တစ်နှစ်တစ်ကြိမ်ကျင်းပသော ပါရမီရှင်ယှဉ်ပြိုင်ပွဲ
Vol. 2 Ch. 17
အရိုးသန့်စင်ဆေးလုံးကို ဆုအဖြစ် ရရှိထားသော လူငယ်မျိုးဆက်ကိုးယောက်ကလည်း ကျင့်ကြံနှုန်းအရှိန်တိုးတက်လာသည်။ သူတို့အားလုံးသည် ဆေးသောက်ပြီး နောက်တစ်ရက်တွင်ပင်လျှင် အဆင့်ချိုးဖျက်ရန်အတွက် တာဆူနေကြပြီဖြစ်သည်။ ထိုကဲ့သို့ မိသားစုအတွင်း၌ အပြောင်းအလဲကြီးကြီးမားမား ဖြစ်လာသောကြောင့် ဖုန့်မိသားစုဝင်များ၏ လူငယ်မျိုးဆက်များတွင် ပြိုင်ဆိုင်မှုများနှင့် ပြည့်နှက်နေခဲ့ပြီ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်လကုန်ဆုံးသွားသည်။ ယနေ့သည် နှစ်စဉ်နှစ်တိုင်းကျင်းပနေသည့် မျိုးဆက်သစ်လူငယ်ပါရမီရှင်များ၏ ပြိုင်ပွဲနေ့ဖြစ်သောကြောင့် မြူခိုးချိုင့်ဝှမ်းမြို့တော်တစ်ခုလုံးသည် ပွဲတော်မြင်ကွင်းဖြစ်နေခဲ့ပါသည်။
ထိုပွဲတော်သည် စတင်ကျင်းပသည့် နှစ်မှစ၍ ဝမ်မိသားစုမှ ဦးစီးဦးဆောင်ပြုကာ ကြီးမှူးပေးခဲ့သော ပွဲတော်ဖြစ်ပါသည်။ ဝမ်မိသားစုက ကမကဌပြုလုပ်ပေးခြင်းမှာ ဤမြို့တော်၌ ၎င်းတို့က စွမ်းအားအကြီးဆုံးဖြစ်နေခြင်းကြောင့် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့က တော်ဝင်မိသားစုနှင့် အဆက်အဆံရှိသော မိသားစုဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။
မြူခိုးချိုင့်ဝှမ်းမြို့တော်အတွင်း၌ ဝမ်မိသားစုသည် အင်အားအကူးအပြောင်းနှင့် အာဏာလုနေသည့် အနေအထားတွင် ဝင်ရောက်ပါဝင်မှုများ မရှိခဲ့ပါ။ ဝမ်မိသားစု၏ နေရာသို့ ရောက်နေရခြင်းမှာ တော်ဝင်မိသားစုမှ ဤနေရာရှိ အခြေအနေများကို မျက်စိဒေါက်ထောက်ကြည့်ရန်အတွက် လွှတ်လိုက်ခြင်းဖြစ်ပါသည်။
တစ်နည်းပြုရသော် ဝမ်မိသားစုသည် တော်ဝင်မိသားစု၏ ခွေးပင် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဝမ်မိသားစု၏ မျက်စိဒေါက်ထောက်စောင့်ကြည့်နေမှုကြောင့် ဤမြို့တွင် လာဘ်စားမှုများနှင့် တခြားနိုင်ငံမှ သူလျှိုများဝင်ရောက်ခြင်း မရှိနေရခြင်းပင် ဖြစ်သည်။
ပြိုင်ပွဲကျင်းပမည့် နေ့သို့ ရောက်သောအခါ မြူခိုးချိုင့်ဝှမ်းမြို့တော်၏ လေထုသည် ပျော်ရွှင်မှုများနှင့် စတင်၍ ပြည့်နှက်နေသည်။ ပျော်ရွှင်မှုများနှင့်အတူ ပြိုင်ပွဲကြောင့် တင်းမာမှုများလည်း ရှိနေခဲ့ပါသည်။ ပုံမှန်ဆိုလျှင် မြို့တော်သည် စည်ကားသိုက်မြိုက်ပြီး သက်ဝင်လှုပ်ရှားသွားလာမှုများနှင့် ပြည့်နှက်နေသော်လည်း ယနေ့တွင်တော့ ဗုံတီးသံများ၊ စည်တီးသံများနှင့်အတူ ပြိုင်ပွဲကို မျှော်လင့်စောင့်စားမှုများနှင့် ပြည့်နှက်နေသည်။
လမ်းမများတွင် အရောင်အသွေးစုံသော အလံများကို စိုက်ထူထားသည်။ သာမန်ပြည်သူလူထုမှ စိတ်အားတက်ကြွစွာဖြင့် ပြောဆိုနေမှုများလည်း ကျွတ်ကျွတ်ညံနေခဲ့ပါသည်။
အခြားမြို့ကြီးရွာကြီးမှ လူများကလည်း ပါရမီရှင်ပြိုင်ပွဲကို ကြည့်ရှုရန်အတွက် မြို့သို့ တဖွဲဖွဲနှင့် ဝင်ရောက်လာကြသည်။ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဧည့်ရိပ်သာများအားလုံးသည် ပြိုင်ပွဲကြည့်ရန် ရောက်ရှိလာသော ဧည့်သည်များနှင့် ပြည့်နှက်နေကုန်ကြပါတော့သည်။
မြို့တော်ခန်းမ၊ မြို့တော်ရင်ပြင်နှင့် နီးကပ်သော စားသောက်ဆိုင်အကြီးကြီးတွင်တော့ ကျင့်ကြံသူများရောက်ရှိနေပြီး စားပွဲဝိုင်းတွင် လက်ဖက်ရည်သောက်ကာ ပြိုင်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွှေးနေကြသည်။
လက်ဖက်ရည်ခွက်များ၏ စားပွဲပေါ်သို့ ချလိုက်သည့် အသံများ၊ တီးတိုးစကားများက လက်ဖက်ရည်ဆိုင်တစ်ခုလုံးကို အသက်ဝင်နေစေခဲ့ပါသည်။ စားပွဲထိုးများကတော့ အလုပ်ရှုပ်စွာဖြင့် ဝင်လိုက်ထွက်လိုက်ရှိနေပြီး ဧည့်သည်တော်များကို လိုလေသိမ်းမရှိအောင် ပြုစုနေကြသည်။
“ မင်းတို့ ကြားပြီးပြီလား၊ ဖုန့်အိမ်တော်က အခုတလော တော်တော်လေးကို တိတ်ဆိတ်နေတယ်။ “
အသက်ကြီးကြီးနှင့် အဘိုးကြီးတစ်ဦးက သူ၏ ရှည်လျားသော မုတ်ဆိတ်မွှေးများကို လက်ဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။
“ ဒါက ပုံမှန်ပါပဲကွာ၊ မျိုးဆက်သစ်လူငယ်တွေက ဖုန့်ချန်းတုန်းကလိုမျိုး ပါရမီရှင်တွေ မရှိခဲ့ဘူးလေ။ သူတို့က ဒီအချိန်မှာ ပြင်းပြင်းထန်ထန်ကြိုးစားပြီးတော့ ပြိုင်ပွဲမှာ အရှက်ခွဲမခံရအောင် အားထုတ်နေရမှာပေါ့။ “
“ အမှန်ပဲအမှန်ပဲ။ “
တခြားသော ဧည့်သည်တော်တစ်ဦးက ဝင်ပြောလိုက်သည်။
“ ဖုန့်အိမ်တော်က အရင်နှစ်တွေ ပြိုင်ပွဲတွေမှာ အမြဲတမ်း နောက်ဆုံးနေရာပဲ ရခဲ့တာလေ။ “
“ ငါထင်တာကတော့ ဒီပွဲမှာ နိုင်မဲ့လူက ကျောက်ထျန်းမင်းပဲ ဖြစ်နိုင်တယ်။ သူက အသက်ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်ကွာ၊ ဒါတောင်မှ အခြေတည်ထောင်ခြင်းအဆင့်ကို ရောက်နေပြီ။ သိပ်မကြာခင်မှာပဲ သူက အခြေတည်ထောင်ခြင်းအဆင့်ရဲ့ နှောင်းပိုင်းအဆင့် ဒါမှမဟုတ် အထွဋ်အထိပ်အဆင့်ကို ရောက်သွားနိုင်တယ်။ “
“ ဟင်းး ဒါပေမဲ့ ငါထင်တာကတော့ လျိုကျန်းဟိုင်က ဗိုလ်စွဲနိုင်တယ်ကွ။ ကျောက်ထျန်းမင်းထက် သူ့ရဲ့ ကျင့်ကြံအဆင့်က နိမ့်ကျတယ်ဆိုပေမဲ့ လျိုမိသားစုရဲ့ လှံသိုင်းက အရမ်းကို ထက်မြက်တယ်၊ အဲ့ဒီလှံသိုင်းကို သူက ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်ထားတဲ့အတွက်ကြောင့်မလို့ ကျောက်ထျန်းမင်းကို ဆော်နိုင်မှာပဲ။ “
“ ရန်ကျိဟောင်နဲ့ ဝမ်ရို့ရွှယ်လည်း မဆိုးတော့ မဆိုးပါဘူးကွ။ “
ထိုပြောဆိုနေသော စားပွဲနှင့် မလှမ်းမကမ်းတွင် ရှိသော စားပွဲတစ်လုံးတွင်တော့ ကုန်သည်များက လုံးဝကွဲပြားခြားနားသည့် အကြောင်းအရာကို ဆွေးနွှေးနေကြသည်။ သူတို့ကတော့ တစ်ဦးသည် ကုန်သည်တစ်ဦးဖြစ်ပြီး ကတုံးပြောင်နှင့် ဖြစ်သည်။ ခန္ဓာကိုယ်ကတော့ တောင့်တင်းကြံ့ခိုင်သည်။
သူက စားပွဲပေါ်တွင် သူကိုယ်တိုင်လက်ဖြင့် ပြုလုပ်ထားသော လောင်းကစားဘုတ်ပြားကြီးကို ချထားသည်။ ထိုနေရာတွင်တော့ နာမည်များကို အတန်းလိုက်အတန်းလိုက် ရေးဆွဲထားပါသည်။
“ ကဲ လောင်းလို့ရပြီဟေ့ “
သူသည် စားသောက်ဆိုင်တွင် ရှိသော ဧည့်သည်များကို ကြားအောင် လှမ်းအော်ခေါ်လိုက်သည်။
“ ဒီနှစ်မှာ ချန်ပီယံဘယ်သူဖြစ်မလဲ၊ ဘယ်သူပိုစွမ်းမလဲဆိုတာကို ခန့်မှန်းပြီးပြီလား။ ဝမ်မိသားစုလား၊ ကျောက်မိသားစုလား၊ ဒါမှမဟုတ် မိသားစုငယ်လေးတွေထဲက မြင်းနက်တွေများ ဖြစ်နေမလား။ အကုန်လုံးရဲ့ လောင်းကြေး၊ စားကြေးတွေကို မျှမျှတတပဲ လုပ်မယ်ဟေ့။ “
ချက်ချင်းပင်လျှင် ဒင်္ဂါးပြားအသံများနှင့် ဝိဉာဉ်ကျောက်တုံးအသံများသည် စားပွဲထက်တွင် တချွမ်ချွမ်နှင့် စတင်၍ မြည်ခတ်လာသည်။ အခန်းထဲတွင် ရှိသော စိတ်လှုပ်ရှားမှုများက နောက်တစ်ဆင့်သို့ တိုးတက်သွားခဲ့ပါတော့သည်။
လောင်းကစားဘုတ်ပြားပေါ်တွင် လောင်းကြေးစားကြေးများနှင့် ပြည့်နှက်သွားပါတော့သည်။ လောင်းကစားကို စတင်၍ လုပ်သည့် ကုန်သည်၏ မျက်နှာကလည်း ပြုံးရွှင်နေခဲ့သည်။
အပြင်ဘက်တွင်တော့ တိုက်ခိုက်ရေးကွင်းပြင်နှင့် မလှမ်းမကမ်းတွင် ဈေးဆိုင်များ၊ မှော်ရတနာပစ္စည်းဆိုင်များ၊ မှော်သားရဲဆိုင်များနှင့် ရှားပါးသော ဆေးဖက်ဝင်သစ်ဥသစ်ဖုဆိုင်များကလည်း ဆိုင်ခန်းများစွာဖြင့် စီတန်းနေခဲ့သည်။
ပြိုင်ပွဲကွင်းပြင်သို့ သွားရန်အတွက် ဖြတ်သန်းသွားရမည့် လမ်းတွင် ဘယ်ညာနှစ်ဖက်လုံးတွင် ဈေးဆိုင်တန်းများအပြည့်နှင့် ဖြစ်နေခဲ့သည်။ အသားများကို ကင်သည့် ရနံ့များ၊ ပေါက်စီပူပူလေး၏ အနံ့များကလည်း လေထုထဲ၌ သင်းပျံ့နေခဲ့သည်။ အဝေးမှ ရောက်နေကြသော လူများကို ထိုသင်းရနံ့များက ပြိုင်ပွဲကွင်းပြင်ထံသို့ လာရောက်ကြည့်ပါဟု ဖိတ်ခေါ်နေသည့်အလားပင်။
ကလေးငယ်များသည် လမ်းများတွင် ပြေးလွှားဆော့ကစားနေပြီး သူတို့လက်ထဲတွင် ရှိသော စက္ကူပန်ကာလေးများ၊ အလံတံလေးများကို မြှောက်ကာ ပျော်ရွှင်စွာ ရယ်မောနေကြသည်။ အားလုံးက မိမိတို့၏ သဘောကျနှစ်ခြိုက်သော မိသားစုကို အလံများဖြင့် အားပေးနေကြပါသည်။
လမ်းမထက်တွင်တော့ နောက်ခံမတူညီသော ကျင့်ကြံသူများက လူအများကြားတွင် ရောနှောနေပြီး နောက်ဆုံးရအတင်းအဖျင်းများ၊ သတင်းအချက်အလက်များကို တီးတိုးတီးတိုးနှင့် ဝေမျှနေကြသည်။ လေထုသည် ပွဲလမ်းသဘင်နှင့် ဖိတ်ခေါ်မှုများ၊ စောင့်စားခြင်းများနှင့် ပြည့်နှက်နေ၏။ လူတိုင်းက မြူခိုးချိုင့်ဝှမ်းမြို့တော်၏ တောက်ပသော ကြယ်ပွင့်များကို စောင့်မျှော်နေကြပါတော့သည်။