← Chapters

ဖုန့်မိသားစု၏ အင်အားပြခန်း

Vol. 2 Ch. 22

ဖုန့်မိသားစု၏ အင်အားပြခန်း

Vol. 2 Ch. 22

ဟွမ်ယု၏ယုံကြည်မှုများ လဲပြိုစပြုလာသည်။ အလျှော့မပေးချင်စိတ်နှင့်အတူ အံကြိတ်ကာစိတ်တင်းလိုက်၏။

"စွမ်းအားတွေကိုဖုံးကွယ်ထားတော့ရောဘာထူးမှာလဲ နောက်ဆုံးမှာအနိုင်ရမယ့်သူကငါပဲလေ"

ဟွမ်ယုဟာ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချမှတ်လိုက်ပြီး ဓားသွားကို လေထဲမှာ လျင်မြန်တိကျစွာ ဝှီးခနဲလွှဲယမ်းလိုက်သည်။

ဒီတစ်ခေါက်မှာတော့ ဖုန့်ယွင်ဟာ သူ့ဓားချက်ကိုရှောင်တိမ်းရုံသာမက တန်ပြန်တိုက်ခိုက်လာခဲ့သည်။

ဓားသွားနှစ်ချက်ထိခတ်သံက ပြိုင်ပွဲကွင်းတစ်ခုလုံးသို့ ပျံ့နှံ့လာခဲ့သည်။

ဓားချက်တစ်ချက်ရိုက်ခတ်မှုတွင် ဖုန့်ယွင်မှာ နဂိုအနေအထားအတိုင်း မူမပျက်ရှိနေသေးသော်လည်း ဟွမ်ယုမှာမူ ငါးမီတာခန့်မျှ လွင့်စင်ထွက်သွားလေသည်။

ဤဖြစ်ရပ်ကိုမျက်မြင်တွေ့လိုက်ရသော လူအုပ်ကြီးမှာလည်း အံ့သြဘနန်းဖြစ်သွားရ၏။

ဖုန့်ယွင်က အခြေတည်ထောင်ခြင်းအလယ်အလတ်ဆင့်ကို ‌ရောက်နေရုံသာမက၊ ဟွမ်ယုထက်ပါ အင်အားကြီးနေသေးသည်လေ။

ဖုန့်ယွင်ဆိုတဲ့ အမှိုက်ကောင်က ဒီလိုစွမ်းအားမျိုးကို ဖုံးကွယ်ထိန်းသိမ်းထားလိမ့်မယ်လို့ ဘယ်သူမှမတွေးခဲ့မိကြပါ။

ဟွမ်ယုသည် အံတစ်ချက်ထပ်ကြိတ်လိုက်ပြီး ရှိသမျှအားအင်ကုန်ထုတ်သုံး၍ ဖုန့်ယွင်ကိုနောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်လာပြန်သည်။ သူတတ်သမျှထဲက အင်အားအပြင်းဆုံးနည်းလမ်းကိုပင် ထုတ်သုံးတိုက်ခိုက်ခဲ့ပေမယ့် ဖုန့်ယွင်ဆိုသူကို နေရာမှရွေ့အောင်ပင် မစွမ်းဆောင်နိုင်ခဲ့ပါပေ။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ဟွမ်ယုက လေသံလေးဖြင့်ရေရွတ်မိ၏။ သူ့နဖူးစပ်တွင်လည်း ချွေးစများသီးနေလေပြီ။

"ငါက မျိုးဆက်သစ်ကျင့်ကြံသူတွေထဲမှာ အသန်မာဆုံးပဲ ဒီလောက်နဲ့တင် ရှုံးနိမ့်သွားမှာမဟုတ်ဘူး"

ဒါပေမယ့် ငြင်းဆန်မရတဲ့အမှန်တရားတစ်ခုကတော့ ဒီတိုက်ပွဲမှာ ဖုန့်ယွင်၏စွမ်းအားက အလေးသာနေသည်ဆိုတာပင်။ အစပိုင်းမှာသိသာနေခဲ့သောအနိုင်အရှုံးက ဘက်ပြောင်းသွားတာကို ကြည့်ရှုသူအားလုံးလည်း ရှင်းရှင်းလင်းလင်းနားလည်လိုက်ကြသည်။ ဖုန့်ယွင်ဆိုသည့်အမှိုက်ကောင်က လုံးဝအသုံးမကျတာတော့ မဟုတ်ပေ။

ဖုန့်ယွင်ဘက်က ထိုးစစ်ရယ်လို့ မယ်မယ်ရရမဆင်ရသေးသော်လည်း ဟွမ်ယုတစ်ယောက်ကတော့ အားနည်းသည်ထက်နည်းလာပြီဖြစ်သည်။ ဒီလိုသာဆက်သွားနေလျှင် ဖုန့်ယွင်ထက် သူအရင်အားအင်ကုန်ခမ်းသွားမှာ သိသာနေလေပြီ။

"ဒီလောက်ဆိုလုံလောက်ပြီထင်တယ် မြေကမ္ဘာပြိုကွဲလက်ဝါးသိုင်း!"

ဖုန့်ယွင်၏တိုက်ကွက်သည် အလင်းအလျင်ဖြင့် ထိုးဖောက်လာလေသည်။ ဟွမ်ယုတစ်ယောက် တုံ့ပြန်ဖို့ပင် အချိန်မရှိလိုက်ဘဲ ဝမ်းဗိုက်ပိုင်းမှာ တိုက်ခိုက်ခံလိုက်ရလေ၏၊

ဟွမ်ယု၏လက်ကိုင်ဓားသည် မြေပြင်ပေါ်သို့ ပေအနည်းငယ်အကွာထိ လွင့်စင်ထွက်သွားလေသည်။ သူကိုယ်တိုင်သည်လည်း မှောက်ရက်လဲသွားသည့် အနေအထားမှာပင်။

ပြိုင်ပွဲတစ်လျှောက်လုံး ပြူးကျယ်သောမျက်လုံးများဖြင့် မျက်ချေမပြတ်စောင့်ကြည့်နေသော ဒိုင်လူကြီးသည် လျှင်မြန်စွာရှေ့တက်လာပြီး ပြောလိုက်သည်။

"ပထမဆုံးပြိုင်ပွဲရဲ့ အနိုင်ရရှိသူကတော့ ဖုန့်မိသားစုရဲ့ ဖုန့်ယွင်ပဲဖြစ်ပါတယ်"

ပြိုင်ပွဲကွင်းတစ်ခုလုံး အားပေးလက်ခုပ်သံများဖြင့် ပြည့်လျှံသွားလေတော့၏။ လူအုပ်ကြီးထံမှ သံသယအငွေ့အသက်များနေရာတွင် လေးစားအားကျမှုများ ချီးကျူးသံများ အစားထိုးဝင်ရောက်လာတော့သည်။

"ဖုန့်ယွင် ဖုန့်ယွင်"

"ငါမပြောဘူးလား ဖုန့်ချန်းရဲ့ညီက အမှိုက်ကောင်တော့မဟုတ်လောက်ပါဘူးလို့"

"လူလိမ်ကောင် မင်းဘယ်တုန်းကပြောခဲ့တာကျ"

"ဖုန့်ယွင် ဖုန့်ယွင်"

ကြောင်အနေသောပရိတ်သတ်များ အသိဝင်လာသည်နှင့် အားပေးသံများမှာလည်း ပို၍ကျယ်လောင်လာကြသည်။ အော်ဟစ်အား‌ပေးသံများ တစ်ညီတစ်ညာတည်းပေါင်းစည်းသွားပြီး ပြည့်ဝသောအားမာန်တို့ကို ခံစားရရှိစေသည်။

ပြိုင်ပွဲတစ်လျှောက်လုံး ယုံကြည်မှုအပြည့်ဖြင့် တည်ငြိမ်စွာစောင့်ကြည့်ခဲ့ကြသော ဖုန့်မိသားစုဝင်များမှာ ယခုတော့ ပြုံးရွှင်စွာဖြင့် သူတို့သခင်လေး၏အောင်ပွဲကို ဂုဏ်ပြုအားပေးနေကြလေ၏။

အပြင်လူတွေက ဖုန့်ယွင်၏စွမ်းအားကို ယခုမှကြုံတွေ့ဖူးကြပေမယ့် သူတို့ကတော့ ကြုံဖူးပြီးသားဖြစ်ပါသည်။ ဖုန့်သခင်လေး၏စွမ်းအားကို သူတို့ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရစဥ်ကလည်း အံ့သြထိတ်လန့်သွားခဲ့ရတာပါပဲ။

စေ့စပ်ကြောင်းလမ်းခြင်းကတိ ဖျက်သိမ်းခံရပြီးချိန်မှစ၍ ဖုန့်ယွင်၏စွမ်းအားများဟာ တစ်ဟုန်ထိုးတိုးတက်လာခဲ့တာဖြစ်သည်။ ဖုန့်ယွင်ဟာ တစ်နေ့မှာတော့ သူ့ရဲ့ဝမ်းတွင်းပါရမီကို လှုပ်နှိုးနိုင်လိမ့်မယ်လို့ ဖုန့်မိသားစုတစ်ခုလုံးက ယုံကြည်ထားပေမယ့် ဒီလောက်ထိအားပြင်းလိမ့်မယ်လို့ထင်မထားခဲ့တာတော့ အမှန်ပင်။

ဖုန့်မိသားစု ကိုယ်စားပြုပြိုင်ပွဲဝင်တွေကို ရွေးချယ်စဥ်ကတည်းကဖြစ်၏။ ဖုန့်ယွင်ဟာ အခြေတည်ထောင်ခြင်း အလယ်အလတ်ဆင့်နှင့် အားလုံးကိုအံ့သြစေခဲ့ရုံသာမက ဖုန့်မျိုးဆက်သစ်များထဲမှ အင်အားအကြီးဆုံးသော ဖုန့်လျန်းကိုပါ အနိုင်ယူခဲ့လေသည်။

ချီးကျူးအားပေးသံများက ကွင်းပြင်တစ်ခုလုံးကို ပဲ့တင်ထပ်နေပြီး ဖုန့်ယွင်ကတော့ စင်မြင့်အလယ်တွင့် တည်ငြိမ်‌အေးဆေးစွာပင် မတ်မတ်ရပ်နေသည်။

(၁၆နှစ်၊ ၁၆နှစ်တောင်ရှိသွားပြီ)

ဖုန့်ယွင်တစ်ယောက် အားနည်းလှသောကျင့်ကြံဆင့်ကြောင့် လူအများ၏လှောင်ပြောင်သရော်မှုများကို ခေါင်းငုံ့ခံခဲ့ရသည်မှာ ၁၆နှစ်တိုင်တိုင်ပင် ကြာမြင့်ခဲ့လေပြီ။ သူ၏အသုံးမကျမှုကြောင့် ဖုန့်မိသားစုမှာ လူတကာအထင်သေးလှောင်ပြောင်ခြင်းကို သည်းခံခဲ့ရသည်။ အစ်ကိုဖြစ်သူ၏မွေးနေ့တွင် သတို့သမီးလောင်းမှ လာရောက်အရှက်ခွဲသွားသောဖြစ်ရပ်သည်လည်း သူ့ညံ့ဖျင်းမှု၏ အကျိုးဆက်တစ်ခုပင်။

ဒါပေမယ့် အခုချိန်ကစပြီး အရာအားလုံး ပြောင်းလဲရပေတော့မည်။

ဖုန့်ယွင် ဖုန့်မိသားစုနေရာယူထားသော သီးသန့်စင်မြင့်ထက်သို့ လှမ်းမျှော်ကြည့်ရှုလိုက်သောအခါ ဂုဏ်ယူဝမ်းသာမှုများထင်ဟပ်နေသော ခံစားချက်အပြည့်မျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်နေသော အစ်ကိုကြီးဖုန့်ချန်းကို တွေ့လိုက်ရလေသည်။

ညီအစ်ကိုနှစ်ဦး အကြည့်ချင်းဆုံသွားသခိုက်တွင် ကျယ်လောင်လှသောအားပေးသံများမှာ တစ်မုဟုတ်ချင်းလွင့်ပြယ်သွားခဲ့ပြီး သူတို့နှစ်ဦး၏စိတ်နှလုံးများသာ ချိတ်ဆက်ကျန်ရှိခဲ့သယောင်ပင်။

ဖုန့်ယွင်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။ ခိုင်မာသော စိတ်ဆုံးဖြတ်ချက်ကြောင့် နှလုံးသွေးများပင်ပွက်ပွက်ဆူနေသယောင် ခံစားရလေသည်။

ဒီအခိုက်အတန့်လေးကိုရောက်ရှိဖို့ သူသည် တစ်ဘဝလုံးစောင့်ဆိုင်းခဲ့ရသည်ပင်။ လှောင်ပြောင်သရော်သံများကိုလည်း အံကြိတ်သည်းခံခဲ့ရသည်။ နောက်ဆုံးတွင် သူ၏ကြိုးစားအားထုတ်မှုများကို တစ်လောကလုံးရှေ့မှောက်တွင်သာမက သူ့ကိုတစ်ချိန်လုံးယုံကြည်ချစ်ခင်ခဲ့တဲ့ အစ်ကိုကြီးရှေ့တွင်ပါ သက်သေပြနိုင်ခဲ့လေပြီ။

ဖုန့်ယွင်သည် ဖုန့်ချန်းထံမှ အားပေးထောက်ပံ့မှုများသာမက စိတ်ဓာတ်မြှင့်တင်ပေးသည့် စကားအမျိုးမျိုးကိုလည်း မကြာခဏနားထောင်ခဲ့ရ၏။

သူ့အစ်ကိုကြီးက ဖုန့်ယွင်မှာ အဓိကဇာတ်ကောင်တစ်ဦး၏ အထူးအရည်အသွေးတွေပဲရှိနေသည်ဟူသော အဓိပ္ပာယ်မရှိတဲ့စကားတွေကိုလည်း လျှောက်ပြောတတ်သေးသည်။

ဖုန့်ယွင်တစ်ယောင် ထေ့ငေါ့လှောင်ပြောင်မှုတွေကိုလျစ်လျူရှုရင်း အားမလျှော့ပဲဆက်လက်ကြိုးစားခဲ့သည့်အကြောင်းရင်းမှာလည်း ထိုလူတွေမှားနေကြောင်းသက်သေပြနိုင်ဖို့မဟုတ်ဘဲ သူ့အစ်ကိုမှန်ကန်ကြောင်းသက်သေပြချင်လို့သာပင်။

"ဒါက အစပဲရှိပါသေးတယ် အစ်ကိုကြီး နောက်ပိုင်းလာမယ့်တိုက်ပွဲတိုင်းမှာလည်း အနိုင်ရရှိသူဟာ ကျွန်တော်ပဲဖြစ်ရပါစေ့မယ် ဖုန့်မိသားစု တစ်ဖန်ပြန်လည်ထွန်းထောက်ချိန်ကို ကျွန်တော်သေချာပေါက် အရယူပေးပါမယ်"

ဖုန့်ချန်း၏အကြည့်များက နူးညံ့ညင်သာနေပြီး ကျေနပ်ဂုဏ်ယူသော အပြုံးလေးတစ်ခုကို နှုတ်ခမ်းထောင့်တွင် ချိတ်ဆွဲထားလေသည်။

(ဒီကောင်စုတ်လေးကတော့ အဓိကဇာတ်ကောင်ပီပီ သောက်ကျိုးနည်း အကြီးကြီးတစ်ခုလုပ်လိုက်ပြီပဲ) ဟု ဖုန့်ချန်းတွေးနေမိသည်။

အခြားမိသားစုများ၏ သီးသန့်နေရာဘက်ကို လှည့်ကြည့်လိုက်ချိန်မှာတော့ ခေါင်းဆောင်ဖုန့်၏အကြည့်များဟာ တစ်ဖန်ပြန်လည်တင်းမာသွားလေ၏။ ဒီပြိုင်ပွဲအပြီးမှာ သူတို့ဘက်က ဖုန့်ယွင်ကို သေချာပေါက် သတိထားစောင့်ကြည့်လာကြမှာ မလွဲပေ။

သတိထားစောင့်ကြည့်ရုံလောက်ဆို စိတ်ပူစရာမရှိပေ။ ဖုန့်ယွင်အပေါ် မကောင်းတဲ့အကြံအစည်တွေ ရှိလာကြမှာကို သူစိုးရိမ်ခြင်းဖြစ်သည်။

ပြိုင်ပွဲအစမှာ မိုးလောက်မြင့်မားခဲ့ကြသော ဟွမ်မိသားစု၏ယုံကြည်မှုသည် ဖုန့်ယွင်၏ အင်အားလွှမ်းမိုးမှုအောက်တွင် တစ်စစီကွဲကြေပျက်စီးခဲ့ကြလေပြီ။

တစ်ဖက်ပြိုင်ပွဲဝင်ကိုကြည့်ပြီး ကျေနပ်အားရမှုအပြည့်ဖြစ်နေခဲ့ကြသော ဟွမ်ယုထောက်ခံသူများ၏ မျက်နှာအမူအရာတို့သည်လည်း မတည်မငြိမ်ဖြစ်ကုန်ကြလေပြီ။

ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ကတော့ မလွယ်ကူပေသိ ထိပ်ဆုံးငါးယောက်ထဲကိုဝင်နိုင်ဖို့ကတော့ သခင်လေးဟွမ်ယုအတွက် သိပ်မခက်ခဲလောက်ဟု ဟွမ်မိသားစုက ခန့်မှန်းတွက်ချက်ခဲ့ကြသည်။ ခုတော့ ဟွမ်သခင်လေးမှာ အဓိကပြိုင်ပွဲစဥ်၏ ပထမဆုံးပြိုင်ပွဲနှင့်ပင် ထုတ်ပယ်ခံလိုက်ရလေ၏၊

ဟွမ်မိသားစုမှ အခြားကိုယ်စားပြုကျင့်ကြံသူများမှာ သိပ်ပြီးစွမ်းအားမကြီးလှဘဲ ထိပ်ဆုံး၁၆ယောက်အတွင်းသို့ဝင်ဖို့ပင် ကျားကုတ်ကျားခဲကြိုးစားရမည့်အနေအထားဖြစ်သည်။

ပါရမီရှင်ယှဥ်ပြိုင်ပွဲမှုတစ်ဆင့် ဂုဏ်သတင်းကျော်ကြားမှုကိုအရယူရန် ရည်ရွယ်ထားသော ဟွမ်မိသားစု၏အစီအစဥ်သည် ဖုန့်ယွင်၏လက်ချက်နှင့် ကျိုးကြေပျက်စီးသွားခဲ့ရသည်။

စိတ်နှလုံးမကြည်လင်မှုများစွာနှင့် ပထမဆုံးပြိုင်ပွဲကို အဆုံးသတ်ပြီးနောက် နောက်ပြိုင်ပွဲများကို အစဥ်လိုက်ဆက်လက်ကျင်းပကြသည်။

ပြိုင်ပွဲဝင်များသည် အင်အားကုန်သုံး၍ တိုက်ခိုက်ယှဥ်ပြိုင်ကြ၏။ များသောအားဖြင့် အထင်ကရမိသားစုကြီးများ၏ ကိုယ်စားပြုကျင့်ကြံသူများက အနိုင်ရကြပြီး ဖုန့်မိသားစုသည်လည်း တစ်ခုအပါအဝင်ပင်။

ဖုန့်မိသားစုမှ ကိုယ်စားပြုကျင့်ကြံသူတို့၏ အနိုင်ယူမှုများမှာ ကွဲပြားသောလွှမ်းမိုးနိုင်စွမ်းတို့ရှိကြလေသည်။ အထူးသဖြင့် ဖုန့်မေသည် အခြေတည်ထောင်ခြင်း အစောပိုင်းအဆင့်ရှိ တစ်ဖက်ပြိုင်ပွဲဝင်မိန်းကလေးကို တိုက်ကွက်တစ်ကွက်တည်းဖြင့် အလွယ်တကူ အနိုင်ပိုင်းခဲ့လေ၏။

"ဒီ ဒီဖုန့်မိသားစုက အတော်လေးကိုစွမ်းအားကြီးတာပဲ"

"မိသားစုကြီးငါးခုထဲမှာ အားအနည်းဆုံးမိသားစုက အင်အားကြီးမျိုးဆက်သစ်တွေ ဒီလောက်အများကြီးမွေးထုတ်နိုင်တယ်တဲ့လား ယုံတောင်မယုံနိုင်ဘူးကွာ"

"ဘာကိုအားအနည်းဆုံးလဲ ဖုန့်မိသားစုက အင်အားအကြီးဆုံးဆိုတာ အသိသာကြီးပဲကို၊ ငါပြောရဲတယ် ဒီနှစ်ပါရမီရှင်ယှဥ်ပြိုင်ပွဲမှာ ဖုန့်မိသားစုဗိုလ်စွဲလိမ့်မယ်"

"ဟမ့် သူတို့အင်အားဘယ်လောက်ကြီးကြီး သခင်လေးကျောက်ထျန်းမင်းကိုတော့ ဘယ်နည်းနဲ့မှ အနိုင်ယူနိုင်မှာမဟုတ်ဘူး"

ဖုန့်မိသားစု၏ မျိုးဆက်သစ်ပြိုင်ပွဲဝင်များသည် အမှန်တကယ်ပင် အင်အားကြီးမားကြပေသည်။ ကျန်သူများ၏ပြိုင်ဘက်တွေက ဟွမ်ယုလောက် အင်အားမကြီးကြသည့်တိုင် အချိန်တိုအတွင်း အနိုင်တိုက်နိုင်မှုက အထင်ကြီးဖွယ်ဖြစ်၏။ သို့ပေမယ့် အခြားမိသားစုကြီးများမှ ပါရမီရှင်သခင်လေးများအတွက်လည်း ထိုနည်းတူပင်။

ကျောက်ထျန်းမင်းနှင့် ယန်ကျိဟောင်တို့သည်လည်း ပြိုင်ပွဲတိုင်းကို တိုက်ကွက်တစ်ကွက်လောက်ဖြင့် အပြီးသတ်နိုင်ကြလေသည်။

ပြိုင်ပွဲများတစ်ခုပြီးတစ်ခု ပြီးစီးသွားပြီး အင်အားအကြီးမားဆုံးသူများသာ တစ်ဖြည်းဖြည်းကျန်ရှိခဲ့ချိန်တွင် ပြိုင်ပွဲကွင်းတစ်ခုလုံး၏အခြေအနေမှာ ပို၍တင်းမာလာသည်။ လေထုထဲတွင် ပျံ့နှံ့ဝေ့ဝဲနေသော တစ်ခုတည်းသောမေးခွန်းမှာ ဒီနှစ်၏ ပါရမီရှင်ယှဥ်ပြိုင်ပွဲတွင် မည်သည့် အိမ်တော်၊ သခင်လေး/သခင်မလေးက အောင်နိုင်သူဆုတံဆိပ်ကို ဆွတ်ခူးရရှိနိုင်မည်နည်း ဟုဆိုလေသည်။

All Chapters