← Chapters

ပင်မခန္ဓာရောက်ရှိလာမှု

Vol. 108 Ch. 1613

ပင်မခန္ဓာရောက်ရှိလာမှု

Vol. 108 Ch. 1613

အလယ်ပိုင်းတိုက်၊ ကြယ်တာရာတောင်ကြောရိုး....။

လွန်ခဲ့သည့် နှစ်များစွာက အန္တိမပညာရှင်တစ်ယောက်သည် ဤနေရာမှာ သူ၏ အမွေအနှစ်ကို ချန်ထားရစ်ခဲ့ပြီး ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ခဲ့သောကြောင့် ဤတောင်ကြောရိုးသည် ကျင့်ကြံရေးလောကမှာ နာမည်ကြီးကျော်ကြားခဲ့လေသည်။

နောက်ပိုင်းတွင် ထိုဂိုဏ်းကို အင်မော်တယ်ဂိုဏ်းများထဲမှ တစ်ဂိုဏ်းဖြစ်သော ကြယ်တာရာဂိုဏ်းအဖြစ် တည်ထောင်ခဲ့လေသည်။

လွန်ခဲ့သည့်နှစ်နှစ်သောင်းက ကြယ်တာရာဂိုဏ်းသည် ကောင်းကင်စင်ရော်ဂိုဏ်းနှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းဟူသော ထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်းအဖြစ် ကွဲထွက်သွားလေသည်။

ယခုအခါမှာ ကြယ်တာရာတောင်ကြောရိုးသည် ကောင်းကင်စင်ရော်ဂိုဏ်း တည်ရှိရာနေရာဖြစ်လေသည်။

ဤနေ့တွင် လူတစ်ယောက်က ကြယ်တာရာဂိုဏ်း တောင်ကြောရိုးသို့ ရောက်ရှိလာ၏။

ထိုသူက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ အနက်ရောင်ဆံပင်များကို သူ၏ ပခုံးပေါ်မှာ ဖြန့်ချထားလေသည်။ သူက ကြော့ရှင်းသော ရုပ်ရည်သွင်ပြင်နှင့် ငယ်ရွယ်သည့်ပုံပေါ်ရှိသော်လည်း သူ့ထံမှ ရပ်တန့်၍ မရနိုင်သော အော်ရာတစ်ခုဖြာထွက်နေ၏။

ပဟေဠိနန်းတော်မှ ကျင့်ကြံသူများသာ သူ၏ ပုံပန်းသဏ္ဌာန်ကို တွေ့မြင်မည်ဆိုလျှင် သူတို့က သေချာပေါက် တုန်လှုပ်သွားပေလိမ့်မည်။

အကြောင်းမှာ ဤပုဂ္ဂိုလ်၏ ရုပ်ရည်သွင်ပြင်သည် အထီးကျန်သိုင်းသခင် ဆူဇီမိုနှင့် အတိအကျတူညီနေသောကြောင့် ဖြစ်၏။

အထီးကျန်သိုင်းသခင်တွင် အစစ်အမှန်ခန္ဓာနှစ်ခုရှိသည်ကို လူတိုင်းက သိထားကြ၏။

ထိုအခိုက်အတန့်တွင် အထီးကျန်သိုင်းသခင်၏ အစစ်အမှန်ခန္ဓာနှစ်ခုစလုံးသည် ပဟေဠိနန်းတော်မှာ ရောက်ရှိနေကြ၏။

ထိုသို့ဆိုလျှင် ဤပုဂ္ဂိုလ်က ဘယ်သူဖြစ်မလဲ။

ခရမ်းရောင်ဝတ်လူသည် နက်ရှိုင်းသောအကြည့်နှင့်အတူ ကြယ်တာရာတောင်ကြောရိုးကို ငေးကြည့်လိုက်လေသည်။ ခဏမျှ စဥ်းစားပြီးနောက် သူ၏ လက်ညိုးကို ဆန့်ထုတ်ကာ သူ၏ နှာရောင်ကို ညင်သာစွာ ထိတွေ့လိုက်၏။

ချက်ချင်းပင် မြူခိုးတစ်လွှာက ခရမ်းရောင်ဝတ်အမျိုးသား၏ မျက်နှာကို ဖုံးအုပ်သွားပြီး သူ၏ ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်လိုက်လေသည်။

အဲ့ဒါက အထီးကျန်သိုင်းသခင်၏ တတိယမြောက် အစစ်အမှန်ခန္ဓာ သိုင်းတာအိုပင်မခန္ဓာဖြစ်လေသည်။

နှစ်တစ်ရာကြာကျင့်ကြံပြီးနောက် သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့်သို့ ဝင်ရောက်သွားခဲ့လေပြီ။ သူသည် ပဟေဠိနန်းတော်သို့ သွားရောက်ဖို့ မရွေးချယ်ခဲ့ပေ။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ထိုနေရာမှာရှိသည့် အခြေအနေနှင့်ပတ်သက်၍ သူ့ကိုပြောပြခဲ့ပြီးလေပြီ။ သူ၏ တွက်ချက်မှုအရ ကမ္ဘာဦးမျိုးနွယ်မှ ထိပ်တန်းအဆင့် ပညာရှင်များသည် ထိုနေရာသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာဖို့ အခွင့်များလေသည်။

သူက ထိုနေရာသို့ အပြေးသွားမည်ဆိုလျှင်တောင် အဲ့ဒါက သုံးစားမရနိုင်ပေ။

မျိုးနွယ်စုတစ်သောင်းစုဝေးပွဲ၏ အဆုံးသတ်၌ ၎င်းသည် ဧကရာဇ်များကြားတိုက်ပွဲတစ်ခုဖြစ်လာဖို့ အခွင့်များလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် အလယ်ပိုင်းတိုက် ကောင်းကင်စင်ရော်ဂိုဏ်းသို့ လာရောက်ဖို့သာ ရွေးချယ်ခဲ့လေသည်။ သူသည် ရှေ့သို့တက်လှမ်းပြီး ကောင်းကင်စင်ရော်ဂိုဏ်း၏ ဝင်ပေါက်ဝရှေ့သို့ သိပ်မကြာခင် ရောက်ရှိလာခဲ့၏။

ကောင်းကင်စင်ရော်ဂိုဏ်း၏ တောင်တန်းဂိတ်တံခါး တစ်ဘက်တစ်ချက်စီတွင် စောင့်ကြပ်နေသော ဂိုဏ်းသားများက အားနည်းသည့်ပုံမရှိပေ။ အဲ့ဒီမှာ နိုးထဝိညာဥ်တစ်ယောက်ရှိလေသည်။

“မင်းဘယ်သူလဲ”

နိုးထဝိညာဥ်တစ်ယောက်သည် ခပ်လှမ်းလှမ်းမှ သိုင်းတာအိုပင်မခန္ဓာကို တွေ့မြင်သောအခါ မျက်မှောင်ကြုတ်ပြီး ကျယ်လောင်စွာမေးလိုက်လေသည်။

သိုင်းတာအိုပင်မခန္ဓာက သူတို့နှစ်ယောက်ကို လျစ်လျူရှုပြီး လှည့်ပင်မကြည့်ဘဲ ရှေ့သို့ဆက်လျှောက်လာ၏။

“ရပ်စမ်း”

“မင်းရှေ့ဆက်တိုးလာမယ်ဆိုရင်... ဒီနေရာမှာ မင်းကို သတ်ဖြတ်ရမဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့”

နိုးထဝိညာဥ်နှစ်ယောက်၏ မျက်လုံးများက အေးစက်စွာ တောက်ပလာ၏။ သူတို့သည် သူတို့၏ ဓားပျံဓမ္မလက်နက်များကို ဆင့်ခေါ်ပြီး သူတို့၏ ရင်ဘတ်ရှေ့တွင် ရစ်ဝဲစေကာ သိုင်းတာအိုပင်မခန္ဓာကို ရန်လိုခက်ထန်သော အမူအရာများနှင့်အတူ စိုက်ကြည့်နေကြ၏။

သူတို့၏ ​ကျင့်ကြံမှုအဆင့်အရ သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုအဆင့်ကို လုံးဝမပြောနိုင်ပေ။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ချဥ်းကပ်လာသောအခါ နိုးထဝိညာဥ်တစ်ယောက်သည် သူတို့၏ နှလုံးများကို ဒြပ်စင်ငါးမျိုး ဧရာမလက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ခံလိုက်ရသည့်အလား မွန်းကျပ်ဖွယ်ရာခံစားလာရ၏။

နိုးထဝိညာဥ်နှစ်ယောက်သည် လုံးဝလှုပ်ရှားရဲခြင်းမရှိဘဲ သူတို့၏ နဖူးပေါ်တွင် ချွေးစေးများက ချက်ချင်းပင်ပေါ်ထွက်လာ၏။

အန္တရာယ်...

အလွန်တရာ အန္တရာယ်ရှိခြင်း...

“ဟမ်...”

နိုးထဝိညာဥ်နှစ်ယောက်ထဲမှ တစ်ယောက်က သူ၏ သတ္တိကို စုစည်းပြီး ခက်ထန်စွာဖြင့် ပြောဆိုလိုက်၏။

“ဒါက... ကောင်းကင်စင်ရော်ဂိုဏ်းပဲ မင်းက ဒီနေရာမှာ လုပ်ချင်တိုင်း လုပ်လို့မရဘူး... ငါတို့ဂိုဏ်းရဲ့ရှေ့မှာ မင်းက ငါတို့ကိုထိခိုက်အောင်လုပ်ရဲလိမ့်မယ်လို့ ငါမယုံဘူး”

သိုင်းတာအိုပင်မခန္ဓာသည် သူတို့ကိုလျစ်လျူရှုပြီး လုံးဝရပ်တန့်ခြင်းမရှိဘဲ နိုးထဝိညာဥ်နှစ်ယောက်ကို ဖြတ်ကျော်ကာ ရှေ့သို့ဆက်လျှောက်သွားလေသည်။

နိုးထဝိညာဥ်နှစ်ယောက်သည် ပျက်ယွင်းသောအမူအရာများရှိလာကြ၏။ သူတို့သည် ကြိမ်ဖန်များစွာ တိုက်ခိုက်ချင်ခဲ့သော်လည်း သူတို့သည် တ်ိုက်ခိုက်ရဲခြင်းမရှိဘဲ ဝင်ပေါက်ဝကို ဖြတ်ကျော်လာသော သိုင်းတာအိုပင်မခန္ဓာကို ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရ၏။

ကောင်းကင်စင်ရော်ဂိုဏ်း၏ ဝင်ပေါက်ဝကို မိုးကောင်းကင်ထက်မှ အစစ်အမှန် ဥက္ကာခဲဖြင့် ပြုလုပ်ထားလေသည်။ ၎င်းပေါ်မှာ တလက်လက်တောက်ပနေသော ကြယ်အလင်းရောင်များနှင့်အတူ ၎င်းသည် အလွန်တရာလျှို့ဝှက်ဆန်းကြယ်သောပုံစံဖြင့် ခမ်းနားကြော့ရှင်း၍ ရှေးကျနေ၏။

ပုံမှန်အခြေအနေမှာဆိုလျှင် ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းတံဆိပ်ပြားမပါရှိသောသူများက တောင်တန်းဂိတ်တံခါးကို ဖြတ်ကျော်လာခဲ့မည်ဆိုလျှင် ကြယ်အလင်းရောင်များက သူတို့ပေါ်ကို သေချာပေါက်ထိုးဆင်းလာပေလိမ့်မည်။

မရေမတွက်နိုင်သော ကြယ်အလင်းရောင်များက ထိုးဆင်းလာမည်ဆိုလျှင် မည်သည့်ကျူးကျော်သူမဆို သေချာပေါက်သတ်ဖြတ်ခံရပေလိမ့်မည်။

သို့သော် ယခုအခါ သိုင်းတာအိုပင်မခန္ဓာက တောင်တန်းဂိတ်တံခါးကို ဖြတ်လျှောက်လာသောအခါ ကြယ်အလင်းရောင်က စုဖွဲ့မလာခင်မှာပင် တောင်တန်းဂိတ်တံခါးတစ်ခုလုံးက ပြိုကျသွားလေသည်။

“သွား..”

နိုးထဝိညာဥ်နှစ်ယောက်သည် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကိုချပြီး သူတို့၏ ဓားပျံများကို စေလွှတ်ကာ သိုင်းတာအိုပင်မခန္ဓာ၏ ဦးခေါင်းနောက်ကို ထိုးဖောက်ဖို့ကြိုးစားလိုက်ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်သည် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး ဓမ္မပညာရပ်တစ်ခုကို ဆင့်ခေါ်ကာ အဲ့ဒါကို ထုတ်ဖော်ဖို့ပြင်ဆင်လိုက်ကြ၏။

သိုင်းတာအိုပင်မခန္ဓာက လှည့်ကြည့်လာခြင်းမရှိသေးဘဲ ရှေ့တည့်တည့်သာဆက်လျှောက်နေ၏။

ဓားပျံများက သူတို့၏ လက်ထဲကနေ ထွက်ခွာလာသည့်ခဏမှာပင် လေထဲမှာ အေးခဲရပ်တန့်သွားကြ၏။

နိုးထဝိညာဥ်နှစ်ယောက်၏ ရှေ့မှောက်မှာပင် သူတို့သည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကြေမွသွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွား၏။ နိုးထဝိညာဥ်နှစ်ယောက်သည် သူတို့၏ ဓမ္မပညာရပ်များကိုလည်း ထုတ်ဖော်မလာနိုင်ခဲ့ပေ။

သူတို့နှစ်ယောက်သည် ငေးငိုင်နေသော အမူအရာများ ရှိပြီး နေရာမှာပင် မလှုပ်မယှက်ရပ်နေကြ၏။

နောက်ခဏ၌ သူတို့နှစ်ယောက်စလုံးသည် မည်သည့်အင်အားမှ မကျန်ရှိတော့ဘဲ သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားကြ၏။

သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်စင်ရော်ဂိုဏ်း၏ ကောင်းကင်ထက်သို့ ရောက်ရှိလာပြီး ငုံ့ကြည့်လိုက်လေသည်။ အဲ့ဒီမှာ တောင်ထွတ် ၃၆ခု ရှိပြီး သူတို့သည် ကောင်းကင်ဘုံကြယ် ၃၆ စင်းကို ကိုယ်စားပြုလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ကြီးမားသောစိတ်ဝိညာဥ်အသိစိတ်ကို ဖြန့်ကြက်ပြီး ၎င်းကို အောက်သို့လွှမ်းခြုံစေကာ ကောင်းကင်စင်ရော်ဂိုဏ်းကို နဖူးမှ​ခြေဖျားအထိ စစ်ဆေးအကဲခတ်ကြည့်ရှုလိုက်လေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ စိ​တ်ဝိညာဥ်အသိစိတ် ထောက်လှမ်းခြင်းကနေ မည်သည့်အရာ၊ မည်သည့်ကျင့်ကြံသူကမှ ဖုံးကွယ်နိုင်လိမ့်မည် မဟုတ်ပေ။

“ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဆိုတဲ့အတိုင်းပါပဲလား”

သိုင်းတာအိုပင်မခန္ဓာက ပြုံး၍ တီးတိုးရေရွတ်လိုက်၏။

“ဒီလောက်များတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတွေက မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို သွားရောက်ခဲ့ကြတာတောင် ဒီနေရာမှာ ဒီလောက်များတဲ့ ကျင့်ကြံသူတွေ ကျန်နေခဲ့သေးတာပဲ”

“အဲ့ဒါဘယ်သူလဲ”

“အတင့်ရဲလိုက်တာ..”

“မင်းက ကောင်းကင်စင်ရော်ဂိုဏ်းထဲကို ဘယ်လိုတောင်အတင်းဝင်ရောက်ပြီး ငါတို့ရဲ့ဂိုဏ်းကို ပြောင်ပြောင်တင်းတင်း ထောက်လှမ်းစစ်ဆေးဖို့အတွက် မင်းရဲ့စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ရဲတာလဲ”

ဘန်း... ဘန်း... ဘန်း...

စွမ်းအားကြီးမားသော အော်ရာများသည် တောင်ထွတ် ၃၆ ခုကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ကြမ်းကြုတ်ခက်ထန်သောအော်ရာများနှင့်အတူ ပုံရိပ်များစွာက လေထဲသို့ပျံတက်လာကာ သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ပြေးဝင်လာကြ၏။

ထိုပုံရိပ်အများစုသည် ဓမ္မဝိသေသတာအိုအရှင်များဖြစ်ပြီး အဲ့ဒီမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အချို့ပင် ပါဝင်လေသည်။

ရွှစ်... ရွှစ်... ရွှစ်...

ထိုပုံရိပ်များက ရောက်ရှိမလာခင်မှာပင် ဓမ္မလက်နက်များသည် လေထုကိုတစ်ခုပြီးတစ်ခု ဆုတ်ဖြဲလာခဲ့ကြ၏။

ဓမ္မပညာရပ်များစွာကလည်း ဆင်းသက်လာပြီး ကောင်းကင်တစ်ခွင်အုပ်မိုးလာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာသည် တိတ်ဆိတ်ငြိမ်သက်နေပြီး သူ၏မျက်လုံးထဲမှာ လှောင်ပြောင်သရော်လိုသည့် ပုံရိပ်တစ်ခုက ထင်ဟပ်လာခဲ့၏။

သူသည် လက်တစ်ဖက်ကိုနောက်ပစ်၍ နေရာမှာပင် မလှုပ်မယှက်ရပ်နေပြီး အရာရာတိုင်းကို ဖိနှိမ်ဖို့အတွက် သိပ်သည်းပြင်းထန်သော စိတ်ဝိညာဥ်အသိစိတ်တစ်ခုကိုသာထုတ်ဖော်လိုက်၏။

ချက်ချင်းပင် ရှေ့သို့ပြေးဝင်လာသော ပုံရိပ်များအားလုံးသည် လေထဲမှာ အေးခဲရပ်တန့်သွား၏။

ကောင်းကင်စင်ရော်ဂိုဏ်းမှ ထိုကျင့်ကြံသူများအားလုံးသည် ကြောက်ရွံ့မှုဖြင့် သူတို့၏မျက်လုံးများက ပြုးကျယ်သွားကြလေသည်။

ထိုအခိုက်အတန့်တွင် ဓမ္မဝိသေသတာအိုအရှင်များဖြစ်စေ ၊ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များဖြစ်စေ သူတို့သည် ကပ်ဘေးတစ်ခုဆင်းသက်လာပြီး မိုးကောင်းကင်က ပြိုကျကာ သူတို့ကို ဆွဲယူနှစ်မြှုပ်တော့မည်ဟု ခံစားရလေသည်။

ဖောင်း... ဖောင်း... ဖောင်း...

လေထဲရှိပုံရိပ်များသည် တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲထွက်သွားပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားလေသည်။ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင် ချမ်းသာရာမရေပေ။

သူတို့သည် ခဏမျှသာ တောင့်ခံလိုက်နိုင်ပြီး သူတို့၏ ခန္ဓာကိုယ်များက အပိုင်းပိုင်းကွဲထွက်သွား၏။ သူတို့၏ အမြုတေစိတ်ဝိညာဥ်များ ထွက်ပေါ်လာသည့်ခဏမှာပင် သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ ကျယ်ပြောသော စိတ်ဝိညာဥ်အသိစိတ်ဖြင့် ဖျက်ဆီးနှစ်မြှုပ်ခြင်းကို ခံလိုက်ရ၏။

တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးအဆင့် သိုင်းတာအိုပင်မခန္ဓာသည် ထိုတာအိုအရှင်များနှင့် စွမ်းအားကြီးပုဂ္ဂိုလ်များကို ဖိနှိမ်ဖို့အတွက် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်ရုံမျှသာဖြစ်လေသည်။

“ဂိုဏ်းကာကွယ်ရေးဝင်္ကပါကို အသက်သွင်းကြ”

ထိုစဥ်မှာပင်... နက်ရှိုင်း၍ ဩဇာအာဏာသံပါသော အသံတစ်သံက ကောင်းကင်စင်ရော်ဂိုဏ်း၏ တောင်ထွတ်အနက်ပိုင်းထဲကနေ ထွက်ပေါ်လာ၏။

ဝှစ်... ဝှစ်... ဝှစ်...

တောင်တန်း ၃၆ ခုက ယိမ်းထိုးသွားပြီး ပြိုးပြိုးပြက်ပြက် ကြယ်အလင်းတန်းများကို ထုတ်ဖော်ကာ လေထဲရှိနေရာတစ်ခုတည်းမှာ စုစည်းလာလေသည်။

တစ်ချိန်တည်းမှာပင် မိုးကောင်းကင်ထက်ရှိ နေ့အလင်းရောင်တွင် ကြယ်များက ပေါ်ထွက်လာ၏။

အစစ်အမှန် ကောင်းကင်ဘုံကြယ် ၃၆ စင်းက ပေါ်ထွက်လာပြီး ကြယ်အလင်းရောင်က ကောင်းကင်စင်ရော်ဂိုဏ်း၏ လေဟာနယ်ထဲသို့ ဆင်းသက်လာခဲ့၏။

ဝင်္ကပါက ကောင်းကင်နှင့်မြေကြီးနှင့် ချိတ်ဆက်သွားလေသည်။

ရှေးကျသော ကြယ်များက သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှာစုစည်းလာပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို ဖြာထုတ်ပေးလာ၏။

ဝင်္ကပါသည် မိုးကောင်းကင်ထက်ရှိ အစစ်အမှန်ကြယ်များကို ဆင့်ခေါ်နိုင်သည်ဟု ထင်ရလေသည်။

တကယ်ဆို.. လေဟာနယ်ကပင်လျှင် ထိုဖိအားကို ခံနိုင်ရည်မရှိဘဲ အဆက်မပြတ် တုန်ယင်ကာ ငိုကြွေးနေသည့်အလား ထူးဆန်းသော အသံများကို ထွက်ပေါ်လာစေ၏။

All Chapters