နှစ်စဥ်ပါရမီရှင်ယှဥ်ပြိုင်ပွဲ စတင်ခြင်း
Vol. 2 Ch. 20
ပြိုင်ပွဲဧရိယာအတွင်းကို ဖုန့်မိသားစုဝင်ရောက်လာသည်နှင့် တီးတိုးသံများ တမုဟုတ်ချင်းတိတ်ကျသွားကြသည်။ လူတိုင်းရဲ့အကြည့်တွေဟာ ဖုန့်မိသားစုမျိုးဆက်သစ်ပြိုင်ပွဲဝင်များကို ဦးဆောင်ဝင်ရောက်လာတဲ့ ဖုန့်ယွင်ဆီသို့ဦးတည်လာကြပြီး စူးစူးစိုက်စိုက်အကဲခတ်ကုန်ကြ၏။
ဖုန့်ချန်း၏တည်ရှိမှုတစ်ခုကပင် လေးစားဦးခိုက်ချင်စရာကောင်းနေပြီဖြစ်သည်။ ငြိမ်သက်တိတ်ဆိတ်နေပေသိ သူ့ထံမှထွက်ပေါ်လာသော စွမ်းအားအရှိန်အဝါများက အင်အားကောင်းလွန်းလှသည်ကို ငြင်းဆန်၍မရနိုင်ပါ။ မွေးနေ့ပွဲတွင်ဖြစ်ပျက်သွားခဲ့သော ပြဿနာများနှင့် ယှဥ်ပြိုင်တိုက်ခိုက်မှုများအပြီး လူတိုင်းလူတိုင်းဟာ ဖုန့်ချန်အပေါ် ပိုတိုး၍လေးစားလာခဲ့ကြ၏။
ဖုန့်ချန်း၏ဘေးတစ်ဖက်တစ်ချက်တွင် ခြံရံလိုက်ပါလာသော အကြီးအကဲများသည်လည်း ယုံကြည်မှုအပြည့်ရှိသောမျက်နှာထားများ၊ စူးရှအားပြင်းသောအကြည့်များဖြင့် မိသားစု၏အရှိန်အဝါကို ထပ်လောင်းအားဖြည့်ပေးလျက်ရှိ၏။ အရင်နှစ်များလို မသေချာမရေရာမှု ပူပင်ကြောင့်ကြမှု မြူမှုန်မျှမရှိသော ပုံစံအသစ်အဆန်းတစ်မျိုးပင်။
အားလုံးထဲမှာ ဖုန့်မျိုးဆက်သစ်လူငယ်အဖွဲ့ကို ဦးဆောင်ရပ်တည်နေသော ဖုန့်ယွင်ကတော့ အများ၏အာရုံစူးစိုက်မှုဦးတည်ရာ ဖြစ်လေ၏။
"အဲ့လူက တကယ်ကြီးဖုန့်ယွင်ပေါ့? ဟိုနေ့ကမှ တစ်ဖက်မိန်းကလေးဆီကနေ စေ့စပ်ကြောင်းလမ်းမှုဖျက်သိမ်းခံရတဲ့တစ်ယောက်လေ"
လူအုပ်ထဲမှတစ်ယောက်က မရေမရာဖြစ်နေသောအသံဖြင့် တီးတိုးမေးခွန်းထုတ်လေသည်။
"ဖုန့်မိသားစုက ဘာလို့ဒီလိုကောင်ကို ဦးဆောင်ခွင့်ပေးရတာလဲ ဒီလောက်အရေးပါတဲ့ မျိုးဆက်သစ်ပြိုင်ပွဲဝင်အဖွဲ့မှာ အမှိုက်လိုကောင်ကို ခေါင်းဆောင်တင်ရလောက်တဲ့အထိ ဖုန့်မိသားစုအခြေအနေက ဆိုးရွားနေပြီလား"
ပွဲကြည့်ပရိတ်သတ်တွေထဲမှ အခြားတစ်ယောက်ကလည်း စိတ်ရှုပ်ထွေးနေသောအသံဖြင့် တီးတိုးရေရွတ်လာ၏။
ဒါပေမယ့် ဖုန့်ယွင်ကို တိတ်တဆိတ်အကဲခတ်နေတဲ့သူတွေကတော့ အမျိုးသားငယ်လေး၏ သိသားထင်ရှားသောပြောင်းလဲမှုကို သတိပြုမိကြလေသည်။ တစ်ချိန်က သူ့ကိုလွှမ်းခြုံထားခဲ့သော အရှုံးသမားပုံရိပ်သည် အပြီးတိုင်လွင့်စင်ပျောက်ကွယ်သွားလေပြီ။ အစားထိုးဝင်ရောက်လာတာကတော့ ငြိမ်သက်တိတ်ဆိတ်ပေသိ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို စွဲကိုင်ထားတဲ့ပုံရိပ်မျိုးပင်။ ဖုန့်ချန်းထံမှ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသော စိတ်ဓာတ်မျိုးကို ညီဖြစ်သူဖုန့်ယွင်လည်း အမွေဆက်ခံရရှိလိုက်ပုံပေါ်လေ၏။
ဖုန့်ချန်းတစ်ယောက် ပါရမီရှင်ယှဥ်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်ကို တွေ့မြင်ဖူးသောသူတွေသာ ညီအစ်ကိုနှစ်ဦးကြားက ထပ်တူညီသောအငွေ့အသက်တစ်ခုကို ခံစားမိကြမည်ဖြစ်သည်။
မိမိအနိုင်ရကိုရလိမ့်မည်ဟု ယုံကြည်ထားသော ပြိုင်ဘက်ကင်းစိတ်ဓာတ်မျိုးပင်။
ရှားပါးတယ်ဆိုပေမယ့် တစ်ခါမှမတွေ့မမြင်ဖူးသော ယုံကြည်မှုမျိုးတော့မဟုတ်ပေ။ ၂၁နှစ်တောင်မပြည့်သေးတဲ့ လူငယ်လေးဖုန့်ချန်းတစ်ယောက် ပါရမီရှင်ပြိုင်ပွဲကို သုံးနှစ်ဆက်တိုက်အနိုင်ယူခဲ့စဥ်ကလည်း ဒီလိုယုံကြည်မှုရှိသောမျက်နှာထားမျိုးကို လူတိုင်းမြင်တွေ့ခဲ့ရပါသည်။
ဖုန့်ချန်း၏ လွှမ်းမိုးနိုင်မှုသည် သက်တူရွယ်တူပြိုင်ဘက်များကြားတွင် အင်မတန်ကျော်ကြား၏။ ဤသို့သောအရည်အချင်းနှင့် စိတ်ဓာတ်ခိုင်မာမှုရှိသောအမျိုးသားကို ရွယ်တူတန်းတူတွေထဲ စိန်ခေါ်ယှဥ်ပြိုင်ရဲသူ တစ်ဦးတစ်ယောက်မှမရှိပါ။
ယန်ကျန်း၏ ကောက်ကျစ်သောအပြုံးသည် ရုတ်တရတ်မှိန်ကျသွားသည်။ ယန်ကျန်းသည် မျက်လုံးများကိုကျဥ်းမြောင်းလျက် လက်ရှိဖြစ်ပျက်နေသောအခြေအနေကို ဝေဖန်ပိုင်းခြားရန်ကြိုးစားကြည့်နေ၏။
(ဖုန့်မိသားစုက စလာကတည်းကအရှုံးပေးချင်နေရမှာမဟုတ်ဘူးလား ဒီလိုဖြစ်နေပုံထောက်ရင် လှည့်ကွက်တစ်ခုခုများထည့်သုံးဖို့ စီစဥ်ထားတာလား)
ယန်ကျန်းတစ်ယောက်တွေးတောရင်း ကျောက်ချန်းရှီကိုတစ်ချက်လှမ်းကြည့်လိုက်သော် ထိုလူလည်း မျှော်မှန်းမထားသောအခြေအနေကို နားလည်ရခက်နေပုံပေါ်လေသည်။
တကယ်တမ်းတော့ သူတို့အားလုံးသည် ထိုနှစ်မှဖုန့်ချန်း၏ပုံစံနှင့် တစ်မျိုးတစ်ဖုံဆင်တူနေသည့် ညီဖြစ်သူဖုန့်ယွင်ကိုကြည့်ပြီး ရတက်မအေးဖြစ်နေခဲ့ကြခြင်းဖြစ်လေ၏။
လူငယ်တွေကတော့ သတိထားမိပုံမရပေမယ့် ဖုန့်ချန်းရဲ့အရှိန်အဝါအောက်မှာ သုံးနှစ်လုံးလုံး မာနတွေကိုချိုးနှိမ်ပြီး ပြားပြားဝပ်ခဲ့ရတဲ့ ဒီလူအိုကြီးတွေကတော့ မသိချင်မှအဆုံးပင်။
ကျောက်၊ လျို၊ ယန်မိသားစု သုံးခုစလုံး၏ အကြောက်တရားတို့ကို ချုပ်ကိုင်ထားပါသော ယုံကြည်မှုအပြည့်အဝရှိလှသည့် ထိုအပြုံးမျက်နှာထားသည် နောက်တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့ပေပြီ။
ဝင်ကြွားထောင်လွှားနေသော မျက်နှာထားဖြင့် ရပ်နေသောကျောက်ထျန်းမင်သည် ဖုန့်ယွင်နှင့်အကြည့်ချင်းဆုံခိုက်တွင် မထီမဲ့မြင်အမူအရာလုပ်ပြလေသည်။
"ဟမ့် ဖုန့်မိသားစုက အရှုံးသမားအမှိုက်ကောင်ပေါ်ကို လုံးလုံးအားကိုးထားတာပဲ ပွဲကငါထင်ထားတာထက်ကိုပိုလွယ်နေပြီ"
ကျောက်ထျန်းမင်းသည် မာန်တက်နေသောမျက်နှာထားကို အနည်းငယ်သော်မျှ ဖုံးကွယ်ထားခြင်းမရှိ၊ ပေါ်တင်ပင်ထုတ်ပြထားလေ၏။ သူ့အမြင်မှာတော့ ရွယ်တူတန်းတူတွေကြားတွင် တစ်ယောက်မှသူ့ပြိုင်ဘက်ဖြစ်ဖို့မတန်၊ ဖုန့်ယွင်လိုအမှိုက်သရိုက်မျိုးကို မျက်လုံးထဲပင်ထည့်စရာမလိုဟု သတ်မှတ်ထားလေသည်။
"ဒီလောက်လူသိများတဲ့ အမှိုက်ကောင်မျိုးနဲ့ ယှဥ်ပြိုင်ရမယ့်နေ့မျိုး ငါ့ဘဝမှာရှိလာလိမ့်မယ်လို့ကို မထင်ခဲ့ဖူးဘူးကွာ"
လျိုရင်ကျဲက မဖက်မတန်သလိုလေသံမျိုးဖြင့်ပြောလေသည်။ ဖုန့်ယွင်လိုအမှိုက်သရိုက်မျိုးနှင့် ပြိုင်ပွဲဝင်ရသည်ကပင် သူ့ကိုဂုဏ်ကျက်သရေပျက်ပြားစေသည်ဟု စိတ်ပျက်စွာတွေးနေမိ၏။
ဝမ်မိသားစုနေရာမှ ဝမ်ရိဖန်ကတော့ တိတ်တဆိတ်ပင်ရှိနေသည်။ သူ၏ ထက်ရှသောမျက်လုံးများကမူ ဖုန့်ယွင်ကိုယ်ပေါ်၌သာ မြဲမြံစွာအခြေချထား၏။
သူသေချာမပြောနိုင်ပေသိ ဖုန့်ယွင်သည် ယခင်နှင့်မတူကွဲပြားခြားနေသည်မှာ ဧကန်မုချပင်ဖြစ်သည်။ ဝမ်ရိဖန်က ဖုန့်ချန်း၏အုပ်ချုပ်မှုအောက်တွင်ရှိသော ဖုန့်မိသားစုကို မထင်မသေးရဲပေ။
(မဟုတ်မှလွဲရော ဖုန့်မိသားစုက အဲ့ဒီနှစ်တုန်းကလိုမျိုး ဝှက်ဖဲတစ်ခုခု ကိုင်ထားနိုင်လိုက်ပြီလား)
ဝမ်ရိဖန်ဆက်လက်တွေးတောနေမိ၏။ အတိတ်တုန်းက တော်ဝင်မိသားစုထဲဝင်ဖို့ ဖုန့်ချန်းငြင်းဆန်လိုက်သည်ကိုလည်း သူအမြဲနှမြောတသဖြစ်နေခဲ့သည်လေ။
ဖုန့်ချန်း၏ဆုံးဖြတ်ချက်နှင့် ဖုန့်မိသားစုအပေါ်ထားရှိသော သစ္စာတရားကို သူနားလည်သော်လည်း ထိုငြင်းဆန်မှုက ဖုန့်ချန်းအတွက်ရော တော်ဝင်မိသားစုအတွက်ပါ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်ဟု သူတွက်ဆမိသည်။
တော်ဝင်မိသားစု၏ အရင်းအမြစ်တွေ အထောက်အကူတွေနှင့်သာဆိုရင် ဖုန့်ချန်းတစ်ယောက် ယခုရှိနေသည့်နေရာထက် ပိုမိုမြင့်မားအောင်မြင်နေမှာ သေချာ၏။
ဝမ်ရို့ရွှယ်လည်း ဖုန့်ယွင်ကိုသေချာလေးအကဲခတ်နေမိသည်။ လင်းမေယုနှင့်စေ့စပ်ပွဲ ဖျက်သိမ်းပြီးနောက် အဖြစ်မရှိသော အမှိုက်သရိုက်ကောင်ဟု လူတကာပြောနေကြသော ထိုလူဖု့န်ယွင်သည် ယခုသူ့ရှေ့တည့်တည့်တွင် ရပ်နေလေသည်။
(ကောလဟာလတွေမှာပြောကြသလို သူရဲဘောကြောင်ပြီး အားနည်းတဲ့ပုံလည်းမပေါ်ပါဘူး ဖြစ်နိုင်တာက သူ့စွမ်းအားတွေကို လူမသိအောင်ဖုံးကွယ်ထားတာများလား)
ဝမ်ရို့ရွှယ်သည် တိတ်တဆိတ်သာတွေးတောနေမိသည်။ သူတို့ဝမ်မိသားစုအနေဖြင့် ဒီယှဥ်ပြိုင်ပွဲကို မဖြစ်မနေအနိုင်ယူဖို့မလိုတာကြောင့် ဖိအားသိပ်မရှိလှပေ။
သို့သော်လည်း ဝမ်ရိုရွှယ်သည် ဖုန့်ယွင်ကိုတော့ဖြင့် စိတ်ဝင်တစားရှိလှ၏။ ဘာပဲဖြစ်ဖြစ် ထိုလူက မိုးပြာကောင်းကင်အင်ပါယာတစ်လွှားက နာမည်ကြီးကြယ်ပွင့်လေးလင်းမေယုရဲ့ တစ်ချိန်က သတို့သားလောင်းဖြစ်သည်လေ။
ဖုန့်မိသားစုဝင်ရောက်လာပြီး နေရာယူလိုက်ပြီးနောက် လေထုကပိုမိုတင်းမာလာခဲ့သည်။
ဖုန့်ယွင်၏ဦးဆောင်လာမှုနှင့် ပြောင်းလဲမှုကို မည်သူမျှမျှော်လင့်မထားသည့်အတွက် လူထုပရိတ်သတ်ကြားက ထင်ကြေးတွေဟာလည်း ပိုလို့ပွက်လောရိုက်လာခဲ့လေ၏။
ဖုန့်ချန်းဟာ ရှည်လျားဖြောင့်မတ်သောအသွင်အပြင်နှင့်မတ်မတ်ရပ်နေပြီး အခြားမိသားစုများထိုင်နေသောနေရာများသို့ ပြောင်ပြောင်တင်းတင်းပင် အကဲခတ်လေ့လာလျက်ရှိသည်။ သူ့အကြည့်က အပြင်ပန်းမှာတော့ ဘာမှမထူးခြားသလို တည်ငြိမ်နေပုံပေါ်ပေမယ့် ဖုံးဖိထားတဲ့စိတ်လှုပ်ရှားမှုအရိပ်အယောင်လေးက မသိမသာတော့ ပေါ်ထွက်နေဆဲပါပဲ။
{တာဝန် - မြူခိုးချိုင့်ဝှမ်းမြို့တော်ရဲ့ နှစ်စဥ်ပါရမီရှင်ယှဥ်ပြိုင်ပွဲမှာ ဖုန့်မိသားစုကို ဗိုလ်စွဲအောင်လုပ်ရပါမယ်၊ ဆုလာဘ် - စနစ်ရမှတ် ၃၀၀၀၀}
တကယ်တမ်းတော့ ဖုန့်ချန်းဟာ စနစ်ရမှတ်တွေ သူထင်ထားတာထက် ပိုပြီးလျင်မြန်စွာကုန်ဆုံးသွားတာကြောင့် စိတ်လှုပ်ရှားနေခဲ့တာဖြစ်သည်။ ဒီအချိန်မှာ ရမှတ်စုနိုင်မယ့်နည်းလမ်းကလည်း အများကြီးမရှိသေးတာကြောင့်ပေ။
ကံကောင်းစွာဖြင့် ဖုန့်မိသားစုကိုထိပ်ဆုံးအရောက်ပို့ရမယ့်တာဝန်က အချိန်ကိုက်ပေါ်ထွက်လာလေသည်။ ဒါ့အပြင် စနစ်ရမှတ်ကလည်း ၃၀၀၀၀တောင်ဖြစ်၏။ ဖုန့်ချန်းလည်း စိတ်သက်သာရာရပြီး သူ၏ စိတ်အခြေအနေလည်း ပိုကောင်းလာတော့သည်။
နေမင်းဟာ အမြင့်ဆုံးသောအဆင့်ဖြစ်သော မွန်းတည့်ချိန်ကိုရောက်သွားပြီး ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးကို ရွှေရောင်တောက်သောလင်းရောင်ခြည်များဖြင့် လွှမ်းခြုံထားလေ၏။ အစီအစဥ်ကြေငြာသူလည်း ပြိုင်ပွဲအစီအစဥ်များကိုကြေငြာရန် ရှေ့သို့ထွက်လာပါတော့သည်။
"ကြွရောက်လာကြတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို မြူခိုးချိုင့်ဝှမ်းမြို့တော်ရဲ့ နှစ်စဥ်ပါရမီရှင်ယှဥ်ပြိုင်ပွဲမှ ကြိုဆိုလိုက်ပါတယ်ခင်ဗျာ"
အစီအစဥ်ကြေငြာသူ၏အသံသည် စိတ်လှုပ်ရှားတက်ကြွမှုများနှင့်ပြည့်နှက်နေပြီး ကွင်းပြင်တစ်ခုလုံးအနှံ့ လွှမ်းခြုံသွားသည်။
"ယနေ့ချိန်ခါမှာတော့ ကျွန်တော်တို့မြို့တော်က အင်အားအကြီးဆုံး မျိုးဆက်သစ်လေးများရဲ့ အရည်အချင်းတွေကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ရှုစားရတော့မှာဖြစ်ပါတယ်ခင်ဗျား"
အဆုံးစွန်ထိရောက်ရှိနေသော စိတ်အားတက်ကြွမှုများနှင့် လူအုပ်ကြီးတစ်ခုလုံးဟာ သောင်းသောင်းဖျဖျ အားပေးကြွေးကြော်လိုက်ကြသည်။
အစီအစဥ်ကြေငြာသူက ဆက်ပြောသည်။
"ပထမဆုံးအနေနဲ့ အထင်ကရမိသားစုကြီးငါးခုကိုဖယ်ပြီး အခြားမိသားစုများထဲမှ ယှဥ်ပြိုင်သူအယောက်နှစ်ဆယ်ကို အရင်ရွေးထုတ်ပါမယ်ခင်ဗျာ"
ပထမဆုံးပြိုင်ပွဲကို ထုံးစံအတိုင်း အခြားမိသားစုများမှ လူငယ်လေးတွေကိုဝင်ရောက်ယှဥ်ပြိုင်စေပြီး အဓိကယှဥ်ပြိုင်သူအယောက်နှစ်ဆယ်ကိုရွေးထုတ်မည်ဖြစ်၏။
အယောက်နှစ်ဆယ်စစ်ထုတ်ပြီးမှသာ ထိုသူတို့နှင့်အတူ မိသားစုကြီးငါးခုမှ ယှဥ်ပြိုင်သူများက အလှည့်ကျဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်သည်။
ပြိုင်ပွဲပုံစံက အပေါ်ယံကြည့်ရင်တော့ မိသားစုကြီးငါးခုအတွက် အကျိုးအမြတ်ရအောင်စီစဥ်ပေးထားတယ်လို့ ထင်ကောင်းထင်ရနိုင်ပေမယ့် တကယ်တမ်းတော့ အခြားမိသားစုငယ်လေးများမှ ကျင့်ကြံသူတို့ကို အရည်အချင်းထုတ်ပြချိန်ရအောင် တမင်စီစဥ်ပေးထားတဲ့အခွင့်အရေးတစ်ခုဖြစ်ပါ၏။
များသောအားဖြင့် အထင်ကရမိသားစုကြီးငါးခုမှ ပြိုင်ပွဲဝင်လူငယ်တို့ဟာ အခြားမိသားစုငယ်များထက် ပိုသာကြသဖြင့် ဒီလိုဦးစားပေးအစီအစဥ်တစ်ခုကို ထားရှိရခြင်းဖြစ်ပါသည်။ မိသားစုကြီးများက ပွဲစကတည်းကဝင်ပါလိုက်လျှင် အခြားမိသားစုငယ်များနှင့် တစ်ကိုယ်တော်ကျင့်ကြံရေးသမားများအတွက် အရည်အချင်းထုတ်ပြစရာအခွင့်အရေးမရှိ ဖြစ်ရပါလိမ့်မည်။
အများကြည်ဖြူသဘောတူညီသော အစီအစဥ်မျိုးဖြစ်သဖြင့် ကန့်ကွက်ချက်ကြီးကြီးမားမားမရှိသရွေ့ ပြင်ဆင်ပြောင်းလဲစရာအကြောင်းမရှိပါ။
ပထမဆုံးပွဲစဥ် စတင်ဖို့နီးကပ်လာသည်နှင့်အမျှ ပရိတ်သတ်အပေါင်း၏ စိတ်လှုပ်ရှားမှုသည်လည်း တစ်ဖန်ပြန်လည်နိုးကြွလာလေသည်။
ပထမဆုံးပွဲစဥ်မှာပါဝင်ယှဥ်ပြိုင်မည့် ပြိုင်ပွဲဝင်များကို ကြေငြာလိုက်ပြီး စင်ပေါ်တက်လှမ်းလာသော လူငယ်ပါရမီရှင်လေးတွေကိုမြင်သောအခါ ပရိတ်သတ်များကြားထဲတွင် တီးတိုးရေရွတ်သံများ ဖုံးလွှမ်းသွားလေ၏။
"ဒါက ဟွမ်မိသားစုရဲ့အကြီးအကဲရဲ့သား ဟွမ်ယုမဟုတ်လား အသက်နှစ်ဆယ်အရွယ်မှာ အခြေတည်ထောင်ခြင်း အလယ်အလတ်အဆင့်ကို တက်ရောက်ထားနိုင်တဲ့တစ်ယောက်လေ အနာဂတ်မှာ ချီစုဆောင်းခြင်းအဆင့်ကို အသာလေးချိုးဖျက်အောင်မြင်နိုင်မယ့် အဖိုးတန်မျိုးဆက်သစ်လေးပဲ"
"ဒီလောက်ခံ့ခံ့ညားညားနဲ့ အရှိန်အဝါရှိနေတာ မအံ့သြတော့ပါဘူးကွာ လတ်စသတ်တော့ ဟွမ်သခင်ကြီးရဲ့သားတော်မောင်ကိုး"
ပြိုင်ပွဲဝင်တွေ စင်ပေါ်တက်လာလာချင်းကိုပဲ လူအုပ်ကြီးတစ်ခုလုံးဟာ ဆွေးနွေးငြင်းခုန်သံတွေပြည့်နှက်သွားလေသည်။ အဲ့ဒီထဲကမှ အားလုံးရဲ့အကြည့်တွေကို အဖမ်းစားနိုင်ဆုံးတစ်ယောက်ကတော့ ဟွမ်ယုဆိုသူပါပဲ။
ဟွမ်မိသားစုဆိုတာက အထင်ကရမိသားစုကြီးငါးခုပြီးလျှင် အဆင့်တစ်ချိတ်သည့် အထက်တန်းစားမိသားစုတစ်ခုဖြစ်၏။ မိသားစုခေါင်းဆောင်ဖြစ်သည့် ဟွမ်သခင်ကြီးဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်အထွဋ်အထိပ်ကို ရောက်ရှိပြီးနေပြီဖြစ်ပြီး ချီအရည်ဖွဲ့ခြင်းအဆင့်ကို ချိုးဖျက်နိုင်လုဆဲဆဲအခြေအနေဖြစ်လေသည်။
ဟွမ်သခင်ကြီးသာ ချီအရည်ဖွဲ့ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့မည်ဆိုလျှင် အနာဂတ်မှာ မိသားစုကြီးငါးခုနှင့် ကောင်းကောင်းကြီးဘေးချင်းယှဥ်နိုင်သည့် အနေအထားတစ်ခုကို ရရှိမည်ဖြစ်သည်။
အခုချိန်မှာတော့ ဟွမ်သခင်လေးဟာ လူအများရဲ့အာရုံကို အလုံးစုံဖမ်းစားထားနိုင်လေသည်။ ဒီအသက်အရွယ်မှာ အခြေတည်ထောင်ခြင်း အလယ်အလတ်အဆင့်ဆိုတာကို များသောအားဖြင့် မိသားစုကြီးငါးခု၏ သားသမီးများသာ ရယူနိုင်ခြင်းဖြစ်သည်။ ဒါပေမယ့် ဟွမ်သခင်လေးကတော့ ခြွင်းချက်တစ်ခုပင်။
ဟွမ်ယုကို ဝိုင်းဝန်းရှုစားလေ့လာကြရင်း လူအုပ်ကြီးရဲ့စိတ်လှုပ်ရှားမှုတွေက ပို၍ပင်မြင့်တက်လာကြတော့သည်။ စင်မြင့်တစ်ခုလုံး၏ အာရုံစိုက်မှုကိုရရှိထားသည့် မျိုးဆက်သစ်လူငယ်လေးပါပေ။
အခြားသောပြိုင်ပွဲဝင်တွေဟာလည်း သူ့နည်းသူ့ဟန်နှင့် အထိုက်အလျောက်နာမည်ကြီးပြီး စွမ်းအားရှိသူတွေဖြစ်ကြပေမယ့် ဟွမ်ယုနှင့်ယှဥ်လိုက်သော် မှေးမှိန်ကျန်ရစ်ခဲ့ကြလေ၏။
ပဏာမ အဖွင့်စင်မြင့်တွင် ပြိုင်ပွဲအခုနှစ်ဆယ်ပါဝင်ပြီး ထိုအထဲက အောင်မြင်သူအယောက်နှစ်ဆယ်ကသာ အဓိကစင်မြင့်ပေါ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ ဒီနှစ်မှာတော့ ပြိုင်ပွဲဝင်အယောက်တစ်ရာခန့်ရှိပြီး ပြိုင်ပွဲတစ်ခုတွင် ငါးယောက်နှုန်းဖြင့် ယှဥ်ပြိုင်တိုက်ခိုက်ရမည်ဖြစ်သည်။
ရှည်လျားထွေပြားလှသော ပြိုင်ပွဲစဥ်တို့အပြီးတွင် အဖွင့်ပွဲစဥ်ပြီးဆုံးသွားလေပြီ။ နောက်ဆုံးကျန်ရှိသော အောင်မြင်သူအယောက်၂၀တို့သည် နောက်တစ်ဆင့်သို့ တက်ရောက်ရပေတော့မည်။
ထိုအထဲမှ အသန်မာဆုံးကတော့ အခြေတည်အလယ်အလတ်ဆင့်ဖြစ်သော ဟွမ်ယုနှင့် အားအနည်းဆုံးတစ်ယောက်ကတော့ ချီစုဆောင်းခြင်း အထွဋ်အထိပ်အဆင့်တွင် ရှိသည်။
အဖွင့်ပြိုင်ပွဲစဥ်ပြီးဆုံးသွားသည်နှင့် ပွဲကြည့်ပရိတ်သတ်များကြားမှ ခန့်မှန်းတွက်ချက်မှုများက ပို၍ပြင်းထန်လာကြသည်။
အစီအစဥ်ကြေငြာသူ၏ အောင်မြင်ခံ့ညားလှသောအသံက အားမာန်အပြည့်အဝဖြင့် လူအုပ်ကြားထဲသို့ တစ်ဖန်ပြန်လည်လွှမ်းမိုးသွားသည်။
"အဖွင့်ပွဲစဥ်မှာ ကျွန်တော်တို့မြို့တော်ရဲ့ မျိုးဆက်သစ်လူတော်ကလေးများဟာ သာလွန်သောစွမ်းရည်များကို ထုတ်ဖော်ပြသသွားခဲ့ကြပါပြီ အခုချိန်မှာတော့ နှစ်စဥ်ပါရမီရှင်ယှဥ်ပြိုင်ပွဲရဲ့ အဓိကပြိုင်ပွဲစဥ်ကြီးများကို ကျင်းပတော့မှာဖြစ်တဲ့အတွက် ကြည့်ရှုအားပေးသူလူကြီးမင်းကို စိတ်ရောကိုယ်ပါအသင့်ပြင်ထားဖို့ အသိပေးလိုက်ရပါတယ်ခင်ဗျား"
ပရိတ်သတ်ထုကြီးတစ်ခုလုံးဟာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အားပေးလိုက်ကြလေသည်။ အသန်မာဆုံးသော ကျင့်ကြံသူမျိုးဆက်သစ်လေးများ ထိပ်တိုက်တွေ့ကြမည့်ဒီနေ့ကို သူတို့တစ်ချိန်လုံးစောင့်မျှော်နေခဲ့ရသည်မဟုတ်လား။
ယနေ့ရဲ့ အဓိကဇာတ်လိုက်ဖြစ်သည့် ပြိုင်ပွဲအစစ်အတွက် စင်မြင့်တစ်ခုလုံးကို ပြင်ဆင်လို့ပြီးပါပြီ။ ထိပ်တန်းပါရမီရှင်များကြားက တိုက်ပွဲခေါ်သံကို အားဖြည့်သည့်အနေဖြင့် ပြိုင်ပွဲဧရိယာတစ်ခုလုံးသည် ရင်ခုန်တက်ကြွမှုအပြည့်နှင့် အားပေးလျက်ရှိကြလေ၏။