← Chapters

ဒါရိုက်တာကျိုးရီ၏ 'အချစ်'

Vol. 60 Ch. 892

ဒါရိုက်တာကျိုးရီ၏ 'အချစ်'

Vol. 60 Ch. 892

ပင်လယ်ပြင်ကိုကျော်ဖြတ်ပြီး မီရှို့နိုင်ငံနယ်စပ်တွင် မကောင်းဆိုးဝါးကို ချေမှုန်းနိုင်ခဲ့သည့် သတင်းက ကျိုးရီ ထင်ထားသည်ထက်ပင် ပို၍လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

TVသတင်းကို ကြည့်ပြီးနောက်တွင် ကျိုးရီသည် အဖြစ်အပျက်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

ထုံးစံအတိုင်းသူက ကြားဝင်ခံရသူတစ်ဦး ဖြစ်လာပြန်သည်။

သို့သော်ပြဿနာမှာ သူက ရွှေအမြုတေအဆင့် ကျင့်ကြံသူသာဖြစ်သည်။

ဤကဲ့သို့ နိုင်ငံရပ်ခြားမှ ကြီးမားသော ဂုဏ်ပြုခြင်းမျိုးက ကျိုးရီကို ကြီးမားသောဖိအားများ ချက်ချင်းဆိုသလို ခံစားရစေခဲ့သည်။

အတိုချုံးပြောရလျှင် ကျိုးရီ ကောင်းစွာသိသည်။

သူ့အနေဖြင့် ဤညတွင် အနားယူရန် မဖြစ်နိုင်တော့ပေ။

သန်းခေါင်ယံသို့ ရောက်လာသည်နှင့်အမျှ ကျိုးရီ၏ တိုက်ခန်းရှိဖုန်းသည် ဂုဏ်ပြုစကား အမျိုးမျိုးဖြင့် တစ်ချိန်လုံး မြည်နေခဲ့သည်။

ကျိုးရီက လွန်ခဲ့သောနာရီအနည်းငယ်ခန့်တွင် WeChat၌ မက်ဆေ့ချ် တစ်ခုကို တင်ထားခဲ့သေးသည်။

ထိုမက်ဆေ့မှာ အလွန်တိုတောင်းပြီး စကားလုံးတစ်လုံးတည်းသာ ဖြစ်၏။

“မောဟိုက်နေပြီ”

ဟုတ်ပါသည်၊ ဤစကားက မကောင်းဆိုးဝါးကို ချေမှုန်းခြင်းနှင့် လုံးဝမသက်ဆိုင်ပေ။

ကျိုးရီက ကျောင်းပေါင်း၁၀၀ အထွေထွေအုပ်ချုပ်ရေးဒါရိုက်တာ ဖြစ်လာပြီးနောက်တွင် သူမည်မျှပင်ပန်းသည်ကို ညည်းညူလိုက်ခြင်းသာ ဖြစ်သည်။

မထင်မှတ်ဘဲ သူ၏ထိုပို့စ်က မီရှီု့နိုင်ငံ၏ သတင်းကို အတည်ပြုလိုက်သလို ဖြစ်သွားခဲ့သည်။

သန်းခေါင်ယံ သတင်းအပြီးတွင် ကျိုးရီ၏ပို့စ်သည် ချက်ချင်းပင် Like ရာချီ ရသွားခဲ့သည်။

“ဒါရိုက်တာကျိုးက မျှော်မှန်းထားတဲ့အတိုင်းပဲ.. မီရှို့နိုင်ငံနယ်စပ်ထိ သွားပြီးတောင် မကောင်းဆိုးဝါးကို အနိုင်ယူနိုင်ခဲ့တယ်”

“အင်တာဗျူးခံရတဲ့ မီရှို့နိုင်ငံ ကျင့်ကြံသူရဲ့ မျက်နှာထက်မှာ လေးစားမှုကို ငါမြင်ခဲ့ရတယ်.. အဲဒီ မြို့တော်အလင်းလို့ ခေါ်တဲ့ မီရှို့ကျင့်ကြံသူက ဘယ်သူ့ကိုမှ ဒီလိုချီးမွမ်းခြင်းမျိုး တစ်ခါမှမပြခဲ့ဖူးဘူး”

“ဒါရိုက်တာကျိုးက ငယ်ရွယ်ပြီးအလားအလာကောင်းတဲ့လူပဲ.. သူက ပြဿနာတွေကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းနိုင်တယ်.. မကောင်းမှုတွေကို အနိုင်ယူပြီး တာအိုဘက်ကနေ ရပ်တည်ပေးတယ်.. သူက ငါတို့မျိုးဆက်သစ် လူငယ်တွေရဲ့ စံပြပဲ”

“မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ ဆေးအဖွဲ့ခေါင်းဆောင် အင်မော်တယ်ထုန်ရာရဲ့ ဂန္ဓမာကျွန်းကိုလည်း အဲဒီမကောင်းဆိုးဝါးက ဖျက်ဆီးခဲ့တယ်လို့ငါကြားမိတယ်”

“ငါတို့ရုပ်ရှင်လုပ်ငန်းက ဒါရိုက်တာကျိုးရဲ့ စွမ်းဆောင်မှုကိုဂုဏ်ပြုပေးချင်ပါတယ်.. အင်မော်တယ်ထုန်ရာရဲ့ ဂန္ဓမာကျွန်းကို ပြန်လည်တည်ဆောက်ပြီးတာနဲ့ ဒီဖြစ်ရပ်ကို အခြေခံပြီး ထုန်ဂန္ဓမာကျွန်းလို့ အမည်ရတဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ကူးရမယ်.. ဇာတ်ဆောင်ကိုတော့ ဒါရိုက်တာကျိုးကို နမူနာယူဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားတယ်”

ဤကဲ့သို့ ချီးကျူးစကားများကို ဖတ်လိုက်ရသောအခါတွင် ကျိုးရီက တုန်လှုပ်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ယခုတစ်ခေါက်ကိစ္စက သူနှင့်ဘယ်လိုမှမသက်ဆိုင်ပေ။

သို့သော် မဟာဗျူဟာလှည့်ဖြားမှုရုံးက ဤအတိုင်းပင် ဆုံးဖြတ်ပြီးသားဖြစ်၍ သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။

ကျိုးရီ၏နှလုံးသားက အလွန်တရာ ပင်ပန်းနွမ်းနယ်နေခဲ့သည်။

သူက မကြာခဏ ကြားဝင်ခံရသူ ဖြစ်နေခဲ့သည်။

ယခုအခါတွင် သူသည် ဂိုဏ်းတစ်ခုလုံးတွင် မမျှမတခံစားရသောဘုရင် ဖြစ်လာခဲ့သည်။

အင်္ဂါနေ့ ဩဂုတ်လ ၂၂ရက်

နွေရာသီအားလပ်ရက်၏ ၉ရက်မြောက်နေ့ဖြစ်သည်။

ကျိုးရီ ထိုနေ့မနက် အိမ်မှထွက်ခွာသောအခါတွင် ဝန်ထမ်းတိုက်ခန်း၏ ပင်မဝင်ပေါက်ရှေ့တွင် သတင်းထောက်များနှင့်ပြည့်ကျပ်နေခဲ့သည်။

သတင်းထောက်များက အဆောက်အဦးထဲသို့ တိုက်ရိုက် မဝင်ဝံ့ဘဲ ကျိုးရီထွက်လာချိန်ကို တိုက်ခန်းရှေ့ လမ်းဆုံကနေ စောင့်ဆိုင်းနေခဲ့ကြသည်။

ဤသည်က ကျိုးရီ အလုပ်သွားနိုင်သည့် တစ်ခုတည်းသောလမ်းကြောင်း ဖြစ်၏။

ပင်မဝင်ပေါက်တွင် ကျိုးရီထွက်ပေါ်လာသည်နှင့်တပြိုင်နက် သတင်းထောက်များက ကျိုးရီနားသို့ ကပ်လာကြသည်။

ကျိုးရီက သတင်းထောက်များ၏ ရည်ရွယ်ချက်ကို သိသော်လည်း နောက်ကြောင်းပြန်လှည့်ရန် နောက်ကျနေပြီဖြစ်သည်။

“ဒါရိုက်တာကျိုး ထွက်လာပြီဟေ့”

ထိုသို့ပြောရင်း သတင်းထောက်တစ်ယောက်က သူကိုင်ထားသည့်လက်ဆွဲအိတ်ကို ဖွင့်လိုက်ရာ အထဲကနေ တယ်လီစကုတ်မျက်လုံးအချို့က ထွက်ပေါ်လာပြီး လေထဲတွင်ပျံဝဲကာ ကျိုးရီကို ထောင့်ပေါင်းစုံမှ ရိုက်ကူးတော့သည်။

ဤတယ်လီစကုပ် စက်ရုပ်မျက်လုံးများသည် အင်တာဗျူးပြုလုပ်သည့် မှော်ရတနာဖြစ်သည်။

ယင်းက သတင်းထောက်များကြားတွင် အလွန်ရေပန်းစားနေသော ပစ္စည်းတစ်ခုဖြစ်သည်။

ပစ်မှတ်၏ ဓာတ်ပုံတစ်ပုံရှိနေသရွေ့ တယ်လီစကုပ် မျက်လုံးသည် ၎င်းကို အလိုအလျောက်မှတ်မိပြီး အင်တာဗျူးလုပ်ဆောင်မည် ဖြစ်သည်။

သို့သော် ဤမှော်ရတနာက အလွန်ဈေးကြီး၍ သာမန်သတင်းစာတိုက်များ မတတ်နိုင်ပေ။

ကျိုးရီက ပင်မဝင်ပေါက်တွင် ရပ်တန့်နေချိန်တွင် တယ်လီစကုပ်မျက်လုံးများစွာက သူ့ကိုဝန်းရံထားခဲ့ပြီ ဖြစ်သည်။

သတင်းထောက်များက အင်တာဗျူးမေးခွန်းများကို တယ်လီစကုပ် စက်ရုပ်မျက်လုံးများမှတဆင့် အဝေးကနေ မေးမြန်းလိုက်သည်။

“ဒါရိုက်တာကျိုးအနေနဲ့ အန္တရာယ်ကောင်ကို ဘယ်လိုအနိုင်ယူခဲ့လဲဆိုတာ အသေးစိတ် ပြောပြနိုင်မလား.. ကျွန်တော်တို့ကြားရသလောက်တော့ အဲဒီအန္တရာယ်ကောင်က အရမ်းသန်မာပြီး ဟွာရှို့နိုင်ငံရဲ့ ဒုံးကျည်တွေကတောင် မတိုးဘူးလို့ကြားတယ်”

“ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် အနေနဲ့ အောင်မြင်မှုရဲ့ သောချက်က ဘာလဲဆိုတာ ပြောပြပေးနိုင်မလား”

ကျိုးရီက ချက်ချင်း ပြန်မဖြေသေးဘဲ တွေးနေမိသည်။

ဖြစ်စဉ် အသေးစိတ်ကို သူဘယ်လိုသိနိုင်မည်နည်း။

သေချာတာတစ်ခုမှာ သူ့တွင် အောင်မြင်မှု၏ အဓိကသော့ချက်တစ်ခု ရှိသည်။

ဤသည်မှာ သူ့ဆရာဝမ်လင်း ဖြစ်၏။

သို့သော် ထိုအဖြေကို သူပြောရန်မဝံ့ရဲပေ။

ကျိုးရီက သက်ပြင်းချလိုက်သည်။

သတင်းထောက်များက သူ့အဖြေကို အဝေးကနေ စောင့်မျှော်နေကြသည်။

“အချစ်”

ဤရိုးရှင်းသောအဖြေက စွဲမက်စရာကောင်းသောကြောင့် သူတို့ အံ့အားသင့်သွားကြသည်။

နတ်ဆိုးများနှင့် ရာဇဝင်လူမျိုးများကို အများဆုံး ဖမ်းမိခဲ့သော စုန့်ဟိုင်မြို့၏ လက်ရှိအကျော်ကြားဆုံး အရာရှိတစ်ယောက်သည် မျှော်လင့်ထားသည့်အတိုင်းဟုသာ ဆိုနိုင်တော့သည်။

အိမ်သာအဖုံး သတင်းစာတိုက်မှ သတင်းထောက်က တယ်လီစကုပ်စက်ရုပ်မျက်လုံးမှတဆင့် အံအားသင့်စွာ အော်ဟစ်လိုက်သည်။

“ဒါရိုက်တာကျိုးရဲ့ မကောင်းမှုကို ကိုင်တွယ်ဖြေရှင်းတဲ့ အဓိကသော့​ချက်က အချစ်ပဲ”

ထိုစကားကြောင့် သတင်းထောက်အားလုံးက မှင်တက်သွားကြသည်။

“လျှို့ဝှက်ချက်က အချစ်လား”

ခဏအကြာတွင် လမ်းပေါ်ရှိ သတင်းထောက်များ အားလုံးက အဓိပ္ပါယ်ကို တွေးတောရင်း ငြိမ်သက်သွားကြသည်။

ထိုခဏတွင် အိမ်သာအဖုံးသတင်းစာတိုက်မှ သတင်းထောက်က ခံစားချက်အပြည့်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။

“ဒါရိုက်တာကျိုးအနေနဲ့ ရာဇဝတ်ကောင်တွေကို အနိုင်ရခဲ့တဲ့အကြောင်းအရင်းက သူတို့တွေကို အချစ်နဲ့ လှုံ့ဆော်ပေးခဲ့တာကြောင့်ပဲ.. ဒါရိုက်တာကျိုးက မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ အကန့်အသတ်မဲ့ ချစ်ခြင်းမေတ္တာတွေကို မကြောက်မရွံ့ ဖော်ပြခဲ့တယ်.. ချစ်ခြင်းမေတ္တာစွမ်းအားနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့က ဒါရိုက်တာကျိုးရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်နဲ့ ပြင်းပြတဲ့ စိတ်ပိုင်းဖြတ်မှုပဲ.. ဒါရိုက်တာကျိုးရဲ့ လှပတဲ့အိပ်မက်ပန်းတိုင်က လူတွေကို သူတို့ကိုယ် သူတို့ချစ်တတ်ဖို့၊ အလုပ်ကို ချစ်တတ်ဖို့နဲ့ လူဆိုးတွေကိုပြုပြင်ပြောင်းလဲဖို့ အတွက် သူတို့ရဲ့ ချစ်ခြင်းမေတ္တာအားလုံးနဲ့ စိတ်အားထက်သန်မှုတွေကို အသုံးပြုဖို့ပဲ”

“ဒီလိုအဓိပ္ပါယ်လား”

အိမ်သာအဖုံးသတင်းစာတိုက်မှ သတင်းထောက်၏ စကားကိုကြားလျှင် အခြားသတင်းထောက်များ အားလုံးက အံ့ဩသွားကြသည်။

သူတို့၏ မှတ်စုစာအုပ်ထဲတွင် ချက်ချင်းပင် ကမန်းကတန်းမှတ်စုများ ရေးမှတ်လိုက်ကြသည်။

ကျိုးရီ “……….”

ထိုအချိန်တွင် သတင်းထောက်က တယ်လီစကုပ် စက်ရုပ်မျက်လုံးမှတဆင့် ကျိုးရီကို ပြောလိုက်သည်.

“ကျွန်တော်ပြောတာ မှန်တယ်မဟုတ်လား.. ဒါရိုက်တာကျိုးအနေနဲ့ ဘာများ ထပ်ထည့်ချင်တာများ ရှိပါသေးလဲ”

“ငါ..”

ဒါရိုက်တာကျိုးက စကားဆက်မပြောနိုင်ဘဲ ရပ်တန့်သွားသည်။

ထိုခဏတွင် အိမ်သာအဖုံးသတင်းစာတိုက်မှ သတင်းထောက်က ထပ်မံအော်ဟစ်လိုက်ပြန်သည်။

“ငါတဲ့လား”

မှတ်စုများ ရေးမှတ်နေသည့် အခြားသတင်းထောက်များက နားမလည်ကြပေ။

“အဲဒါက ဘာကိုဆိုလိုတာလဲ”

အိမ်သာအဖုံး သတင်းစာတိုက်မှ သတင်းထောက်က စက္ကန့်အနည်းငယ်မျှ တွေးပြီးနောက်တွင် ရုတ်တရက် သူ့ခေါင်းကို ရိုက်လိုက်သည်။

“ငါ ဆိုတဲ့အဓိပ္ပါယ်ကို ငါနားလည်ပြီ.. ဒါရိုက်တာကျိုးရဲ့အဓိပ္ပါယ်က နက်နဲလွန်းတော့ နားလည်ဖို့ အချိန်ယူလိုက်ရတယ်.. ဒါရိုက်တာကျိုးရဲ့ ငါက အားလုံးအတွက်လို့ အဓိပ္ပါယ်ရတယ်.. ပြောရရင် အချစ်နဲ့ငါက ဒါရိုက်တာကျိုးရဲ့ အောင်မြင်မှုသော့ချက် ဖြစ်တယ်.. သူဆိုလိုချင်တဲ့အရာက အန္တရာယ်တွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာ ငါတို့က သူ့လိုပဲ ကိုယ်ကျိုးစွန့်တဲ့စိတ်ဓာတ်နဲ့ ထွက်လာကြပြီး ကမ္ဘာကြီးရဲ့ အရပ်ရပ်ကို မေတ္တာဖြန့်ကျက်ကြဖို့ပဲ”

“ဪ အဲဒီလိုမျိုးလား”

“ညီနောင်.. မင်းကဉာဏ်ကြီးရှင်ပဲ”

“ညီနောင်.. မင်းအရမ်းတော်တာပဲ”

“……….”

ထိုအချိန်တွင် တယ်လီစကုပ် မျက်လုံးထဲမှ အသံတစ်ခုထွက်ပေါ်လာသည်။

“ကျေးဇူးတင်ပါတယ် ဒါရိုက်တာကျိုး.. ဒါရိုက်တာကျိုးရဲ့ပြောင်မြောက်တဲ့စကားလုံးတွေ အတွက် ကျွန်တော်တို့ အင်တာဗျူးပြီးပါပြီ.. ကျွန်တော်တို့အနေနဲ့ ဒါရိုက်တာကျိုးအလုပ်သွားတာကို ဆက်ပြီး အနှောင့်အယှက်ပေးနေရင် ကျွန်တော်တို့ ဝေဖန်ခံနေရပါဦးမယ်”

“……….”

တယ်လီစကုပ် စက်ရုပ်မျက်လုံးများနှင့် နားလည်နိုင်စွမ်း မြင့်မားသော သတင်းထောက်အုပ်စုကို ကြည့်ရင်း ကျိုးရီက အချိန်အတော်ကြာ တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

သူ့စိတ်က အလွန်ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။

အပိုင်း(၈၉၂) ပြီး၏

All Chapters