ငြိမ်သက်နေတဲ့ ဖုန့်အိမ်တေ်
Vol. 2 Ch. 16
ရက်များက ရက်သတ္တပတ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ဖုန့်ချန်း၏ ဂုဏ်သတင်းသည်လည်း မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံးကို တဖြည်းဖြည်းနှင့် လွှမ်းခြုံကာ ပြန့်နှံ့သွားသည်။
သို့သော် မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ရှိသော မိသားစုအကြီး၊ အငယ်၊ အလတ်များပါမကျန် နားမလည်နိုင်သည့် အရာက ဖုန့်မိသားစုဝင်များသည် မောက်မာထောင်လွှားကာ မြို့တော်တွင် လမ်းသလား နေရမည့်အစား အားလုံးသည် မိမိတို့ ပိုင်နက်အတွင်းတွင်သာ နေကြပြီး နှိမ့်နှိမ့်ချချသာ ရှိနေကြသည်။
အထူးသဖြင့် ငယ်ရွယ်သော မျိုးဆက်သစ်လူငယ်များပင် ဖြစ်ပါသည်။ အသက်အရွယ်ကြီးရင့်သော လူကြီးများက နှိမ့်နှိမ့်ချချနေခြင်းက မထူးဆန်းသော်လည်း လူငယ်မျိုးဆက်သစ်များမှာ ကလေးများသာ ဖြစ်သောကြောင့် မိမိတို့ခေါင်းဆောင်က စွမ်းအားကြီးနေလျှင် မြို့သို့ပတ်ကာ ထောင်ထောင်ထောင်ထောင်နှင့် ထောင်လွှား မောက်မာနေရမည်ဖြစ်သည်။
ထို့ကြောင့် ကောလဟာလများက စတင်၍ မြူခိုးချိုင့်ဝှမ်းမြို့တော်သို့ ပြန့်နှံ့လာသည်။ ဖုန့်မိသားစုက ဘာကြောင့်ဒီလိုမျိုး တိတ်တဆိတ်ငြိမ်နေကြလဲဆိုတာကို လူတွေက အရမ်းသိချင်နေသည်။ သူတို့ကို ခွန်အားနှင့် အာဏာကို ပြသရန် ဘယ်အရာကများ တားဆီးနေလဲဆိုတာကို လူတွေက ပိုသိချင်နေကြသည်။
တော်တော်များများက ခန့်မှန်းကြသည်မှာ ဆန်းကြယ်မီးတောက်ဂိုဏ်းက လက်စားချေမည်ကို ကြောက်ရွံ့သောကြောင့် သူတို့က တိတ်တဆိတ်နှင့် လိပ်များကဲ့သို့ အခွံထဲတွင် ပုန်းအောင်းနေကြသည်ဟု ကောလဟာလများက သတင်းကြီးနေခဲ့သည်။
တကယ့်တကယ်အမှန်မှာမူ မျိုးဆက်သစ်လူငယ်များကော အကြီးအကဲများပါမကျန် မြူခိုးချိုင့်ဝှမ်းမြို့တော်၌ တစ်နှစ်တစ်ခါကျင်းပသည့် ပါရမီရှင်များ ယှဉ်ပြိုင်တိုက်ခိုက်ပွဲအတွက် အပြင်းအထန်လေ့ကျင့်နေကြခြင်းကြောင့်ပင် ဖြစ်ပါသည်။
အပြင်ဘက်တွင်တော့ ကောလဟာလများပြန့်နှံ့နေသည်ကို ဖုန့်မိသားစုဝင်များကတော့ လုံးဝမသိပါ။ သူတို့ ဖုန့်မိသားစုများသည် ဖုန့်ချန်းက ပင်ပင်ပန်းပန်းရှာဖွေထားသော အရင်းအမြစ်များကို ရရှိပြီးသည့်နောက်တွင် မိသားစုခေါင်းဆောင်ကို စိတ်မပျက်စေရန်အတွက် အပြင်းအထန်ကို စိတ်နှစ်ကာ ကျင့်ကြံကာ လေ့ကျင့်နေကြပါသည်။ လူတိုင်းက ကျင့်ကြံခြင်းနှင့် ပတ်သက်ပြီး အလုပ်ရှုပ်နေပြီး စွမ်းအားအကြီးဆုံးဖြစ်ရန်အတွက် အားထုတ်နေကြသည်။
ဖုန့်မိသားစုတွင် မိသားစုအတွင်း၌ မျိုးဆက်သစ်လူငယ်များ၏ ယှဉ်ပြိုင်တိုက်ခိုက်မှုတိုက်ပွဲက ပြီးဆုံးသွားခဲ့ပါပြီ။ ထိုတိုက်ပွဲသည် အသက်နှစ်ဆယ်နှင့် ဆယ့်ငါးနှစ်အကြား လူငယ်များ၏ ယှဥ်ပြိုင်ပွဲဖြစ်ပါသည်။ အနိုင်ရရှိသူများကို အရိုးသန့်စင်ဆေးလုံးများ၊ မြေကမ္ဘာအဆင့်မှော်ရတနာများနှင့် ကျင့်ကြံခြင်းကို တိုးတက်စေမည့် ဆေးလုံးများကို ဖုန့်ချန်းက သူကတိပေးထားသည့်အတိုင်း ရက်ရက်ရောရော ပေးအပ်ခဲ့ပါသည်။
ထိုကဲ့သို့သော ရက်ရောလှသည့် ဆုလာဘ်များကို မြင်သော် ဖုန့်မိသားစုဝင်တော်တော်များများက အနိုင်ရရှိသူများကို မနာလိုစွာဖြင့် ကြည့်နေကြသည်။ အပြင်းအထန် ရင်ထုမနာဖြစ်နေသူများသည် အနိုင်ရရှိရန် အလွန်နီးကပ်ကာ ကပ်ပြီးရှုံးနိမ့်သွားသော သူများပင် ဖြစ်ပါသည်။
ယခုတစ်ခေါက် အနိုင်ရရှိသော သူဦးရေက ခြောက်ယောက်ရှိပါသည်။ ရင်နာနေသော မိသားစုဝင်များကို သတိပြုမိသော ဖုန့်ချန်းကလည်း အားလုံးရှေ့တွင် ကြေညာလိုက်သည်။
" အားလုံးပဲ စိတ်မပျက်ကြနဲ့။ "
ဖုန့်ချန်းက သက်သောင့်သက်သာရှိစွာ ပြုံးပြလိုက်သည်။
" အခုလိုမျိုးအခွင့်အရေးတွေ အနာဂတ်မှာ အများကြီးပေါ်လာဦးမှာ၊ အဲ့အချိန်ကျလို့ရှိရင် အခုထက်တောင်မှ ပိုပြီးတော့ ဆုလာဘ်တွေက ရဦးမှာဟေ့၊ ဒါကြောင့် မင်းတို့တွေ စိတ်အားမပျက်ဘဲနဲ့ ဆက်ပြီးတော့ ကြိုးစားကြရမယ်နော်။ "
သူ၏ စကားက စိတ်ဓာတ်ကျနေသော မျိုးဆက်သစ်လူငယ်များကို တက်ကြွသွားစေခဲ့ပါသည်။ အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဆုလာဘ်များကို ရရှိမည်ဖြစ်သောကြောင့် လူငယ်များ၏ ပျိုမြစ်နုနယ်သော စိတ်နှလုံးသားများသည် လန်းဆန်းတက်ကြွမှုများနှင့် အပြည့် ဖြစ်သွားခဲ့သည်။
ဖုန့်ချန်းက ထို့နောက်တွင် နောက်ထပ် ကျင့်ကြံခြင်းဆေးလုံး အလုံးတစ်ရာကို မိသားစုဝင်များကို ခွဲဝေပေးရန်အတွက် အကြီးအကဲများလက်ထဲသို့ အပ်ပေးလိုက်သည်။ ထိုမြင်ကွင်းက လူငယ်မျိုးဆက်သစ်များကို ထပ်မံ၍ အားအင်သစ်များ ဖြစ်သွားစေခဲ့ပါသည်။ မိသားစုအတွင်းတွင် ရှိသော လေထုသည် အပတ်တကုတ်ကျင့်ကြံအားထုတ်နေသော တိတ်ဆိတ်မှုများမှ အားအင်တက်ကြွကာ မျှော်လင့်စောင့်စားမှုအပြည့်သို့ ပြောင်းလဲနေခဲ့သည်။
ဖုန့်မိသားစုဝင်များသည် ပြိုင်ပွဲများပြီးသောအခါတွင် မိမိတို့၏ သက်ဆိုင်ရာနေရာသို့ ပြန်ကာ မူလအတိုင်း ပြန်လည်ကျင့်ကြံနေကြသည်။ သို့သော် ယခုအချိန်တွင်တော့ စိတ်အားတက်ကြွမှုများက ပို၍ များပြားနေခဲ့ပါသည်။
ဖုန့်ချန်းကိုယ်တိုင်ကလည်း လမ်းညွှန်ပြသမှုများ ပြုလုပ်ခဲ့ပါသည်။ သူ၏ လမ်းညွှန်ပြသမှုတွင် တစ်ခုမှကို မချန်ထားခဲ့ပါ။ လူတိုင်းကို မျှတစွာဖြင့် သိုင်းပညာနည်းလမ်းကော၊ ကျင့်ကြံခြင်းနည်းလမ်းများကိုပါ အပြည့်အဝသင်ပေးခဲ့သည်။ အားလုံးက မိသားစုများဖြစ်သောကြောင့် တစ်စုံတစ်ဦးကိုမှ ချန်လျက်ထားခြင်း မရှိပါ။
ထို့အပြင် သူသည် ကောင်းကင်အလယ်အဆင့် ခုခံကာကွယ်ခြင်းကျင့်စဉ်ဖြစ်သော ဆန်းကြယ်ကောင်းကင်သံမဏိတံတိုင်းသိုင်းကျမ်းနှင့် ကောင်းကင်အလယ်အဆင့် လှုပ်ရှားမှုနည်းပညာဖြစ်သော တစ္ဆေအရိပ်လှည့်စားမှုတို့ကိုပါ သင်ကြားပေးခဲ့ပြန်လေ၏။ ထိုသိုင်းကျမ်းနှစ်ခုလုံးသည် စနစ်၏ ဈေးဆိုင်မှ ဖုန့်ချန်းဝယ်ယူခဲ့သော ကျင့်စဉ်များဖြစ်ပါသည်။
ထိုနည်းတူစွာပင် ကောင်းကင်အဆင့် အဆင့်မြင့်ဖြစ်သော ဓားသိုင်းကျမ်းဖြစ်သည့် ကောင်းကင်အင်ပါယာဓားသိုင်းကိုပါ မခြွင်းမချန် သင်ကြားပြသခဲ့ပါသည်။ ဒါပေါ့ ဖုန့်ချန်းက သူတို့ကို သူတော်စင်အဆင့် ခန္ဓာကိုယ်ကျင့်စဉ်ဖြစ်သော ခန္ဓာသန့်စင်ခြင်းကျမ်းကိုတော့ မသင်ပြခဲ့ပါ။ ထိုအရာများသာ သင်ကြားပေးခဲ့ပြီး အပြင်လူများက ဖုန့်မိသားစုဝင်များကို ဖမ်းဆီးမိပြီး သိရှိသွားပါက မိသားစုပျက်စီးသွားနိုင်မည့် အန္တရာယ် ဖြစ်နိုင်ပေလိမ့်မည်။
ထို့အပြင် ထိုကဲ့သို့သော အဆိပ်ရှိသည့် ကျမ်းများကို မိသားစုထဲရှိ လူများက ကျင့်ကြံနိုင်ဦးမည်မဟုတ်ပေ။ သူတို့အတွက် သူတော်စင်အဆင့်ကို ကျင့်ကြံရသည်မှာ အချိန်ဖြုန်းသည်နှင့် တူနေပါလိမ့်မည်။
သူတော်စင်အဆင့်ကို သင်ကြားပေးရန်အတွက် အနည်းဆုံး သူတို့ကို ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့ ရောက်အောင် အချိန်စောင့်ရမည်ဖြစ်ပါသည်။ အနည်းဆုံးတော့ ထိုကျင့်ကြံခြင်းအဆင့်သို့ မရောက်ရင်တောင် သူတို့၏ တခြားသော စွမ်းအားများနိုးထလာပါက သင်ကြားပေး၍လည်း ရပါသည်။
ကောင်းကင်အဆင့်ကျင့်စဉ်များကို သင်ကြားရခြင်းမှာ တော်တော်များများအတွက် ခက်ခဲနေပြီဖြစ်သည်။ မိသားစုဝင်တော်တော်များများသည် ကျင့်စဉ်တစ်ခုကိုသာ အားထည့်ကျင့်ကြံပြီး တခြားကျင့်စဉ်များကိုတော့ အနာဂတ်မှ ကျင့်ကြံရန်အတွက် စီစဉ်ထားကြပါသည်။
တစ်စုံတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ခြင်းက သုံးခုလုံးကို ဟိုနည်းနည်းဒီနည်းနည်းသိခြင်းထက် ပို၍ ကောင်းမွန်သည်မဟုတ်ပါလား။ အရေအတွက်က အရည်အသွေးလောက် အရေးမကြီးပါ။ အရည်အသွေးကသာ အရေးအကြီးဆုံးပင် ဖြစ်သည်။ သို့သော် ထိုကဲ့သို့သောလူများကြားတွင် ခြွင်းချက်များလည်း ရှိပါသည်။
အတိတ်တုန်းက မိသားစုတွင် အမှိုက်ကောင်ဖြစ်ခဲ့သော ဖုန့်ယွင်က ကျင့်ကြံခြင်းနည်းလမ်းသုံးခုလုံးကို လုံးဝနားလည်သဘောပေါက်ကာ ဖမ်းဆုပ်နိုင်ခဲ့ပါသည်။ ဖုန့်ယွင်သည် ဉာဏ်ရည်ထက်မြက်သည်။ ကျင့်ကြံခြင်းအဆင့် နိမ့်ပါးနေသည့်တိုင် ထိုကျမ်းသုံးကျမ်းလုံးကို အောင်မြင်လုနီးပါးအထိကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ပါသည်။
ဖုန့်မိသားစုအကြီးအကဲများသည် ဖုန့်ယွင်ကို အားမလိုအားမရဖြစ်ကြ၏။ ဖုန့်ယွင်သည် ဖုန့်ချန်း၏ ကျင့်စဉ်များကို နားလည်သဘောပေါက်နိုင်မှုကို အမွေဆက်ခံနိုင်ခဲ့သော်လည်း သူ၏ ပါရမီမှာ အလွန်အမင်းကို နိမ့်ပါးနေခဲ့သည်။ အစ်ကိုဖြစ်သူ၏ ပါရမီ၏ ဆယ်ရာခိုင်နှုန်းအောက်ကိုပင် မရရှိခဲ့ပါ။
သို့ပေမဲ့ အရိုးသန့်စင်ဆေးလုံး၏ အကူအညီနှင့်ဆိုလျှင် ဖုန့်ယွင်၏ ပါရမီမှာ ပြန်လည်၍ နိုးထလာဟန်ရှိပါသည်။ သူက ချီကျင့်ကြံခြင်းအဆင့်၏ အလယ်အဆင့်တွင် နှစ်ပေါင်းများစွာကြာအောင် တံ့နေခဲ့ပြီဖြစ်သည်။
သို့သော် ရက်နည်းနည်းအတွင်းမှာပင်လျှင် သူသည် အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိလာခဲ့သည်။ သူ၏ ကျင့်ကြံမှုအမြန်နှုန်းမှာ ဖုန့်ချန်းထက်ပင်လျှင် လျင်မြန်ကာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပါသည်။ ထိုအခြေအနေသာ ဆက်လက်၍ ဖြစ်ပွားနေပါက ဖုန့်ယွင်သည် ငယ်ရွယ်သော ဖုန့်ချန်းထက်ပင် ကျင့်ကြံမှုအမြန်နှုန်း၌ ကျော်တက်သွားလိမ့်မည်ဖြစ်ပါသည်။