← Chapters

အမျှော်အမြင်ရှိသောဇာတ်ကောင်များ

Vol. 60 Ch. 888

အမျှော်အမြင်ရှိသောဇာတ်ကောင်များ

Vol. 60 Ch. 888

ဒုတိယ ဝိညာဉ် ထွက်လာသောအခါ မိစ္ဆာအူမှိုတက်အရှင်က ထိတ်လန့်သွားခဲ့သည်။

မူလက စေတီဝိညာဥ် တစ်ဦးတည်းသာ ရှိရာ မည်ကဲ့သို့ နှစ်ဦး ဖြစ်လာပါသနည်း။

စင်စစ် ဒုတိယဝိညာဥ်သည် စေတီဝိညာဥ်မှ ကိုယ်ပွား ထုတ်ခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် တခြား ဝိညာဥ်တစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ထုန်ရာ၏ စွမ်းအား နှင့် အော်ရာသည် ဒုတိယ စေတီဝိညာဉ် ပေါ်ထွက်လာပြီးနောက်တွင် နှစ်ဆ တိုးသွားခြင်းကြောင့် ဖြစ်သည်။

ဤကမ္ဘာမြေပေါ်တွင် မည်သည့်အရာများ ဖြစ်ပျက်နေပါသနည်း။

မိစ္ဆာအူမှိုတက်အရှင်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

ယခုအချိန်ထိ သူက အရာခပ်သိမ်းကို လုယက်ဝါးမျိုနိုင်သော စွမ်းရည်ရှိသည့် အင်းဆက်ပေါင်း ဆယ်သန်း ပါဝင်သော စစ်တပ်ကို အခိုင်အမာ ချုပ်ကိုင်ထားဆဲပင်။

ထိုအချိန်တွင် မီရှို့နိုင်ငံ၏ အစိုးရတပ်များသည် မိစ္ဆာအူမှိုတက်အရှင်၏ ကြီးမားသော စစ်တပ်ကို တွေ့ရှိသွားခဲ့သည်။

ညဦးစီးမှူးအဖွဲ့သည် မီရှို့နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည် ဖြစ်ရာ နယ်စပ်တွင် ကြီးမားသော စွမ်းအင်အတက်အကျများကို ထောက်လှမ်းမိသည်နှင့် မီရှို့နိုင်ငံသည် ၎င်းတို့၏ ကာကွယ်ရေးယန္တရားများကို စတင်လိုက်တော့သည်။

ယခုအခါတွင် အင်မော်တယ်ထုန်ရာသည် မိစ္ဆာအူမှိုတက်အရှင်၏ တစ်ဦးတည်းသော ပြိုင်ဘက် မဟုတ်တော့ပေ။

မီရှို့နိုင်ငံ၏ အမျိုးသားစစ်တပ်နှင့် သတင်းရရှိသည့် ကျင့်ကြံသူများသည် ရှေ့တန်းသို့ လာနေကြပြီ ဖြစ်၏။

အခြေအနေက သိပ်မကောင်းသော်လည်း မိစ္ဆာအူမှိုတက်အရှင်သည် အေးအေးလူလူ ဖြစ်နေဆဲပင်။

သူ့အမြင်အရ သတင်းရရှိပြီးနောက် ချီတက်လာသော မီရှို့ ကျင့်ကြံသူများသည် စွမ်းအင်ဖြည့်စွက်စာများထက် ဘာမျှမပိုပေ။

သူက လူတွေကို များများစားလေ ပို၍ သန်မာလာလေ မဟုတ်ပါလော။

"ဝုန်း.."

မီရှို့စစ်တပ်က မိစ္ဆာအူမှိုတက်အရှင် ထံသို့ ဒုံးကျည်ပေါင်းများစွာ ပစ်လွှတ်ခဲ့ကြသည်။

မိစ္ဆာအူမှိုတက်အရှင်က အင်းဆက်စစ်တပ်အား ၎င်းတို့၏ ခန္ဓာကိုယ်ဖြင့် ဒုံးကျည်များကို ပိတ်ဆို့ရန် တိုက်ရိုက် ထိန်းချုပ်ထားသောကြောင့် အင်းဆက်စစ်သည် အများအပြား၏ ပေါက်ကွဲမှုများသည် ကောင်းကင်ယံတွင် မီးပန်းလွှတ်သလို တောက်ပနေခဲ့သည်။

ယင်းက သာမန်ဒုံးကျည်များ မဟုတ်ဘဲ အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအား မော်လီကျူးများ၏ ဖိသိပ်မှုမှ ပြုလုပ်ထားသည့် စွမ်းအားမြင့် ဒုံးကျည်များ ဖြစ်သည်။

၎င်းတို့က မူလ နျူကလီးယားဗုံးထက်ပင် ပိုမိုပျက်စီးစေနိုင်သည့် စွမ်းရည်ကြီးမားသော ထိပ်ဖူးများ ဖြစ်သည်။

ထို့အပြင် ၎င်းတို့သည် ပတ်ဝန်းကျင်နှင့် အလွန်သဟဇာတရှိပြီး ဓာတ်ရောင်ခြည် ဘေးထွက်ဆိုးကျိုးလည်း မရှိပေ။

ခေတ်သစ် ကျင့်ကြံခြင်းခေတ်၏ ဒုတိယ ကမ္ဘာစစ်တွင် နိုင်ငံတစ်နိုင်ငံကို တိုက်ရိုက် ဖျက်ဆီးရန်အတွက် ထိုဒုံးကျည်ကို အသုံးပြုခဲ့ဖူး၏။

ကောင်းကင်ထက်မှ မိစ္ဆာအူမှိုတက်အရှင်သည် အားပြင်းသော စွမ်းအင် လှိုင်းလုံးများ၏ အဖျားခတ်ခြင်းကို ခံခဲ့ရသော်လည်း လုံးဝ အန္တရာယ်မရှိခဲ့ပေ။

"ဒုံးကျည်အနည်းငယ်လောက်နဲ့ ငါနဲ့ ယှဥ်ချင်တယ်လား.. နုံအလွန်းလိုက်တာ"

မိစ္ဆာအူမှိုတက်အရှင်က ခနဲ့လိုက်ပြီး သူ့လက်ဖြင့်ပင် အမျိုးသားစစ်တပ်၏ ဒုံးကျည်များကို လုံးလုံးလျားလျား ဖယ်ရှားပစ်လိုက်သည်။

တကယ်တမ်းတွင် သူ၏ လက်ရှိစွမ်းရည်သည် ဒုံးကျည်များကို ဂရုစိုက်စရာမလိုပေ။

အစောပိုင်းက ဖြစ်ပျက်ခဲ့သည်မှာ မိစ္ဆာအူမှိုတက်အရှင်က ဒုံးကျည် မည်မျှပြင်းထန်သည်ကို စမ်းသပ်ချင်ရုံ သက်သက်သာ ဖြစ်သည်။

သို့သော် ရလဒ်သည် သူ့ကို အလွန်စိတ်ပျက်စေခဲ့သည်။

"ဒီဒုံးကျည်တွေက အရမ်းအားနည်းလွန်းတယ်"

၎င်းတို့က ဝူတန်ရွှေရောင်ဗုဒ္ဓလက်ဝါးထက်ပင် အဆပေါင်းများစွာ နိမ့်ကျနေ၏။

သူ့အမြင်တွင် အင်မော်တယ်ထုန်ရာ၏ သန့်စင်ရေး အလင်းရောင်လောက်ပင် မပြင်းထန်ကြောင်း ခံစားခဲ့ရသည်။

"မအောင်မြင်ဘူးလား"

အမျိုးသားကာကွယ်ရေးဌာနချုပ်မှ စစ်အရာရှိ တစ်ဦးသည် အခင်းဖြစ်ပွားရာနေရာကို ဂြိုလ်တုကနေ စောင့်ကြည့် စစ်ဆေးနေခဲ့သည်။

"ဗိုလ်ကြီး... အခု ကျနော်တို့ ဘာဆက်လုပ်ရမလဲ"

ဒုံးကျည်၏ လမ်းကြောင်းကို ထိန်းချုပ်သည့် တာဝန်ခံ နည်းပညာ ဝန်ထမ်းများသည် အေးစက်သော ချွေးများ ထွက်လာကြသည်။

“ကျနော်တို့က လက်ရှိမှာ ဒီဒုံးကျည်တွေနဲ့ပဲ ဆက်ပြီး အနှောင့်အယှက် ပေးနိုင်တယ်.. ပိုကြီးတဲ့ ထိပ်ဖူးတွေကို အသုံးပြုဖို့အတွက် အထက်အရာရှိတွေရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေပါတယ်”

"ဒါပေမယ့် မီရှို့စစ်သားဖြစ်တဲ့ ငါတို့က ဟွာရှို့ရဲ့ ဘာသာစကားကို ရှင်းရှင်းလင်းလင်း ပြောတတ်နေတာတကယ်ပဲ အဆင်ပြေရဲ့လား"

“စာရေးဆရာက ဘာသာစကား စာမေးပွဲ မအောင်သေးဘူး.. ငါတို့မှာ ရွေးချယ်စရာမရှိဘူး.. ဒီအချိန်က သူ့ကို နှောက်ယှက်ရမယ့် အချိန်မဟုတ်ဘူး။”

“….........”

"မီရှို့မဟာမိတ်အဖွဲ့အစည်းကို အကြောင်းကြားစာ ပို့ခဲ့ပြီးပြီလား"

“ဟုတ်ကဲ့ ဗိုလ်ကြီး.. မီရှို့မဟာမိတ် အဖွဲ့အစည်းရဲ့ သူရဲကောင်း ကျင့်ကြံသူ အားလုံးကို စစ်မြေပြင်ကို အမြန်ဆုံး လာရောက်ဖို့ တောင်းဆိုထားပြီးပါပြီ.. အခုဆိုရင် အနီးစပ်ဆုံး နေရာမှာ ရှိနေတဲ့ သူရဲကောင်းတွေက ရောက်လုနီးပါး ဖြစ်နေပါပြီ”

"အရမ်းကောင်းတယ်"

ဗိုလ်ကြီးက ခေါင်းညိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက စောင့်ကြည့်ရေးစခရင်ပေါ်ရှိ အင်မော်တယ်ထုန်ရာ၏ မျက်နှာကို အသေအချာ စိုက်ကြည့်နေခဲ့သည်။

အဆုံးသတ်တွင် ဤကျူးကျော်မှုသည် မီရှို့နိုင်ငံ၏ နယ်စပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်၍ ဟွာရှို့မှ ကျင့်ကြံသူ၏ မီးမောင်းထိုးပြခြင်းကို မခံချင်ခဲ့ပေ။

…...................

မီရှို့မဟာမိတ်အဖွဲ့အစည်းသည် ဟွာရှို့မဟာမိတ်အဖွဲ့အစည်းထက် အနည်းငယ်ကွဲပြားသော ဖွဲ့စည်းပုံရှိသော်လည်း ပါဝင်သည့် အခန်းကဏ္ဍမှာမူ အတူတူပင်ဖြစ်သည်။

ထိုအဖွဲ့အစည်းက စည်းမျဥ်းများ ထိန်းသိမ်းခြင်း၊ အမျိုးမျိုးသော ကျင့်ကြံခြင်း အဖွဲ့အစည်းများကြား ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံအတွင်း အစွမ်းထက်ဆုံး ကျင့်ကြံသူများ၏ အဆင့် စာရင်းဇယားများကို စုစည်းပေးခြင်း စသည့် တာဝန်များကို ဆောင်ရွက်သည်။

သို့သော် အခြားနိုင်ငံများနှင့်မတူသည်မှာ မီရှို့နိုင်ငံတွင် အထူးအင်္ဂါရပ်တစ်ခု ရှိသည်။

ယင်းမှာ သူရဲကောင်းစနစ် ဖြစ်၏။

ထိုအချိန်တွင် အနီးစပ်ဆုံး ​နေရာမှ သူရဲကောင်းများသည် ရှေ့တန်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ကောင်းကင်ထက်မှ စေတီဝိညာဥ် နှစ်ပါးကမူ အင်မော်တယ်ထုန်ရာ၏ အနီးတစ်ဝိုက်တွင် နေကို လှည့်ပတ်နေသော ဂြိုလ်များကဲ့သို့ လှည့်ပတ်နေသည်။

မိစ္ဆာအူမှိုတက်အရှင် ပြောခဲ့သည့်အတိုင်း အင်မော်တယ် ထုန်ရာ၏ တိုက်ပွဲဝင်စွမ်းအားက နှစ်ဆ တိုးလာသော်လည်း လွယ်ကူသော တိုက်ပွဲဖြစ်လာဦးမည် မဟုတ်ပေ။

ဆိုရလျှင် မိစ္ဆာအူမှိုတက်အရှင်သည် အလွန်ပင် အစွမ်းထက်လွန်းသူ ဖြစ်သည်။

သို့သော် အင်မော်တယ်ထုန်ရာကလည်း မခေပေ။

သူကွယ်လွန်ချိန်တိုင်းတွင် စေတီ ဝိညာဥ်အသစ် ပေါ်လာမည် ဖြစ်၏။

ယခုက စေတီဝိညာဥ် နှစ်ပါး စက်ဝန်း ဖြစ်သော်လည်း အပြင်းထန်ဆုံးပုံစံမှာ စေတီဝိညာဥ် ကိုးပါး စက်ဝန်း ဖြစ်သည်။

ထို့ကြောင့် သံသရာကိုးပါးစေတီဟု ခေါ်ဆိုခြင်းဖြစ်၏။

ဆိုရလျှင် အင်မော်တယ်ထုန်ရာထံတွင် စုစုပေါင်း အသက် ကိုးသက် ရှိသည်။

….............

ယခုအခါ အခြေအနေက အလွန်ပင် ရှုပ်ထွေးလာသည်။

မိစ္ဆာအူမှိုတက်အရှင် လိုချင်သော နောက်ဆုံးအရာမှာ အင်မော်တယ်ထုန်ရာကို ဝါးမျို၍ စွမ်းအားရယူရန် ဖြစ်၏။

သို့တိုင် စိုးရိမ်စရာ အခြေနေက ယခုထိ ရှိနေဆဲပင်။

ထိုအချိန်မှာပင် သားရေချပ်ဝတ်ကို ၀တ်ဆင်ထားသော မျက်နှာဖုံးစွပ် အမျိုးသမီး သူရဲကောင်းတစ်ဦးသည် အဆောက်အဦး တစ်ခုမှတစ်ခုသို့ ပိုးချည်မျှင်များဖြင့် ခုန်ကူးကာ လျင်မြန်စွာ ရောက်ရှိလာသည်။

သူမ၏ ဖင်ပေါက်တွင် အဖြူရောင် ချည်မျှင်များ ထွက်နေ၏။

အင်မော်တယ်ထုန်ရာ အထင် မမှားလျှင် ယင်းက ပင့်ကူမျှင် ဖြစ်သည်။

"မစိုးရိမ်နဲ့တော့.. ငါရောက်လာပြီ"

မျက်နှာဖုံးစွပ်ထားသော သူရဲကောင်းမယ်က လေထဲတွင် ဇောက်ထိုး ချိတ်ဆွဲထား၍ တင်ပါးမှ ချည်မျှင်သည် အင်မော်တယ်ထုန်ရာ၏ ခြေရင်းသို့ပင် ကျနေ၏။

အင်မော်တယ်ထုန်ရာက သူ့နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်သည်။

“မင်းက”

"ကျွန်မက မီရှို့ရဲ့ Aအဆင့် သူရဲကောင်း.. ပိုးကွန်ယက်လူစွမ်းကောင်းမယ်ပါ"

မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးက သူ့ကိုယ်သူ ဂုဏ်ယူစွာဖြင့် ကျယ်လောင်စွာ မိတ်ဆက်လိုက်သည်။

“ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းတာကလွဲရင် ကျွန်မမှာ တခြား ဘာကိစ္စမှမရှိပါဘူး.. ဒီပြိုင်ဘက်က အရမ်း ရက်စက်ပုံရတယ်.. ဒါပေမယ့် ငါဒီမှာ ရှိနေသရွေ့တော့ သူက မင်းကို လုံးဝ ထိခိုက်အောင်မလုပ်နိုင်ဘူး ဆိုတာ မင်းစိတ်ချနိုင်တယ်”

အင်မော်တယ်ထုန်ရာ "........…"

သို့သော် စကားမဆုံးမီမှာပင် ပိုးကွန်ယက်လူစွမ်းကောင်းမယ် မရှိတော့ပေ။

အင်မော်တယ်ထုန်ရာက ငုံ့ကြည့်လိုက်ရာ သူ့ခြေဖဝါးအောက်မှာ ကပ်နေသည့် ပိုးချည်မျှင်က လွဲ၍ သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။

ဤအခြေအနေတွင် အင်မော်တယ်ထုန်ရာသည် အနည်းငယ် စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

Aအဆင့် သူရဲကောင်းတစ်ယောက်က မည်မျှ သန်မာလဲ သူမသိပေ။

သို့သော် Aအဆင့်သူရဲကောင်းက မိစ္ဆာအူမှိုတက်အရှင်ကို လုံးဝ မကိုင်တွယ်နိုင်မှန်း သိသာနေ၏။

မီရှို့မဟာမိတ်အဖွဲ့က ၎င်းထက် ပိုမို ယုံကြည်စိတ်ချရသော လူတစ်ဦးကို စေလွှတ်နိုင်ပါမည်လော။

အင်မော်တယ်ထုန်ရာ ထိုအကြောင်းကို တွေးနေစဥ်မှာပင်အပြာရောင် ကြွေခမောက် ဆောင်းထားသည့် အဘိုးကြီး တစ်ယောက်သည် အဝေးကနေ ကောင်းကင်ဆီသို့ ပျံတက်သွားခဲ့သည်။

"နောက်ထပ် တစ်ယောက် အသေလာခံတာလား"

မိစ္ဆာအူမှိုတက်အရှင်က လှောင်ပြောင်လိုက်သည်။

သူက အဘိုးအိုကို တိုက်ခိုက်ရန် အင်းဆက်စစ်တပ်ကို ထိန်းချုပ်လိုက်၏။

သို့သော် အဘိုးအို၏ အနီးသို့ ရောက်သည်နှင့် အင်းဆက်ပိုးမွှားများ၏ ခန္ဓာကိုယ်သည် အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။

အင်းဆက်များက အဘိုးအို၏ ကြွေစွမ်းအားများဖြင့် ရောနှောကာ အလွန်ကြွပ်ဆတ်လာ၏။

အဘိုးအိုက လက်တစ်ချက် ဝှေ့ရမ်းလိုက်သည်နှင့် အင်းဆက်များသည် အမှုန်အမွှား အဖြစ် ကြွေကျသွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် အင်မော်တယ်ထုန်ရာ မှင်တက်သွားခဲ့သည်။

"မင်းက.."

အပြာနှင့်အဖြူရောင် ကြွေခမောက် ဆောင်းထားသော အဖိုးအိုက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ငါက SS အဆင့်သူရဲကောင်း ကြွေထည်ပါ"

အင်မော်တယ်ထုန်ရာ"….........."

[လခွမ်း.. စာရေးဆရာက နာမည်ကောင်းကောင်း မပေးတတ်ဘူးလား]

အပိုင်း(၈၈၈) ပြီး၏

All Chapters