သင်မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခုရှိလျှင် ဝမ်လင်းကိုရှာပါ
Vol. 60 Ch. 889
ကြွေထည်…
ဤနာမည်ကိုကြားသည့်အခါ အင်မော်တယ်ထုန်ရာက ရယ်ချင်စိတ်ကို မနည်းမျိုသိပ်ခဲ့ရသည်။
ထိုနာမည်က ပိုးကွန်ယက်လူစွမ်းကောင်းမယ် ကဲ့သို့ပင် ထူးဆန်းနေသည် မဟုတ်လော။
အင်မော်တယ်ထုန်ရာ အနေဖြင့် အမျိုးသမီးတစ်ဦးက တင်ပါးကနေ ပင့်ကူမျှင် ထုတ်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
သူက မီရှို့နိုင်ငံ၏ သူရဲကောင်း ကျင့်ကြံသူများနှင့် မရင်းနှီးဘဲ နိုင်ငံတကာ ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့အစည်းမှ ကျော်ကြားသော နာမည် အနည်းငယ်ကိုသာ ကြားဖူးသည်။
နိုင်ငံတိုင်းတွင် မတူညီသော ကျင့်ကြံခြင်း ခံယူချက်မျိုး ရှိကြသော်လည်း ယေဘုယျအားဖြင့် ကျင့်ကြံသူများသည် သက်ဆိုင်ရာနိုင်ငံရှိ မဟာမိတ်အဖွဲ့အစည်းမှ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြပြီး ၎င်းတို့၏ နာမည် ကျော်ကြားစေရန် အတွက် အပြင်းအထန် တိုက်ပွဲဝင်ကြလေ့ရှိသည်။
ဤသို့ဖြင့် ကျင့်ကြံသူများသည် တဖြည်းဖြည်းနှင့် အဆင့်အတန်းနှင့် ကျော်ကြားမှုများ ရရှိလာခဲ့သည့် ဖြစ်ရပ်များစွာ ရှိခဲ့သည်။
သို့သော် ဗုံးပစ်စီနီယာ အင်မော်တယ်လိုမျိုး ခြွင်းချက်များလည်း ရှိခဲ့သည်။
ဤမဟာသေမင်းတမန် စီနီယာသည် မဟာမိတ်အဖွဲ့အစည်း အတွက် စေတနာ့ဝန်ထမ်း အနေဖြင့် တက်ကြွစွာ မပါဝင်ခဲ့ပေ။
သို့သော်လည်း လွတ်လွတ်လပ်လပ် လှုပ်ရှားရင်း ကျော်ကြားမှုကို ရရှိခဲ့သည်။
ငြိမ်းချမ်းရေးခေတ် ဖြစ်သောကြောင့် ခေတ်သစ် ကျင့်ကြံသူများသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ပိုမိုအာရုံစိုက်ကြပြီး မီရှို့၏သူရဲကောင်း ကျင့်ကြံသူများသည်လည်း ခြွင်းချက်မရှိပေ။
သေချာ၏။ နောက်ထပ် အရေးကြီးသည့် အကြောင်းပြချက်တစ်ခု ရှိသေးသည်။
ယင်းမှာ တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် မီရှို့မဟာမိတ် အဖွဲ့အစည်းကို အကူအညီပေးခဲ့လျှင် သူရဲကောင်း ကျင့်ကြံသူများသည် ကြီးမားသည့် အပိုဆုများကို ရရှိနိုင်ခြင်းပင်။
အင်မော်တယ်ထုန်ရာက အသက်ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို အာရုံခံလိုက်သည်။
အင်အားကြီးသော ကျင့်ကြံသူ အများအပြားက တိုက်ပွဲ၏ ရှေ့တန်းတွင် စုရုံးနေကြပြီ ဖြစ်သည်။
မီရှို့၏ သူရဲကောင်း ကျင့်ကြံသူ တစ်ဒါဇင် သို့မဟုတ် ထိုထက်မက ရောက်ရှိလာပုံရသည်။
တချို့က သန်မာသော်လည်း တချို့က အားနည်း၏။
စစ်မြေပြင်ကို ရောက်လာသည့် အားနည်းသူများသည် မိစ္ဆာအူမှိုတက်အရှင်၏ အစာဖြစ်လာမည်မှာ သေချာသလောက်ပင်။
“အချိန်သိပ်မကျန်တော့ဘူး”
အင်မော်တယ်ထုန်ရာက သက်ပြင်းချလိုက်သည်။
ဤတိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းရမည်မှန်း သူသိသည်။
တကယ်တမ်း တွက်ကြည့်လျှင် အချိန်သိပ်မကျန်တော့ပေ။
ထိုသူရဲကောင်း ကျင့်ကြံသူများက ရှေ့တန်းသို့ ရောက်မလာမီ အလွန်ဆုံး ခြောက်မိနစ်သာ အချိန်ယူရမည် ဖြစ်သည်။
သူက ယခုထိ ဤတိုက်ပွဲကို ပြေလည်အောင် မဖြေရှင်းရသေးပေ။
"လူစိမ်း"
ထိုအချိန်တွင် SS အဆင့် သူရဲကောင်း ကြွေထည်သည် လေထဲကနေ လမ်းလျှောက်လာသည်။
သူ ခြေလှမ်း လှမ်းလိုက်တိုင်းတွင် ခြေဖဝါးအောက်၌ အပြာနဲ့ အဖြူရောင် ကြွေပန်းတစ်ပွင့် အလိုအလျောက် ပွင့်လာပြီး အံ့သြစရာကောင်းသည့် လေထုကို ပေးစွမ်းနေ၏။
အင်မော်တယ်ထုန်ရာက ကြွေထည်၏ စွမ်းရည်ကို ယေဘုယျနားလည်ထားပြီ ဖြစ်သည်။
ထိုစွမ်းရည်က အရာဝတ္ထုများကို ချေမှုန်းနိုင်စွမ်း ရှိ၏။
ကြွေထည်နှင့် နီးစပ်သည့် ဘယ်အရာမဆို သူ၏ အော်ရာကြောင့် ကြွေလွှာကဲ့သို့ ကွဲအက်သွားလိမ့်မည် ဖြစ်သည်။
၎င်းက အလွန်အဆင့်မြင့်သော စွန်းရည် တစ်ခုဖြစ်သော်လည်း ဆိုးရွားသော ချို့ယွင်းချက်တစ်ခုလည်း ရှိ၏။
ယင်းမှာ အနည်းငယ် ဂရုမစိုက်မိလျှင် ကိုယ်တိုင် ကြွေကျသွားနိုင်ခြင်းပင်။
ဆိုရလျှင် ကြွေထည်သည် SSအဆင့် သူရဲကောင်းတစ်ဦးဖြစ်ရန် အမှန်တကယ် ထိုက်တန်သည်ဟု ဆိုနိုင်သည်။
၎င်းက ခန္ဓာကိုယ်ကို ကြွေထည်နှင့်ပေါင်းစည်းကာ မှော်စွမ်းအား အဖြစ် သန့်စင်နိုင်ခဲ့သည်။
သနားစရာကောင်းသည်မှာ ကြွေထည်သည် ဤအသက်အရွယ်ထိ လူပျိုကြီး ဖြစ်နေဆဲပင်။
မည်သူကမှ ကိုယ့်ဇနီးသည်ကို ပွေ့ဖက်၍အိပ်ပြီး နောက်တစ်နေ့တွင် ပြာအဖြစ် ကြွေလွင့်စေချင်မည် မဟုတ်ပေ။
အင်မော်တယ်ထုန်ရာက သူသိထားသည့် အတွေ့အကြုံများကို အခြေခံ၍ ဤစွမ်းရည်၏ ချို့ယွင်းချက်ကို ပြုပြင်ရန် အတွေးများစွာ ဝင်လာခဲ့သည်။
"မစ္စတာကြွေထည်.. မင်းမှာ အကြံဉာဏ် ရှိလား"
အချိန်သိပ်မကျန်တော့၍ အင်မော်တယ်ထုန်ရာက စကားများများ မပြောတော့ဘဲ လိုရင်းသာ ပြောလိုက်သည်။
"ဟားဟား.. မင်းက အပြင်လူဆိုတော့ ပရိသတ်လုပ်ပေးရင်ရပြီ.. ဒီရန်ပွဲက မင်းနဲ့မဆိုင်ဘူး"
ကြွေထည်က ရယ်မော၍ ပြောလိုက်သည်။
“ငါ့ရဲ့ မှော်စွမ်းရည်က ဒီလိုကောင်မျိုးနဲ့ဆို ကွက်တိပဲ"
"ခဏလေးစောင့်နေ လူစိမ်း.. ငါ မင်းကို အောင်ပွဲဆီ ခေါ်သွားမယ်"
စကားဆုံးသည်နှင့် ကြွေထည်က အင်းဆက်စစ်တပ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
သူက စစ်မြေပြင်၏ အလယ်ဗဟိုသို့ ရောက်ရှိပြီး မိစ္ဆာအူမှိုတက်အရှင်ကို ထိနိုင်သရွေ့ အနိုင်ရရှိမည် ဖြစ်သည်။
"ငါ့နားကို ကပ်ချင်တာလား"
မိစ္ဆာအူမှိုတက်အရှင်က အလျင်အမြန်ပင် တုံ့ပြန်ခဲ့သည်။
မရေမတွက်နိုင်သော အင်းဆက်စစ်သည်များက အပြာရောင်နှင့် အဖြူရောင်ကြွေထည်များ အဖြစ်သို့ ပြောင်းလဲကာ အမှုန့်ဖြစ်သွားပြီး နောက်တွင် ဤအဘိုးအိုက အလွန်ပင် အန္တရာယ် ရှိမှန်း သူကောင်းစွာ သိလိုက်သည်။
ထိုအချိန်တွင် ကြွေထည်က ယုံကြည်မှုအပြည့်ဖြင့် ရှေ့သို့ ဆက်လက် ချီတက်လာသည်။
မိစ္ဆာအူမှိုတက်အရှင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူက အင်မော်တယ်ပိုးကောင် အရေအတွက်ကို ထပ်မံ တိုးမြှင့်ခဲ့သည်။
ဤတစ်ကြိမ်တွင် ရေစွမ်းအားဖြင့် မလွှမ်းခြုံတော့ဘဲ မီးစွမ်းအားကို ပေးခဲ့သည်။
ထို့ကြောင့် ကောင်းကင်ကြီးတွင် ကြွေစွမ်းအား ထိမှန်ကာ မီးလုံးငယ်များ အဖြစ်သို့ လောင်ကျွမ်းနေသော အင်မော်တယ် ပိုးကောင်များနှင့် ပြည့်နှက်သွားခဲ့သည်။
အစပိုင်းတွင် ကြွေထည်က ရေစွမ်းအားကနေ မီးစွမ်းအား ပြောင်းလဲရသည့် အကြောင်းရင်းကို နားမလည်ခဲ့ပေ။
သို့သော် အပူချိန် တိုးလာသည်နှင့်အမျှ တစ်ခုခုမှားနေပြီမှန်း သူ ခံစားလိုက်ရသည်။
အကြောင်းရင်းမှာ သူ့ခန္ဓာကိုယ်တွင် ပေါင်းစည်းထားသော အပြာနှင့် အဖြူရောင် ကြွေထည်များသည် မြင့်မားသည့် အပူချိန်အောက်တွင် တစတစ အဖုတ်ခံရသလို ဖြစ်နေသောကြောင့်ပင်။
“အား"
ထိုအချိန်တွင် မစ္စတာ ကြွေထည်သည် လောင်ကျွမ်းနေသော အင်မော်တယ် ပိုးကောင်များ ဝန်းရံထားခြင်းကို ခံရ၍ နာကျင်စွာ အော်ဟစ်နေခဲ့သည်။
"ငါ သူ့ကို ကယ်တင်ရမယ်"
အင်မော်တယ်ထုန်ရာက ကြွေထည် ကျရှုံးနေပြီမှန်း သိလိုက်သည်။
သို့သော် ဤအခြေအနေမျိုးတွင် သူလည်း အနီးမကပ်ရဲပေ။
ယင်းက မိစ္ဆာအူမှိုတက်အရှင်၏ လောင်ကျွမ်းနေသော အင်မော်တယ်ပိုးကောင်များကြောင့် မဟုတ်ပေ။
ကြွေထည်၏ စွမ်းအားကြောင့် ကြွေလွင့်သွားမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။
အင်မော်တယ်ထုန်ရာက တိုက်ပွဲစစ်မြေပြင်တွင် ဤကဲ့သို့ အခက်အခဲနှင့် ကြုံတွေ့ရလိမ့်မည်ဟု မထင်ခဲ့မိပေ။
"မဖြစ်ဘူး.. နည်းလမ်းရှာရမယ်"
အင်မော်တယ်ထုန်ရာက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။
ယခင်က သူသည် ဗုံးပစ်စီနီယာ အင်မော်တယ် ထံမှ နည်းလမ်းတစ်ခုကို သင်ယူခဲ့ရသည်။
မကြာခဏဆိုသလို ဗုံးပစ်စီနီယာ အင်မော်တယ်သည် အဆုံးစွန်သော အခက်အခဲနှင့် ရင်ဆိုင်ရချိန်တွင် ထိုနည်းလမ်းကို ထုတ်သုံးလေ့ရှိသည်။
ယခုတော့ အင်မော်တယ်ထုန်ရာသည်လည်း ကျဥ်းထဲကျပ်ထဲ အခြေအနေသို့ ကျရောက်နေပြီ ဖြစ်၏။
မှန်ပါသည်၊ သင့်တွင် မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခုရှိခဲ့လျှင် လင်းကျန်းရန်ကို ရှာလိုက်ရုံပင်။
"လင်းကျန်းရန်.. စီနီယာ လင်းကျန်းရန်ရှိလား"
ထိုအချိန်တွင် အင်မော်တယ်ထုန်ရာက ခေါင်းမော့ပြီး ကောင်းကင်သို့ မျှော်ကြည့်ကာ နှစ်ကြိမ်တိုင်တိုင် အော်ဟစ်လိုက်သည်။
သို့ရာတွင် ကောင်းကင်ယံ၌ ဘာမှမရှိသကဲ့သို့ တုံ့ပြန်မှုလည်း လုံးဝ မရှိခဲ့ပေ။
အင်မော်တယ်ထုန်ရာက ပါးနပ်သည်။
လင်းကျန်းရန်က သိုသိုသိပ်သိပ် နေထိုင်ရသည်ကို နှစ်သက်မှန်း လူတိုင်းသိထားသည် မဟုတ်လော။
သူက များသောအားဖြင့် စကားပြောလေ့ မရှိသော်လည်း ကူညီတတ်သော စိတ်ဓာတ်ရှိသည်ကို ချက်ဂရုမှ လူတိုင်းက လေးနက်စွာ ခံစားဖူးကြသည်။
"စီနီယာလင်းကျန်းရန်"
အင်မော်တယ်ထုန်ရာက ထပ်အော်လိုက်သည်။
တကယ်တမ်းတွင် အင်မော်တယ်ထုန်ရာသည် ထိုသို့ အော်ဟစ်နေသော်လည်း အနည်းငယ် ကြောက်လန့်နေခဲ့၏။
အဆုံးသတ်တွင် သူသည် ဗုံးပစ်စီနီယာ တို့လို လင်းကျန်းရန်နှင့် ရင်းနှီးသော ဆက်ဆံရေးမျိုး မရှိခဲ့ပေ။
တစ်ဖက်သားက သူ့ဆန္ဒကို ဂရုစိုက်မစိုက် မသေချာခဲ့ချေ။
အရေးအကြီးဆုံးအချက်မှာ သူတို့က မရင်းနှီးသောကြောင့် လင်းကျန်းရန်က သူ့ကို စောင့်ကြည့်နေမည်ဟု တပ်အပ် မပြောနိုင်ခြင်းပင်။
ထိုသို့ စဉ်းစားပြီးသည်နှင့် အင်မော်တယ်ထုန်ရာက ဘောနပ်စ်ထပ်ထည့်ဖို့ ဆုံးဖြတ်လိုက်သည်။
"လင်းကျန်းရန်.. မင်း ငါ့ကိုကူညီပေးရင် ဒီအချိန်ကစပြီး ငါ ခေါက်ဆွဲခြောက်ဂိုဏ်းမှာ ပါဝင်မယ်လို့ ကတိပေးတယ်.. ငါမင်းကို နေ့တိုင်း သရေစာ ခေါက်ဆွဲခြောက် စပွန်ဆာပေးမယ်"
သူစကားဆုံးသည်နှင့် အာကာပြင်က ပွင့်သွားခဲ့သည်။
ထို့နောက်တွင် အင်မော်တယ်ထုန်ရာ၏ လက်ထဲသို့ ပုလင်းတစ်လုံး ကျလာခဲ့သည်။
ဤသည်မှာ ပိုးသတ်ဆေး ၈၄မျိုး ပါဝင်သော ပုလင်း ဖြစ်၏။
ထိုပိုးသတ်ဆေးပုလင်းက အင်မော်တယ်ထုန်ရာအတွက် ဝမ်လင်း ကိုယ်တိုင်ကိုယ်ကျ အဆင့်မြှင့်တင်ထားခြင်း ဆိုလည်းမမှားပေ။
အပိုင်း(၈၈၉) ပြီး၏