← Chapters

စိတ်အိပ်မက်ပုံဖော်ခြင်း

Vol. 60 Ch. 894

စိတ်အိပ်မက်ပုံဖော်ခြင်း

Vol. 60 Ch. 894

ဗုဒ္ဓဟူးနေ့ ဩဂုတ်လ ၁၃ရက်

နွေရာသီအားလပ်ရက်၏ ၁၀ ရက်မြောက်နေ့ဖြစ်သည်။

သူက ဝမ်လင်းအကြောင်းကို အိပ်မက်မက်ခဲ့ပြီး အိပ်မက်ထဲတွင် သူ့ဆရာ၏ မျက်နှာကို ဖျစ်ညှစ်ခဲ့သေးသည်။

သူဆရာ၏ ပါးပြင်များသည် တကယ်ကို နူးညံ့လွန်း၏။

သူ့ဆရာက များသောအားဖြင့် အေးစက်စက် မျက်နှာထားရှိပြီး ပြုံးခဲသော်လည်း ယမန်နေ့ညတွင် သူ့ဆရာက ပြုံးရွှင်စွာဖြင့် အားပေးစကားများစွာ ပြောခဲ့သည်ကို ကျိုးရီအိပ်မက်မက်ခဲ့သည်။

အိပ်မက်ထဲတွင် သူက ချစ်လှစွာသောဆရာ၏ မျက်နှာလေးကို ဖျစ်ညှစ်လိုက်သည်။

ဤကဲ့သို့ သူလုပ်ချင်သည်မှာ ကြာပြီဖြစ်သော်လည်း ဘယ်တုန်းကမှ သတ္တိမရှိခဲ့ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် မိမိ၏ ဆန္ဒများကို အကောင်အထည်ဖော်ရာ၌ အိပ်မက်သည်သာ အကောင်းဆုံးဖြစ်သည်။

အိပ်မက်ထဲတွင် ဘာမဆိုဖြစ်နိုင်သည် မဟုတ်လော။

သူ့ဆရာ၏ မျက်နှာက သိသိသာသာ ပိန်လှီနေသော်လည်း အဘယ်ကြောင့်ဤမျှလောက် ဖျစ်ညှစ်၍ ကောင်းနေရပါသနည်း။

ကျိုးရီက သူ့ဆရာ၏မျက်နှာကို အားရပါးရ ဖျစ်ညှစ်လိုက်သည်။

ရုတ်တရက် မူမမှန်သောခံစားချက်ကို ကျိုးရီရရှိလိုက်သည်။

ဤအသားက သူ့အိပ်မက်ထဲမှ ဆရာ၏အသားထက် သိသိသာသာပင် မာတောင့်နေသည်။

ကျိုးရီက မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါတွင် သူအပေါ်၌ မှောက်လျက် လဲလျောင်းနေသော ဖက်တီးတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုဖက်တီးက နဖူးတွင် ဒဏ်ရာရရှိနေပြီး သွေးထွက်လွန်ကာသတိလစ်နေခဲ့သည်။

စင်စစ် သူက ဤဖက်တီး၏ဖင်ကို ဖျစ်ညှစ်နေမိခြင်း ဖြစ်သည်။

ကျိုးရီ “……….”

အချိန်ကို ကြည့်လိုက်ပြီးနောက်တွင် ကျိုးရီသည် အလုပ်နောက်ကျတော့မည်မှန်း သိလိုက်သည်။

ယမန်နေ့က ဝိုင်အများအပြား သောက်လိုက်သည်က ခန္ဓာကိုယ်အတွက် မကောင်းပေ။

သူက ယခုအထိ ခေါင်းအနည်းငယ် မူးဝေနေဆဲဖြစ်၏။

သူက ဖုန်းကို စစ်ဆေးကြည့်လိုက်ရာ ကျိုးရီ တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေသည့် ကျုံးလန်ဆီမှ ဖုန်းခေါ်ဆိုမှုများကို တွေ့ရှိခဲ့သည်။

ကျိုးရီက အလျင်အမြန်ပင် ကျုံးလန်ဆီသို့ ဖုန်းပြန်ခေါ်လိုက်သည်။

“ကျုံးလန် ငါနေကောင်းပါတယ်.. မနေ့ညက အိပ်ရာဝင်တာနောက်ကျသွားလို့ မနက်မထနိုင်တာပါ”

ကျိုးရီ၏ စကားကိုကြားလျှင် တစ်ဖက်မှ နားထောင်နေသည့် ကျုံးလန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

“အစ်ကိုကျိုး နေကောင်းရင် ပြီးတာပါပဲ.. အရမ်းကြီးနောက်ကျမှ မအိပ်ပါနဲ့.. ကြည့်ရတာ အစ်ကိုကျိုးက တစ်ညလုံး ဂိမ်းဆော့နေတဲ့ပုံပဲ”

“ဂိမ်းဆော့တာလား”

ကျိုးရီက အဆီများဖြင့် ဖောင်းကားနေသော ခုန်းရူယဲ့၏ တင်ပါးကို စိုက်ကြည့်လိုက်သည်။

“ဟုတ်တယ်.. ငါတစ်ညလုံး ဖင်ညှစ်တဲ့ဂိမ်းကို ကစားနေတာ”

ဖုန်းချလိုက်ပြီးနောက်တွင် ကျိုးရီက သက်ပြင်းချလိုက်သည်။

သူ၏တိုက်ခန်းတွင် သတိလစ်နေသည့် ဤဖက်တီးသည် တစ်စုံတစ်ရာကို ကြံစည်နေသည်မှာ ထင်ရှားသည်။

ထိုလူက သူအမူးလွန်နေသည့်အချိန်ကို အခွင့်ကောင်းယူကာ တိုက်ခန်းကို ခိုးဝင်လာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လက်ထဲတွင်လည်း သံသယဖြစ်ဖွယ် ကက်ကြေးတစ်လက်ကို ကိုင်ထားသည်။

ထိုလူ ဘာလုပ်မည်ကို မည်သူ သိနိုင်မည်နည်း။

ကျိုးရီက မသိစိတ်ကနေ သူ၏ ဂွေးကျိကို ဖုံးအုပ်ထားလိုက်သည်။

မကြာသေးမီက အိပ်ပျော်နေစဉ်အတွင်း ဂွေးကျိများ အဖြတ်ခံရသော အမျိုးသားများ အကြောင်းကို သတင်းများတွင် သူဖတ်ဖူးခဲ့သည်။

သို့သော် သူစိမ်းတစ်ယောက် ဖြစ်သည့် ဤဖက်တီးကအဘယ်ကြောင့် သူ့ကို ဤကဲ့သို့ ရက်စက်သော လုပ်ရပ်မျိုး လုပ်ချင်နေမှန်း သူနားမလည်နိုင်ပေ။

မည်သို့ပင်ဖြစ်စေ ဤဖက်တီးကောင်ကို စစ်ဆေးရပေမည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အမာခံအဖွဲ့ဝင် တစ်ဦးအနေဖြင့် သူ၏နေရာသည် အမှန်တကယ် ဖောက်ထွင်းခံခဲ့ရသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။

ထို့ကြောင့် ကျိုးရီက ဖန့်ရှင်းကို ချက်ချင်းဖုန်းခေါ်လိုက်သည်။

ဖန်ရှင်းက ကြေးစားလူမိုက်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး မဟာဗျူဟာလှည့်ဖြားမှ​ြ အထွေထွေရုံး၏ စစ်ဆေးမေးမြန်းမှုအားလုံးသည် သူ၏တာဝန် ဖြစ်၏။

ထို့အပြင် ယခုအခါတွင် ကြေးစားလူမိုက်အဖွဲ့သည် စုန့်ဟိုင်ထောင်မှ ထောင်အုပ်လျန့်နှင့် ဆက်ဆံရေး ကောင်းမွန်သောကြောင့် ကြေးစားလူမိုက်အဖွဲ့၏ စစ်ဆေးမေးမြန်းမှုများသည် တရားဝင်ဖြစ်သည်ဟုပင် ဆို၍ရသည်။

“ကောင်းပြီ ညီနောင်ကျိုး.. ငါအခုလာခဲ့မယ်”

ဖုန်း၏အခြားတစ်ဖက်မှ လူတစ်ဦးကို လန်းဆန်းသွားစေမည့် ဖန့်ရှင်း၏ ချိုသာသောအသံက ထွက်ပေါ်လာသည်။

ကျိုးရီက ခေါင်းညိမ့်လိုက်သည်။

“ငါသူ့ကိုချုပ်နှောင်ထားပြီးပြီ.. မင်းကိုငါစောင့်နေမယ်”

ကျိုးရီက ခုန်းရူယဲ့၏ အင်္ကျီနှင့် ကက်ကြေးများကို သက်သေအထောက်အထားအဖြစ် သိမ်းဆည်းခဲ့ပြီး ပို၍စိတ်ချစေရန်အတွက် အင်မော်တယ်လက်ထိပ်ဖြင့် ချည်နှောင်ထားခဲ့သည်။

ဤအင်မော်တယ်လက်ထိပ်သည် စုန့်ဟိုင်ထောင်ရှိ မာကျောက်တပ်ဖွဲ့နှင့်ဂိမ်းကစားရာမှ ကျိုးရီရရှိခဲ့ခြင်း ဖြစ်သည်။

ကျိုးရီကထောင်ထဲသို့ နောက်ဆုံး ဝင်ရောက်သောအချိန်တွင် မာကျောက်အဖွဲ့သည် နောက်ထပ် ကစားသမားတစ်ဦး လိုအပ်နေသောကြောင့် ကျိုးရီက ၎င်းတို့နှင့် ပူးပေါင်း၍ ဝင်ကစားခဲ့သည်။

ထိုအချိန်က ထောင်အုပ်လျန့်သည် ကျိုးရီ နိုင်မည်ဟု မယုံကြည်ခဲ့၍ အင်မော်တယ်လက်ထိပ် တစ်စုံကို လောင်းကြေးထပ်ခဲ့သည်။

ယခုအခါတွင် ထိုလက်ထိပ်များသည် ကျိုးရီ၏ လက်ထိပ်များ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သူအနိုင်ရခဲ့သည့် တစ်ခုတည်းသော ရှင်းပြချက်မှာ သူက လူသားလက်ကီးငါးတစ်ကောင် ဖြစ်သောကြောင့်ပင်။

ကျိုးရီက ကျေနပ်စွာပြုံးလိုက်ပြီး လက်နှစ်ဖက်ဖြင့် ခန်းစီးလိုက်ကာများကို ဖွင့်လိုက်ရာ ဧည့်ခန်းထဲသို့ နေရောင်ခြည်ကစိမ့်ဝင်လာသည်။

ကျိုးရီက သူမနေ့ညက မက်ခဲ့သည့် အံ့ဩဖွယ်ရာ အိပ်မက်ကို တဖန် ပြန်အမှတ်ရမိသည်။

“နှမျောစရာပဲ’

သူ့ဘဝတွင် သူ့ဆရာ၏မျက်နှာကို ဘယ်သောအခါမှ ဖျစ်ညှစ်နိုင်မည် မဟုတ်မှန်း သူသိသည်။

အခြားတစ်ဖက်ရှိ ဝမ်မိသားစုအိမ်ငယ်လေးတွင် ဝမ်လင်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူက ယမန်နေ့ညက ကျိုးရီကို အိပ်မက်မက်ခဲ့သည်။

သို့သော် ဤအိမ်မက်မှာ နိမိတ်ပြအိပ်မက်မျိုး မဟုတ်ဘဲ စည်းစနစ်ကျစွာ အသုံးပြု၍ရသည့် စိတ်အိပ်မက်ပုံဖော်ခြင်းနည်းစနစ် ဖြစ်သည်။

ဝမ်လင်းက ကောင်းကင်တာအိုမှ ဆင်းသက်လာသည့် အကိုင်းအခက် မှော်စွမ်းရည်များကို မသိစိတ်ဖြင့် အသုံးပြုလေ့ရှိသည်။

ပုံမှန်အားဖြင့်ဝမ်လင်းသည် စိတ်အိပ်မက်ပုံဖော်ခြင်း စွမ်းရည်ကို သူနှင့်ရင်းနှီးသည့် လူများအပေါ်တွင်သာ အသုံးပြုလေ့ရှိသည်။

အဓိကအားဖြင့် ထိုမှော်စွမ်းရည်ကို လူတစ်ဦး၏စိတ်ကို ထိန်းညှိရာတွင် အသုံးပြု၏။

စိတ်ပိုင်းဆိုင်ရာသည် မည်သည့် အခြေအနေမျိုးတွင်မဆို အရေးကြီးသောအချက်ဖြစ်ပြီး လူတစ်ဦးကို အစစအရာရာတွင် လွှမ်းမိုးနိုင်သည်။

ကသောင်းကနင်းဖြစ်သော စိတ်အခြေအနေသည် နောက်ပိုင်းတွင် စိတ်ဓာတ်ကျခြင်း အဖြစ်သို့ ပြောင်းလဲသွားနိုင်၏။

ယနေ့ခေတ်တွင် ထင်ရှားကျော်ကြားသူ အများအပြားသည် စိတ်ပိုင်းဆိုင်ရာ ဖိအားကြောင့် သေဆုံးသွားကြရသည်။

ဤလူများသည် ဂရုစိုက်မှု အလိုအပ်ဆုံးအချိန်တွင် အကြမ်းဖက်မှု အမျိုးမျိုးကို ခံခဲ့ရပြီး နာကျင်မှုများကို သူတို့၏ နှလုံးသားထဲတွင်သာ သိမ်းဆည်းထားခဲ့ရသည်။

ဤကဲ့သို့ အခြေအနေမျိုးတွင် စိတ်တစ်သမတ်တည်းရှိရန်မှာ အလွန်အရေးကြီးသည်။

သို့သော် စိတ်အိပ်မက်ပုံဖော်ခြင်း၏ ကြီးမားသောချို့ယွင်းချက်မှာ အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ဝမ်လင်းက ရှင်းရှင်းလင်းလင်း မေ့သွားခြင်း ဖြစ်သည်။

ဝမ်လင်းက သူ့မိတ်ဆွေများ၏ စိတ်အခြေအနေများကို ထိန်းညှိပေးရန်အတွက် ၎င်းတို့ အာသီသဖြစ်သော အရာများကို စိတ်အိပ်မက်ပုံဖော်ခြင်း နည်းစနစ်ဖြင့် အိပ်မက်ထဲတွင် ဖန်တီးပေးခဲ့သည်။

စိတ်အိပ်မက်ပုံဖော်ခြင်း နည်းစနစ်၏ ချို့ယွင်းချက်အရ ယမန်နေ့ညက အိပ်မက်အကြောင်းကို ဝမ်လင်း လုံးဝမမှတ်မိတော့ပေ။

အကယ်၍ ထိုအပ်မက်သည် နိမိတ်ပြအိပ်မက် သို့မဟုတ်သာမန်အိပ်မက်တစ်ခု ဖြစ်ခဲ့လျှင် သူသည် အသေးစိတ်ကို လုံးဝမှတ်မိနေမည် ဖြစ်သည်။

ထိုအခိုက်တွင် တစ်ချိန်လုံးမြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ထွင်ထျန်းဟာသည် သူ၏အမြီးကို လှုပ်ယမ်းလိုက်သည်။

ဝမ်လင်းကိုကြည့်ပြီး သူ့အမူအရာက အနည်းငယ်ထူးဆန်းသွားခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် သခင်လေးလင်း၏ ပါးပြင်က ဖျစ်ညှစ်ခံထားရသကဲ့သို့ အလွန်ပင်နီရဲနေ၏။

ထိုအရာကိုမြင်လျှင် ထွင်ထျန်းဟာက သက်ပြင်းချလိုက်သည်။

သခင်လေးလင်းသည် အဆုံးသတ်တွင် အချစ်ကို ခံစားတတ်သော လူငယ်အဖြစ်သို့ ရောက်ရှိသွားပုံရသည်။

သခင်လေးလင်းက များသောအားဖြင့် စကားမပြောပေ။

ယုတ်စွအဆုံး ပြုံးတောင် မပြတတ်သော်လည်း သူ့ဘေးနားရှိအချစ်ဆုံး အိမ်မွေးတိရိစ္ဆာန်ဖြစ်သည့် ထွင်ထျန်းဟာသည် သူ့သခင်လေး၏ အကြောင်းကို ကောင်းစွာသိသည်။

ထို့ကြောင့် ယမန်နေ့ညက သခင်လေးလင်း မက်ခဲ့သောအိပ်မက်သည် ရမ္မက်နိုးကြွသော အိပ်မက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ခန့်မှန်းမိခဲ့၏။

အပိုင်း(၈၉၄) ပြီး၏

All Chapters