ဖုန့်ယွင်၏ စွမ်းအားထုတ်ဖော်ပြသခြင်း
Vol. 2 Ch. 21
အဖွင့်ပြိုင်ပွဲစဥ် အောင်မြင်ချောမွေ့စွာပြီးဆုံးသွားပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံး၏စိတ်အားထက်သန်မှုသည် တစ်ဆင့်တိုး မြင့်တက်သွားလေ၏။
လက်ရွေးစင်အယောက်နှစ်ဆယ်ထွက်ပေါ်လာပြီးနောက် အားလုံး၏အာရုံသည် အဓိကပြိုင်ပွဲ၌သာရှိကြတော့သည်။
လူတိုင်း၏အာရုံသည် အထင်ကရမိသားစုကြီးများမှ မျိုးဆက်သစ်လူငယ်ပြိုင်ပွဲဝင်တို့အပေါ်ကို ကျရောက်သွားပြီး လေထုပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း စိတ်လှုပ်ရှားမှုတို့ပေါက်ကွဲထွက်လာသယောင် ထင်ရလေ၏။
အထင်ကရမိသားစုကြီးများမှ ကိုယ်စားပြုသခင်လေးများသည် တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ထက်သို့လျှောက်လှမ်းတက်ရောက်လာကြလေ၏။ စွမ်းအားထုတ်ဟန်ရေးပြခြင်းမရှိသေးသောအချိန်တွင်ပင် သခင်ငယ်လေးများ၏ ထင်ရှားသောအရှိန်အဝါသည် လေးစားဖွယ်ရာပင်။
မျိုးဆက်သစ်ကိုယ်စားပြုကျင့်ကြံသူတို့ လူလုံးထွက်ပြလိုက်ချိန်တွင် လူအုပ်ကြီးတစ်ခုလုံး ဝိုးခနဲ ဝါးခနဲ အထင်တကြီးဖြစ်သွားခဲ့ကြပြီး လူတိုင်းသည် အနိုင်ရရှိသူကို အမြင်နှင့် ကြိုတင်တွက်ဆခန့်မှန်းကုန်ကြသည်။
အထင်ကရမိသားစုကြီးငါးခုသည် ၎င်းတို့၏ကိုယ်စားပြုအဖြစ် မိသားစုတစ်ခုလျှင် ကိုယ်စားပြုငါးယောက်စီကို စေလွှတ်ကြသည်။ ဖုန့်မိသားစု၏ ကိုယ်စားပြုငါးယောက်မှာမူ ဖုန့်ယွင်၊ ဖုန့်ရှောင်ယု၊ ဖုန့်ကျန်းဟောင်၊ ဖုန့်လျန်းနှင့် နောက်ဆုံးတစ်ယောက်မှာ ဖုန့်မေဖြစ်၏။
ဖုန့်မေသည် ဖုန့်မိသားစုတွင် ဝမ်းတွင်းပါရမီအမြင့်မားဆုံး မိသားစုဝင်တစ်ဦးဖြစ်လေသည်။ ဖုန့်မိသားစုနှင့် အမှန်တကယ်သွေးသားတော်စပ်ခြင်းမရှိသော်လည်း အလားအလာရှိသော သည်ကလေးမကို ဖုန့်ချန်းလျစ်လျူရှုမထားနိုင်ပါချေ။
ဖုန့်ချန်းသည် ဖုန့်မေကို အရိုးသန့်စင်ဆေးလုံးတစ်လုံးနှင့် ကျင့်ကြံရေးအရင်းအမြစ်စွမ်းအင်တစ်ချို့ကို ခွဲဝေပေးခဲ့သည်။ ရလဒ်အနေနှင့် ဖုန့်မေသည် တစ်လအတွင်း အခြေတည်ထောင်ခြင်းအစပြုအဆင့်မှ နောက်ဆုံးအဆင့်ထိ တစ်ရှိန်ထိုး တိုးတက်သွားခဲ့၏၊
ဆိုလိုသည်မှာ ဖုန့်မေသည် ယခုအချိန်တွင် ဖုန့်မိသားစုမျိုးဆက်သစ်လူငယ်များထဲတွင် အင်အားအကြီးဆုံးဖြစ်နေလေပြီ။ ယခင်ကအင်အားအကြီးဆုံးဖြစ်ခဲ့သော ဖုန့်လျန်းကိုပင် ကျော်တက်သွားခဲ့နိုင်ခဲ့တာဖြစ်သည်။
(ထင်တဲ့အတိုင်း ပါရမီပါတဲ့သူတွေက တကယ်ကိုတမူထူးခြားတာပဲ)
ဖုန့်မေ၏ လျင်မြန်သောတိုးတက်လာမှုကြောင်း ဖုန့်ချန်းသည်လည်း စိတ်ကျေနပ်နေသည်။
"ဖုန့်ယွင်၊ ဖုန့်ရှောင်ယု၊ ဖုန့်ကျန်းဟောင်၊ ဖုန့်လျန်းနဲ့ ဖုန့်မေ ဒီနေ့ပြိုင်ပွဲမှာ မင်းတို့မှာရှိသမျှအစွမ်းကုန်ထုတ်သုံးပြီး အတတ်နိုင်ဆုံးကြိုးစားလာခဲ့ကြ နိုင်တာမနိုင်တာကအရေးမကြီးဘူး ဒါပေမယ့် အကယ်၍အနိုင်ရလာခဲ့မယ်ဆိုရင်တော့ ဒီခေါင်းဆောင်က မင်းတို့အတွက် အထူးလက်ဆောင်တစ်ခုပြင်ဆင်ပြီး စောင့်နေမယ်နော်" ဟု ဖုန့်ချန်းမှာကြားလိုက်၏။
သူတို့ထဲကတစ်ယောက်ယောက်နိုင်ရင် ဖုန့်ချန်းက စနစ်ပေးတဲ့ရမှတ်တွေကိုအရယူနိုင်မယ်လေ။ ဒါပေမယ့် ဒါတွေအားလုံးက သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေပဲဆိုတော့ သူ့အနေနဲ့ စနစ်ဈေးဆိုင်ထဲက ထိုက်တန်တဲ့ဆုလာဘ်လေးတစ်ခုလောက် ရွေးချယ်ချီးမြှင့်ရဦးမှာပေါ့။
"မိသားစုခေါင်းဆောင်ကို စိတ်မပျက်စေရအောင် ကျွန်တော်တို့အစွမ်းကုန်ကြိုးစားပါ့မယ်"
ဖုန့်ရှောင်ယု၊ ဖုန့်ကျန်းဟောင်၊ ဖုန့်လျန်းနှင့် ဖုန့်မေတို့သည် ခေါင်းဆောင်ပြင်ဆင်ထားမည်ဆိုသောဆုလာဘ်ကိုစောင့်မျှော်ရင်း စိတ်လှုပ်ရှားစွာ ကတိသစ္စာပြုလိုက်ကြသည်။
ဖုန့်ယွင်ကမူ မျက်နှာထားသိပ်မပြောင်းလဲပဲ အစ်ကိုဖြစ်သူကို ခေါင်းတစ်ချက်သာညိတ်ပြလိုက်သည်။ ဒါပေမယ့် ဒီလူငယ်လေး၏ရင်ထဲမှာ ခိုင်ခိုင်မာမာ စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။
ယနေ့သည် သူ့အတွက် "အမှိုက်ကောင်"ဟူသောနာမည်ပြောင်ကို ဖယ်ရှားပစ်ဖို့ အခွင့်အရေးတစ်ခုပင်။
ယခုမူ ဖုန့်ယွင်သည် လေးစားချီးကျူးဖွယ်ရာပြိုင်ပွဲဝင်တို့ကြားတွင် ဖုန့်မိသားစုကိုယ်စားပြုတစ်ဦးအဖြစ် ရပ်တည်နေရလေပြီ။
ဖုန့်မိသားစု မျိုးဆက်သစ်လူငယ်အဖွဲ့ကို ရှေ့ဆုံးမှဦးဆောင်ဝင်ရောက်လာကတည်းက သူသည် လူအများ၏အာရုံကို ဖမ်းစားနိုင်ခဲ့ပြီးဖြစ်လေ၏။ အထူးသဖြင့် သူ့အရည်အချင်းကို သံသယဝင် ဝေဖန်ပိုင်းခြားကြတဲ့ အာရုံစိုက်မှုတွေပေါ့။
ဒါပေမယ့် ဖုန့်ယွင်တစ်ယောက် စင်မြင့်ထက်ကို တည်ငြိမ်ပြတ်သားသောအမူအရာဖြင့် တက်လှမ်းလာသောအချိန်မှာ လူတိုင်း၏သံသယစိတ်တွေကို ဖိနှိပ်လွင့်စင်စေမည့် အားအင်တစ်မျိုးကို ပုံသွင်းထုဆစ်လိုက်သလိုပင်။
မိသားစုကြီးများမှ ကိုယ်စားပြုပြိုင်ပွဲဝင်များ စင်မြင့်ထက်တွင်နေရာယူပြီးသည်နှင့် ကြည့်ရှုသူပရိတ်သတ်များကြားမှာ တီးတိုးသံများတဖန်ပြန်လည် ဖုံးလွှမ်းသွားလေသည်။
အဓိကပြိုင်ပွဲဝင်များ အပြည့်အဝနေရာယူပြီးသည်နှင့် စင်မြင့်တစ်လွှားတွင် တိုက်ပွဲအငွေ့အသက်များ ပြင်းထန်စွာခြုံလွှမ်းသွားသကဲ့သို့ပင်။
"စင်မြင့်ရော၊ ပြိုင်ပွဲဝင်များပါ ယှဥ်ပြိုင်ဖို့အဆင်သင့်ဖြစ်နေပါပြီ"
အစီအစဥ်ကြေငြာသူက ဆက်၍ပြောသည်။
"အခုဆိုရင်တော့ ပထမဆုံးပြိုင်ပွဲအတွက် ယှဥ်ပြိုင်မယ့်ပြိုင်ပွဲဝင်နှစ်ဦးကို မဲနှိုက်ရွေးချယ်ပြီး ဆုံးဖြတ်ကြမှာဖြစ်ပါတယ်"
ပြိုင်ပွဲဝင်တွေ မဲနှိုက်နေစဥ်မှာ လူအုပ်ကြီးကတော့ ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားနေကြပါပြီ။
မဲနှိုက်ရွေးချယ်မှု ပြီးဆုံးသွားသောအခါ အစီအစဥ်ကြေငြာသူက ပထမဆုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်တွေကို ထုတ်ဖော်ကြေငြာလေသည်။
"ပထမဆုံးပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်နှစ်ဦးကတော့ ဖုန့်ယွင်နဲ့ ဟွမ်ယုပဲဖြစ်ပါတယ်ခင်ဗျား"
ပြိုင်ပွဲဝင်များကို ကြေငြာပြီးသည်နှင့် လူအုပ်ကြီးတစ်ခုလုံးမှာ တီးတိုးသံများ တစ်ဖန်ဖုံးလွှမ်းသွားပြန်သည်။
ဖုန့်ယွင်နှင့် ဟွမ်ယုဆိုသည် နာမည်နှစ်ခုသည် ပြိုင်ပွဲတစ်ခုလုံး၏လေထုကို အကြီးအကျယ်သက်ရောက်နိုင်လေသည်။ ဟွမ်မိသားစု၏ကိုယ်စားပြု၊ မိသားစုငယ်များ၏ မျိုးဆက်သစ်ကျင့်ကြံသူတို့ကြားတွင် အသန်မာဆုံး စွမ်းအားအကြီးဆုံးဟုကျော်ကြားသော ဟွမ်ယုနှင့် အမှိုက်ကောင်ဟု လူတကာကင်ပွန်းတပ်ခြင်းခံထားရသော ဖုန့်ယွင်။
တော်တော်များများကတော့ ဒီပြိုင်ပွဲ၏အရှုံးအနိုင်ဟာ သိသာနေပြီးသားဟု သတ်မှတ်ကြ၏။
"ဟမ့် ကိုယ်နဲ့မထိုက်တန်တဲ့အာဏာပါဝါကို အသုံးပြုထားရင် တစ်နေ့နေ့မှာတော့ ဒါမျိုးကိုကြုံတွေ့ရမှာပဲလေ ဖုန့်ယွင်ဆိုတဲ့အမှိုက်ကောင်က ဖုန့်ချန်းရဲ့ညီဖြစ်နေလို့ ဒီလောက်ကောင်းစားပြီး အာရုံစိုက်ခံနေရတာ အခုတော့ သူ့နေရာသူသိရမယ့်အချိန်ရောက်ပြီ"
"ဘာပဲဖြစ်ဖြစ် အထင်ကရမိသားစုကြီးငါးခုထဲကတစ်ခုရဲ့ ကိုယ်စားပြုပြိုင်ပွဲဝင်က မိသားစုငယ်ကိုယ်စားပြုဆီကနေ အနိုင်ယူဖယ်ထုတ်ခံလိုက်ရတာမျိုး အရင်ကမရှိဖူးဘူး ဒီနေ့တော့ပထမဆုံးအနေနဲ့ ရှိလာတော့မှာပဲ ဖုန့်ယွင်တော့ အရှက်ကွဲတော့မယ်ဟေ့"
ဒီပြိုင်ပွဲမှာ ဖုန့်ယွင်အနိုင်ရလိမ့်မည်ဟု မည်သူမှမထင်မှတ်ထားကြပေ။ မိသားစုကြီးများပင်လျှင် ဖုန့်မိသားစုကံဆိုးလှရှာသည်ဟုတွေးရင်း ကြိတ်ဝမ်းသာနေကြလေ၏၊
သူတို့မိသားစုတွေရဲ့ မျိုးဆက်သစ်ကျင့်ကြံသူများတောင် ဟွမ်ယုနှင့်ရင်ဆိုင်ရလျှင် အခက်အခဲရှိလာနိုင်သည်လေ။ ဒါကြောင့် ပထမဆုံးပြိုင်ပွဲမှာတင် ဖုန့်မိသားစုပြိုင်ပွဲဝင်က ဟွမ်ယုကိုမဲပေါက်သွားတာဟာ သူတို့အတွက်တော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် ကောင်းချီးမင်္ဂလာပင်။
ဒါပေမယ့် ဖုန့်မိသားစုကတော့ အကြီးအကဲများသာမက ကျင့်ကြံသူအငယ်လေးများအပါအဝင် အားလုံးသည် တည်ငြိမ်အေးဆေးနေကြလေသည်။ လူအများပင် သူတို့၏တုံ့ပြန်မှုအပေါ် ခေါင်းစားသွားရသည်အထိ။
"ဟမ့် ဖုန့်မိသားစုကတော့ အတော်လေးဟန်ဆောင်ကောင်းနေကြတာပဲ သူတို့ရဲ့ဒုတိယသခင်လေး အရှက်တကွဲအကျိုးနည်းဖြစ်မှ မျက်ခွက်တွေဘယ်လိုပုံပြောင်းကုန်ကြမလဲဆိုတာ အရသာခံပြီးကိုထိုင်ကြည့်ဦးမယ်"
ယန်ကျန်းက ချိုးချိုးဖဲ့ဖဲ့ပင် ပြောဆိုနေလေသည်။
ဖုန့်ယွင်တစ်လျှောက် စင်မြင့်ပေါ်သို့တက်လှမ်းလာလာချင်းပင် ဟွမ်ယု၏အကြည့်နှင့် ရင်ဆိုင်လိုက်ရသည်။ ဟွမ်ယုသည် ယုံကြည်မှုအပြည့်ရှိနေသောအကြည့်နှင့် ဖုန့်ယွင်ကိုစူးစိုက်ကြည့်နေပြီး မဲ့ပြုံးတစ်ခုကိုလည်း နှုတ်ခမ်းထက်မသိမသာချိတ်ဆွဲထားလေ၏။
ဟွမ်ယု၏မျက်နှာအမူအရာမှာတော့ ဒီပွဲကတော့ပွပေါက်ပဲ ဆိုသည့်အဓိပ္ပာယ်မျိုး ပေါ်လွင်နေ၏၊
ဖုန့်ယွင်ကလည်း တွန့်ဆုတ်နေခြင်းမရှိဘဲ တည်ငြိမ်စူးရှသောအကြည့်ဖြင့် ပြန်ရင်ဆိုင်လိုက်လေသည်။
ပြိုင်ပွဲဝင်နှစ်ဦးသည် သင့်တော်သောအကွာအဝေးတစ်ခုတွင် မျက်နှာချင်းဆိုင်ရပ်နေကြပြီး စင်မြင့်သည်လည်း တိုက်ခိုက်ဖို့အသင့်ဖြစ်နေလေပြီ။
ဒိုင်လူကြီးသည် လက်တစ်ဖက်ကိုမြှောက်လိုက်ပြီး ပြိုင်ပွဲဝင်နှစ်ဦးကို ပြင်ဆင်စရာရှိတာပြင်ဆင်ထားဖို့ အချက်ပြလိုက်သည်။
ဟွမ်ယုနှင့်ဖုန့်ယွင်တို့သည် တိုက်ခိုက်ရန်အသင့်အနေအထားတစ်ခုသို့ ပြင်ဆင်လိုက်ကြသည်။ တိုက်ပွဲစသည်နှင့် တစ်ဟုန်ထိုးရှေ့တက်နိုင်ရန် အသင့်ဖြစ်နေသောအနေအထားပင်။
ဟွမ်ယု၏လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းသည် အသေးစိတ်ပြီး တိကျသပ်ရပ်လှသည်။ တစ်ဖက်က ဖုန့်ယွင်မှာတော့ ပြိုင်ပွဲကို သိပ်ပြီးစိတ်ဝင်စားလေဟန်ပင်မရှိ။
ဟွမ်ယုကတော့ ဖုန့်ယွင်တစ်ယောက် စလာကတည်းက အရှုံးပေးချင်နှင့်ပြီဟု ယူဆလိုက်ပြီး ပို၍ပင်မာန်တက်လာလေတော့သည်။
ဒိုင်လူကြီး၏စကားသံသည် ပြတ်သားထက်ရှစွာထွက်ပေါ်လာလေပြီ။
"တိုက်ပွဲ စ"
တိုက်ပွဲကို ချက်ချင်းစတင်ရမည့်အစား ဟွမ်ယုသည် မဲ့ပြုံးတစ်ချက်နှင့် စကားပြောလာသည်။
"ဖုန့်ယွင် မင်းအကြောင်းကိုငါသိပါတယ် မင်းကငါ့ထက်အသက်ငယ်ပြီး အင်အားချင်းကလည်း ယှဥ်စရာကိုမဟုတ်ဘူးလေ ဒီအချိန်မှာလက်နက်ချလိုက်ရင် သိပ်ပြီးအရှက်ကွဲမှာမဟုတ်ဘူးနော်"
ဟွမ်ယု၏စကားသံသည် ထေ့ငေါ့လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေလေသည်။
ဟွမ်မိသားစုနဲ့ ဖုန့်မိသားစုကြားမှာ ထိပ်တိုက်တွေ့ခဲ့တာမျိုး တစ်ခါမှမရှိခဲ့ပေမယ့် ဟွမ်မိသားစုကတော့ ဖုန့်မိသားစုကို ပြိုင်ဘက်တစ်ယောက်အဖြစ် သဘောထားလေ၏၊
အထင်ကရမိသားစုကြီးငါးခုပြီးလျှင် ဒုတိယအားအကြီးဆုံးဖြစ်သော ဟွမ်မိသားစုသည် ဖုန့်မိသားစုနေရာကို အစဥ်အမြဲမျက်စောင်းထိုးလာခဲ့တာဖြစ်သည်။
ဖုန့်မိသားစုက မိသားစုကြီးငါးခုထဲမှာ အားအနည်းဆုံးဖြစ်သောကြောင့် ၎င်းတို့ကိုသာဆွဲချနိုင်လျှင် ဟွမ်မိသားစု၏တက်လမ်းမှာ ချောမွေ့ဖြောင့်ဖြူးနေမှာ အသေအချာပင်။
ဒါပေမယ့် ဟွမ်မိသားစုခေါင်းဆောင် ချီအရည်ဖွဲ့ခြင်းအဆင့်ကို မချိုးဖျက်နိုင်သေးသရွေ့ ဖုန့်မိသားစုခေါင်းဆောင်ဖုန့်ချန်းကို စိန်ခေါ်ဖို့ရာ မဖြစ်နိုင်သေးပေ။
သို့ပေမယ့် မျိုးဆက်သစ်ကျင့်ကြံသူချင်း ယှဥ်ကြည့်လိုက်လျှင်တော့ ဟွမ်မိသားစုက ဖုန့်မိသားစုထက် အမြဲတစ်ပန်းသာနေသည်မဟုတ်ပါလော။
ဒါကြောင့်ပဲ ဟွမ်ယုက ဖုန့်ယွင်ကို ဒီလိုလှောင်ပြောင်စိန်ခေါ်နေခြင်းဖြစ်သည်။ ဖုန့်ယွင်ဆိုတဲ့ကောင်က သနားစရာတော့ကောင်းလှပေမယ့် သူရဲဘောကြောင်တဲ့ အမှိုက်သရိုက်ကောင်ဖြစ်နေတာတော့ အမှန်အကန်ပဲလေ။
"ဟားဟားဟားဟား"
တစ်ချိန်လုံးငြိမ်သက်နေခဲ့သော ဖုန့်ယွင်သည် ကမ္ဘာပေါ်က အရယ်ရဆုံးပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်နှယ် ဟက်ဟက်ပက်ပက် ထရယ်လေသည်။
"ဟွမ်ယုရာ ငါ့ကိုအရှုံးပေးစေချင်တယ်ဆိုရင် ဟန်ရေးပြနေတာတွေတော်ပြီး ဓားကိုအရင်ထုတ်သုံးကြည့်ပါ့လား" ဖုန့်ယွင်က ပြုံးရွှင်စွာပင် တုံ့ပြန်၏။
"ဟမ့် ငါမင်းကိုအခွင့်အရေးပေးခဲ့တာမှတ်ထားပါ မယူတာမင်းပဲ"
ဟွမ်ယုသည် အချိန်ဖြုန်းမနေတော့ပေ။ လျင်မြန်အားကောင်းလှသော တိုက်ကွက်တွေကို အစဥ်လိုက်ထုတ်သုံးပြီး တစ်ဟုန်ထိုးတိုက်ခိုက်တော့၏။ လှုပ်ရှားမှုတိုင်းသည် သဲသဲကွဲကွဲမမြင်ရလောက်အောင်ထိလျင်မြန်ပြီး စွမ်းအားအပြည့်ရှိလှသည်။
သို့ပေမယ့် ဖုန့်ယွင်ဟာ ဟွမ်ယု၏တိုက်ကွက်တိုင်းကို လွယ်လင့်တကူပင်ရှောင်တိမ်းနိုင်လေသည်။
ချွင် ချွင်
ဟွမ်ယု၏ထိုးစစ်က အဆက်မပြတ်ပင်။ ဖုန့်ယွင်၏ခံစစ်ကလည်း တစ်ကွက်မှအကြောမပေးပေ။
ဟွမ်ယုသည် အမှန်တရားတစ်ခုကို နားလည်သိရှိလိုက်ပုံပေါ်ပြီး မျက်လုံးများသည်လည်း အံ့သြမှုဖြင့်ပြူးကျယ်လာလေသည်။
"မင်း မင်းလည်း အခြေတည်ထောင်ခြင်း အလယ်အလတ်ဆင့်ကို ရောက်နေပြီးသားမလား"
ဟွမ်ယု၏အမေးစကားသည် ထိတ်လန့်မှုဖြင့် အဖျားခတ်တုန်ရီနေသည်။
ဟွမ်ယုသည် ဦးဆုံးထိုးစစ်တိုက်ကွက်တစ်ချို့နှင့်ပင် ဖုန့်ယွင်သည်လည်း သူနှင့်အဆင့်တူ အခြေတည်ထောင်ခြင်း အလယ်အလတ်ဆင့်ကို ရောက်ရှိနေပြီဆိုတာ သိနားလည်လိုက်သည်။
ဟွမ်ယု၏စကားသံက ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသောအခါ လူအုပ်ကြီးသည် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများပေါင်းစပ်နေသော တီးတိုးသံများဖြင့် ပွက်လောရိုက်ကုန်ကြတော့သည်။
"နေပါဦး သူပြောလိုက်တာ ဖုန့်ယွင်က အခြေတည်ထောင်ခြင်းအလယ်အလတ်ဆင့်ကိုရောက်နေပြီ ဟုတ်လား"
"မဖြစ်နိုင်တာ သူ့ကို ချီစုဆောင်းခြင်းအလယ်အလတ်ဆင့်မှာပဲရှိသေးတယ် ထင်ထားတာကို ဘယ်လိုလုပ်ဒီလောက်အမြန်ကြီး အဆင့်တက်လာနိုင်မှာလဲ"
"ဟွမ်ယုရဲ့တိုက်ကွက်တွေကို အလွယ်လေးတိမ်းရှောင်နေနိုင်တာ မဆန်းတော့ပါဘူး အဆင့်တက်လာတာနဲ့ အရာအားလုံးပြောင်းလဲသွားတာပဲ"
"ဖုန့်ယွင်က တကယ်ကြီး အဲ့အဆင့်ထိတက်သွားတာလား မဟုတ်သေးပါဘူးကွာ"
ပရိတ်သတ်ထုကြီးဟာ အံ့သြမှင်သက်စွာနှင့်ပင် တစ်ဦးမျက်နှာတစ်ဦးကြည့်မိလိုက်ကြသည်။ ယခင်ကထားရှိခဲ့သော သံသယစိတ်များဟာလည်း တစ်မုဟုတ်ချင်း အငွေ့ပျံပျောက်ကွယ်သွားလေပြီ။
အချင်းချင်း ဆွေးနွေးငြင်းခုန်သံများဟာလည်း တစ်စထက်တစ်စကျယ်လောင်လာကြ၏။ သူတို့၏လေသံထဲတွင် စိတ်လှုပ်ရှားမှုများနှင့်အတူ မယုံကြည်နိုင်သောအငွေ့အသက်တွေလည်း ရောနှောနေသည်။
ကွင်းပြင်တစ်ဖက်တွင်နေရာယူထားသော မိသားစုကြီးငါးခုမှ မိသားစုဝင်များသည်လည်း တွေ့မြင်လိုက်ရသောအခြေအနေကြောင့် ပရိတ်သတ်များနည်းတူ အံ့သြထိတ်လန့်သွားခဲ့ကြသည်။
သူတို့၏ထက်ရှသော အာရုံခံစားမှုနှင့်ဆိုလျှင် ဟွမ်ယု၏တိုက်ကွက်များကိုကာကွယ်နေသော ဖုန့်ယွင်၏အဆင့်ကို ဘယ်လိုလုပ်မသိရှိဘဲနေပါမည်နည်း?
"ချီးပဲ ဖုန့်ယွင်ကဘယ်လိုလုပ် အဲ့လောက်အားကောင်းနေရတာလဲ" ယန်ကျန်းက အံကြိတ်သံဖြင့်ပြောလိုက်သည်။ သူ့အသံတွင် အလိုမကျမှုများလည်း ထင်ဟပ်နေ၏။
လူတိုင်း၏အံ့သြမှင်သက်မှုများမှာ ဖုန့်ယွင်၏ ယခင်က အမှိုက်ကောင် အခြေအနေတစ်ခုတည်းကြောင့်မဟုတ်။ သူ၏ အသက်အရွယ်ကြောင့်လည်း ပါဝင်၏။
၁၆နှစ်အရွယ်မှာတင် အခြေတည်ထောင်ခြင်း အလယ်အလတ်ဆင့်ကိုရောက်ရှိနေပြီဖြစ်သော ဖုန့်ယွင်သည် ပထမတန်းစားအဖွဲ့အစည်းများမှ ပါရမီရှင်များဖြင့်ပင် ယှဥ်နိုင်လောက်လေသည်။
ကျောက်နှင့် လျိုမိသားစု ခေါင်းဆောင်များသည်လည်း မျက်နှာမကောင်းကြပေ။ ဤသူငယ်လေးဖုန့်ယွင်ကြီးပြင်းလာသောအခါ ဘယ်လောက်ထိကြောက်စရာကောင်းလိမ့်မည်မှန်း သူတို့မှန်းဆလို့ရနေသည်လေ။ အစ်ကိုဖြစ်သူဖုန့်ချန်းကိုသာ ကြည့်လိုက်ပါတော့။
(ဖုန့်မိသားစုမှာ နောက်ထပ်ဖုန့်ချန်းတစ်ယောက် ထပ်ပေါ်လာလို့မဖြစ်ဘူး)
သူတို့အားလုံး၏ဦးနှောက်ထဲမှာ တူညီသောအတွေးတစ်ခုသာရှိလေ၏။
ဖုန့်ချန်း၏မျက်နှာသည် တည်ငြိမ်အေးဆေးနေပုံပေါ်ပေမယ့် တစ်လက်လက်တောက်ပနေသောအကြည့်များကိုမူ ဖုံးကွယ်မထားခဲ့ပါချေ။
(ဒီနေ့ကစပြီး မင်းကို ဘယ်သူမှအထင်သေးရဲမှာမဟုတ်တော့ဘူး ငါ့ညီ)
ဖုန့်ချန်းတွေးလိုက်သည်။ ရင်ထဲမှအလုံးကြီး ကျသွားသလိုပင်။ ညီဖြစ်သူကို တိုးတက်လာအောင် ကူညီမပေးနိုင်ခဲ့သည့်အတွက် ဖုန့်ချန်းမှာ အစဥ်အမြဲ အပြစ်မကင်းသလိုခံစားခဲ့ရသည်။ အခုတော့ ဒါတွေအားလုံးကို စိုးရိမ်စရာမလိုတော့ပါ။
ငါ့ညီလေးက အဓိကဇာတ်ကောင်ပဲလေ။