိုက်”

ကံဆိုးစွာဖြင့် မဲပေးသည့် ကိရိယာကို ထုတ်ပေးနေသည့် ရွှေရောင်လူသားသည် မယုံနိုင်လောက်အောင် တင်းမာနေခဲ့သည်။

“ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး.. ငါတို့ ကောင်းကင်တာအို ရွှေရောင်ယောက်ျားလေးတွေကပဲ ဒီကိရိယာကို အသုံးပြုနိုင်တယ်.. ဒီလူကို ငါလုံးဝမပေးနိုင်ဘူး.. ခန်းမထဲတောင် ဝင်လို့်မရစေရဘူး”

ထို့နောက်တွင် ဝမ်လင်းသည် လက်တစ်ဖက်ကို တိုက်ရိုက် ဆန့်ထုတ်ကာ ရွှေရောင်လူသား၏ နဖူးကို ညင်သာစွာ တို့ထိလိုက်သည်။

“ဘန်း”

ပေါက်ကွဲမှုကြောင့် ချက်ချင်းဆိုသလိုပင် မဲပေးသည့် ကိရိယာကို ထုတ်ပေးနေသည့် ရွှေရောင်လူသားသည် ဖုန်မှုန့်အဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

လမ်းပြအဖြစ် ဆောင်ရွက်နေသည့် ရွှေရောင်လူသားက သက်ပြင်းတစ်ချက် ချလိုက်သည်။

စင်စစ် ကောင်းကင်တာအိုက မသေနိုင်ပေ။

သို့သော် တိမ်တိုက်ငယ်တစ်ခုအဖြစ် ပေါက်ကွဲသွားပြီး ဖုန်မှုန့်များအဖြစ်သို့ ပျောက်ကွယ်သွားသော ဤရွှေရောင်လူသားသည် ပြန်လည် အသက်ရှင်ရန်အတွက် အချိန်အတော်ကြာပေလိမ့်မည်။

ထို့နောက် ဝမ်လင်းသည် ထိုရွှေရောင်လူသားထံမှ မဲပေးသည့်ကိရိယာများကို ယူဆောင်သွားခဲ့သည်။

တန်းစီနေသော ရွှေရောင်ယောက်ျားလေးများသည် ဤမြင်ကွင်းကို စိုက်ကြည့်နေခဲ့ကြသည်။

သူတို့က ဒေါသထွက်နေသော်လည်း ဆန္ဒထုတ်ဖော်ရန် မဝံ့ရဲကြပေ။

ဆယ်မိနစ်ခန့်အကြာတွင် ကောင်းကင်တာအို ပြက္ခဒိန် အထွေထွေညီလာခံ၌ လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။

လူသား လူငယ်လေးတစ်ဦးသည် မဲပေးရန် စောင့်ဆိုင်းနေစဉ် ရာနှင့်ချီသော ကိုယ်ပွားများကို ဖန်တီးခဲ့သည်။

ထို့နောက်တွင် ကိုယ်ပွားများက တန်းစီနေသော ရွှေရောင် ယောက်ျားလေးများထံမှ မဲပေးသည့် ကိရိယာများကို လုယူလိုက်ကြသည်။

လုယူခံရသော ရွှေရောင် ယောက်ျားလေးများက အလွန်အမင်း တုန်လှုပ်သွားကြသည်။

အစည်းအဝေး စတင်သောအခါတွင် ကောင်းကင်တာအို ၆ယောက်နှင့်အတူ အလယ်ဗဟို၌ စင်မြင့်တစ်ခုက ဖြည်းညင်းစွာ မြင့်တက်လာသည်။

မဲပေးသည့် ကရိယာကို ကိုင်ဆောင်ပြီး ခန်းမအတွင်း ထိုင်နေသော လူသားတစ်ဦးကို တွေ့သောအခါ ၎င်းတို့သည် နှိမ်နင်းရန် ပြင်ဆင်နေပြီ ဖြစ်သည်။

သို့သော် ထိုလူသား၏ မျက်နှာကို ရှင်းလင်းစွာ မြင်ရပြီးနောက်တွင် သူတို့၏ လက်များကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်ကြသည်။

သူတို့က ဒေါသထွက်နေသော်လည်း မကန့်ကွက်ရဲပေ။

ခွန်အားကောင်းကင်တာအိုက လည်ချောင်းရှင်းကာ ကြေညာလိုက်သည်။

“လုပ်ဖော်ကိုင်ဖက်များအားလုံး.. ထုံးစံအတိုင်းပါပဲ.. မနက်ဖြန်ဒီဇင်ဘာ ၂၆ရက်မှာ ပြုလုပ်မယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို မဲခွဲဖို့ ကောင်းကင်တာအို အထွေထွေညီလာခံကို ယနေ့မှာ ကျင်းပရခြင်းဖြစ်တယ်”

ထိုစကားကို ပြောပြီးနောက် ခွန်အား ကောင်းကင်တာအိုက ဝမ်လင်းကို တစ်ချက်ကြည့်လိုက်သည်။

“အခု မနက်ဖြန်အတွက် 'မလုပ်နဲ့' ဆိုတဲ့ခေါင်းစဉ်ကို အရင်ဆွေးနွေးကြမယ်.. ယမန်နေ့ညက ကြယ်တွေကို ငါကြည့်ခဲ့တော့ ဧကရာဇ်ကြယ်က အထွဋ်အထိပ်မှာ ရှိနေတာကို ငါတွေ့ခဲ့ရတယ်.. ဒါက လူသားတစ်ယောက်ရဲ့ တောက်ပတဲ့ဝိညာဉ် လက္ခဏာတစ်ခုပဲ.. ဒါကြောင့် မနက်ဖြန်မှာ အောက်ပါအပန်းဖြေလှုပ်ရှားမှုတွေကို ပိတ်ပင်ဖို့ အထူးအကြံပြုစေလိုပါတယ်”

"ဂိမ်းကစားခြင်း၊ ကာတွန်းဖတ်ခြင်း၊ ဒရမ်မာကြည့်ခြင်း ဝတ္ထုဖတ်ခြင်းနှင့် သရေစာစားခြင်းတို့မှာ ဘယ်အရာကိုတားမြစ်သင့်ပါသလဲ.. သေချာစဉ်းစားပြီးမှ မဲပေးကြပါ”

ဤတစ်ကြိမ် မဲပေးမှုက သိပ်မချောမွေ့ဟု ခွန်အား ကောင်းကင်တာအို ခံစားမိသည်။

အဘယ်ကြောင့်ဆိုသော် အမှားတစ်ခု ပါသွားသောကြောင့်ဖြစ်သည်။

ထို့ကြောင့် မဲပေးစဉ်တွင် ခွန်အား ကောင်းကင်တာအိုသည် ဆိုးရွားသောခံစားချက်ကို ရရှိနေပြီ ဖြစ်သည်။

ခွန်အားကောင်းကင်တာအို “ဒီမှာ အချိန်ကောင်းကင်တာအို.. မင်းအချိန်ကို နောက်ပြန်ဆုတ်ပေးလို့ရမလား.. ငါသရေစာစားခြင်း ဆိုတဲ့ဟာကို ဖယ်လိုက်မယ်”

အချိန်ကောင်းကင်တာအို “သိပ်နောက်ကျသွားပြီ ညီနောင်.. မင်းအရမ်းနောက်ကျသွားပြီ”

ခွန်အားကောင်းကင်တာအို “……….”

အချိန် ကောင်းကင်တာအို စကားဆုံးသည်နှင့် ပေါက်ကွဲသံများက ချက်ချင်းဆိုသလို ခန်းမတစ်ခုလုံးတွင် ထွက်ပေါ်လာသည်။

တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်သည့် မှော်တိမ်တိုက်ငယ်များက သူတို့ပတ်ဝန်းကျင်တွင် ပေါ်လာခဲ့သည်။

စက္ကန့်အနည်းငယ် အကြာတွင် ခန်းမထဲ၌ ဝမ်လင်းတစ်ယောက်သာ ကျန်ရှိတော့သည်။

နောက်ထပ် ကျန်ရှိနေသူများမှာ သူ၏ ကိုယ်ပွားများနှင့် ကောင်းကင်တာအို ၆ဦးတို့ဖြစ်သည်။

ကောင်းကင်တာအို ၆ ဦးက မှော်တိမ်တိုက်ငယ်များနှင့် ပြည့်နှက်နေသော ခန်းမကို ကြည့်လိုက်သည်။

သူတို့က ဒေါသထွက်နေသော်လည်း မကန့်ကွက်ရဲခဲ့ပေ။

အပိုင်း(၈၈၁) ပြီး၏

All Chapters