← Chapters

အရက်မူးနေသောကျိုးရီ

Vol. 60 Ch. 893

အရက်မူးနေသောကျိုးရီ

Vol. 60 Ch. 893

ထိုနေ့တွင်ကျိုးရီသည် ခွင့်တင်၍ အလုပ်မသွားတော့ပေ။

သူက သတင်းထောက်အဖွဲ့ ထွက်သွားပြီးနောက်တွင် ကျုံးလန်ထံ စာပို့လိုက်သည်။

“ကျုံးလန် ငါဒီနေ့ နေလို့မကောင်းဘူး.. ငါအလုပ်တအား ပိသွားလို့ ပင်ပန်းသွားတာ ထင်တယ်.. မင်းကိုပဲ ဒုက္ခပေးရတော့မယ်”

ကျိုးရီက အမြဲလိုလို ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။

ကျိုးရီ၏ဂုဏ်သတင်း ကျော်ဇောလာသည်နှင့်အမျှ စုန့်ဟိုင်မြို့၏ ကျောင်းပေါင်း၁၀၀ အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများကလည်း တိုးတက်လာခဲ့သည်။

သို့သော် ကျုံးလန်သည် အနည်းငယ်မျှပင် ပင်ပန်းသည်ဟု မခံစားရပေ။

စင်စစ် ကျိုးရီသည် သူ၏ အထက်လူကြီးသာမက သူ၏ အစ်ကိုလိုလည်း ဖြစ်သည်။

သူတို့နှစ်ဦးက အမှန်တကယ်ပင် ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သည်။

“အစ်ကိုကျိုး မင်းနေလို့မကောင်းရင် ငါ့ဆီ လွှဲထားလိုက်လို့ရပါတယ်.. ကိုယ့်ကိုယ်ကိုယ်ပဲ နေကောင်းအောင် ဂရုစိုက်ပါ.. အနာဂတ်မှာ မင်းအလုပ်တွေ အများကြီးလုပ်ရဦးမယ်လေ.. မကောင်းမှုတွေကို အနိုင်ယူပြီး တာအိုရဲ့ အမှန်တရားကို ထိန်းသိမ်းတာက ပင်ပန်းတယ်ဆိုတာ ငါနားလည်ပါတယ်”

ကျုံးလန်က နံနက်ခင်းသတင်းကို ကြည့်နေရင်း ကျိုးရီ၏ မက်ဆေ့ချ်ကို ပြန်ဖြေလိုက်သည်။

မနက်ခင်းသတင်းတွင် ကျိုးရီကနိုင်ငံခြားသို့ထွက်ခွာ၍ မိစ္ဆာအူမှိုတက်အရှင်ကို နှိမ်နင်းခဲ့သည့် အကြောင်းကို ထပ်ကာတလဲလဲ ထုတ်လွှင့်နေသဖြင့် လူတိုင်းက ထိုအကြောင်းကို သိနေကြသည်။

သူ၏တိုက်ခန်းသို့ ပြန်ရောက်လျှင် ကျိုးရီသည် လက်ဆွဲအိတ်ကိုချလိုက်ပြီး အင်္ကျီကိုချွတ်ကာ ရေခဲသေတ္တာထဲရှိ Cheekyဝိုင်အိုးပေါင်း များစွာကို ထုတ်ယူလိုက်သည်။

Cheekyဝိုင်က ပုံမှန်လူတိုင်းသောက်နိုင်သည့် ဝိုင်မျိုးမဟုတ်ပေ။

ဤCheekyတွင် နည်းနည်းမိုက်ပြီး ပျော်ရွှင်ပါစေဟူသော ဆောင်ပုဒ်ရှိသည်။

ဤဝိုင်ကို ဆေးဘက်ဝင်အပင်များမှ ပြုလုပ်ထားခြင်း ဖြစ်ပြီး ဒေါသထွက်နေသည့်အချိန်တွင် ပျော်ရွှင်မှုကို ခံစားရရန် ကူညီပေးနိုင်သည်။

သို့သော် အားလုံးပြီးနောက်တွင် ဤအရာသည် ဝိုင်ဖြစ်နေဆဲပင်။

သို့ဖြစ်၍ အလွန်အကျွံသောက်ခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်မည် မဟုတ်ပေ။

ပုံမှန်အားဖြင့် ကျိုးရီသည် အလုပ်အပြီးတွင် Cheeky တစ်ပုလင်းသာ သောက်လေ့ရှိသော်လည်း ယနေ့တွင် သူအလွန်စိတ်လှုပ်ရှားနေသောကြောင့် ရေခဲသေတ္တာ အတွင်းရှိ Cheeky ဝိုင်အားလုံးကို ထုတ်ယူလိုက်သည်။

အကြောင်းတစ်ခုခုကြောင့် ကျိုးရီသည် သူ့အနေဖြင့် ကွဲပြားခြားနားသော လူတစ်ဦးဖြစ်လာသည်ဟု ခံစားခဲ့ရသည်။

သူက အလွန်ပင် မပျော်မရွှင်ဖြစ်နေ၏။

သူ၏ သွေးကြောထဲတွင် ဝိုင်များ ပြည့်နှက်သွားသောအခါတွင် ကျိုးရီက ဆိုဖာပေါ်တွင်အိပ်ကာ မျက်နှာကျက်ကို မော့ကြည့်၍ အော်ဟစ်ဆဲဆိုလိုက်သည်။

“သည်းမခံနိုင်တော့ဘူး မာဖေး.. အမ်.. ငါအခုရေရွတ်လိုက်တဲ့ မာဖေးဆိုတာက ဘယ်သူလဲ.. ထားလိုက်ပါ သူဘယ်သူလဲဆိုတာ ငါမစဉ်းစားတော့ဘူး.. သည်းမခံနိုင်ဘူး.. ငါသည်းမခံနိုင်တော့ဘူး”

ကျိုးရီက ဆိုဖာပေါ်တွင် လဲလျောင်းရင်း ယုံကြည်မှုများ ပိုမိုပျောက်ဆုံးလာခဲ့သည်။

ခေါင်းအနည်းငယ် ကိုက်လာသဖြင့် သူက ဝိုင်သောက်ခြင်းကို ရပ်တန့်လိုက်သည်။

သိပ်မကြာမီ ဝိုင်က တန်ခိုးပြလာပြီး သူ့ကို အိပ်ပျော်သွားစေခဲ့သည်။

ပုံမှန်အားဖြင့် ကျိုးရီသည် မွန်းတည့်ချိန်တွင် မအိပ်စက်တတ်ပေ။

ထိုအချိန်တွင် ကျိုးရီ၏ တိုက်ခန်း၌ တံခါးဖွင့်သံ ထွက်ပေါ်လာသည်။

ထို့နောက်တွင် အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် လူထွားကြီးတစ်ယောက်သည် အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

“စိမ့်ဝင်မှုအောင်မြင်တယ်”

အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူထွားကြီးက ခပ်တိုးတိုးပြောလိုက်သည်။

လူထွားကြီးက မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်။

ထိုမျက်နှာဖုံးသည် ပြင်ပမှ သူ့အဖွဲ့သားများနှင့် ဆက်သွယ်နိုင်သည့် မှော်ရတနာတစ်ခု ဖြစ်သည်။

အစိုးရဝန်ထမ်းတိုက်ခန်းကို စိမ့်ဝင်ရန်မှာ မလွယ်ကူသော်လည်း အမှောင်နက်ဝေါ့ခ်၏ နာမည်ကျော် လုပ်ကြံသတ်ဖြတ်သူဖြစ်သည့် ခုန်းရူယဲ့က သူ၏ တာဝန်ကို အောင်မြင်ခဲ့သည်။

သူက ယခုကဲ့သို့စိမ့်ဝင်သည့် လုပ်ရပ်မျိုး မလုပ်ဖူးပေ။

သို့သော် သူ့ကို ငှားရမ်းထားသည့် ပုဂ္ဂိုလ်၏ ငှားရမ်းမှုသည် မငြင်းဆိုနိုင်လောက်အောင် များပြားလှသည်။

ဤမစ်ရှင်ပြီးလျှင် သူက အနားယူတော့မည် ဖြစ်သည်။

ခုန်းရူယဲ့က တံခါးဝတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။

သူက အသင့်ပါလာသည့် အင်္ကျီနှင့် တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်သည်။

ထို့နောက်တွင် သူ၏ အသွင်အပြင်နှင့်အော်ရာက လုံးဝပျောက်ကွယ်သွားခဲ့သည်။

ဧည့်ခန်းထဲတွင် ကျိုးရီသည် ဆိုဖာပေါ်တွင် ပက်လက်လှန်ကာ အိပ်စက်နေခဲ့သည်။

စားပွဲပေါ်တွင် ပြန့်ကျဲနေသော ဝိုင်ပုလင်းများကိုမြင်လျှင် ခုန်းရူယဲ့က တွေဝေသွားခဲ့သည်။

“ဒီလူက စိတ်အိုက်နေတာလား.. ဒီနေ့ အလုပ်မသွားဘူးလား.. မီရှို့နိုင်ငံက အန္တရာယ်ကောင်ကို ဖျက်ဆီးခဲ့တဲ့ ကျင့်ကြံသူ တစ်ယောက်က ဝိုင်ပုလင်းတချို့နဲ့ မူးဝေနေတယ်တဲ့လား”

ကျိုးရီက မူး၍ အိပ်ပျော်နေသည်ကို သူ မယုံကြည်ခဲ့ပေ။

ကျိုးရီက ဟန်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟု သူယူဆခဲ့သည်။

ထို့ကြောင့် သူက ပေါ့ပေါ့ဆဆ ပြုမူဝံ့ခြင်း မရှိတော့ပေ။

ထိုခဏတွင် အေးစက်နေသော ချွေးများက နဖူးပေါ်မှစီးကျလာခဲ့သည်။

တကယ့် ကျင့်ကြံသူများသည်း အရက်မူးလာလျှင် ပို၍ပင်ကြောက်ဖို့ကောင်းသည် မဟုတ်ပါလော။

သို့ရာတွင် ခုန်းရူယဲ့က ဝတ်ရုံဖြင့် သူ့ကိုယ်သူ ဖုံးအုပ်ထားနိုင်သရွေ့ ကျိုးရီက သူ့ကိုရှာတွေနိုင်မည် မဟုတ်ဟု ယုံကြည်ခဲ့သည်။

သူဝတ်ဆင်ထားသည့် ဝတ်ရုံသည် သူ၏ဘိုးဘေး လက်ထက်မှ ဆင်းသက်လာသည့် ကမ္ဘာ့ဖီဆန် မှော်ရတနာတစ်ခု ဖြစ်သည်။

သူ၏ ကျင့်ကြံမှုနယ်ပယ်အဆင့်က မမြင့်မားသော်လည်း ဤဝတ်ရုံကြောင့်ပင် နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် ခုန်းရူယဲ့သည် ကျိုးရီနှင့် ပတ်သက်၍ ပြဿနာတစ်ခုကို ရင်ဆိုင်နေရသည်။

ဤလူ တကယ်မူးနေလျှင် ကိစ္စမရှိသော်လည်း ဟန်ဆောင်နေခဲ့လျှင် သူ၏ ဘာမဟုတ်သည့် အသက်လေး ဆုံးရှုံးသွားရမည်ဟု ခုန်းရူယဲ့ကြောက်နေမိသည်။

ဤမစ်ရှင်က သူထင်ထားသည်ထက်ပင် များစွာ ပိုခက်ခဲနေပုံရသည်။

တစ်ဖက်မှ အလုပ်အပ်သူက ကျိုးရီ၏ ဆံပင်တစ်ချောင်းကိုရယူရန် သူ့အား တောင်းဆိုခဲ့သည်။

အလုပ်အပ်သူက အဘယ်ကြောင့် ကျိုးရီ၏ ဆံပင်တစ်ချောင်းကို လိုအပ်မှန်း သူ မသိသော်လည်း မခက်ခဲသော မစ်ရှင်တစ်ခုဟု တွေးမိကာ အလုပ်လက်ခံခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤအခြေအနေတွင် ကျိုးရီက မူးချင်ယောင် ဟန်ဆောင်နေသလောဟု တပ်အပ် မပြောနိုင်သောကြောင့် ကြီးမားသော စိတ်ဖိအားကို ခံစားနေရသည်။

စက္ကန့်ပေါင်းများစွာ ကြာပြီးနောက်တွင် ခုန်းရူယဲ့သည် ကျိုးရီနှင့် တိုက်ရိုက် မထိတွေ့ရန် ဆုံးဖြတ်ခဲ့သည်။

တစ်ဖက်သား၏ ဆံပင်ကို တိုက်ရိုက်ဖြတ်ယူခြင်းသည် သူ့အတွက် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည် မဟုတ်လော။

ထို့ကြောင့် သူက ကျိုးရီထံမှဆံပင်ကို ဖြတ်မယူတော့ဘဲ ရေချိုးခန်းထဲမှ ဆံပင်အစအန အချို့ကို ရှာကြည့်လိုက်သည်။

သို့သော် ရေချိုးခန်းထဲ ရောက်သောအခါ သူအံ့ဩသွားခဲ့သည်။

ဤရေချိုးခန်းက ယောက်ျားလေး အသုံးပြုသော ရေချိုးခန်းဖြစ်သော်လည်း ဤမျှ တောက်ပြောင်သန့်ရှင်းနေမည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ပေ။

သူက စေ့စေ့စပ်စပ် ရှာကြည့်ခဲ့သော်လည်း ဆံပင်တစ်မျှင်မှ မရှိခဲ့ပေ။

“ဒါရိုက်တာကျိုးက ရေချိုးတဲ့အခါမှာ ဆံပင်မကျွတ်တာလား.. ဒါမှမဟုတ် သူ့မှာ သန့်ရှင်းရေးလုပ်တတ်တဲ့ အမူအကျင့်ကောင်းတွေ ရှိနေတာလား”

မည်သို့ပင်ဖြစ်စေ ခုန်းရူယဲ့က စိတ်ဒဏ်ရာ အနည်းငယ်ရသွားခဲ့သည်။

“ဘာလို့ရေချိုးခန်းမှာ ဆံပင်တစ်မွှေးလောက်တောင် မရှိရတာလဲဟ”

ရေချိုးခန်းပင် ဤမျှသန့်ရှင်းနေလျှင် အိပ်ခန်းဆိုလျှင် အတော်လေး သန့်ရှင်းနေပေမည်။

သို့သော် ပြန့်ကျဲနေသော ဝိုင်ပုလင်းများကို ကြည့်ခြင်းဖြင့် ကျိုးရီကရံဖန်ရံခါတွင် ပေါ့ပေါ့ပါးပါး နေထိုင်တတ်ကြောင်း သိသာနေသည်။

ခုန်းရူယဲ့က အိပ်ခန်းသို့သွားကာ ဆံပင်မရှိကြောင်း အတည်ပြုပြီးနောက်တွင် အဆုံးသတ်၌ အရက်မူး၍ ဆိုဖာပေါ်တွင် အိပ်ပျော်နေသော ကျိုးရီကိုသာ ပစ်မှတ်ထားလိုက်တော့သည်။

ခုန်းရူယဲ့က ကက်ကြေးတစ်ချောင်းကို ထုတ်ယူ၍ ဆိုဖာအနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။

သူဆံပင်မွှေးကို ဖြတ်ကာနီးတွင် ကျိုးရီက ရုတ်တရက်အော်ဟစ်လိုက်သည်။

“မင်းသိလား.. မင်းသိလား.. မင်းကဝတယ် ငါကပိန်တယ်”

“သွားပြီ.. သူသတိထားမိသွားပြီ”

ချွေးများစိုရွှဲနေသည့် ခုန်းရူယဲ့က ကက်ကြေးကို ချက်ချင်းပင်ပြန်လည် သိမ်းဆည်းလိုက်သည်။

သူ၏ဝတ်စုံက သူ့ကို ဖုံးကွယ်ထားသည်ဟု ထင်ခဲ့သော်လည်း တစ်ဖက်လူက ရှင်းရှင်းလင်းလင်း မြင်နေခဲ့ပုံရသည်။

“ငါထင်ထားတဲ့အတိုင်း ဒီကောင်က ဟန်ဆောင်နေတာပဲ”

ခုန်းရူယဲ့က ပျာယာခတ်ကာ တိုက်ခန်းအပြင်သို့ ထွက်ပြေးရန်ပြင်လိုက်စဉ် ခလုတ်တိုက်ကာ ကျွန်းသန္တာလန်ကျသွားသည်။

ထိုခဏမှာပင် ခုန်းရူယဲ့သည် ကျိုးရီ၏ အရှေ့ရှိစားပွဲနှင့် နဖူးဆောင့်မိသွားခဲ့သည်။

ထိုစားပွဲကို မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး စတင်တည်ထောင်သည်နေ့တွင် ကျိုးရီကို ဗုံးပစ်စီနီယာအင်မော်တယ်က လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုစားပွဲက အထူးပစ္စည်းဖြင့် ပြုလုပ်ထားပြီး အလွန်ပင်အကြမ်းခံသည်။

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူပင် ထိုစားပွဲကို အလွယ်တကူ ချိုးဖျက်နိုင်မည်မဟုတ်ပေ။

ဤသို့ဖြင့် ခုန်းရူယဲ့က လဲကျသွားပြီး ခေါင်းတွင် သွေးများက ဒလဟော စီးကျလာခဲ့သည်။

အပိုင်း(၈၉၃) ပြီး၏

All Chapters