← Chapters

ဝိဉာဉ်သန္ဓေအဆင့်

Vol. 2 Ch. 15

ဝိဉာဉ်သန္ဓေအဆင့်

Vol. 2 Ch. 15

ဖုန့်ချန်းသည် ဓာတ်ကြီးသုံးပါးနတ်အဆင့်၏ အထွဋ်အထိပ်‌တွင် ရောက်နေခဲ့ပြီဖြစ်သည်။ ထိုအဓိပ္ပါယ်မှာ သူသည် ဝိဉာဉ်သန္ဓေအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်ဟူသော အဓိပ္ပါယ်ပင် ဖြစ်သည်။

ထိုအဆင့်နှစ်ဆင့်သည် ကပ်ရပ်ဖြစ်သော်လည်း ဝိဉာဉ်သန္ဓေအဆင့်နှင့် ဓာတ်ကြီးသုံးပါးနတ်အဆင့်မှာ အကြီးအကျယ်ကို ကွာခြားလွန်းလှပေ၏။ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့ ရောက်ရှိနေကြသော ကျင့်ကြံသူများသည် ထောင်နှင့်ချီအောင် ရှိသည့်တိုင် ဝိဉာဉ်သန္ဓေအဆင့်သို့ ရောက်သော သူများသည် လက်တစ်ဆုပ်ခန့်သာ ရှိပါသည်။

တစ်စုံတစ်ဦးက ဝိဉာဉ်သန္ဓေအဆင့်သို့ ရောက်သွားပါက သူ သို့မဟုတ် သူမသည် မိုးပြာကောင်းကင်အင်ပါယာအတွင်းတွင် အစွမ်းအထက်ဆုံးကျင့်ကြံသူ ဖြစ်လာခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့သောပုဂ္ဂိုလ်ကို တော်ဝင်မိသားစုပင်လျှင် မျက်နှာသာပေးရပေလိမ့်မည်။

ဖုန့်ချန်း သူ့အခန်းထဲသို့ သူပြန်လာသည်။ စနစ်မှ ဝယ်ယူရမည့် အစီအရင်ကို ဝယ်ယူပြီးနောက်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်လိုက်သည်။

ရန်သူများက သူတို့ ဖုန့်အိမ်တော်သို့ သူလျှိုများစွာ လွှတ်ထားပေလိမ့်မည်။ ထို့ကြောင့် သူက မိမိ၏ ကျင့်ကြံအဆင့်ကို လုံခြုံအောင်ဖုံးကွယ်ထားမှ ဖြစ်ပေလိမ့်မည်။ သူ၏ ခွန်အားအစစ်အမှန်ကို သိသွားပါက ရန်သူများသည် အထင်သေးတော့မည်မဟုတ်ဘဲ ပိုမိုစွမ်းအားကြီးသော ကျင့်ကြံသူများကို စေလွှတ်လိုက်မည်ဖြစ်သည်။

ဖုန့်ချန်းက စနစ်၏ ဈေး‌ဆိုင်ထဲတွင် စိမ်ပြေနပြေထိုင်ကာ မွှေနှောက်ပါတော့သည်။ နောက်တော့ သူ‌ တွေ့ရှိသွားပါသည်။

“ ကောင်းကင်ကန့်လန့်ကာအစီအရင်ဆိုပါလား “

ကောင်းကင်ကန့်လန့်ကာအစီအရင်

-အဆင့်ငါး

လုပ်ဆောင်နိုင်ချက်များ

- မိမိ၏ ကျင့်ကြံခြင်းအမြန်နှုန်းကို ငါးဆယ်ရာခိုင်နှုန်း တိုးမြှင့်ပေးသည်။

- အစီအရင်၏ သက်မှတ်ထားသော ဧရိယာအတွင်းတွင် ဖြစ်ပျက်နေသည့် အရာများအားလုံးကို ဖုံးကွယ်ပေးသည်။

- အပြင်လောကမှ စူးစမ်းသည့် နတ်ဘုရားအာရုံများ၏ ဝင်ရောက်နိုင်မှုကို တားဆီးပေးသည်။

ဈေးနှုန်း

-စနစ်ရမှတ်ငါးသောင်း

ဖုန့်ချန်းက တွေဝေမနေဘဲ ချက်ချင်းပင် ဝယ်ယူလိုက်သည်။ ဈေးနှုန်းမှာ အရေးမပါပေ။ ဝယ်ယူရရှိပြီး ပြန်လာရရှိမည့် အကျိုးကျေးဇူးများမှာ လျစ်လျူရှုရန်အတွက် ခက်ခဲလွန်းလှသည်။ သူက ဝယ်ယူမည်ဟူသော ခလုတ်ကို နှိပ်ပြီးနောက် ချက်ချင်းပင် လက်ထဲရောက်လာသော အစီအရင်ကို တစ်ခါထဲ အသက်သွင်းလိုက်သည်။

စွမ်းအင်လှိုင်းများက သူ့ကို ဖုံးလွှမ်းသွားပြီးနောက်တွင် သူ့အခန်းထဲ၌ အစီအရင်တစ်ခု စတင်၍ ဖွဲ့စည်းလာသည်။ ပြောင်းလဲမှုကို သူ ချက်ချင်းခံစားလိုက်ရသည်။ အခန်းထဲရှိ လေထုသည် မူလကထက် ပိုမိုပေါကြွယ်ဝလာသည်။ ထို့အတူ စိတ်ဝိဉာဉ်စွမ်းအားများသည်လည်း များပြားလာသည်။

အခန်းပတ်ပတ်လည်တွင် အလင်းရောင်တဖျက်ဖျက် တောက်ပနေကာ ခပ်မှုန်မှုန်မြင်ရသည့် ပုံရိပ်ယောင်အစီအရင်ကို သူ မြင်နေရသည်။ အပြင်ဘက်က လူများက အတွင်းကို ဘယ်လိုမှ အာရုံခံ၍ ရမည်မဟုတ်သလို ချောင်းကြည့်၍လည်း ရမည်မဟုတ်ပါ။

ဖုန့်ချန်းက အားပါးတရပြုံးလိုက်သည်။ သူဝယ်ယူလိုက်သည့် အစီအရင်ကို နောင်တမရခဲ့ပါ။

“ ကောင်းပြီ ဒီလောက်ဆိုရင် ငါ အေးအေးဆေးဆေးထိုင်ပြီး ကျင့်ကြံလို့ရပြီ။ “

အခန်း၏ အလယ်တည့်တည့်တွင် တင်ပလ္လင်ကွေထိုင်ပြီးနောက် ဖုန့်ချန်း စတင်၍ ကျင့်ကြံပါတော့သည်။ အခန်းအတွင်းရှိ ပေါကြွယ်ဝသော စိတ်ဝိဉာဉ်စွမ်းအားများက သူ့ထံသို့ စုရုံးကာ တိုးဝင်လာသည်။ အစီအရင်၏ အလင်းတန်း တဖျက်ဖျက်လက်နေမှုနှင့်အတူ သူ၏ အသက်ရှူနှုန်းက လိုက်လျောညီထွေရှိနေသည်။

သူ၏ ကျင့်ကြံအဆင့်သည် ဖြည်းညင်းစွာဖြင့် တည်ငြိမ်နေပြီး တစ်ဆထက်တစ်ဆ အစွမ်းထက်လာသည်ကို သူ ခံစားမိသည်။ ဓာတ်ကြီးသုံးပါးနတ်အဆင့်နှင့် ဝိဉာဉ်သန္ဓေအဆင့်တို့ကြား ကွာခြားမှုအထုံးသည် တဖြည်းဖြည်းချင်း ပြေလျော့လာသည်ဟု ဖုန့်ချန်း ခံစားမိပါသည်။

နာရီပေါင်းများစွာ ကျင့်ကြံပြီးသည့်နောက်တွင် ဖုန့်ချန်းက ပင်ပန်းနေသည်။ သို့သော် သူ၏ စိတ်ဝိဉာဉ်စွမ်းအားများကတော့ စိတ်အားတက်ကြွမှုကြောင့် ပေါကြွယ်ဝနေဆဲပင် ဖြစ်သည်။

“ လောလောဆယ် ဒီဟာကို ငါ သုံးမှကို ရတော့မယ်။ “

ထိုသို့ပြောပြီးနောက် သူက သန့်စင်အနှစ်သာရဆေးရည် တစ်ပုလင်းကို ထုတ်လိုက်သည်။ ထိုဆေးလုံးသည် စနစ်က သူ့အား လူသစ်လက်ဆောင်ထုတ်ထဲမှ ထည့်ပေးလိုက်သော လက်ဆောင်ပင် ဖြစ်သည်။

ဖုန့်ချန်းက ဆေးပုလင်း၏ အဆို့ကို ထုတ်ကာ ဖွင့်ချလိုက်သည်။ အတွင်းမှ ကြည်လင်ကာ တောက်ပနေသည့် အရည်သည် မျက်စိကျိန်းမတက် အလင်းတန်းဖြစ်လာပြီး အခန်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။

ပုလင်းကို မြှောက်လိုက်သည့်အခါတွင် ပုလင်းအတွင်းရှိ သန့်စင်သော အနှစ်သာရအရည်သည် တေးသွားတစ်ခုမြည်နေသည့်အလား ဖြိုးဖျော့သော အသံများ ထွက်လာ၏။ သဘာဝ၏ စိတ်ဝိဉာဉ်လေထုနှင့် ထိတွေ့မိသည့်အခါတွင် သန့်စင်အနှစ်သာရဆေးရည်သည် လိုက်လျောညီထွေဖြစ်သော ပုံစံကို ပြသနေသည်။

“ ဒီသန့်စင်အနှစ်သာရဆေးရည်က ငါလိုနေတာနဲ့ ကွက်တိပဲ။ “

ဖုန့်ချန်းက ပြောလိုက်သည်။ သူ့အသံက စိတ်အားတက်ကြွမှုနှင့် ပြည့်နှက်နေသည်။ အသက်ပြင်းပြင်းတချက် ရှိုက်လိုက်ပြီးနောက် ဖုန့်ချန်းသည် ပုလင်း၏ အဝကို သူ့နှုတ်ခမ်းနားသို့ ကပ်လိုက်ပြီး ဆေးရည်ကို တစ်ခြိုက်ထဲ မော့သောက်ချလိုက်သည်။

ချက်ချင်းဆိုသလိုပင် နွေးထွေးသောအာရုံတစ်ခုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့သွား၏။ သူ့ခန္ဓာကိုယ်တွင် ရှိရှိသမျှသော ဆဲလ်များအားလုံးကို ဆေးရည်၏ အနှစ်သာရစွမ်းရည်က ရောက်ရှိသွားသည်။

ဆေးရည်သည် သန့်စင်လှသော စိတ်ဝိဉာဉ်အဆီအနှစ်နှင့်ပင် တူပါသေးသည်။ သူ၏ မရီဒြာန်များ ဒန်ထျန်များထံသို့ပင် မြန်ဆန်လှသည့်အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။

အတိတ်တုန်းက သန့်စင်အနှစ်သာရဆေးရည်ဆိုတာကို ဖုန့်ချန်း မကြားဖူးပါ။ စနစ်ရပြီးနောက်ပိုင်းမှသာ ၎င်း၏ အရည်အသွေးကို သိလာခဲ့ရခြင်းဖြစ်သည်။

ပထမဦးဆုံးအချက်အနေဖြင့် ထိုဆေးရည်၏ ကောင်းကျိုးသည် မိမိ၏ ကျင့်ကြံနှုန်းအမြန်နှုန်းကို တိုးမြှင့်ပေးသည်။ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးသည့်နောက်တွင် လပေါင်းနှစ်ပေါင်းများစွာကြာအောင် စုစည်းရမည့် စိတ်ဝိဉာဉ်စွမ်းအားများကို လျင်လျင်မြန်မြန်နှင့် အားစိုက်ထုတ်ကာ ဆွဲယူပေးသည်။

သူ၏ အသက်ရှူရှိုက်မှုတိုင်းတွင် စိတ်ဝိဉာဥ်စွမ်းအားများက ပေါကြွယ်ဝစွာ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်။ လောကကြီး၏ အဓိကအမြူတေနှင့်ပင်လျှင် သူ့ခန္ဓာကိုယ်က ပဲ့တင်ရိုက်ခတ်နေသလို ခံစားနေရသည်။

ထို့အပြင် ထိုဆေးရည်သည် သူ၏ မရီဒြာန်နှင့် ဒန်ထျန်များကိုပင်လျှင် စတင်၍ သန့်စင်ပေးနေသည်။ ခန္ဓာကိုယ်တွင် ရှိသော အညစ်အကြေးများနှင့် အဆိပ်အတောက်ဖြစ်မည့် အရာများ၊ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းအတွင်းတွင် ပိတ်ဆို့နေသည့် အရာများကို ချက်ချင်းပင် သန့်စင်ပေးလိုက်သည်။

တစ်ချိန်တုန်းက ပိတ်ဆို့နေသော စွမ်းအင်လမ်းကြောင်းများအားလုံးက ချက်ချင်းပွင့်ထွက်သွားခဲ့သည်။ ယခုအခြေအနေက သူ၏ အတွင်းပိုင်း စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ၊ သွေးကြောများအားလုံးသည် အတွင်းထိ ဝင်ရောက်ကာ သန့်စင်ပြီး အသစ်ပြုပြင်လိုက်သည့်အလား ဖြစ်နေခဲ့ပါသည်။

ထို့အပြင် မိမိ၏ မကျန်းမမာဖြစ်နေသော အရာများအားလုံးကို ကုသပေးပြီး သက်တမ်းကို ပို၍ ရှည်စေခြင်းကလည်း ထိုဆေးရည်၏ အပိုအဆောင်ရလဒ်တစ်ခုပင် ဖြစ်သည်။

အချိန်ကာလကြာအောင် ထိုင်ကာ ကျင့်ကြံနေရသောကြောင့် ပင်ပန်းနွမ်းနယ်မှုများအားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီ။ ယခုအချိန်တွင်တော့ သူသည် အိပ်ရာမှ လန်းလန်းဆန်းဆန်းနိုးလာသည့်အလား လန်းဆန်းတက်ကြွနေခဲ့ပါသည်။ သူ၏ စွမ်းအားများက ပြန်လည်ရရှိသွားရုံတင် မကပေ၊ သူ၏ ခံနိုင်ရည်စွမ်းသည်လည်း ထိပ်ဆုံးသို့ ထိုးတက်သွားသည်ကို ဖုန့်ချန်း ခံစားလိုက်ရသည်။

သူ၏ စွမ်းအားများက လှိုင်းတံပိုးများအလား ရုန်းကြွလာပြီးနောက်တွင် မသန့်စင်မှုများအားလုံး ပျောက်ကွယ်သွားသဖြင့် သူ၏ လက်ရှိကျင့်ကြံအဆင့်နှင့် ဝိဉာဉ်သန္ဓေအဆင့်ကျင့်ကြံခြင်းကြား အတားအဆီးသည် ပို၍ ပါးလွှာသွားသည်ကို ဖုန့်ချန်း ခံစားလိုက်ရ၏။

ဆေးရည်သည် အဆင့်ချိုးဖျက်ရန်အတွက် နောက်ဆုံးလိုအပ်ချက် တွန်းအားတစ်ရပ်ကို ပေးစွမ်းလိုက်ပြီး ဖုန့်ချန်းကို အားသစ်သွန်းလောင်းပေးလိုက်သည်။ ဖုန့်ချန်း၏ ရုပ်ခန္ဓာကိုယ်သည်လည်း ထိုဆေးရည်မှ သက်ရောက်မှုများ ရရှိခဲ့ပါသည်။

သူ၏ ကြွက်သားများသည် အရင်တုန်းက ပိန်ပါးနေသော်လည်း ယခုအချိန်တွင်တော့ မူလကထက် တောင့်တင်းလာခဲ့ပါသည်။ သူ၏ အာရုံခံစားမှုများသည်လည်း စူးရှထက်မြက်လာသည်။ သူ၏ ကြံ့ခိုင်မှုကလည်း နောက်တစ်ဆင့်သို့ ရောက်သွားသည်။

သန့်စင်အနှစ်သာရဆေးရည်သည် ထိုရလဒ်များကို တစ်ခဏတာ ယာယီရရှိအောင် လုပ်ပေးခြင်းမဟုတ်ပါ။ တစ်ကြိမ်သောက်ပြီးသည်နှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေများ တိုးတက်သွားသည်မှာ ထာဝရပင် ဖြစ်သည်။

ဆေးပုလင်းကုန်သွားသည့်အချိန်တွင် ဖုန့်ချန်း၏ အရှိန်အဝါသည် လင်းထိန်နေသော အလင်းတန်းအဖြစ်သို့ ပြောင်းသွားပြီး ရုန်းကြွတက်လာသည်။ သူ့ခန္ဓာကိုယ်အတွင်းတွင် ရှိသော စွမ်းအားများအားလုံးသည် အရှိန်အဟုန်နှင့် ထိုးတက်လာပြီးနောက်တွင် ပြန်တည်ငြိမ်သွားသည်။ ထိုအခြေအနေက သူ၏ ကျင့်ကြံအဆင့်သည် ခရီးအတော်တန်ပေါက်သွားသည်ဟူသော အဓိပ္ပါယ်ပင် ဖြစ်သည်။

သူမျက်လုံးမှိတ်လိုက်ပြီး အတွင်းပိုင်းအခြေအနေကို အာရုံစူးစိုက်ထားသည်။ သူ၏ မရီဒြာန်နှင့် ဒန်ထျန်များ၏ ပြောင်းလဲမှုကို အာရုံစိုက်ထား၏။ ခိုင်မာသော ဆုံးဖြတ်ချက်နှင့်အတူ သူ တီးတိုးရေရွတ်လိုက်သည်။

“ အချိန်ကျပြီ၊ အဆင့်ချိုးဖျက်ဖို့က လက်တစ်ကမ်းပဲ လိုတော့တယ်။ “

သူက စုရုံးနေသော စွမ်းအားများအားလုံးကို ထပ်မံသိပ်သည်းလိုက်ပြီးနောက်တွင် ဓာတ်ကြီးသုံးပါးနတ်အဆင့်မှ ဝိဉာဉ်သန္ဓေနတ်အဆင့်သို့ ကူးပြောင်းရမည့် အတားအဆီးကို အားဖြင့် ချိုးဖောက်လိုက်သည်။ သူ၏ အရှိန်အဝါက ထိုးတက်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အလင်းတန်းများက ဖုံးလွှမ်းသွားပြီး သူ့အား ထိန်းချုပ်ထားသည့် အရှိန်အဝါကို အားနှင့် ထပ်မံထိုးဖောက်လိုက်၏။

“ အဆင့်တွေကြားမှာ တားမြစ်ထားတဲ့ အကာအရံတွေက ငါ့ကို တောင့်ခံနိုင်မှာမဟုတ်ဘူး။ “

သူက တည်ငြိမ်စွာ ပြောလိုက်၏။

“ ငါ ဝိဉာဉ်သန္ဓေအဆင့်ကို ချိုးဖျက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ “

စွမ်းအားများက ထပ်မံ၍ ကြွတက်လာသည်။ ဖုန့်ချန်း၏ တည်ရှိမှုက ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။ အခန်းတစ်ခန်းလုံးသည် သူ၏ အရှိန်အဝါများ ဖိသိပ်ထားသောကြောင့် ခေါင်မိုးပွင့်မတတ် ဖြစ်နေပြီ။

ကံကောင်းသွားတာက ဖုန့်ချန်းသည် ကောင်းကင်ကန့်လန့်ကာအစီအရင်ကို ကြိုကာ အစီအရင်ချထားသောကြောင့် ထိုအရာများအားလုံးကို အပြင်ကလူများ မသိခြင်းပင် ဖြစ်သည်။ ထိုသို့မဟုတ်ပါက မြူခိုးချိုင့်ဝှမ်းတစ်ခုလုံးပင်လျှင် သူ့ထံမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်နှင့် ဖိအားကို ခံစားရရှိမည်ဖြစ်သည်။

ဖုန့်ချန်း၏ တွန်းအားပေးမှုနှင့်အတူ ဓာတ်ကြီးသုံးပါးနတ်အဆင့်၏ အတားအဆီး အကာအရံမှာ စတင်၍ ကွဲအက်လာသည်။ သူ၏ တားမြစ်ချက်က တဖြည်းဖြည်းချင်းဖြင့် အားပျော့လာသည်။

ထို့နောက်တွင် ဖုန့်ချန်း၏ စွမ်းအားများက ဖောက်ထွက်သွားပါတော့သည်။ သူသည် ခန္ဓာကိုယ်တစ်ခုလုံး စတင်၍ ပြောင်းလဲလာသည်ကို ခံစားမိလိုက်သည်။ သူ၏ အဓိကအနှစ်သာရပင်လျှင် ဝိဉာဉ်သန္ဓေအဆင့်သို့ ဖြည်းဖြည်းချင်းပြောင်းလဲနေသည်ကို သိလိုက်ရသည်။

နောက်ဆုံးတွန်းထုတ်မှုနှင့်အတူ ဖုန့်ချန်းက စွမ်းအားအကုန်ကို အသုံးပြုပြီး အကာအရံကို ချိုးဖျက်လိုက်သည်။ ထိုခံစားချက်သည် မှိုင်းညို့နေသောမြူခိုးထဲမှ ဖောက်ထွက်လာပြီး ကျယ်ပြန့်သော ကောင်းကင်ထက်သို့ ရောက်သွားသည့်အလား ဖြစ်သည်။

အကာအရံပြိုလဲသွားပြီးသည့်နောက် ဖုန့်ချန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အမျိုးအမည်ဖော်ပြရခက်ခဲသော စွမ်းအင်များနှင့် ပြည့်နှက်သွားသည်။ သူ့အရှိန်အဝါသည် အရောင်တလက်လက်တောက်ပနေသော အလင်းနှင့် အမှောင်စွမ်းအားများ ရောယှက်ကာ ဟုန်းခနဲ တောက်လောင်လာသည်။

သူ့မျက်လုံးက ပိတ်ထားရာမှ ဖျပ်ခနဲ ဖွင့်လာ၏။ မျက်လုံးနှစ်လုံးက လင်းလက်နေသော အလင်းတန်းများ ဓာတ်မီးနှင့် ထိုးသလို ထိုးထွက်လာသည်။ အခန်းတစ်ခုလုံးသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားအသစ်နှင့် စတင်၍ ပဲ့တင်သံအပြန်ပြန်အလှန်လှန် ရိုက်ခတ်နေသည်။ ထို့နောက် သူက မိုးချိန်းသလိုမျိုး ကြွေးကြော်လိုက်၏။

“ ငါက ဝိဉာဉ်သန္ဓေအဆင့်ကို အောင်အောင်မြင်မြင် ချိုးဖျက်သွားနိုင်တဲ့ ဖုန့်ချန်းပဲကွ။ “

“ ဟေ့ ဖုကျန်းရေ ဖုန့်မိသားစုမွေးနေ့ပွဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သိပြီးသွားပြီလား။ “

“ ဘာကွ ဖုန့်မိသားစုနဲ့ တခြားမိသားစုကြီးတွေကြားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တာလား။ “

“ မဟုတ်ပါဘူး အဲ့ဒါထက် ပိုပြီးတော့ အံ့ဩဖို့ကောင်းတာ ဖြစ်ခဲ့တာကွ၊ ဆန်းကြယ်မီးတောက်ဂိုဏ်းက လူတွေ ဖုန့်မိသားစုကို ရောက်လာတယ်လေ။ “

“ ဆန်းကြယ်မီးတောက်ဂိုဏ်း ဟုတ်လား၊ ငါတို့အင်ပါယာရဲ့ နံပါတ်တစ်ဂိုဏ်းလား။ “

“ အဲ့ဒါတင် မဟုတ်သေးဘူးဟေ့၊ ဆန်းကြယ်မီးတောက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသေးမလေးက ဖုန့်ချန်းရဲ့ ညီလေးဖြစ်တဲ့ ဖုန့်ယွင်နဲ့ စေ့စပ်ကြောင်းလမ်းထားတယ်တဲ့ဗျာ။ “

“ ဟေ ဘယ်လိုလုပ်ဖြစ်နိုင်တာတုန်း။ အမှိုက်ကောင်က ဖီးနစ်နဲ့ လက်ထပ်မယ်၊ အာ မဖြစ်နိုင်တာ မဖြစ်နိုင်တာ။ “

“ အမှန်ပဲဟေ့ မိန်းကလေးလင်းကလည်း အဲ့လိုအမှိုက်ကောင်မျိုးနဲ့ လက်မထပ်ချင်ဘူးတဲ့လေ၊ ဒါကြောင့်မလို့ သူက အကြီးအကဲတွေကို ခေါ်ချလာပြီးတော့ စေ့စပ်ပွဲလာဖျက်သိမ်းတာတဲ့။ “

“ အိုး ကောင်းတယ်ကောင်းတယ်၊ ဒီလိုအမှိုက်ကောင်မျိုးက မိန်းကလေးလင်းနဲ့ ဘယ်လိုထိုက်တန်မှာတုန်း၊ စေ့စပ်ပွဲဖျက်တာက ဆုံးဖြတ်ချက်အမှန်ပဲ။ “

“ ဒါပေမဲ့ တကယ့်တကယ်ဖြစ်သွားတာက မိန်းကလေးလင်းကို စေ့စပ်ပွဲဖျက်လိုက်တာက ဖုန့်ယွင်ကွာ၊ ပြီးတော့ သူက သုံးနှစ်အချိန်းအချက်လည်း လုပ်ခဲ့သေးတယ်။ သုံးနှစ်အတွင်းမှာ သူက နဂါးနှင့် ဖီးနစ်ပြိုင်ပွဲမှာ မိန်းကလေးလင်းကို အရှက်ခွဲပစ်မယ်လို့တောင် ကြေညာခဲ့တယ်။ “

“ ဟ ဖုန့်ယွင်လိုမျိုး အမှိုက်ကောင်မျိုးက ဘယ်လိုဖြစ်ပြီးတော့ နဂါးနှင့် ဖီးနစ်ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်မှာလဲ၊ ဟမ့် ဆန်ူကြယ်မီးတောက်ဂိုဏ်းက ဂိုဏ်းချုပ်အသေးမလေးနဲ့ စေ့စပ်ပွဲဖျက်တဲ့အတွက်ကြောင့်မလို့ လက်စားချေတဲ့ဒဏ်ကိုပဲ ခံနိုင်ပါစေဦး။ “

“ အဲ့ဒီနေရာမှာ မင်း မှားသွားတာပဲဟေ့၊ ဖုန့်မိသားစုခေါင်းဆောင်က ဆန်းကြယ်မီးတောက်ဂိုဏ်းက အကြီးအကဲကျိုးကို ပါးတစ်ချက်ပဲ ရိုက်လိုက်တာ၊ ဟိုက အမြှုပ်တွေထွက်ပြီး မေ့လဲသွားတယ်တဲ့လေ။

အကြီးအကဲကျိုးက ဖုန့်ယွင်ကို စပြီး တိုက်ခိုက်ဖို့လုပ်တာ၊ အဲ့ဒီအချိန်မှာ ဖုန့်ချန်းဝင်လာပြီးတော့ နားပန်ကျင်ပစ်လိုက်တာ အကြီးအကဲကျိုးလည်း ချက်ချင်းသတိမေ့ရော။ ဆန်းကြယ်မီးတောက်ဂိုဏ်းကလည်း ရှက်ရှက်နဲ့ အကြီးအကဲကျိုးကို ပြန်ထမ်းသယ်ပြီး မိန်းကလေးလင်းနဲ့အတူ တပ်ခေါက်ပြီး ပြန်သွားရတယ်တဲ့လေ။ “

“ တကယ်ကြီးလား၊ ဖုန့်ခေါင်းဆောင်က အဲ့လောက်တောင် စွမ်းအားကြီးနေတာလား။ “

ဆန်းကြယ်မီးတောက်ဂိုဏ်းသည် ဖုန့်မိသားစုထံသို့ လာရောက်သည့်သတင်းမှာ မြူခိုးချိုင့်ဝှမ်းမြို့တော်သို့ ပြန့်နှံ့သွားခဲ့ပါသည်။ သတင်းပြန့်နှံ့မှုမှာ တောမီးလောင်သလိုမျိုး လျင်မြန်လွန်းလှပါ၏။ မြို့တော်တစ်ခုလုံးသည် ထိုသတင်းကို အားပါးတရပြောနေကြပြီး လူတိုင်းက စိတ်လှုပ်ရှားစွာရှိနေပြီး ထိုကိစ္စကို အလွန်အမင်း စိတ်ဝင်စားနေသည်။

ထို့အပြင် ကောလဟာလတစ်ပုံတစ်ခေါင်းကလည်း ထွက်လာကြသည်။ စကားဆိုသည့်အတိုင်းပင် တဖြည်းဖြည်းဖြင့် ကားသွားခဲ့ပါသည်။ ထိုသတင်းမှာ လွန်စွာကြီးမားလှသော သတင်းခေါင်းစဉ်ကြီးဖြစ်သောကြောင့် မြူခိုးချိုင့်ဝှမ်းမြို့တော်သည်မက အနီးအနားက မြို့တော်များပင်လျှင် ပြန့်နှံ့ကုန်ခဲ့ပါသည်။

ဆန်းကြယ်မီးတောက်ဂိုဏ်းလို နံပါတ်တစ်ဂိုဏ်းပါဝင်သည့် သတင်းသည် ဘယ်လိုမှ ဖုံးဖိ၍မရခဲ့ပါ။ အခုအခြေအနေကို ကြည့်ရသလောက်ကတော့ မိုးပြာကောင်းကင်အင်ပါယာ၏ တော်ဝင်နေပြည်တော်အထိပင်လျှင် ထိုသတင်းက ရောက်နိုင်ချေရှိပါသည်။

သတင်းက တဖြည်းဖြည်းဖြင့် စေ့စပ်ပွဲဖျက်သည့်သတင်းမှ ဆန်းကြယ်မီးတောက်ဂိုဏ်းက အကြီးအကဲကျိုးက မဆင်မခြင် သွားရောက်တိုက်ခိုက်သောကြောင့် ဖုန့်ခေါင်းဆောင်က ဆော်ပလော်တီးလိုက်၍ အကြီးအကဲကျိုး မေ့လဲသွားသည်ဟူ၍သာ နာမည်ကြီးနေခဲ့သည်။

ထိုသတင်းကြောင့် ဆန်းကြယ်မီးတောက်ဂိုဏ်းမှာ မျက်နှာအလွန်အမင်း ပျက်နေခဲ့ရပြီ။ တစ်ချိန်တုန်းက ဘယ်သူကမှ မစော်ကားရဲကာ ပြိုင်ဘက်ကင်းသော ဆန်းကြယ်မီးတောက်ဂိုဏ်းသည် ယခုအချိန်တွင်တော့ မိသားစုသေးသေးလေး၏ ခေါင်းဆောင်၏ နားပန်ကျင်းခြင်းကို ခံနေခဲ့ရပြီ။

ထို့အပြင် ထိုမိသားစုသည် လူမသိသူမသိ တောကြိုအုံကြားက အမည်မသိသော မိသားစုပေါက်စလေး ဖြစ်နေခဲ့ပြန်သည်။ ထိုကဲ့သို့သောသတင်းက လူတိုင်းစိတ်ဝင်စားသည်မှာ ပုံမှန်သာ ဖြစ်ပါ၏။

All Chapters