နတ်ဘုရားအရည်တစ်စက်
Vol. 60 Ch. 890
ပိုးသတ်ဆေး ၈၄ မျိုးပါသော အံ့ဖွယ်ဆေးပုလင်း..
အင်မော်တယ်ထုန်ရာက ယင်းပိုးသတ် ဆေးပုလင်းကို လက်နှစ်ဖက်ဖြင့် လက်ခံခဲ့သည်။
လင်းကျန်းရန် သာလျှင် ထိုသို့ အံ့သြဘနန်း လုပ်ရပ်မျိုးကိုပြုလုပ်နိုင်မည် ဖြစ်၏။
ဤပိုးသတ်ဆေးပုလင်း၏ အသွင်အပြင်သည် မိစ္ဆာအူမှိုတက်အရှင်ကို တုန်လှုပ်စေခဲ့သည်။
တကယ်တမ်းတွင် မိစ္ဆာအူမှိုတက်အရှင်သည် သူ့ကို ဖန်တီးသူဘယ်သူလဲဆိုသည်ကို မေ့လျော့နေခဲ့သည်။
သို့သော် ဤပိုးသတ်ဆေးပုလင်း၏ ရုတ်တရက် ပေါ်ထွက်လာမှုသည် သူ့ကိုရင်းနှီးသော ခံစားချက်မျိုး ဖြစ်ပေါ်စေခဲ့၏။
မိစ္ဆာအူမှိုတက်အရှင်က သေးငယ်သော ဘက်တီးရီးယား ဘဝတွင် နာမ်ပိုင်းဆိုင်ရာ အသိဉာဏ် မဖွံ့ဖြိုးသေး၍ သူ၏ ဇစ်မြစ်အမှန်ကို မသိခဲ့ပေ။
ထို့ကြောင့် မိစ္ဆာအူမှိုတက်အရှင်သည် သူ့ကိုယ်သူ ကောင်းကင်ဘုံမှ ရွေးချယ်ခဲ့သည့် "ငွေဇွန်းကိုက်၍ မွေးဖွားလာသော ဘက်တီးရီးယား"ဟု ယူဆနေခြင်း ဖြစ်သည်။
သို့သော် ဤပိုးသတ်ဆေးပုလင်း ပေါ်လာသောအခါ မိစ္ဆာအူမှိုတက်အရှင်၏ မှတ်ဉာဏ်များသည် တစ်နည်းနည်းဖြင့် နိုးကြားလာခဲ့သည်။
သူ့စိတ်ထဲတွင် ထူးဆန်းသောမျက်လုံးကို ပိုင်ဆိုင်ထားသည့် ဖြူစင်သည့် မျက်နှာလေးတစ်ခု မထင်မှတ်ပဲ ပေါ်လာသည်။
လူငယ်လေးက ဆံပင်ကပ်တိုနှင့် ဖြစ်ပြီး နွဲ့နှောင်းသောအမူအရာရှိသည်။
ထိုလူငယ်၏ အသွင်က လုံးဝ အန္တရာယ်မရှိသည့်ပုံပင်။
ဆိုရလျှင် လူငယ်လေးသည် အန္တရာယ်မရှိသည့် ဆယ်ကျော်သက် တစ်ယောက်ထက် ဘာမျှ မပိုပေ။
သို့သော် ထိုလူငယ်လေးသည် မိစ္ဆာအူမှိုတက်အရှင်ကို ကြီးမားသော ထိတ်လန့်မှုနှင့် အကျပ်အတည်းကို ခံစားရစေခဲ့သည်။
ဤမှတ်ဉာဏ်တစ်ခုတည်းကြောင့် မိစ္ဆာအူမှိုတက် အရှင်သည် ချွေးများ စိုရွှဲလာပြီး တိုက်ခိုက်မှုအားလုံးကို ရပ်တန့်လိုက်သည်။
သူ့အတွေးများ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်မှ အင်မော်တယ် ပိုးကောင်ဆယ်သန်းသည် ခေါင်းဆောင်မရှိသော ယင်ကောင်များ သဖွယ် ပြောင်းလဲသွားပြီး အချင်းချင်း ကိုက်ဖြတ်ကြတော့သည်။
ထိုအခွင့်အရေးကို အရယူ၍ ကြွေထည်က ခပ်ဝေးဝေးကို အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။
အစောပိုင်းက သူ၏ မဆင်မခြင် ပြုမူသောလုပ်ရပ်ကြောင့် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးများသည် အင်မော်တယ်ထုန်ရာ လက်ထဲမှ ပိုးသတ်ဆေးပုလင်းကို အာရုံစိုက်နေခဲ့သည်။
မိစ္ဆာအူမှိုတက်အရှင်၏ အမူအရာများ ပြောင်းလဲသွားခြင်းသည် ဤပိုးသတ် ဆေးပုလင်းကြောင့် ဖြစ်သည်မှာ သေချာသလောက်ပင်။
ကြွေထည် "ညီနောင်.. ပိုးသတ်ဆေးပုလင်းနဲ့ တူတဲ့ ဒီမှော်ရတနာပုလင်းက ဘာများလဲ"
အင်မော်တယ်ထုန်ရာက ထိုမေးခွန်းကို မည်သို့ ပြန်ဖြေရမှန်းမသိပေ။
[ပိုးသတ်ဆေးနဲ့ တူတဲ့ မှော်ရတနာလား.. မဟုတ်ဘူး.. ဒါက
အမိုက်စား စူပါပိုးသတ်ဆေးပုလင်းပဲ]
ပုံမှန်အားဖြင့် ထိုပိုးသတ်ဆေးပုလင်းသည် စူပါမားကတ်တွင် 29.88 HNY ဖြင့် ရောင်းချသော ပစ္စည်းဖြစ်သည်။
အင်မော်တယ်ထုန်ရာက ပုလင်းကို တစ်ချက် အကဲခတ် ကြည့်လိုက်သည်။
ပုလင်းပေါ်တွင် "အခမဲ့လက်ဆောင်"ဟုရေးထားသော အဝါရောင် စာလုံးကြီးများက ထူးထူးခြားခြားပင် ပေါ်လွင်နေခဲ့သည်။
[ဒီအမိုက်စား စူပါပိုးသတ်ဆေးပုလင်းက မေတ္တာလက်ဆောင်အနေနဲ့ အလကားရတာတဲ့လား]
ယေဘုယျအားဖြင့်ပြောရလျှင် သက်တမ်းကုန်တော့မည့် ပစ္စည်းများကို မေတ္တာလက်ဆောင်များအဖြစ် ပရိုမိုးရှင်းများတွင် ထည့်သွင်းလေ့ရှိကြသည်။
သို့သော် လင်းကျန်းရန်၏ လက်ထဲသို့ ရောက်ရှိသွားသောအခါတွင် သက်တမ်း ကုန်ဆုံးတော့မည့် ပိုးသတ်ဆေးပုလင်းသည်ပင် အရည်ဘဝ၏ အထွတ်အထိပ် အဆင့်သို့ သိသိသာသာပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤပိုးသတ်ဆေးပုလင်းကို စိုက်ကြည့်ရင်း အင်မော်တယ်ထုန်ရာက အမှန်တကယ်ပင် နှမြောသလို ခံစားခဲ့ရသည်။
"မဖြစ်နိုင်ဘူး.. ဒါမဖြစ်နိုင်ဘူး"
အခြားတစ်ဖက်တွင်လည်း မိစ္ဆာအူမှိုတက်အရှင်သည် သူ၏ဇာစ်မြစ်ကို ပြန်သတိရလာသည်။
ထိုအခါ မိစ္ဆာအူမှိုတက်အရှင်သည် အမှန်တရားကို လုံးဝလက်မခံနိုင်ဘဲ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အော်ဟစ်နေခဲ့သည်။
အင်မော်တယ်ထုန်ရာက သက်ပြင်းချလိုက်ကာ ပုလင်းအဖုံးကို ဖွင့်လိုက်သည်။
ထိုပုလင်းထဲမှ ထွက်လာသည့် ညှော်နံ့သည် မိစ္ဆာအူမှိုတက်အရှင်ကို ပို၍ပင် နာကျင်စေခဲ့သည်။
အင်မော်တယ်ထုန်ရာက မိစ္ဆာ အူမှိုတက်အရှင်နှင့် ခပ်ဝေးဝေးတွင် ရှိနေသော်လည်း ပိုးသတ်ဆေး၏အနံ့သည် မိစ္ဆာအူမှိုတက်အရှင် အပေါ်၌ သက်ရောက်မှုရှိနေပြီ ဖြစ်၏။
"မင်းက ငါ့ကိုသတ်ဖို့ ကြိုးစားနေတာလား"
မိစ္ဆာအူမှိုတက်အရှင်က သွားများကို အံတင်းတင်းကြိတ်ကာ သူ၏ ဇစ်မြစ်ကို အစွမ်းကုန် ငြင်းဆန်နေခဲ့သည်။
"ငါက အသန်မာဆုံး မွေးဖွားလာသူပဲ.. ငါ့မှာ သခင်မရှိဘူး.. စကြာဝဠာမှာ ငါ့ရဲ့ ဝါးမျိုတဲ့ စွမ်းအားက တုနှိုင်းမဲ့ပဲ.. အချိန်ကြာလာတာနဲ့အမျှ ငါဟာ မဟာ နတ်ဆိုးသခင်တစ်ပါး ဖြစ်လာမှာ အသေအချာပဲ”
မိစ္ဆာအူမှိုတက်အရှင် "စည်းပြင်ပတာအို"
သူက ဥက္ကဌပိုင် စုဆောင်းထားသည့် စည်းပြင်ပတာအို စွမ်းအားသုံးရပ်လုံးကို ပေါင်းစည်းလိုက်သည်။
ထိုသို့ ပေါင်းစည်းလိုက်သောအခါတွင် ၎င်းတို့က သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ဒြပ်စင် ချပ်ဝတ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။
ဒြပ်စင်ချပ်ဝတ်က အလင်းများဖြင့် ပြိုးပြိုးပြက်ပြက် တောက်ပနေသည်။
ယင်းမှာ ကစားသမားများက ၎င်းတို့၏ ဂိမ်းထဲမှ ဇာတ်ကောင်အတွက် သုံးစွဲလေ့ရှိသည့် စျေးပေါသော အလင်း သက်ရောက်မှုများ ကဲ့သို့ပင်။
သို့သော် စျေးပေါသော်လည်း အလွန်ကြည့်ကောင်း၏။
ထို့အပြင် ပြောင်းပြန်ဝင်ရိုးစွန်း၏ စွမ်းအားသည် မိစ္ဆာအူမှိုတက်အရှင်၏ ချပ်ဝတ်တန်ဆာပေါ်တွင် ထိုက်ကျိသင်္ကေတ ပုံစံဖြင့် ပေါ်လာသည်။
ကြွေထည်၏ မျက်နှာသည် အရောင်ဖျော့သွားခဲ့သည်။
"သူက စည်းပြင်ပတာအိုကိုတောင် အသုံးပြုနိုင်ပါလား"
စည်းပြင်ပတာအိုသည် ကျင့်ကြံသူ အားလုံး လိုလားတောင့်တခဲ့သော တာအိုအမျိုးအစား ဖြစ်သည်။
ထိုတာအိုကို ကျွမ်းကျင်လျှင် ကောင်းကင်ကို မှောက်လှန်ပြီး ကံကြမ္မာကို ပြောင်းလဲပစ်နိုင်သည့် စွမ်းအားမျိုး ရှိ၏။
သင်က သေခါနီးနေလျှင်ပင် ဤစွမ်းအားဖြင့် သင်သည် အပြည့်အဝ ကျန်းမာလာပြီး ရှင်ပြန်ထမြောက်နိုင်ပေသည်။
"မင်္ဂလာပါ.. မီရှို့မဟာမိတ် အဖွဲ့အစည်းကလား.. အခြား သူရဲကောင်း ကျင့်ကြံသူတွေကို စစ်မြေပြင်ဆီ မလာဖို့ တားမြစ်လိုက်ပါ.. ဒါက သူတို့ ပါဝင်နိုင်တဲ့ တိုက်ပွဲ မဟုတ်ဘူး"
ကြွေထည်က မီရှို့မဟာမိတ် အဖွဲ့အစည်းထံ ဖုန်းဆက်လိုက်သည်။
သူက လက်ရှိ အခြေအနေအပေါ်တွင် အလွန် ရှင်းလင်းစွာ နားလည်ခဲ့သည်။
ထိုသို့သောရန်သူကို ဆန့်ကျင် တိုက်ခိုက်ရာတွင် အခြားသော သူရဲကောင်း ကျင့်ကြံသူများသည် မည်သည့်အရာမျှ လုပ်ဆောင်နိုင်ခြင်း ရှိမည်မဟုတ်ပေ။
မဆင်မခြင် မလုပ်ဘဲ နောက်ဆုတ်ခြင်းသည် ငရဲပြည်ကို လည်လည်သွားခြင်းထက် သာလွန်သည် မဟုတ်ပါလော။
အခုက အခြေအနေ တော်တော်လေး ရှုပ်ထွေးနေပြီ ဖြစ်၏။
မီရှိူ့မဟာမိတ် “သိပ်နောက်ကျသွားပြီ.. သူရဲကောင်း ကျင့်ကြံသူတွေက တစ်မိနစ်အတွင်း ရှေ့တန်းကို ရောက်ရှိလာလိမ့်မယ်”
ကြွေထည်က သူ့သွားများကို အံတင်းတင်းကြိတ်လိုက်သည်။
“ချီးပဲကွာ”
"တစ်မိနစ်အတွင်းလား"
ဖုန်းပြောနေသည်ကို နားထောင်ရင်း အင်မော်တယ်ထုန်ရာက ခေါင်းညိတ်လိုက်သည်။
တစ်မိနစ်သည် လုံလောက်သောအချိန် ဖြစ်သည်။
ဆိုရလျှင် မိစ္ဆာအူမှိုတက်အရှင်ကို အကြိမ်ကြိမ်ဒဏ်ခတ်ရန်ပင် လုံလောက်၏။
ကြွေထည် "ညီနောင် ဒီကနေ ထွက်သွားရအောင်.. မင်းရဲ့ ပိုးသတ်ဆေးပုလင်းက အရမ်းပြင်းတယ် ဆိုပေမယ့် ငါတို့ ရင်ဆိုင်ရမှာက စည်းပြင်ပတာအိုပဲ.. မင်းသူ့ကို ဘယ်လိုနည်းနဲ့မှ သတ်နိုင်မှာမဟုတ်ဘူး"
"ထွက်ပြေးဖို့ မလိုပါဘူးလေ"
အင်မော်တယ်ထုန်ရာက ခေါင်းခါယမ်းလိုက်သည်။
သူက ပိုးသတ်ဆေးတစ်စက်ကို လောင်းချလိုက်သည်။
ထိုဆေးရည်က ကွမ်ရင်မယ်တော်၏ ကျောက်စိမ်းပုလင်းထဲမှ မွှေးကြိုင်သည့် နတ်ဆေးရည် ကဲ့သို့ ဖြူဖွေးနေသည်။
အင်မော်တယ်ထုန်ရာသည် မိစ္ဆာအူမှိုတက်အရှင် ရှိရာသို့ ထိုပိုးသတ်ဆေးတစ်စက်ကို ပက်လိုက်သည်။
တောက်ပသော နတ်အရည် တစ်စက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်နေပြီး ဖျက်ဆီးခြင်း စွမ်းအားကို သယ်ဆောင်ထားခဲ့သည်။
ထိုမြင်ကွင်းကြောင့် ကြွေထည်က အလွန်ကြောက်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့်မြေကြီးသည် အရောင်ပြောင်းလဲသွားပြီး လေထဲတွင် လှိုင်းလုံးကြီးတစ်ခု ပေါ်လာသည်။
ဤပိုးသတ်ဆေးတစ်စက်မှ ဝိညာဉ်စွမ်းအားသည် ကောင်းကင်နံရံများကို ဆုတ်ဖြဲပစ်လိုက်သကဲ့သို့ပင်။
ကြွေထည်၏ မေးရိုးက အောက်သို့ ပြုတ်ကျပြီး မျက်လုံးများက မျက်တွင်းထဲမှ ထွက်လုမတတ် ဖြစ်နေ၏။
"ဒါ.. ဒါက တကယ်ပဲ ပိုးသတ်ဆေး တစ်စက်ထဲက ဝိညာဉ်စွမ်းအားလား"
ဤပိုးသတ်ဆေးတစ်စက်က သူ့ထက် အဆပေါင်းများစွာ ပိုအစွမ်းထက်သည်ဟု သူခံစားမိသည်။
"မဟုတ်ဘူး.. ဒါက ပိုးသတ်ဆေး မဟုတ်တော့ဘူး.. ဒီအရည် တစ်စက်က စူပါနတ်ဘုရားအရည် ဖြစ်နေပြီ"
နတ်အရည်ထဲမှ အန္တရာယ်ကို အာရုံခံမိပြီးနောက်တွင် မိစ္ဆာအူမှိုတက်အရှင်သည် ထိုအရာကို ခံနိုင်ရည်မရှိမှန်း သိလိုက်၏။
သို့သော် သူ့တွင် စည်းပြင်ပတာအို၏ စွမ်းအားရှိသဖြင့် ရယ်မောလိုက်သည်။
"ငါ့ကို သတ်ချင်တာလား.. ငါက မသေနိုင်ဘူး.. ဘယ်လိုသတ်သတ် မသတ်နိုင်တဲ့ တည်ရှိမှုပဲ”
"ဝုန်း.."
သူ့စကားဆုံးသည်နှင့် တစ်ပြိုင်နက် နတ်အရည်များသည် စွမ်းအင်နှင့်အတူ တဖန် ပေါက်ကွဲသွားပြီး ပြင်းထန်သော သန့်စင်သည့် စွမ်းအားသည် ပတ်ဝန်းကျင်မြင်ကွင်းကို လွှမ်းခြုံသွားခဲ့သည်။
နောက်ထပ် အခိုက်အတန့်တွင် မိစ္ဆာအူမှိုတက်အရှင်၏ အလွန်အမင်း အံ့သြနေသော အကြည့်အောက်မှာပင် ဒြပ်စင် ချပ်ဝတ်တန်ဆာနှင့်အတူ ဝတ်စုံပေါ်မှ ထိုက်ကျိသင်္ကေတပင် တိုက်ရိုက် ကွဲအက်သွားခဲ့သည်။
"ဒီပိုးသတ်ဆေးတစ်စက်ရဲ့ စွမ်းအားက စည်းပြင်ပတာအိုရဲ့ အထက်မှာရှိတယ်"
အပိုင်း(၈၉၀) ပြီး၏