သူတို့ ရောက်လာပြီ
Vol. 2 Ch. 18
အချိန်တဖြည်းဖြည်းကုန်လွန်ပြီး နေမြင့်လာတာနဲ့အမျှ လေထုဟာ ယှဥ်ပြိုင်ချင်စိတ်များ စိတ်ဝင်စားမှုများနဲ့အတူ မြူးကြွမှုတွေ တင်းမာမှုတွေ ရောယှက်ပျံ့နှံ့နေခဲ့ပြီး မြူခိုးချိုင့်ဝှမ်းမြို့တော်၏ ပါရမီရှင်ယှဥ်ပြိုင်ပွဲကို စောင့်မျှော်နေကြသော လူအုပ်ကြီးဟာလည်း ပို၍စည်ကားသိုက်မြိုက်လာခဲ့ပါသည်။
ပြိုင်ပွဲကျင်းပမည့် ယှဥ်ပြိုင်ကွင်းကို မြို့စွန်တစ်နေရာက ကွင်းပြင်ကျယ်ကြီးမှာ နေရာချထားပါသည်။ ပြိုင်ပွဲကမစတင်သေးပေမယ့် အားပေးစောင့်ကြည့်ကြမယ့်လူအုပ်ကြီးက ကွင်းပတ်လည်မှာ အုတ်သော်သောင်းနင်းဖြစ်လို့နေပါပြီ။
စွမ်းအားတွေကို အမြင့်ဆုံးထိထုတ်ပြပြီး မဆုတ်မနစ် အသေအကျေ တွန်းလှန်တိုက်ခိုက်ကြမည့် ပြိုင်ပွဲများဖြစ်သည့်အတွက် စွမ်းအားအရှိန်များမရိုက်ခတ်နိုင်စေဖို့ ပွဲကြည့်ထိုင်ခုံများကို လုံလောက်တဲ့အကွာအဝေးတစ်ခုမှာ ပတ်လည်နေရာချထားရပါသည်။
ပြိုင်ပွဲကွင်း၏အလယ်နေရာမှာတော့ မကြာခင်ဖြစ်ပွားမယ့် ပြင်းထန်တဲ့တိုက်ပွဲတွေကို စီစဥ်ကြေငြာပေးမည့် စင်မြင့်တစ်ခုရှိပါသည်။ စင်မြင့်ကို စွမ်းအားဖြည့်ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။
လာရောက်ကြည့်ရှုအားပေးကြတဲ့ ဗိုလ်ပါပရိတ်သတ်တွေထဲမှာ ကျင့်ကြံရေးသမား အဆင့်ဆင့် အစုံအလင်၊ ကျေးလက်တောရွာမှ ပျိုပျိုအိုအို ကျားမမရွေး ရောက်ရှိနေကြပါသည်။ အနီးအနားမြို့တော်များမှ ဂုဏ်သရေရှိဧည့်သည်တော်များပါ လာရောက်ကြည့်ရှုကြသော ပွဲကြီးပွဲကောင်းတစ်ခုပဲဖြစ်ပါသည်။
လူထုက အနိုင်ရနိုင်ချေရှိသော နာမည်ကျော်စွမ်းအားရှင်ငယ်လေးတွေအကြောင်းကို စိတ်အားထက်သန်စွာဆွေးနွေးငြင်းခုန်နေကြပြီး ပတ်ဝန်းကျင်လေထုတစ်ခုလုံးကလည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအခြေအနေတစ်ခုကို ဖော်ဆောင်လို့နေပါသည်။ လက်ဆောင်ပစ္စည်း ဒေသထွက်ပစ္စည်းအမျိုးမျိုးနဲ့ စားစရာသောက်စရာ သရေစာအစုံအလင်ကို ကိုယ်ပေါ်မှာချိတ်ဆွဲလို့ လှည့်လည်ရောင်းချနေကြတဲ့ ကျပန်းဈေးသည်တွေကလည်း နေရာတိုင်းမှာရှိနေပြီး ပွဲမစခင်မှာတင်ကို ပြိုင်ပွဲပတ်ဝန်းကျင်တစ်ခုလုံးက လှုပ်ရှားတက်ကြွနေကြပါပြီ။
မြို့တော်၏ မိသားစုကြီးငါးခုဖြစ်သော ဝမ်မိသားစု, ကျောက်မိသားစု, လျိုမိသားစုနဲ့ ဖုန့်မိသားစုတို့သည် သတ်မှတ်ထားသောနေရာအသီးသီးမှာ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေကြပါသည်။ ရှုပ်ထွေးဆူညံနေသော လူထုပရိတ်သတ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ လေးစားဦးညွှတ်ဖွယ်အရှိန်အဝါများခြုံလွှမ်းနေပြီး ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေကိုလည်း နားစွင့်အာရုံစိုက်ထားကြပါသေးသည်။
လူထုပရိတ်သတ်များကြားတွင် တီးတိုးစကားသံများနှင့် ကောလဟာလသတင်းအမျိုးမျိုးဟာလည်း ဟုတ်သော်ရှိမဟုတ်သော်ရှိ တောမီးလိုလျင်မြန်စွာပျံ့နှံ့ကူးစက်နေကြပါသည်။ ဘယ်မိသားစုရဲ့ ပါရမီရှင်ငယ်လေးက ဒီပြိုင်ပွဲတစ်ခုလုံးကိုလွှမ်းမိုးပြီး ဂုဏ်သတင်းကျော်ကြားလာနိုင်မလဲဆိုသော အကြောင်းအရာက အခုအချိန် လူတိုင်းစိတ်အဝင်စားဆုံး အတင်းအဖျင်းတစ်ခု ဖြစ်လို့နေမှာ ဧကန်မလွဲပင်။ ကျောက်ထျန်းမင်း လျို့ကျန်းဟိုင် ယန်ကျိဟောင်နဲ့ ဝမ်ရိုရွှယ်ဆိုတဲ့နာမည်တွေဟာ လူတိုင်း၏ပါးစပ်ဖျားမှာပြေးလွှားလို့နေပြီး အခုအချိန်မှာတော့ ထင်ကြေးအမြင့်ဆုံး အလားအလာအရှိဆုံးသောအောင်နိုင်သူတွေအဖြစ် သတ်မှတ်ခံထားရတာဖြစ်သည်။
ပြိုင်ပွဲနီးကပ်လာသည့်ကာလတစ်လျှောက်မှာ အခြားဂိုဏ်းတွေနဲ့မတူကွဲလွဲစွာ ငြိမ်သက်တိတ်ဆိတ်နေခဲ့ပြီး လျှို့လျှို့ဝှက်ဝှက်ရှိနေခဲ့သော မိသားစုတစ်ခုကတော့ ဖုန့်မိသားစုပါပဲ။ ပြိုင်ပွဲနီးကပ်နေချိန်မှာ ဖုန့်မိသားစုနှင့်ပက်သက်သော စိတ်ဝင်စားစရာထင်မြင်ချက်တွေဟာလည်း တစ်ဆင့်စကားတစ်ဆင့်နားဆိုသလို ပြန့်ကျဲလို့နေပါသည်။
"ကြားပြီးပြီလား ဖုန့်မိသားစုက ဒီရက်ပိုင်းအသံတောင်မထွက်ဘဲ ငြိမ်ကုပ်နေတာက ဒီနှစ်ပြိုင်ပွဲမှာ ဘယ်သူမှထင်မှတ်မထားလောက်တဲ့ အံ့ဖွယ်စွမ်းအားတွေကိုချပြဖို့အတွက် တိတ်တဆိတ်လေ့ကျင့်နေခဲ့တာတဲ့လေ" တောက်ပနေသောမျက်လုံးအစုံနဲ့ လူတစ်ယောက်ဟာ သတင်းဦးသတင်းထူးကို အားရပါးရဖောက်သည်ချနေခဲ့သည်။
"မဟုတ်မှ တစ်ခြားမိသားစုတွေနဲ့ယှဥ်လို့ရလောက်တဲ့သူတစ်ယောက်လောက်များ ကြက်ကန်းဆန်အိုးတိုးပြီး ထွက်လာလို့လား" မယုံတစ်ဝက်ယုံတစ်ဝက်နှင့် တစ်ယောက်က ပြန်ပြောလိုက်သည်။
"ဖုန့်မိသားစုက အမြဲတမ်းဘိတ်ချေးမှာပဲကျန်နေခဲ့တာကို ဘာသတင်းထွက်ထွက် ငါတော့ မျက်စိရှေ့မှာတပ်အပ်မြင်ရမှာယုံမယ်ဟေ့"
တကယ်လည်း အရင်နှစ်ပြိုင်ပွဲတွေမှာ ဖုန့်မိသားစုကလူတွေက အလဲလဲအကွဲကွဲရှုံးနိမ့်ခဲ့ကြတာကြောင့် ကြားရတဲ့သတင်းကို ဘယ်သူမှမယုံကြည်ကြတာ ဆန်းတော့မဆန်းပါ။
ပြိုင်ပွဲချိန်နီးကပ်လာသည်နှင့်အမျှ လူတွေရဲ့မျှော်လင့်စောင့်စားမှုတွေပိုမိုပြင်းထန်လာပြီး လူအုပ်ကြီးတစ်ခုလုံး လည်တဆန့်ဆန့် ဖင်တကြွကြွ လှုပ်လှုပ်ရွရွဖြစ်လို့နေကြပါသည်။ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိမိသားစုတွေကို ကြေငြာနှုတ်ခွန်းဆက်တဲ့စကားသံများဟာလည်း ကွင်းပြင်တစ်ခုလုံးမှာ ပဲ့တင်ထပ်နေပြီး လေထုကိုပိုမိုသွေးကြွဖွယ်ကောင်းအောင် မြှင့်တင်ပေးလို့နေပါတယ်။
မြို့တော်၏ အထင်ကရမိသားစုကြီးတွေလည်း ပြိုင်ပွဲကွင်းကို တစ်စုပြီးတစ်စုရောက်ရှိစုရုံးလာကြပြီ ဖြစ်ပါသည်။ တစ်ဖွဲ့ရောက်ရှိလာတိုင်း ဗုံသံပတ်သံ နှဲသံတို့ကို ဆူညံစွာတီးမှုတ်ဖျော်ဖြေပေးရင်းဖြင့် ၎င်းတို့၏ပေါ်ထွက်လာမှုကို ပိုပြီးခမ်းနားတင့်တယ်ပြီး အရှိန်အဝါကြီးမားစေပါသည်။
"ဝမ်မိသားစု ရောက်ရှိလို့လာပါပြီခင်ဗျား"
တင့်တယ်ကျော့မော့စွာ ပြင်ဆင်ဝတ်စားပြီး မိသားစုရဲ့ဂုဏ်ရှိကျက်သရေကို ဖော်ဆောင်ထားကြတဲ့ ဝမ်မိသားစုဝင်လူတန်းကြီးဟာ လူတိုင်းလည်ပြန်ငေးမော့ကြည့်လိုက်ရတဲ့အထိပင်။ ဝမ်မိသားစု၏ ရှေ့ဆုံးမှာ ဦးဆောင်လျှောက်လှမ်းလာတာကတော့ မိသားစုခေါင်းဆောင် ဝမ်ရိဖန်ပဲဖြစ်ပါသည်။
ဝမ်မိသားစုခေါင်းဆောင်ဝမ်ရိဖန်တစ်ယောက် လမ်းလျှောက်ဝင်ရောက်လာပုံက အရှိန်အဝါအပြည့်နှင့် ဦးစီးဦးဆောင်သူတစ်ယောက်၏ အာဏာစက်အငွေ့အသက်က ဘေးပတ်ပတ်လည်ကိုပါရိုက်ခတ်ဖိနှိပ်နိုင်သည်အထိ သြဇာအပြည့်ရှိလှသည်။ ဝမ်ရိဖန်၏အနောက်မှာ တန်းစီလိုက်ပါလာကြသော ဝမ်မိသားစုရဲ့ မျိုးဆက်သစ်လူငယ်လေးများဟာလည်း အသက်အရွယ်နှင့်ကိုက်ညီဆီလျော်သောအရည်အချင်းကိုယ်စီနှင့် တောက်ပသောအနာဂတ်ကိုယ်စီရှိကြသည့် ပါရမီရှင်ငယ်လေးများဖြစ်ကြပါသည်။
အားလုံးရဲ့အလည်မှာ ထင်းလင်းမြင်သာစွာပေါ်ထွက်နေတဲ့ အလင်းတန်းလေးတစ်ခုကတော့ ဝမ်ရို့ရွှယ်ပါပဲ။ နူးညံ့သင်းပျံ့ပြီး အရောင်အသွေးစုံလင်ကြွယ်ဝလှသော နွေဦးပန်းငုံဖူးလေးတစ်ပွင့်လို လှပရုံသာမက ပွဲမစခင်ကတည်းက လူတိုင်းရဲ့ပါးစပ်ဖျားမှာ အလားအလာများသောအောင်နိုင်သူတစ်ဦးအဖြစ် သတင်းမွှေးကျော်ကြားလှသည့် မိန်းမပျိုလေး ဝမ်ရို့ရွှယ်ပဲဖြစ်ပါသည်။
သီးသန့်ပြင်ဆင်ထားသော အထူးဧည့်သည်ခုံများတွင် ဝမ်မိသားစုအစီအရီနေရာယူပြီးကြချိန်ထိ မင်းပရိတ်သတ်များကြားက တီးတိုးချီးကျူးသံများမှာ မပျောက်ပျက်သေးပေ။
"ကျောက်မိသားစု ရောက်ရှိလို့လာပါပြီခင်ဗျား"
အစီအစဥ်ကြေငြာသူ၏ အောင်မြင်ကြည်လင်လှသောအသံနောက်တွင် ကျောက်မိသားစုခေါင်းဆောင် ကျောက်ချန်းရှီဟာ လေဟုန်ကိုခွင်းသောသူရဲကောင်းတစ်ဦးကဲ့သို့ ချင်းနင်းဝင်ရောက်လာခဲ့ပါသည်။
ကျောက်မိသားစုခေါင်းဆောင်၏အနောက်တွင် ကျောက်မိသားစုမျိုးဆက်သစ်လေးများကိုဦးဆောင်ပြီး ခြေလှမ်းကျဲကျဲနှင့်ခပ်ရဲရဲလျှောက်ဝင်လာသူကတော့ ကျောက်မိသားစုရဲ့ဂုဏ်ရောင် ပါရမီရှင်ကျောက်ထျန်းမင်းပင်။ ဦးတည်ချက်မယိုင်လဲသော အကြည့်စူးစူးတို့ကိုတပ်ဆင်ပြီး ဖြာထွက်နေသော အရှိန်အဝါတို့က ဘေးနားရှိလူများကိုပါ ဖိနှိပ်ခေါင်းငုံ့စေနိုင်သော စွမ်းအားတစ်မျိုးပေါ်ထွက်နေသည်။
နှစ်စဥ်ပြိုင်ပွဲအဆက်ဆက်တွင် လွှမ်းမိုးအနိုင်ယူလေ့ရှိသော မိသားစုဖြစ်သည်နှင့်အညီ သူတို့၏မျက်နှာထားတို့က ဂုဏ်ယူဝင့်ကြွားမှုများထင်ဟပ်နေသည်။ ကျောက်မိသားစုသည်လည်း သတ်မှတ်ထားသောသီးသန့်နေရာတို့တွင် အသီးသီးနေရာယူလိုက်ကြပါသည်။
"လျိုမိသားစု ရောက်ရှိလို့လာပါပြီခင်ဗျား"
လျိုရင်ကျဲက အကြီးအကဲများခြံရံပြီး လျိုမိသားစုကိုဦးဆောင်၍ ဝင်ရောက်လာခဲ့လေသည်။ ရှေ့မိသားစုများနှင့်ကွဲပြားစွာ ငြိမ်သက်အေးဆေးသောအရှိန်အဝါတစ်မျိုးကိုထုတ်လွှတ်နေသည်။
လျိုမိသားစုမျိုးဆက်သစ်လူငယ်များကို ဦးဆောင်လာသူကတော့ လျို့ကျန်းဟိုင်ဖြစ်ပါသည်။ မုန်တိုင်းမလာခင်အစပျိုးနေသော လေပြည်ညင်းလေးတစ်သုတ်နှင့်ပုံစံတူပြီး ငြိမ်သက်အေးဆေးနေသော်ငြား သွားမထိသင့်တဲ့ဗုံးတစ်လုံးလို အင်အားကြီးမားသော လျို့မျိုးနွယ်ပါရမီရှင်လေးပင်ဖြစ်ပါသည်။
နောက်ဆုံးမှာတော့ လူတိုင်းရဲ့မျက်လုံးတွေဟာ ယန်မိသားစုဆီကိုပဲ လည်ပြန်ဦးတည်သွားကြပါတော့သည်။
ယန်မိသားစုခေါင်းဆောင်ယန်ကျန်းဟာ လျှို့ဝှက်သိပ်သည်းပြီး ဉာဏ်များသောအပြုံးတစ်ခုနှင့်အတူ ဝင်ရောက်လာခဲ့သည်။ ခြေလှမ်းတိုင်းမှာ အတွက်အချက်တစ်ခုပါရှိနေသလို တိကျပြတ်သားနေပြီး ထက်ရှသောအကြည့်တစ်စုံနှင့်ပေါင်းစပ်လိုက်သော် ယုံကြည်အားကိုးထိုက်သည်ခေါင်းဆောင်တစ်ဦးရဲ့ပုံရိပ်ကို ဖော်ဆောင်နေပါသည်။
ယန်မိသားစုမျိုးဆက်သစ်တို့ကလည်း ကပ်ရပ်ချပ်ရပ်လိုက်ပါလာပြီး ဦးဆောင်လာသူယန်ကျိဟောင်က အများနဲ့အတူ တစ်မူကွဲထွက်နေတဲ့ပုံရိပ်တစ်မျိုး မသိမသာထင်ဟပ်နေပါသည်။