← Chapters

ယန်မိသားစု အရှက်တကွဲအကျိုးနည်းဖြစ်ရပြီ

Vol. 2 Ch. 19

ယန်မိသားစု အရှက်တကွဲအကျိုးနည်းဖြစ်ရပြီ

Vol. 2 Ch. 19

"ဟားဟား ယန်ကျန်း မင်းနောက်ဆုံးတော့ရောက်လာပြီပဲ ငါ့မှာစောင့်ရလွန်းလို့လည်ပင်းတောင်ရှည်နေပြီကွာ"

ကျောက်ရှန်းချီဟာ ရွှင်ပျသောအပြုံးတို့ဖြင့် စတင်နှုတ်ဆက်လိုက်လေသည်။ ကျောက်မိသားစုခေါင်းဆောင်ကိုကြည့်ရသည်မှာ အတော်လေးစိတ်အခြေအနေကောင်းနေပုံပေါ်လေသည်။

ဒီနှစ်ပါရမီရှင်ယှဥ်ပြိုင်ပွဲမှာ သားဖြစ်သူကျောက်ထျန်းမင်းက ဗိုလ်စွဲအနိုင်ရလိမ့်မည်ဟု သူမုချယုံကြည်ထားသည်လေ။ ဒီပြိုင်ပွဲကနေတစ်ဆင့် ကျောက်ထျန်းမင်းရဲ့ဂုဏ်သရေကျော်ကြားလာမှာဖြစ်ပြီး ကျောက်မိသားစုဟာလည်း ပိုလို့အခြေခိုင်လာမှာလည်း ဧကန်မလွဲပင်။ ယနေ့ချိန်ခါသည် မြူခိုးချိုင့်ဝှမ်းမြို့တော်တစ်ဝှမ်းမှာ ကျောက်ထျန်းမင်း၏စွမ်းအားကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးကောင်းတစ်ရပ်ပင်ဖြစ်ပါသည်။

"ငါလည်းပြင်စရာဆင်စရာလေးတွေရှိနေလို့ နောက်ကျသွားတာပါကွာ"

ဝင့်ကြွားကောက်ကျစ်သောအပြုံးတစ်မျိုးဖြင့် ယန်ကျန်းပြန်ပြောလိုက်လေသည်။ ကျောက်ချန်းရှီ ဒီလိုမြူးကြွနေသည့်အကြောင်းရင်းက သူ့သားကြောင့်ဆိုတာ ယန်ကျန်းသိပါသည်။ ဒီလူက ပြိုင်ပွဲတစ်ခုလုံးမှာ သူ့သားသာအသန်မာဆုံးလို့ သွေးနားထင်ရောက်နေရှာသည်လေ။

(ဟမ့် ဒီနေ့တော့ ယန်မိသားစုအကြောင်း ကောင်းကောင်းသိအောင် ထုတ်ပြလိုက်ရသေးတာပေါ့ကွာ)

ယန်ကျန်းတစ်ယောက်လည်း ယနေ့ပြိုင်ပွဲအတွက် ဂိုဏ်းသားတွေကို အစွမ်းကုန်ကြိုးစားလေ့ကျင့်ပြီး အကောင်းဆုံးပြင်ဆင်ထားပါသည်။ ဒီမာန်တက်နေတဲ့ ကျောက်မိသားစုနဲ့ အခြားမိသားစုတွေအားလုံး‌ရှေ့မှာ ပြင်ဆင်ထားသမျှထုတ်ပြလိုက်ဖို့ မစောင့်နိုင်တော့ပါချေ။

ဖုန့်မိသားစုပြီးရင် အားအနည်းဆုံး အသုံးမကျဆုံးမိသားစု၏ခေါင်းဆောင်ဖြစ်သော ယန်ကျန်းက ဘာကိုဒီလောက်စိတ်လှုပ်ရှားဝင့်ကြွားနေမှန်း ကျောက်ခေါင်းဆောင်စဥ်းစားမရပါ။ ဒါပေမယ့် ဒီအကြောင်းကိုကြာရှည်စဥ်းစားမနေနိုင်ဘဲ ပြိုင်ပွဲစမယ့်အချိန်ကိုသာ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ပါသည်။

"ဖုန့်မိသားစုက ဒီအချိန်ထိကို ဘာလို့ရောက်မလာသေးပါလိမ့်"

လျိုရင်ကျဲက အဖက်မတန်သလိုလေသံမျိုးနှင့် ထပြောသည်။

"ပြောမရဘူး တစ်မိသားစုလုံးကြောက်ရွံ့တုန်လှုပ်ပြီး ပွဲမစခင်ကတည်းက အရှုံးပေးချင်နေကြလို့ဖြစ်မှာပေါ့" ကျောက်ချန်းရှီကပါ လှောင်သလိုပြောင်သလိုနှင့် ဝင်ပြောလေသည်။

"အဲ့လိုအရှုံးပေးလိုက်တာကမှ ပညာသားပါဦးမယ် ဖုန့်ချန်းကလွဲရင် တစ်မိသားစုလုံးဘယ်သူမှအသုံးကျတာမဟုတ်ဘူး ကျုပ်တို့ရဲ့အဖိုးတန်ပါရမီရှင်လေးတွေနဲ့ ဘယ်မှာပြိုင်ဘက်ဖြစ်ဖို့တန်မလဲဗျာ" ယန်မိသားစုခေါင်းဆောင်မှ စိတ်ဆိုးမာန်ဆိုးနှင့် လိုက်ပါထောက်ခံလေသည်။

ဖုန့်မိသားစုကို ကျန်မိသားစုလေးခုလုံးက တူညီစွာအလိုမရှိကြပေမယ့် အားလုံးထဲမှာ အမုန်းတီးဆုံးကတော့ ယန်မိသားစုပဲဖြစ်သည်။ ယန်မိသားစုက မြူခိုးချိုင့်ဝှမ်းမြို့တော်မှာ အင်အားအကြီးဆုံး ပြိုင်ဘက်မရှိဂိုဏ်းတစ်ခုဖြစ်ခဲ့ပြီး ဖုန့်ချန်းကြောင့်သာ နေရာဖယ်ပေးခဲ့ခြင်းဖြစ်သည်။ ဒီလိုအခဲမကျေစရာတွေ ရှိခဲ့မှတော့ အမုန်းတရားတွေဒီလောက်ကြီးထွားနေရခြင်းက ယုတ္တိတန်ပါပေသည်။

ဖုန့်မိသားစု၏ ယခင်ခေါင်းဆောင်ကြီးနှင့် ဇနီးဖြစ်သူတို့ ပျောက်ဆုံးသွားခဲ့စဥ်အချိန်ကာလသည် ဖုန့်မိသားစုတစ်ခုလုံး အားကိုးရာမရှိ အဘက်ဘက်မှပြိုလဲနေချိန်ဖြစ်သည်။ ဒီလိုအားအနည်းဆုံးအချိန်မှာ ဖုန့်မိသားစုတစ်ခုလုံးကို အမြစ်ပြတ်ထိုးချဖို့ ပထမဆုံးကြံစည်ခဲ့သူဟာ ယန်မိသားစုပင်။

ဖုန့်မိသားစုကိုသာ ဖယ်ထုတ်နိုင်ပါက ယန်မိသားစုသည် မြူခိုးချို့ဝှမ်းမြို့တော်တစ်ခုလုံးတွင် မည်သူမှမထိပါးရဲသော ပြိုင်ဘက်မရှိ မိသားစုကြီးတစ်ခုဖြစ်လာမည်မှာ ဧကန်မလွဲပင်။

မဟာအကြီးအကဲတစ်ဦးနှင့် နောက်ထပ်အကြီးအကဲတစ်ဦးပေါင်းကာ ဖုန့်မိသားစုကို အတင်းအကျပ်ဖိအားပေးပြီး တိုက်ခိုက်ခဲ့ကြသည်။ ဒါပေမယ့် အဲ့ဒီ ရွှေ့ကွက်ကပဲ ယန်မိသားစုဟာ အဘက်ဘက်မှတစ်ဟုန်ထိုးပြိုလဲမှုတွေ ဖြစ်သွားခဲ့ရတာပဲ။

ဖုန့်ချန်းဟာ အလယ်အလတ်ဆင့် ချီအရည်ဖွဲ့ခြင်းနယ်ပယ်ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပြီး သူ့အရည်အချင်းနဲ့ လူတိုင်းကိုအံ့အားသင့်စေခဲ့သည်။ လာရောက်စိန်ခေါ်တဲ့ အလယ်အလတ်ချီအရည်အဖွဲ့ခြင်းအဆင့်ရှိ မဟာအကြီးအကဲတစ်ဦးနှင့် အစောပိုင်းချီအရည်ဖွဲ့ခြင်းအဆင့်ရှိ အကြီးအကဲတစ်ဦးကို မျှမျှတတအနိုင်ပိုင်းကာ ဇီဝိန်ခြွေပစ်ခဲ့သည်။

အသက်နှစ်ဆယ်ပတ်လည်သာရှိသေးသော ဖုန့်ချန်းဆိုသည့် လူငယ်လေးဟာ ချီအရည်ဖွဲ့ခြင်းအဆင့်ထိ တက်လှမ်းနိုင်ခဲ့ရုံသာမက အခြား အဆင့်တူပြိုင်ဘက်နှစ်ဦးကိုပါ တစ်ပြိုင်တည်းအနိုင်ယူလိုက်ခြင်းဖြင့် စစ်မှန်သောအင်အားတစ်ရပ်ကို ခင်းကျင်းပြနိုင်ခဲ့သည်။

ဒီလိုနဲ့ ဖုန့်ချန်းဟာ ချောက်ကမ်းပါးအစွန်းမှာ တဲတဲလေးကျန်ရှိနေသော ဖုန့်မိသားစုတစ်ခုလုံးကို ကယ်တင်နိုင်ခဲ့ပြီး မိသားစုခေါင်းဆောင်နေရာကိုလည်း ယနေ့အချိန်ထိ ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်သည်။

ဖုန့်ချန်းဟာမိသားစုခေါင်းဆောင်တာဝန်ကို သူ့ပုခုံးပေါ်လွှဲပြောင်းယူခဲ့ပြီး နှစ်ပေါင်းများစွာကြာအောင် ဆက်လက်တည်မြဲထိန်းသိမ်းထားနိုင်ခဲ့သည်။ ဖုန့်ချန်း၏အဆင့်ကို မျက်မြင်တွေ့လိုက်ကြပြီဖြစ်သောကြောင့် အခြားမိသားစုကြီးများလည်း ပေါ့ပေါ့ဆဆမနေရဲကြတော့ပါ။ ဖုန့်ချန်းဆိုသူကား သူတို့လက်လွတ်စပယ် သွားထိသင့်သောသူမျိုးမဟုတ်ပေ။

မောက်မာမော်ကြွားစိတ်ကို‌ရှေ့တန်းတင်ပြီး ဖုန့်ချန်းကို လက်လွတ်စပယ်အထင်သေးမိခြင်းကြောင့် အကြီးအကဲနှစ်ဦးရဲ့အသက်ကိုဆုံးရှုံးခဲ့ရသည့် ယန်မိသားစု၏အမှားကို သူတို့သင်ခန်းစာယူပြီးခဲ့ကြပြီလေ။

ယန်မိသားစုဟာ အသန်မာဆုံးမိသားစုဆိုသည့်ဂုဏ်ပုဒ်ကနေ အားအနည်းဆုံးမိသားစုများထဲမှ တစ်ခုအဖြစ်သတ်မှတ်ခံလိုက်ရတာကလည် အဲ့ဒီအမှားရဲ့ အကျိုးဆက်တစ်ခုပင်ဖြစ်ပေသည်။ အစပိုင်းမှာ ချီအရည်ဖွဲ့ခြင်းအဆင့်သို့ တက်ရောက်နိုင်သူ ငါးဦးရှိခဲ့သည်အတွက် မြူခိုးချိုင့်ဝှမ်းမြို့တော်၏ အင်အားအကြီးဆုံးမိသားစုဖြစ်ခဲ့သော်လည်း ဖုန့်ချန်းရဲ့အနိုင်ယူမှုအပြီးတွင်တော့ ဖုန့်မိသားစု၏နောက်ကို အလိုအလျောက်သက်ရောက်ကျဆင်းသွားခဲ့လေသည်။

ယန်ကျန်းဟာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ ဒီဖုန့်မိသားစုကို တစ်နေ့နေ့မှာတော့ သေချာပေါက်လက်စားချေမည်ဖြစ်ကြောင်း သူ့နှလုံးသွေးကိုတိုင်တည်ပြီး ကျိန်ဆိုသစ္စာပြုလိုက်သည်။

တစ်နေ့နေ့တွင် ဖုန့်မိသားစုသည် သေချာပေါက် ယန်မိသားစု၏လက်အောက်တွင် ပြားပြားဝပ်အရှုံးပေးစေရမည်။ အကြီးအကဲကျိုးကို သွေးအန်အောင်ဆော်ပလော်တီးလိုက်နိုင်သည့် ဖုန့်ချန်းကို သွားရောက်စိန်ခေါ်ဖို့ထိ သူမရဲဝံ့ မရူးမိုက်သေးပါ။ ဒါပေမယ့် ယန်မိသားစုမျိုးဆက်သစ်တွေဟာ ဒီနေ့ပွဲမှာ ဖုန့်မိသားစုမျိုးဆက်သစ်တွေကို သိုင်းပညာဆက်လက်ကျင့်ကြံနိုင်စွမ်းမရှိတော့သည်အထိ မှုန့်မှုန့်ညက်ညက်ချေလိုက်နိုင်တာကို သူမြင်ချင်လှသည်။

"ဖုန့်မိသားစု ရောက်ရှိလို့လာပါပြီခင်ဗျား"

ယန်၊ ကျောက်နှင့် လျိုမိသားစုတို့စုပေါင်းပြီး ဖုန့်မိသားစုအကြောင်း ပြက်ရယ်ပြုလှောင်ပြောင်နေစဥ်အချိန်တွင် ဖုန့်မိသားစုသည် ပြိုင်ပွဲဧရိယာတွင်းသို့ ဝင်ရောက်လာကြပါသည်။

အကြီးအကဲတို့ကို ဘေးပတ်ပတ်လည်မှာခြံရံလျက် ‌ရှေ့ဆုံးမှဦးဆောင်လာသူသည် ဖု့န်မိသားစု၏ထောက်တိုင်ကြီး ဖုန့်ချန်းပင်ဖြစ်သည်။

ပြိုင်ပွဲဝင်မည့် မျိုးဆက်သစ်လူငယ်အုပ်စုကို ဦးဆောင်လာသူကတော့ မည်သူမှမျှော်လင့်မထားသည့် ဖုန့်အိမ်တော်ဒုသခင်လေး ဖုန့်ယွင်ပင်။

စေ့စပ်ကြောင်းလမ်းမှုဖျက်သိမ်းခြင်းဆိုသော အရှက်တကွဲအကျိုးနည်းဖြစ်စရာကိစ္စကြီးအပြီးတွင် ဖုန့်ယွင်တစ်ယောက် လူရှေ့သူ‌ရှေ့ကို ရဲရဲဝံ့ဝံ့ထွက်ပေါ်လာနိုင်လိမ့်မည်ဟု မည်သူမှထင်မှတ်မထားပါပေ။

ဒါ့အပြင် ဖုန့်ယွင်လို ကြက်ပေါက်စတမျှအားနည်းလှသူ ပျော့ညံ့လှသူက ပါရမီရှင်ယှဥ်ပြိုင်ပွဲမှာပါဝင်ဖို့ အရည်အချင်းပြည့်မီပါရဲ့လား? သူက ဒီနေရာမှရပ်နေဖို့တောင် ထိုက်တန်ပါရဲ့လား? မြူခိုးချိုင့်ဝှမ်းမြို့တော်ရဲ့ အင်အားအကြီးဆုံးမိသားစုတစ်ခု၏ လူငယ်မျိုးဆက်ကို ဦးဆောင်ချီတက်လာဖို့ သင့်လျော်သောအကြောင်းပြချက်တစ်ခုတောင် ရှိနေပါရဲ့လား?

All Chapters