← Chapters

ဒြပ်စင်ငါးမျိုး နတ်ဘုရားမိုးကြိုး

Vol. 108 Ch. 1611

ဒြပ်စင်ငါးမျိုး နတ်ဘုရားမိုးကြိုး

Vol. 108 Ch. 1611

မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသုံးယောက်သည် အကြောက်မပြေသေးဟန်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ ဆင်းသက်လာသောအခါ သူတို့သည် ဘယ်လိုပူးပေါင်းပြီး သူ့ကိုဖိနှိမ်ရမလဲ စဥ်းစားနေခဲ့ကြဆဲ ဖြစ်၏။

ယခု အဲ့ဒါကို ပြန်တွေးကြည့်တော့ အဲ့ဒါက ဘယ်လောက်တောင် ရယ်စရာကောင်းပြီး ရူးမိုက်ခဲ့သလဲ။

သူတို့သာ ခေါင်းမာပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို စောစောက တိုက်ခိုက်ခဲ့မည်ဆိုလျှင် သူတို့က ယခုအချိန်မှာ အလောင်းလေးလောင်းဖြစ်နေလောက်လေပြီ။

“အထီးကျန်သိုင်းသခင်က နတ်ဘုရားမျိုးနွယ်ပေါ် အရမ်းကို ရန်လိုစိတ်ရှိနေတာ မင်းတို့တွေ ခံစားမိကြလား”

မျိုးနွယ်စုခေါင်းဆောင် လီယင်က အသံတစ်ခုကိုပို့လွှတ်ပြီးမေးလိုက်၏။

မျိုးနွယ်စုခေါင်းဆောင် ဝူထန်က ခေါင်းညိတ်ပြလိုက်၏။

“ငါလည်း သတိထားမိတယ်... စောစောက အထီးကျန်သိုင်းသခင်က အဲ့လိုမျိုး ဆင်တူတဲ့စကားကို ပြောခဲ့သေးတယ်... သူက ငါတို့နဲ့ပဲ ညှိနှိုင်းဆွေးနွေးမှာ ဒါပေမဲ့... နတ်ဘုရားမျိုးနွယ်မပါဘူးလို့ ပြောခဲ့တယ်”

“အဲ့ဒါက နည်းနည်းတော့ထူးဆန်းတယ်”

မျိုးနွယ်စုခေါင်းဆောင် စန်းမင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“အထီးကျန်သိုင်းသခင်က အရင်တုန်းက ငါတို့ကမ္ဘာဦးမျိုးနွယ် ၆စုနဲ့ ရန်ငြိုးရန်စရှိခဲ့တာပဲ... သူက ဘာလို့ နတ်ဘုရားမျိုးနွယ်ကိုပဲ အထူးတလည် ပစ်မှတ်ထားလာရတာလဲ”

“ငါလည်းမပြောတတ်ဘူး... ဒီမျိုးနွယ်စုတစ်သောင်း စုဝေးပွဲမှာ ငါတို့က ပြောရေးဆိုခွင့်ရှိသူတွေ မဟုတ်တော့ဘူး”

မျိုးနွယ်စုခေါင်းဆောင် ကျင်းယန်က ပြောလိုက်၏။

“ဒီကိစ္စကိုဖြေရှင်းဖို့အတွက်... ဒီကိုလာဖို့ ကလန်ခေါင်းဆောင်ကို ငါက သတင်းပေးပြီး လှမ်းခေါ်ပြီးသွားပြီ”

မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသူများသည် သူတို့၏ သက်ဆိုင်ရာကလန်ခေါင်းဆောင်များကို အသီးသီး သတင်းပေးခဲ့ကြပြီးပြီဖြစ်၏။

ပဟေဠိနန်းတော်မှာ နတ်ဘုရားမျိုးနွယ် သက်ရှိများစွာ မကျန်ရှိသော်လည်း သူတို့က အသည်းအသန် ခုခံတိုက်ခိုက်နေကြဆဲ ဖြစ်၏။ မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဖြစ်သော ဂမ္ဘီရဆီးနှင်းနှင့် ဂမ္ဘီရစစ်ထိုးတို့၏ သေဆုံးမှုသည် နတ်ဘုရားမျိုးနွယ်အတွက် ဖွတ်ဖွတ်ညက်ညက်ကြေစေလောက်မည့် ရိုက်ချက်တစ်ခုဖြစ်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ထိုအဆင့်တိုက်ပွဲမှာ ဝင်ပါ​ခြင်းမရှိပေ။

နဂါးများက ဒဏ်ရာရရှိခြင်း သို့မဟုတ် သေဆုံးခြင်းရှိလျှင်တောင် သူက ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

ဤကဲ့သို့သော လတ်ဆတ်သောသွေးနှင့် သေခြင်းရှင််ခြင်းမျိုးသည် နဂါးမျိုးနွယ် တွေ့ကြုံခံစားရမည့် တစ်စုံတစ်ရာဖြစ်လေသည်။

အဲ့ဒါက နဂါးများအတွက် အကောင်းဆုံး လေ့ကျင့်ပေးခြင်းဖြစ်လေသည်။

ဤနှစ်များအတွင်း နဂါးများသည် နဂါးအရိုးတောင်ကြားကနေ ပေါ်ထွက်မလာခဲ့ဘဲ သူတို့အနေဖြင့် မျိုးနွယ်စုအတွင်း လက်ရည်စမ်းခြင်းမှာ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နိုင်ကြမည် မဟုတ်ပေ။

သေခြင်းရှင်ခြင်းနှင့် သွေးတို့ဖြင့် ဆေးကြောသန့်စင်ခြင်းမရှိဘဲ ဤနဂါးများက အမှန်တကယ်ကြီးပြင်းလာလိမ့်မည် မဟုတ်ပေ။

ပဟေဠိနန်းတော်ရှိ နတ်ဘုရားမျိုးနွယ်သည် သူတို့၏ ဓားသွေးကျောက်များဖြစ်လေသည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ကမ္ဘာဦးခေတ်စစ်ပွဲ၏ အမှန်တရားကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သူက ယခုအချိန်မှာ အဲ့ဒါကိုပြောမည်ဆိုလျှင်တောင် မည်သူကမှ သူ့ကိုယုံကြည်လိမ့်မည် မဟုတ်ပေ။

အကြောင်းမှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထံမှ တစ်ဆင့်ကြားသိခဲ့ရသော ရိုးရှင်းသည့် သတင်းအချက်အလတ်တချို့ဖြင့် ကမ္ဘာဦး​ခေတ်စစ်ပွဲအပေါ် သူ၏ နားလည်သဘောပေါက်နိုင်စွမ်းက အကန့်အသတ်ရှိနေသောကြောင့်ပင်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အသေးစိတ်အချက်အလက်များကို လုံးဝမသိရှိသလို သူ့မှာ သက်သေအထောက်လည်း မရှိပေ။

သူက ယခုအချိန်မှာ အဲ့ဒါကို ပြောမည်ဆိုလျှင် အဲ့ဒါက ယုံကြည်လက်ခံနိုင်စရာမရှိဘဲ အခြားသောကမ္ဘာဦးမျိုးနွယ်များထံမှ သံသယများနှင့် လှောင်ပြောင်သရော်လိုမှုများကိုသာ သူကရရှိပေလိမ့်မည်။

ဘာပဲပြောပြော အမှန်တရားသည် အရမ်းကိုကြောက်စရာကောင်းလွန်းပြီး ဘယ်လိုမှစဥ်းစားကြည့်၍ မရနိုင်အောင်ပင်။ ဒါ့အပြင် မျိုးနွယ်စုခေါင်းဆောင် ဝူထန်နှင့် အခြားသူများက အဲ့ဒါကို ယုံကြည်ကြမည်ဆိုလျှင်တောင် အလကားပင်။

မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ၏ ဤအဆင့်အရောက်တွင် မျိုးနွယ်စုခေါင်းဆောင် ဟူထန်နှင့် အခြားသူများသည် ဆက်လက်၍ ပြောရေးဆိုခွင့်မရှိတော့ဘဲ သူတို့သည် ကမ္ဘာဦးမျိုးနွယ်များအတွက် မည်သည့်ဆုံးဖြတ်ချက်ကိုမှ ချပေးနိုင်တော့မည် မဟုတ်ပေ။

ကမ္ဘာဦးမျိုးနွယ် ၆ စု၏ အသစ်အမှန်ပညာရှင်များရောက်ရှိလာပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အမှန်တရားကို ထုတ်ဖော်ပြောဆိုသည့်အခါမှသာ အခြေအနေကို ပြောင်းလဲပေးပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ အခွင့်အရေးရှိပေလိမ့်မည်။

ဒါ့အပြင်... သူက ယခုအချိန်မှာ အဲ့ဒါကို ပြောမည်ဆိုလျှင် တစ်ဘက်ရန်သူကို သတိဝင်သွားစေနိုင်လေသည်။

ထိုစဥ်မှာပင် တိုက်ပွဲနယ်မြေမှာ အလင်းရောင်ခြည်များ ဖြာထုတ်ပေးနေသည့် စိမ်းစို၍ ကြည်လင်တောက်ပနေသော ဖန်တီးခြင်းကြာပဒုမ္မာက ညင်သာစွာ ယိမ်းနွဲ့သွား၏။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အော်ရာက ဖန်တီးခြင်းကြာခုံပေါ်မှာ တဖြည်းဖြည်းတည်ငြိမ်လာ၏။

တာအိုကပ်ဘေးသုံးခုထဲမှ ဒုတိယမြောက်အတိဒုက္ခ ဆိုးယုတ်မြေကမ္ဘာမီးကို ဖြတ်ကျော်ပြီးသွားလေပြီ။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ၏ ဒဏ်ရာများကို အလျင်အမြန်ကုသနေပြီး သူ၏ အသက်ဓာတ်ကို ပြန်လည်ဖြည့်တင်းလိုက်​လေသည်။

ဆိုးယုတ်မြေကမ္ဘာမီး အတိဒုက္ခသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအပေါ် များစွာသက်ရောက်မှုမရှိစေခဲ့သည်မှာ သိသာလေသည်။

ခဏမျှ အနားယူရုံနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အခြေအနေက သူ၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားနှင့်အတူ သန်စွမ်းလာခဲ့၏။

“ဒီဆိုးယုတ်မြေကမ္ဘာမီးက တကယ့်ကို လောကဆိုင်ရာ ရတနာတစ်ခုပဲ... အထီးကျန်သိုင်းသခင်က ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီးကို ဝါးမျိုပြီးတဲ့နောက် ဆိုးယုတ်မြေကမ္ဘာမီးကပ်ဘေးကနေ ဘေးကင်းကင်းနဲ့ ရှင်သန်နိုင်ခဲ့ရုံတင်မကဘူး... သူက ဘာထိခိုက်ဒဏ်ရာမှကို မရရှိခဲ့တာပဲ”

“သေချာတာပေါ့... ဆိုးယုတ်မြေကမ္ဘာမီးရဲ့ စွမ်းအားအများစုကို ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီးရဲ့စွမ်းအားက ချေဖျက်ပေးလိုက်တာကိုး... ကျန်ရှိနေတဲ့စွမ်းအားက အထီးကျန်သိုင်းသခင်အတွက် ခြိမ်းခြောက်မှုတစ်ရပ် မဖြစ်တော့ဘူး”

“ပိုပြီးပြောစရာရှိတာက... ဆိုးယုတ်မြေကမ္ဘာမီးကပ်ဘေးကို ဖြတ်ကျော်ပြီးတဲ့နောက် သူ့ရဲ့အခြေအနေက ပိုကောင်းလေလေ နောက်ပိုင်း... မိုးကြိုးကပ်ဘေးမှာ သူက ရှင်သန်နိုင်ဖို့ အခွင့်အရေးပိုများလေပဲ”

“ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီးက ငါတို့လို တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေအတွက် အရမ်းကို အရေးကြီးတယ်... တခြားတစ်ယောက်ယောက်မှာ ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီးတစ်လုံးရှိမယ်ဆိုရင် ငါက အဲ့ဒါအတွက် ငါ့အသက်ကိုစွန့်စားပြီး တိုက်ခိုက်နိုင်တယ်”

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။

ထိုကဲ့သို့ တွေးမိနေသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများစွာရှိလေသည်။

အကြောင်းမှာ.. သူတို့သည် နတ်ဘုရားစွမ်းအားကပ်ဘေးကို မဖြတ်ကျော်နိုင်ဘူးဆိုရင် သူတို့ရဲ့ ဘဝသက်တမ်းက နှစ်နှစ်သောင်းသာအကန့်သတ်ရှိပေလိမ့်မည်။

သူတို့သည် ကပ်ဘေးဖြတ်ကျော်ခြင်းမှာ ကျရှုံးသွားမည်ဆိုရင် သူတို့က အသက်သေဆုံးမှုပင်ဖြစ်နိုင်လေသည်။

သို့သော်လည်း... ဆိုးယုတ်စိတ်ဝိညာဥ်သစ်သီး၏ အကူညီနှင့်ဆိုပါက သူတို့သည် မဟာယာနအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခြေရှိပြီး သူတို့၏ ဘဝသက်တမ်းက နှစ်တစ်သိန်းထိ တိုးမြင့်လာပေလိမ့်မည်။ ဤကဲ့သို့သော အခွင့်အရေးက တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများအတွက် အရမ်းကိုဆွဲဆောင်မှုကြီးမားလေသည်။

ဘုန်း... ဘုန်း... ဘုန်း...

ထိုစဥ်မှာပင် ကောင်းကင်ထက်ကနေ နက်ရှိုင်း၍ စွမ်းအားကြီးမားသော ပုံစံဖြင့် မိုးကြိုးသံက မြည်ဟည်းလာ၏။ အဲ့ဒါသည် သက်ရှိအားလုံး၏ ရင်ထဲမှာ ပဲ့တင်ထပ်မြည်ဟည်းလာသည့်အလားပင်။

ကောင်းကင်သည် အခြားနေရာတိုင်းမှာ ကြည်လင်နေ၏။ သို့သော်လည်း ပဟေဠိနန်းတော်ထက်မှာ မည်းမှောင်နေသော တိမ်စိုင်များက ပြည့်နှက်ကာ လျင်မြန်စွာ စုစည်းလာ၏။ တရုန်းရုန်းထကြွနေသော တိမ်စိုင်များသည် မင်ရောင်နှင့်အတူ ပက်ဖျန်းလာသည်ဟုထင်ရ၏။

“တာအိုကပ်ဘေးသုံးခုထဲက နောက်ဆုံးအတိဒုက္ခက ဒီကိုရောက်လာပြီပဲ”

တစ်စုံတစ်ယောက်က တိုးတိတ်စွာ အံ့အားတသင့်ရေရွတ်လိုက်၏။

နောက်ဆုံး အတိဒုက္ခသည် မိုးကြိုးအတိဒုက္ခဖြစ်လေသည်။ ထိုမိုးကြိုးများသည် သာမန်မိုးကြိုးများမဟုတ်ပဲ ဒြပ်စင်ငါးမျိုးဖြစ်သော ၊ သတ္တု ၊ သစ်သား ၊ ရေ ၊ မီးနှင့် မြေ နတ်ဘုရားမိုးကြိုးတို့ဖြစ်လေသည်။

ထိုမိုးကြိုးငါးမျိုးကို ဒြပ်စင်ငါးမျိုးနတ်ဘုရားမိုးကြိုးဟု ရည်ညွှန်းခေါ်ဆိုလေသည်။

သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်သော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင်များသည် ဒြပ်စင်ငါးမျိုး နတ်ဘုရားမိုးကြိုးအောက်မှာ သေဆုံးခဲ့ရဖူး​လေသည်။

သူတို့သည် နောက်ဆုံးအတိဒုက္ခကို မဖြတ်ကျော်နိုင်​ဘူးဆိုလျှင် သူတို့၏ ဝိညာဥ်များက ကြေမွပျက်စီးသွားပေလိမ့်မည်။

နက်မှောင်နေသော တိမ်စိုင်များက စုစည်း၍ မည်းမှောင်လာပြီး အတွင်းမှာ လျှပ်စီးများက တဖျတ်ဖျတ်လက်နေ၏။ ၎င်းထံကနေ တုန်လှုပ်စရာကောင်းသောစွမ်းပကားတစ်ခု ဖြာထွက်နေလေသည်။

ဖန်တီးခြင်းကြာပဒုမ္မာက မားမားမတ်မတ် ရပ်တည်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွား၏။

မည်းမှောင်နေသော တိမ်စိုင်များနှင့် မိုးကြိုး၏ လွှမ်းခြုံမှုနှင့် ရင်ဆိုင်ရာမှာ ၎င်းသည် မည်သည့်ကြောက်ရွံမှုမှမရှိဘဲ ဝင်းလက်တောက်ပနေ၏။

ဘုန်း...

ကြီးမားသော မိုးကြိုးတစ်စင်းက ကျိန်းစပ်နေသော မဟူရာအရောင်နှင့်အတူ ဆင်းသက်လာပြီး အရာရာတိုင်းကို ထိုးဖောက်ချင်နေသည့်အလားပင်။

ရေနတ်ဘုရားမိုးကြိုး...

ဒြပ်စင်ငါးမျိုး နတ်ဘုရားမိုးကြိုးသည် ကွဲပြားမှုရှိပြီး ရေနတ်ဘုရားမိုးကြိုးက အားအပျော့ဆုံးဖြစ်လေသည်။

ရေနတ်ဘုရားမိုးကြိုးသည် ဆူဇီမို၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာပြီး ၎င်း၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်ကာ လျှပ်စီးကြောင်းများက တဖျတ်ဖျတ်လက်လာ၏။ လျှပ်စီးများထဲမှာ မီးခိုးတချို့ကပင် ရောထွေးနေ​လေသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသားများက ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး သူ့အရေပြား၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာကာ သွေးမြူတစ်ခုဖြစ်ပေါ်လာ၏။ အားအပျော့ဆုံး ရေနတ်ဘုရားမိုးကြိုးသည်ပင် ဤကဲ့သို့ ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်လေသည်။

မျိုးနွယ်စုတစ်သောင်းမှသက်ရှိများသည် တိတ်တဆိတ် ထိတ်လန့်သွား၏။ ဆူဇီမိုသည် အံကိုကြိတ်ပြီး အဲ့ဒါကို အမူအရာကင်းမဲ့စွာဖြင့် တောင့်ခံလေသည်။ သိပ်မကြာခင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပေါ်ရှိ လျှပ်စီးများက ​ပျက်ပြယ်သွားလေသည်။

ဘုန်း...

နောက်ထပ် မိုးကြိုးသံက မြည်ဟည်းလာခဲ့၏။ ဒြပ်စင်ငါးမျိုးနတ်ဘုရားမိုးကြိုးသည် ဆူဇီမိုကို အားယူဖို့အတွက် မည်သည့်အချိန်မှမပေးဘဲ ဒုတိယမြောက် မိုးကြိုးတစ်စင်းက ကျဆင်းလာခဲ့လေသည်။

မိုးကြိုးငါးစင်းသည် မည်သည့်အသက်ရှုခွင့်မှ မပေးဘဲ ဆက်တိုက်ကျဆင်းလာပြီဖြစ်လေသည်။

ဒုတိယမြောက်မိုးကြိုးက သစ်သားနတ်ဘုရားမိုးကြိုးဖြစ်လေသည်။

ထိုနတ်ဘုရားမိုးကြိုးက ဆင်းသက်လာသောအခါ ဆူဇီမိုသည် ဖန်တီးခြင်းကြာခုံပေါ်ကနေ အမှန်တကယ်ပင် မတ်တတ်ထရပ်လိုက်၏။ သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်လေသည်။ သူသည် ဒြပ်စင်ငါးမျိုး နတ်ဘုရားမိုးကြိုးကို စစ်ကြေညာလိုက်သည့်အလားပင်။

သစ်သားနတ်ဘုရားမိုးကြိုးက ဆူဇီမိုပေါ်သို့ ရိုက်ခတ်လာသောအခါ လျှပ်စီးများက တဖျတ်ဖျတ်လက်၍ မိုးကြိုးသံက တဝုန်းဝုန်းမြည်လာလေသည်။

သက်ရှိအားလုံး၏ အကြည့်များအောက်မှာ ဆူဇီမို၏ အော်ရာက လုံးဝယိုယွင်းပျက်စီးမသွားရုံသာမက ၎င်းက ပို၍ပင် လျင်မြန်စွာ မြင့်တက်လာလေသည်။

ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက မြင်နိုင်သောနှုန်းထားဖြင့် သက်သာပျောက်ကင်းလာ၏။

ထိုနတ်ဘုရားမိုးကြိုးသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအပေါ် မည်သည့်ပျက်စီးထိခိုက်မှုကိုမှ ​မဖြစ်စေနိုင်ရုံသာမက ၎င်းတွင်ပါဝင်သော စွမ်းအားကို အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက စုပ်ယူသွားခဲ့လေသည်။

ဆူဇီမို၏ အောက်ဘက်ရှိ ဖန်တီးခြင်းကြာပဒုမ္မာက ဝင်းထိန်တောက်ပလာခဲ့၏။

လူအုပ်ကြီးထဲမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာလေသည်။

သမိုင်းတစ်လျှောက်မှာ မရေမတွက်နိုင်သော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးများသည် ကပ်ဘေးဆင်းသက်ခြင်းကို ဖြတ်ကျော်ခဲ့ကြသော်လည်း ဤကဲ့သို့သော အခြေအနေတစ်ရပ်က ဘယ်တုန်းကမှ မဖြစ်ပေါ်ခဲ့ဖူးပေ။

တစ်စုံတစ်ယောက်က အံအားတသင့်ရေရွတ်လိုက်၏။

“ငါသိပြီ... ဖန်တီးခြင်းကြာပဒုမ္မာက အပင်တွေရဲ့ နတ်ဘုရားတစ်ပါးပဲ... သစ်သားနတ်ဘုရားမိုးကြိုးက အဲ့ဒါကို မဖိနှိမ်နိုင်ရုံတင်မကဘူး... အဲ့ဒါက သူ့အတွက် အားဖြည့်စရာတစ်ခု ဖြစ်သွားခဲ့တာပဲ”

“ဖန်တီးခြင်းကြာပဒုမ္မာဆိုတဲ့ အတိုင်းပါပဲလား... အဲ့ဒါက သစ်သားနတ်ဘုရားမိုးကြိုးကိုတောင် ဝါးမျိုနိုင်တာပဲ”

All Chapters