စာကြည့်တိုက်
Vol. 108 Ch. 1615
“တာ… တာအိုရောင်းရင်း”
အကြီးအကဲ ကျန့်လုံ၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်သွားပြီး သူ၏ အသံက အထိန်းအကွပ်မဲ့စွာ တုန်ယင်နေ၏။ သူက ကြိုးစား၍ ပြုံးပြလိုက်၏။
“ကောင်းကင်စင်ရော်ဂိုဏ်းက ခင်ဗျားနဲ့ ရန်ငြိုးရန်စ တစ်ခုခုရှိမယ်လို့ ကျုပ်မထင်ပါဘူး ဟုတ်တယ်မလား… ခင်ဗျား ဘာလို့ ဒီကိုရောက်လာတာလဲ”
ခရမ်းရောင်ဝတ် လူထူးဆန်းသည် အပြစ်မဲ့သူများကို သတ်ဖြတ်မည့် တစ်စုံတစ်ယောက်နှင့် တူပုံမရသည်ကို သူက ပြောနိုင်လေသည်။
အနည်းဆုံးတော့.. ကောင်းကင်စင်ရော်ဂိုဏ်းမှ ကျင့်ကြံသူများက အသာတကြည်နေ၍ သူ့ကို ရန်မစဘူးဆိုလျှင် ထိုလူက သူတို့ကို ပစ်မှတ်ထားလာလိမ့်မည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ငါက ကောင်းကင်စင်ရော်ဂိုဏ်းက ကျင့်ကြံရေး နည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေ အားလုံးကို ယူသွားချင်တယ်”
“အဲ့လိုလုပ်လို့ ဘယ်ရပါ့မလဲ”
အကြီးအကဲ ကျန့်လုံက ဆတ်ခနဲ တုန်ယင်သွားပြီး ထိတ်လန့်တကြား ရေရွတ်ပြောဆိုလိုက်၏။
ဂိုဏ်းတိုင်းရှိ ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များသည် သူတို့ဂိုဏ်း၏ အခြေခံအုတ်မြစ် ဖြစ်ကြလေသည်။ အပြင်လူများကို အဲဒါကို ယူသွားဖို့နေနေသာ… ဖတ်ခွင့်ပင် မပေးနိုင်ကြပေ။
ဒါ့အပြင်.. ခရမ်းရောင်ဝတ် လူထူးဆန်းသည် ကျင့်ကြံရေး နည်းစနစ် တစ်ခုနှစ်ခုကို ယူသွားချင်သည်ဟု ပြောဆိုနေခြင်း မဟုတ်ဘဲ သူက သူတို့အားလုံးကို ယူသွားချင်နေ၏။
အဲဒါသည် ကောင်းကင်စင်ရော်ဂိုဏ်း၏ အမွေအနှစ်ကို လုံးဝဖြတ်တောက်လိုက်ခြင်းနှင့် တူလေသည်။
“အဲဒါ ဟုတ်တယ်”
နောက်ထပ် အကြီးအကဲတစ်ယောက်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“အဲဒီ ကျင့်ကြံရေး နည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေက ကောင်းကင်စင်ရော်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ပဲ… ကျုပ်တို့က အပြင်လူတွေကို အဲဒါကို ထိခွင့် ဘယ်လိုလုပ်ပေးနိုင်ပါ့မလဲ”
တတိယမြောက် အကြီးအကဲက အံကိုကြိတ်ပြီး ပြောလိုက်၏။
“ခင်ဗျားက ကျင့်ကြံရေး နည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေ အားလုံးကို ယူသွားမယ်ဆိုရင်.. ကောင်းကင်စင်ရော်ဂိုဏ်းက ကျုပ်တို့ရဲ့ အမွေအနှစ်ကို ဘယ်လိုဆက်ပြီး လက်ဆင့်ကမ်းရမှာလဲ”
“ငါက မင်းတို့တွေနဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“ငါက မင်းတို့တွေကို ဒီတိုင်းပြောပြရုံပဲ… မင်းတို့တွေ သဘောတူတူ မတူတူ ကိစ္စမရှိဘူး”
သူ၏ လေသံက တည်ငြိမ်နေသော်လည်း ထိုအသံတွင် ပြန်လှန်မေးခွန်းမထုတ်ဝံ့သော စွမ်းအားတစ်ခု ပါဝင်နေ၏။
ခဏကြာသည်အထိ.. သူတို့သုံးယောက်သည် မည်သို့မည်ပုံ ငြင်းဆန်ရမလဲ မသိတော့ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က တောင်ထွတ်ခြောက်ခုထဲမှ ထျန်ခိုင်တောင်ထွတ်ဆီသို့ ရွေ့လျားသွားပြီး သူက ထိုနေရာသို့ ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။
အကြီးအကဲ ကျန့်လုံသည် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ကျောကို ငေးကြည့်ရင်း သူ၏ အမူအရာက ပြောင်းလဲသွား၏။ သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်နှင့် တွေဝေတုံ့ဆိုင်းမှုက တဖျပ်ဖျပ် ကူးပြောင်းနေ၏။
ရုတ်တရက်ဆိုသလို…
သိုင်းတာအိုပင်မခန္ဓာက ရပ်တန့်လိုက်ပြီး ဘေးသို့ တစ်ချက်ကြည့်ကာ ညင်သာစွာ ပြောလိုက်၏။
“ဒါနဲ့.. ငါ့ကို ရန်မစဖို့ မင်းတို့တွေကို သတိပေးလိုက်မယ်… မဟုတ်ရင် ငါက မင်းတို့တွေကို တမလွန်ဆီ ပို့ပေးဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”
“ကောင်းကင်စင်ရော်ဂိုဏ်းရဲ့ အမွေအနှစ်ကတော့…”
သိုင်းတာအိုပင်မခန္ဓာက ခဏမျှ ရပ်တန့်ပြီး လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်၏။
“အဲဒါက အဆုံးသတ်သွားတယ်ဆိုတော့လည်း.. အဲ့တိုင်းပဲ ရှိစေပေါ့… ဘာမှ သနားနေစရာ မရှိဘူး… ကောင်းကင်စင်ရော်ဂိုဏ်းက အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းအဖြစ် ရပ်တည်ဖို့ မထိုက်တန်တော့ဘူး”
ထိုသို့ပြောရင်း သိုင်းတာအိုပင်မခန္ဓာက ထျန်ခိုင်တောင်ထွတ် ရှိရာသို့ ဆက်လက်ဆင်းသက်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် သုတ္တန် ၁၀၀ကို နားလည်ဆင်ခြင်ခဲ့ပြီး ဓမ္မပညာရပ်များ အားလုံးကို အရည်ဖျော်ခဲ့၏။ သူ့အနေဖြင့် အဆင့်ချိုးဖျက်တက်လှမ်းဖို့ အကောင်းဆုံးနည်းလမ်းမှာ နောက်ထပ် ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို သိုင်းတာအိုမီးဖိုထဲသို့ အဆက်မပြတ် ထည့်သွင်းပေါင်းစည်းဖို့ ဖြစ်လေသည်။
အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး သီဖန်း၊ သီကြွယ်နှင့် အခြားသူများကို သတ်ဖြတ်ပြီးနောက်.. သူသည် မဟာကစဉ့်ကလျားအမြုတေလက်ဝါးနှင့် ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်ကဲ့သို့ စွမ်းအားကြီးမားသော ကျင့်ကြံရေး နည်းစနစ်များ အပါအဝင် ကျင့်ကြံရေး နည်းစနစ်နှင့် လျှို့ဝှက်အတတ် အချို့ကို ရရှိထားခဲ့၏။ ထိုကျင့်ကြံရေး နည်းစနစ်များကို အရည်ဖျော်ခြင်းက သူ၏ ကျင့်ကြံမှုကို တဟုန်ထိုး မြင့်တက်လာစေဖို့အတွက် ကူညီပေးနိုင်ခဲ့၏။
ထိုအချိန်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် သူ၏ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့၏။
သို့သော်လည်း ဤနှစ်များအတွင်း သူသည် ယခင်က သူရရှိထားခဲ့သော ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ် တချို့ကို အရည်ဖျော်နေဆဲဖြစ်ပြီး သူက မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။
ယခု မျိုးနွယ်စုတစ်သောင်း စုဝေးပွဲ ကျင်းပလာသောအခါ.. သိုင်းတာအိုပင်မခန္ဓာသည် ထိုတွေ့ဆုံပွဲအတွင်း ဖြစ်ပျက်နေသည့် အကြောင်းအရာတချို့နှင့် ပတ်သက်၍ သိရှိသွားပြီးနောက်.. ကောင်းကင်စင်ရော်ဂိုဏ်းသို့ ရောက်ရှိလာခဲ့၏။ သူသည် ကောင်းကင်စင်ရော်ဂိုဏ်း၏ ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များ အားလုံးကို ယူသွားဖို့ ပြင်ဆင်ထားလေသည်။
ကောင်းကင်စင်ရော်ဂိုဏ်းက ကမ္ဘာဦးမျိုးနွယ် ၆စုထံမှာ အညံ့ခံဖို့ ရွေးချယ်ထားပြီဆိုမှတော့.. သိုင်းတာအိုပင်မခန္ဓာသည် သူတို့၏ ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို ယူဆောင်ကာ သူတို့၏ အမွေအနှစ်ကို လုံးဝ ဖြတ်တောက်လိုက်မည် ဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။
အကြောင်းမှာ.. ကောင်းကင်စင်ရော်ဂိုဏ်းမှ ကျင့်ကြံသူများ အားလုံးက ဆိုးသွမ်းကြသည် မဟုတ်သောကြောင့်ပင်။
ကောင်းကင်စင်ရော်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ မျိုးနွယ်စုခေါင်းဆောင်များနှင့် အခြားသူများက ကမ္ဘာဦးမျိုးနွယ် ၆စုထံ အညံ့ခံဖို့ ရွေးချယ်ခဲ့သည်ကို ကောင်းကင်စင်ရော်ဂိုဏ်းရှိ ကျင့်ကြံသူ အများစုက သိရှိကြလိမ့်မည်ပင် မဟုတ်ပေ။
သူ့အနေဖြင့် ကောင်းကင်စင်ရော်ဂိုဏ်း၏ သာမန်ကျင့်ကြံသူများကို အပြစ်ပေးဖို့ မလိုအပ်ပေ။
“အကြီးအကဲ ကျန့်လုံ.. ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က သိုင်းတာအိုပင်မခန္ဓာ၏ ထွက်ခွာသွားသော နောက်ကျောကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
“ကျုပ်တို့က ဂိုဏ်းချုပ်ကို အမြန်ဆုံး သတင်းပေးသင့်တယ်… ကျုပ်တို့က ဒီကျင့်ကြံရေး နည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေ အားလုံးကို ယူဆောင်သွားခွင့်ပေးလိုက်မယ်ဆိုရင်… အဲဒါက ကျုပ်တို့ဂိုဏ်းအတွက် ဖျက်ဆီးချေမှုန်းခံရမယ့် ကပ်ဘေးတစ်ခု ကျရောက်သွားတာနဲ့ အတူတူပဲ”
“ခဏလောက် ထပ်စောင့်ပါဦး”
အကြီးအကဲ ကျန့်လုံက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဂိုဏ်းချုပ်နဲ့ မျိုးနွယ်စုခေါင်းဆောင်တွေက မျိုးနွယ်စုတစ်သောင်း စုဝေးပွဲကို ပါဝင်တက်ရောက်နေကြတယ်.. သူတို့က ချက်ချင်း ထွက်ခွာမလာနိုင်မှာကို ငါစိုးရိမ်မိတယ်”
ခဏ ရပ်တန့်ပြီးနောက်.. သူက လှောင်ရယ်၍ ထျန်ခိုင်တောင်ထွတ်ရှိ စာကြည့်တိုက်ကို ကြည့်ကာ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“အဲ့လိုမျိုး အရေးကြီးတဲ့ နေရာတစ်ခုကို စောင့်ကြပ်နေမယ့် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ငါတို့ဂိုဏ်းမှာ မရှိဘူးလို့ မင်းတို့ တကယ်ပဲ ထင်နေတာလား”
“အာ..”
ဘေးမှာ ရှိသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်က အံ့အားတသင့် ရေရွတ်ပြီး သူ၏ ပါးစပ်ကို အလောတကြီး ပိတ်ကာ အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။
“မဟာယာနမျိုးနွယ်စုခေါင်းဆောင်တွေက ရှေးဟောင်းတိုက်ပွဲမြေမှာ နတ်ဘုရားစွမ်းအားတွေကို နားလည်ဆင်ခြင်နေရမှာမလား.. တစ်ယောက်ယောက်က ဂိုဏ်းကို ဘာလို့ စောင့်ကြပ်နေမှာလဲ”
“ဂိုဏ်းမှာ မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ရှိနေတာလား.. ကျုပ်က အဲဒါကို ဘာလို့ မသိရတာလဲ”
နောက်ထပ် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ကလည်း တုန်လှုပ်သွားသော အမူအရာတစ်ခုကို ထုတ်ဖော်ပြသလိုက်၏။
“ဟီးဟီး”
အကြီးအကဲ ကျန့်လုံက ထူးဆန်းစွာ ရယ်မောလိုက်၏။
“မင်းတို့တွေ အားလုံးက အဲဒီလူကို အရင်က မြင်ဖူးကြသားပဲ”
“ကျုပ်တို့ မြင်ဖူးတာလား”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်က ပို၍ပင် အံ့အားသင့်သွား၏။
အကြီးအကဲ ကျန့်လုံက သူ၏ခေါင်းကို အနည်းငယ် မော့ပြီး စာကြည့်တိုက်ကို လှမ်းကြည့်လိုက်၏။
“အဲဒီမှာ ရှိတယ်”
“စာကြည့်တိုက်ထဲမှာလား…”
တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ အမူအရာက ပြောင်းလဲသွားပြီး သူက အကဲစမ်း မေးမြန်းလိုက်၏။
“အဲဒါက စာကြည့်တိုက်ကို စောင့်ကြပ်နေတဲ့ အကြီးအကဲစွန်းလား.. သူက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် မဟုတ်ဘူးလား”
အကြီးအကဲ ကျန့်လုံက ထိုသူကို တစ်ချက်ကြည့်ပြီး မေးလိုက်လေသည်။
“စာကြည့်တိုက်လိုမျိုး အရေးကြီးတဲ့ နေရာတစ်ခုကို စောင့်ကြပ်ဖို့ လူတိုင်းက အဆင့်မီလိမ့်မယ်လို့ မင်းထင်တာလား”
“အကြီးအကဲစွန်းက မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်နေခဲ့တာ အရမ်းကို ကြာခဲ့ပြီ.. သူ့ရဲ့ ဘဝသက်တမ်းက ကုန်ဆုံးခါနီးလို့ သူက ရှေးဟောင်းတိုက်ပွဲမြေထဲမှာ ဆက်နေမယ်ဆိုရင်တောင်မှ ဘာကိုမှ နားလည်ဆင်ခြင်နိုင်မှာ မဟုတ်တော့ဘူး.. အဲဒါကြောင့် သူက ဂိုဏ်းကို ပြန်လာပြီး စာကြည့်တိုက်ကို စောင့်ကြပ်ဖို့ ရွေးချယ်ခဲ့တယ်”
အခြားသော တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးနှစ်ယောက်ကလည်း နားလည်သဘောပေါက်လာကြ၏။
အကြီးအကဲ ကျန့်လုံက လက်ပိုက်ပြီး အူမြူးအားရသည့်ပုံပေါ်နေ၏။
“အဲဒီ လူထူးဆန်းက စာကြည့်တိုက်ထဲကို ဝင်သွားရင်.. အထဲမှာ ဘယ်လိုကြီးမားတဲ့ အံ့အားသင့်စရာတစ်ခုက သူ့ကို စောင့်ကြိုနေမလဲဆိုတာ သူတွေ့သွားလိမ့်မယ်”
ကောင်းကင်စင်ရော်ဂိုဏ်း၏ စာကြည့်တိုက်သည် တောင်ထွတ် ၃၆ခုထဲမှ ထျန်ခိုင်တောင်ထွတ်ပေါ်တွင် တည်ရှိလေသည်။ စာကြည့်တိုက်က အလွန်တရာ ရှေးကျပြီး ပေတစ်ရာ မြင့်မားလေသည်။ အဲဒီမှာ စုစုပေါင်း ခုနှစ်ထပ် ရှိပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော ရှေးဟောင်းကျမ်းစာအုပ်များ၊ လျှို့ဝှက်အတတ်များနှင့် ပြည့်နှက်နေ၏။
သိုင်းတာအိုပင်မခန္ဓာက စာကြည့်တိုက် ရှေ့သို့ ရောက်ရှိလာပြီး တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ တံခါးကို တွန်းဖွင့်လိုက်၏။
တံခါးက ပွင့်သွားပြီး ဖုန်များ အလိမ်းလိမ်းတက်နေသည့်ကြားက ရှေးကျသော အော်ရာတစ်ခုက တိုးထွက်လာခဲ့လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် စာကြည့်တိုက်ထဲသို့ ဝင်ရောက်လာပြီး သူ၏ ပုံရိပ်က အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။ သူ့နောက်ဘက်ရှိ တံခါးက ဖြည်းဖြည်းချင်း ပိတ်သွားပြီး အကြီးအကဲ ကျန့်လုံနှင့် အခြားလူများက သူ့ကို မတွေ့မြင်ရတော့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် စာကြည့်တိုက်၏ ပထမထပ်သို့ ရောက်ရှိလာပြီး လှုပ်ရှားဖို့ အလောတကြီး ရှိမနေပေ။ သူက ခန်းမကို စစ်ဆေးအကဲခတ်ပြီး မှောင်မည်းနေသော ထောင့်တစ်နေရာကို နောက်ဆုံးကြည့်လိုက်လေသည်။
“အဟမ်း.. အဟမ်း”
ခဏနေပြီးနောက်.. ခြောက်သွေ့အက်ကွဲသော ချောင်းဟန့်သံတစ်သံက မှောင်မဲနေသော အခန်းထောင့်ကနေ ထွက်ပေါ်လာခဲ့၏။
တစ်စုံတစ်ယောက်သည် မြေပြင်ကနေ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လာသည့်အလား.. ဖုန်လုံးတစ်လုံးက ကြွတက်လာပြီး အမှောင်ထုထဲကနေ လျှောက်လှမ်းထွက်လာ၏။
အဲဒါသည် မုတ်ဆိတ်ဖြူများနှင့် အဘိုးအိုတစ်ယောက် ဖြစ်လေသည်။ သူက အရပ်အမောင်း မြင့်မားခြင်း မရှိဘဲ ပိန်ပိန်ပါးပါးနှင့် ကုပ်ကုပ်ကိုင်းကိုင်း ဖြစ်လေသည်။ အလွန်ဆုံး သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ခါးလောက်သာ ရောက်ရှိနိုင်လေသည်။
အဘိုးအိုက သစ်သားတုတ်ကောက်တစ်ချောင်းကို ကိုင်ဆွဲထားပြီး သူ၏ ခေါင်းကို ငုံ့ကာ ဒယီးဒယိုင် လျှောက်လှမ်းလာ၏။ သူ၏ ဖိုသီဖတ်သီ ဆံပင်များကို သူ၏ နဖူးပေါ်မှာ ဖြန့်ချထားပြီး သူက အနည်းငယ် မောဟိုက်နေလေသည်။
“မင်းက ဘယ်လိုစာအုပ်မျိုးကို ဖတ်ချင်လို့လဲ”
“ကျုပ်က စာဖတ်ဖို့ လာတာ မဟုတ်ဘူး”
သိုင်းတာအိုပင်မခန္ဓာက အဘိုးအိုကို ကြည့်ပြီး ပြုံးစစဖြင့် ပြောလိုက်၏။
“ကျုပ်က ဒီမှာရှိတဲ့ စာအုပ်တွေအားလုံးကို ယူသွားမလို့ပဲ”
“အာ…”
အဘိုးအိုက သက်ပြင်းချလိုက်၏။
“လူငယ်တွေက အရမ်းကို လောဘကြီးလာကြတာပဲ”
“မင်းက ဒီရှေးဟောင်းစာအုပ်တွေကို ဖတ်ချင်တယ်ဆိုရင်.. အချိန်မရွေး လာခဲ့လို့ ရတယ်… ဒါပေမဲ့ မင်းက ဒီစာအုပ်တွေကို ယူသွားချင်တယ်ဆိုရင်တော့… ဟီးဟီး… မင်းတစ်ယောက်တည်းက အဲဒါကို လုပ်နိုင်မှာ မဟုတ်ဘူး”
“လူငယ်လေး… ငါပေးတဲ့ အကြံကို နားထောင်လိုက်.. လောဘက မင်းရဲ့အသက်ကို ဆုံးရှုံးရစေနိုင်တယ်”
သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ပြုံးပြလိုက်၏။
“အဘိုးကြီး.. ခင်ဗျားကိုလည်း ကျုပ်အကြံပေးလိုက်မယ်.. ခင်ဗျားက အသက်ကြီးနေပြီ.. ခင်ဗျားရဲ့ လက်ကျန်နှစ်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်တယ်.. ခင်ဗျားက ဆက်ပြီးတော့ ဆူညံပူညံ လုပ်နေမယ်ဆိုရင် ခင်ဗျားရဲ့ အသက်ကို ဆုံးရှုံးရလိမ့်မယ်”