အပြည်ပြည်ဆိုင်ရာ သူရဲကောင်းတစ်ယောက်လား
Vol. 60 Ch. 891
နတ်ဘုရားအရည်တစ်စက်က ကောင်းကင်ကိုပင် လှုပ်ခါသွားစေခဲ့သည်။
အင်မော်တယ်ထုန်ရာပင်လျှင် ဤနတ်ဘုရား အရည်တစ်စက်ကြောင့် တုန်လှုပ်သွားခဲ့ရသည်။
နတ်ဘုရားအရည်တစ်စက်ကို ထုတ်လွှတ်ပြီးနောက်တွင် အင်မော်တယ်ထုန်ရာသည် မလှုပ်မယှက် အနေအထားဖြင့် ကောင်းကင်ပေါ်တွင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
လင်းကျန်းရန်သည် သူစိတ်ကူးထားသည်ထက် အဆပေါင်းများစွာ ပိုသန်မာနေမှန်း အင်မော်တယ်ထုန်ရာ သိလိုက်ရသည်။
အင်မော်တယ်ထုန်ရာက လင်းကျန်းရန်ကို ထိပ်တန်းကျင့်ကြံသူတစ်ဦး ဖြစ်မှန်းတော့ သိသည်။
သို့သော် ပိုးသတ်ဆေးတစ်စက်၏ ကြောက်မက်ဖွယ်အစွမ်းကို တွေ့ကြုံပြီးနောက်တွင် အင်မော်တယ်ထုန်ရာသည် သေချာပေါက် နားလည်သွားခဲ့သည်။
လင်းကျန်းရန်က ထိပ်တန်းကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။
နတ်ဘုရားတစ်ပါးသာ ဖြစ်၏။
လင်းကျန်းရန်က နတ်ဘုရားနယ်မြေနှင့် အလွန်နီးစပ်သော အဆက်အသွယ်ပင် ရှိနေလောက်သည်။
အင်မော်တယ်ထုန်ရာက ဝမ်လင်းကို စိတ်နှလုံးထဲမှ ရိုသေလေးစားသွားခဲ့သည်။
ဤသည်မှာ အောက်ကမ္ဘာရှိ လူတစ်ဦး စွမ်းဆောင်နိုင်သော အရာ မဟုတ်ပေ။
အင်မော်တယ်ထုန်ရာ၏ ထင်မြင်ယူဆချက်အရ ဝမ်လင်းသည် အင်မော်တယ်အရှင်မြတ်အဆင့်ကိုပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။
အင်မော်တယ်အရှင်မြတ်အဆင့်၏ အထက်ရှိ ကျင့်ကြံသူများသာ နတ်ဘုရားနယ်မြေသို့ ရောက်ရှိနိုင်သည်ဟု သူကြားဖူးသည်။
အင်မော်တယ်ထုန်ရာက နတ်ဘုရားနယ်မြေမှ လျူချင်းရီနှင့် ဝမ်ကျန်းတို့ကို တွေ့ဆုံခဲ့ဖူး၏။
ဤနှစ်ဦးသည် နတ်ဘုရားနယ်မြေမှဖြစ်ပြီး ထူးခြားသောစွမ်းရည်များရှိသည့် ကျင့်ကြံသူများလည်း ဖြစ်သည်။
သို့ရာတွင် အင်မော်တယ်ထုန်ရာ အနည်းငယ် စိတ်ရှုပ်နေသည်မှာ လင်းကျန်းရန်သည် နတ်ဘုရားနယ်မြေကို အကန့်အသတ်နှင့်သာ နားလည်ပုံရနေသောကြောင့် ဖြစ်သည်။
လင်းကျန်းရန်က နတ်ဘုရားနယ်မြေမှ မဟုတ်တာ ဖြစ်နိုင်ပါသလော။
သို့မဟုတ်လျှင် ဤကမ္ဘာပေါ်၌ နတ်ဘုရားနယ်မြေထက် ပိုမိုအဆင့်မြင့်သည့် အခြားနယ်မြေများ ရှိနေပါသလော။
အင်မော်တယ်ထုန်ရာက သူ့စိတ်ထဲတွင် တွေးတောနေခဲ့သည်။
ယင်းအချိန်တွင် ကြွေထည်၏ မျက်လုံးထဲတွင် အင်မော်တယ်ထုန်ရာသည် အံ့ဖွယ်လုပ်ရပ် တစ်ခုကို လုပ်ဆောင်လိုက်သလိုဖြစ်နေခဲ့သည်။
“ဒါက အဆင့်လွန်ကျင့်ကြံသူတစ်ယောက်ပဲ”
ကြွေထည်က သူ့ကိုယ်သူ မျက်စိမှုန်ခဲ့သည်ဟု ကြိတ်၍ဝန်ခံခဲ့ရသည်။
ဟွာရှို့နိုင်ငံမှ နိုင်ငံခြားသားက သန်မာမှုမရှိဟု သူထင်ခဲ့သော်လည်း ထိုကဲ့သို့ မှော်ရတနာကို အမှန်တကယ် ထုတ်ယူနိုင်လိမ့်မည်ဟု မည်သည့်အခါမှ မမျှော်လင့်ထားခဲ့ပေ။
ထိုမျှမက အံ့ဩဖွယ်ကောင်းသော နတ်အရည်တစ်စက်ကို ထုတ်လွှတ်လိုက်သော်လည်း တစ်ဖက်လူသည် အသေးအဖွဲ့တစ်ခုကို လုပ်လိုက်သကဲ့သို့ လေထဲတွင် တည်ငြိမ်ကာ မလှုပ်မယှက် ရပ်နေခဲ့သည်။
ဤသည်မှာ တကယ့်ပညာရှင်စစ်စစ်၏ ဟန်ပန်မျိုး ဖြစ်သည်။
ဤကျင့်ကြံသူသည် တိုက်ပွဲများစွာကို တွေ့ကြုံခဲ့ဖူးသည်မှာ ထင်ရှားနေသည်။
ထိုကဲ့သို့ ပြင်းထန်သည့်တိုက်ပွဲကို ရင်ဆိုင်ရာတွင် မတုန်မလှုပ်ရှိနေခြင်းမှာ အနန္ဒတန်ခိုးရှင်၏ စစ်မှန်သောပုံစံ ဖြစ်သည်။
နိုင်ငံရပ်ခြားရှိ ဟွာရှို့နိုင်ငံတွင် နာမည်ကျော် ကျင့်ကြံသူ အများအပြား မရှိခဲ့ပေ။
ဟွာရှို့မဟာမိတ် အဖွဲ့အစည်းတွင် မီရှို့မဟာမိတ် အဖွဲ့အစည်းကဲ့သို့ သူရဲကောင်းကျင့်ကြံခြင်းအဖွဲ့ မရှိပေ။
ဆိုရလျှင် ဟွာရှို့မဟာမိတ်အဖွဲ့ရှိ ကျော်ကြားသော ကျင့်ကြံသူများကို နိုင်ငံတကာက သိထားကြသည်။
ဟွာရှို့နိုင်ငံ၏ နောက်ဆုံးပေါ်ကြယ်ပွင့်မှာ ကမ္ဘာပေါ်တွင်ပထမဦးဆုံး ပကတိအရှင်မြတ် ဖြစ်လာသည့် ဗုံးပစ်စီနီယာအင်မော်တယ် ဖြစ်သည်။
ထိုဗုံးပစ်စီနီယာအင်မော်တယ်နှင့် ဟွာရှို့မဟာမိတ်မှ ဗိုလ်ချုပ် ၁၀ယောက်က လွဲ၍ ကြွေထည်က အခြားကျင့်ကြံသူများကို လုံးဝမသိခဲ့ပေ။
အဆုံးသတ်တွင် နတ်ဘုရား အရည်တစ်စက်သည် အရာအားလုံးကို ဖြတ်သန်းသွားခဲ့သည်။
၎င်းက မိစ္ဆာအူမှိုတက်အရှင်၏ ရင်ဘက်ပေါ်သို့ ချက်ချင်းဆိုသလို ကျရောက်သွားသည်။
ထိုခဏတွင် မိစ္ဆာအူမှိုတက်အရှင်သည် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
ဤနတ်ဘုရား အရည်တစ်စက်၏ စွမ်းအားကို တားဆီးရန် သူဘာမှမတတ်နိုင်ခဲ့ပေ။
ထိုအချိန်တွင် မိစ္ဆာအူမှိုတက်အရှင်သည် သူ၏ ခန္ဓာကိုယ်က အဆုံးမရှိ အငွေ့ပျံသွားသော ရေခဲတုံးကဲ့သို့ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။
သူက သူ၏ဦးခေါင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး “မင်းက ငါ့ကိုဖန်ဆင်းခဲ့တယ်.. ဒါပေမဲ့ မင်းအခု ဖျက်ဆီးချင်နေပြီ”
ဤဖျက်ဆီးမှုစွမ်းအားကို လုံးလုံးလျားလျား ခံနိုင်ရည်မရှိမှန်း သိလာသောအခါတွင် မိစ္ဆာအူမှိုတက်အရှင်သည် သူ၏ ဖန်တီးမှုအမှန်တရားကို လက်ခံသွားခဲ့ပြီ ဖြစ်သည်။
“ကောင်းတာလုပ်တယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးနိုင်ပေမဲ့ အခုတော့ မင်းက မကောင်းတာတွေ အများကြီး လုပ်ခဲ့တယ်.. ဒါကြောင့် မင်းကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်တော့ဘူး”
အင်မော်တယ်ထုန်ရာက မိစ္ဆာအူမှိုတက်အရှင်ကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
သူတို့နှင့် မလှမ်းမကမ်းတွင် သူရဲကောင်း ကျင့်ကြံသူများသည် ဒဏ်ရာများဖြင့် ရောက်ရှိလာကြပြီ ဖြစ်သည်။
မီရှို့မဟာမိတ် အဖွဲ့အစည်းထံမှ အကြောင်းကြားစာကို လက်ခံရရှိပြီးနောက်တွင် ၎င်းတို့အားလုံးသည် ရှေ့တန်းသို့အလျင်အမြန် လာခဲ့ကြသော်လည်း ၎င်းတို့ ရောက်ရှိခါနီးတွင် ပြင်းထန်သော ဝိညာဉ်ဖိအားများ ရုတ်ခြည်း ပေါက်ကွဲထွက်လာခဲ့သည်။
ထိုအတွက်ကြောင့် သူရဲကောင်းကျင့်ကြံသူအချို့သည် အလွန်ပင် ထိတ်လန့်သွားပြီး အော်ရာများ မတည်မငြိမ်ဖြစ်ကာ ကောင်းကင်ကနေ ပြုတ်ကျလာခဲ့ကြသည်။
ဤသို့ဖြင့်ပင် သူတို့က ဤဒဏ်ရာများကို ရရှိလာခဲ့ခြင်းဖြစ်၏။
“မစိုးရိမ်နဲ့.. ငါရောက်လာခဲ့ပြီ”
စကားသံနှင့်အတူ ဆံပင်ရွှေရောင်ပိုင်ရှင် အမျိုးသား တစ်ယောက်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ဟန်ပါပါနှင့် ကောင်းကင်ပေါ်မှ ပျံဝဲလာခဲ့သည်။
သူ၏ကိုယ်လုံးကိုယ်ထည်က ပိန်ပိန်ပါးပါး ရှိသော်လည်း ရှေ့တန်းကို ရောက်သည်နှင့် ကြွက်သားများက တဖြည်းဖြည်းဖောင်းကားလာခဲ့သည်။
ဤလူကိုမြင်နှင့် ကြွေထည်က ချက်ချင်းပင် ဦးညွှတ်လိုက်သည်။
“မစ္စတာ အိုလုလည်း ရောက်လာတာလား”
ဤလူက အလင်းမြို့တော်ဟုလူသိများသည့် SSSအဆင့် သူရဲကောင်း အိုလုဖြစ်သည်။
၎င်းက မီရှို့ မဟာမိတ်အဖွဲ့အစည်းတွင် အကျော်ကြားဆုံးသူရဲကောင်းကျင့်ကြံသူ ဖြစ်ပြီး လက်ရှိတွင် တစ်ဦးတည်းသော SSSအဆင့်သူရဲကောင်း ဖြစ်သည်။
သို့သော် အခင်းဖြစ်ပွားရာနေရာသို့ သူရောက်လာသောအခါတွင် မိစ္ဆာအူမှိုတက်သခင်သည် သေလုမျောပါး ဖြစ်နေပြီဖြစ်သည်။
မစ္စတာအိုလုက အနည်းငယ်စိတ်ပျက်သော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။
“ငါတို့ကူညီဖို့ မလိုအပ်တော့ဘူး ထင်တယ်.. ဒါပေမဲ့ ဒါလည်း ကောင်းပါတယ်လေ”
တကယ်တမ်းတွင် မစ္စတာအိုလုသည် မစ်ရှင် အများအပြားလုပ်ဆောင်နေရ၍ အလွန် ပင်ပန်းနေခဲ့သည်။
သူ၏ထူးခြားသောနည်းလမ်းမှာ ခွန်အားရရှိရန်အတွက် ဆံပင်ကို စားရခြင်း ဖြစ်သည်။
ဆံချည်မျှင် တစ်မျှင်ကို စားလျှင် သူ၏ခွန်အားသည် နှစ်ဆတိုးလာမည် ဖြစ်၏။
ဤတစ်ခေါက် မိစ္ဆာအူမှိုတက်အရှင်ကြောင့် မစ္စတာအိုလုက သူ၏ ဆံပင်အားလုံးကို စားရမည်ဟု တွေးထားခဲ့သည်။
ကြွေထည် “ဒီဟွာရှို့ရဲ့ကျင့်ကြံသူက သာမန်မဟုတ်ဘူး.. မစ္စတာအိုလုအနေနဲ့ ဒါကို သဘောပေါက်ပြီးသား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
မစ္စတာအိုလုက ခေါင်းညိမ့်လိုက်သည်။
ထိုလူ၏ခွန်အားက တကယ်ကို ကြောက်စရာကောင်းနေသည်။
သူအပါအဝင် မီရှို့မဟာမိတ်အဖွဲ့အစည်း၏ ကျင့်ကြံသူမည်သူမျှ ဤကဲ့သို့သော စွမ်းအားမျိုးကို ထုတ်မသုံးနိုင်ပေ။
ယခုအချိန်တွင် မိစ္ဆာအူမှိုတက်အရှင်သည် ပြာပုံအဖြစ်သို့ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
မစ္စတာအိုလုနှင့် ကြွေထည်တို့သည် သူရဲကောင်း ကျင့်ကြံသူများအဖွဲ့ ကိုယ်စား အင်မော်တယ်ထုန်ရာအား ဂါရဝပြုခဲ့ကြသည်။
“ညီနောင် မေးခွန်းတစ်ခုလောက် မေးလို့ရမလား.. မင်းကဘယ်ကောင်းကင်အဆင့်ဂိုဏ်းကလဲ”
အင်မော်တယ်ထုန်ရာ “ငါက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကပါ”
ထိုစကားကိုကြားသည်နှင့် သူရဲကောင်းကျင့်ကြံသူအားလုံးျက်ချင်းပင် သဘောပေါက်သွားကြသည်။
ထိုလူက ပကတိအရှင်မြတ် တည်ထောင်ခဲ့သော ဂိုဏ်းသစ်မှထွက်လာသည်မှာ အမှန်တကယ် ဖြစ်နေခဲ့သည်။
“ဒါဆို ကျွန်တော် တစ်ခုလောက်မေးခွင့်ရမလား ပကတိအရှင်မြတ်”
ကြွေထည်က နောက်ထပ် မေးခွန်းတစ်ခုမေးရန် ပြင်လိုက်သည်။
အင်မော်တယ်ထုန်ရာက မေးစေ့ကို လက်ဖြင့်ပွတ်သပ်ကာ သူ၏အထောက်အထားကို နိုင်ငံခြားတွင် မပေါက်ကြားသင့်ဟု ခံစားမိခဲ့သည်။
အင်မော်တယ်ထုန်ရာ “ငါက ပကတိအရှင်မြတ်တစ်ပါး မဟုတ်သလို ဂိုဏ်းခေါင်းဆောင်လည်း မဟုတ်ပါဘူး.. ဒီလိုအဆင့်ရန်သူတစ်ယောက် အတွက် ငါတို့ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင် အရေးယူဖို့က လုံးဝ မလိုအပ်ဘူးလေ”
“ဒါဆိုညီနောင်ရဲ့ တာအိုအမည်ကို သိပါရစေ”
အင်မော်တယ်ထုန်ရာ “ငါ့မှာ တာအိုအမည်တော့ မရှိပါဘူး.. ဒါပေမဲ့ ငါ့နာမည်ကိုတော့ မှတ်ထားလိုက်ပေါ့”
“ကောင်းပါပြီ ညီနောင်”
“ငါ့နာမည်က ကျိုးရီလို့ခေါ်တယ်”
ထိုနေ့ညနေခင်းတွင် ရေချိုးပြီး အိပ်ရာဝင်ရန် ပြင်ဆင်လိုက်ပြီးနောက်တွင် ကျိုးရီသည်TVကို ဖွင့်ကြည့်လိုက်သည်။
အမျိုးသမီးအစီအစဉ်တင်ဆက်သူက သတင်းတစ်ပုဒ်ကို ဖတ်ပြနေခဲ့သည်။
“ကျွန်မတို့ ရရှိထားတဲ့ နောက်ဆုံးသတင်းများအရ မီရှို့နိုင်ငံနယ်စပ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ အန္တရာယ်ကောင်ကို မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ ကျင့်ကြံသူ ကျိုးရီက သုတ်သင်ရှင်းလင်းပေးခဲ့ပါတယ်.. ဒီမစ္စတာကျိုးရီက ဘယ်လိုနတ်ဘုရားမျိုးလဲ.. ကျိုးရီအကြောင်း တခြားသူရဲကောင်း ကျင့်ကြံသူတွေ ဘယ်လိုပြောကြလဲဆိုတာ နားထောင်ကြည့်လိုက်ကြရအောင်”
“????”
ကျိုးရီက သူ့မျက်လုံးများကို ပွတ်သပ်ကာ ထပ်ကာတလဲလဲအတည်ပြုလိုက်သည်။
ဤသည်က မဖြစ်နိုင်ပေ။
သူဘယ်အချိန်က နိုင်ငံခြားကို သွားခဲ့ပါသနည်း။
အပိုင်း(၈၉၁) ပြီး၏