ဖုန့်မေနှင့် ဝမ်ရို့ရွှယ်
Vol. 2 Ch. 23
ဒုတိယပြိုင်ပွဲစဥ်ကတော့ မျှော်လင့်ထားသည့်အတိုင်းပင်။ အနိုင်ရရှိသူအများစုမှာ အထင်ကရမိသားစုကြီးငါးခု၏ ကိုယ်စားပြုကျင့်ကြံသူများဖြစ်ပြီး တိုက်ပွဲများကိုလည်း အချိန်သိပ်မယူရဘဲ အပြီးသတ်နိုင်ခဲ့ကြသည်။
စိတ်လှုပ်ရှားစရာတစ်ခုခု ပါနိုင်လောက်သည်ဟု အများမျှော်လင့်ခန့်မှန်းခဲ့ကြသောတိုက်ပွဲမှာ ဖုန့်ယွင်နှင့်ဖုန့်လျန်းတို့၏ ပြိုင်ပွဲဖြစ်သည်။ သို့ပေမယ့် ဖုန့်လျန်းက မတိုက်ခိုက်ရသေးခင် အရှုံးပေးဖို့ကို ရွေးချယ်လိုက်၏။
ဖုန့်လျန်းမှာ မိသားစုတွင်းပြိုင်ပွဲမှာကတည်းက ဖုန့်ယွင်ကို ရှုံးနိမ့်ခဲ့ပြီးသားဖြစ်သည်။ ဖုန့်ယွင်၏စွမ်းအားကို အချိန်မတိုင်သေးခင် ထုတ်မပြစေချင်သေးသလို ဖုန့်ယွင်၏နောက်ပွဲများအတွက် သက်လုံအားကိုလည်း ချွေတာစေသည့်အနေဖြင့် မပြိုင်ခင်မှာ လက်နက်ချအရှုံးပေးလိုက်ခြင်း ဖြစ်၏။
ဖုန့်လျန်းကိုယ်တိုင်ကလည်း အားနည်းသူတစ်ယောက်တော့မဟုတ်။ သူသည် အခြေတည်ထောင်ခြင်း နောက်ဆုံးအဆင့်ကိုပင်ရောက်ရှိပြီးသော ကျင့်ကြံသူဖြစ်၏။ သို့ပေမယ့် ဓားသိုင်းနည်းပညာများကို နားလည်တတ်ကျွမ်းရာတွင်တော့ ဖုန့်ယွင်ကိုမယှဥ်နိုင်သေးသဖြင့် ဤကဲ့သို့ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
သူတို့နှစ်ဦးက မိသားစုဝင်များဖြစ်သဖြင့် ပိုအားနည်းသူကအရှုံးပေးလက်နက်ချလိုက်ခြင်းမှာ လုပ်သင့်လုပ်ထိုက်သောကိစ္စဖြစ်ပေသည်။ ထိုအကြောင်းရင်းကြောင့် လုပ်လိုက်ရတဲ့လုပ်ရပ်ဖြစ်သော်လည်း အပြင်လူများကတော့ ဒီကိစ္စကို နားမလည်နိုင်ခဲ့ကြပါ။
"ဖုန့်လျန်းက လက်နက်ချလိုက်တာလား"
"ဘာလို့အဲ့လိုအရှုံးပေးလိုက်တာလဲ သူကအခြေတည်ထောင်ခြင်းနောက်ဆုံးအဆင့်ကို ရောက်နေပြီလေ ဒီပြိုင်ပွဲမှာ သူအနိုင်ရနိုင်တာပဲကို"
"ဖုန့်ယွင်လည်းစွမ်းအားကြီးတယ်ဆိုပေမယ့် သူ့ကျင့်ကြံဆင့်က တစ်ခြားသူတွေနဲ့ယှဥ်ရင်တော့ နိမ့်နေသေးတယ် ဖုန့်ယွင်က မိသားစုထဲမှာ ဖုန့်လျန်းထက် ပိုပြီးအဆင့်အတန်းမြင့်တယ်ဆိုရင်တောင် ပြိုင်ပွဲမှာ တကယ်တမ်းလက်နက်ချသင့်တာက သူပဲလေ"
"ဖုန့်မိသားစုက အတော်ကိုအကျင့်မကောင်းတာပဲ ဖုန့်ယွင်က ဖုန့်ချန်းရဲ့ညီဖြစ်နေလို့ ဒီလိုစီစဥ်ပေးထားကြတာဖြစ်မယ် ဒါကြီးကတော့မဟုတ်သေးပါဘူး"
ပွဲကြည့်သူလူအုပ်ကြီးမှာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး အချို့ကတော့ မကျေမနပ်နှင့် ပြောဆိုနေကြလေသည်။ ဒီလိုအရှုံးပေးရခြင်း၏ နောက်ကွယ်ကအမှန်တရားကို သူတို့မခန့်မှန်းနိုင်ခဲ့ကြပေ။ မကြာခင်မှာပင် သူတို့အားလုံးသိရှိရတော့မှာဖြစ်တာကြောင့် ကာယကံရှင်နှစ်ဦးမှာလည်း အထင်လွဲမှုကိုရှင်းပြဖို့ စိတ်တောင်မကူးခဲ့ကြချေ။
မည်သို့ပင်ဆိုစေ ရလဒ်ကို ကျောက်ပြားထက်မှတ်တမ်းတင်ပြီးသွားပြီဖြစ်ပြီး ဖုန့်ယွင်မှာ ဓားတစ်ချက်ပင်မဝေ့လိုက်ရဘဲ နောက်တစ်ဆင့်သို့ တက်ရောက်သွားလေပြီ။
အခြေတည်ထောင်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သောဖုန့်လျန်းက လက်နက်ချအရှုံးပေးလိုက်ပြီးနောက် နောက်တစ်ဆင့်သို့တက်လာသူမှာ ပို၍အားနည်းသူ ဖုန့်ယွင်ဖြစ်သဖြင့် အခြားပြိုင်ပွဲဝင်များမှာတော့ ကြိတ်ဝမ်းသာနေကြလေသည်။
ဒီလုပ်ရပ်ကို ရူးမိုက်လိုက်တာဟု တွေးထင်နေကြသည့်အထဲ မိသားစုကြီးခေါင်းဆောင်များပင် ပါဝင်သေးသည်။ ဖုန့်မိသားစု၏ အသန်မာဆုံးမျိုးဆက်သစ်ကျင့်ကြံသူ ဖုန့်လျန်းအစား ဖုန့်ယွင်ကိုအဆင့်တက်ခိုင်းလိုက်ခြင်းက ဘယ်လိုတွေးတွေး အကျိုးအကြောင်းမဆီလျော်ပေ။
"တတိယပြိုင်ပွဲစဥ် စတင်ပါပြီခင်ဗျား"
သိပ်မကြာလိုက်သောအချိန်အတွင်း အစီအစဥ်ကြေငြာသူသည် တတိယပြိုင်ပွဲစဥ်စတင်မှုကို ကြေညာလိုက်လေ၏။ ပရိတ်သတ်ထုကြီး၏ စိတ်လှုပ်ရှားမှုများမှာလည်း တစ်ဖန်ပြန်လည်မြင့်တက်လာပြန်လေပြီ။
ပြီးခဲ့သည့်ပြိုင်ပွဲစဥ်ကို စိတ်ပျက်လက်ပျက်ဖြစ်နေကြသေးသော်လည်း ယခုအချိန်တွင် လူတိုင်းသည် တတိယပြိုင်ပွဲစဥ်ဆီသို့ဟာ အပြည့်အဝ အာရုံစူးစိုက်ထားကြလေတော့သည်။ ဖုန့်ယွင်အဆင့်တက်နိုင်သွားတော့ရော ဘာထူးမှာတဲ့လဲ? နောက်တစ်ပွဲမှာ ရှုံးလိမ့်မယ်မဟုတ်လား?
အသက်၁၆နှစ်မှာ အခြေတည်ထောင်ခြင်းအလယ်အလတ်အဆင့်ကို တက်လှမ်းနိုင်သည့်အတွက် ပါရမီထူးသူဟု သတ်မှတ်နိုင်သော်လည်း အခြေတည်ထောင်ခြင်းနောက်ဆုံးအဆင့်များနှင့်ယှဥ်ပြိုင်ရမည့် ပါရမီရှင်ယှဥ်ပြိုင်ပွဲတွင် အနိုင်ရဖို့အတွက်တော့ လိုသေးပေသည်။
ဖုန့်မိသားစုနှင့် မိသားစုခေါင်းဆောင် ဖုန့်ချန်းတို့ သူတို့၏ရူးမိုက်လှသောဆုံးဖြတ်ချက်အတွက် အကျိုးဆက်ကို မကြာခင်ခံစားရပေလိမ့်မည်ဟု အားလုံးကတွက်ဆထားကြ၏။ တတိယပြိုင်ပွဲစဥ်တွင် ပြိုင်ပွဲဝင်များ၏ စွမ်းအားသည် သိပ်ပြီးကွာခြားမှုမရှိတာကြောင့် လောင်းကြေးများလည်း ပိုမိုမြင့်တက်လာကြသည်။ ဒီပြိုင်ပွဲစဥ်သည့် အရှေ့ပွဲစဥ်များထက် ပို၍စိတ်လှုပ်ရှားစရာကောင်းလိမ့်မည်ဟု လူတိုင်းမျှော်လင့်နေကြသည်။
သူတို့မျှော်လင့်ထားသည့်အတိုင်းပင် တိုက်ပွဲများမှာ စိတ်ကျေနပ်စရာကောင်းလှ၏။ ပြိုင်ပွဲဝင်များမှာ အနိုင်ယူဖို့ တစ်စထက်တစ်စပိုခက်ခဲလာပြီး အင်အားကုန်ထုတ်သုံးရမည့်အခြေအနေသို့ ဆိုက်ရောက်လာ၏။
အရင်ပွဲစဥ်များနှင့်မတူသည်မှာ ပြိုင်ပွဲဝင်များသည် လူအများသိထားသောနဂိုအဆင့်ထက် သာလွန်သည့်စွမ်းအားများကို ထုတ်ဖော်အသုံးပြုလာပြီး ဝှက်ဖဲများကိုလည်း ကိုယ်စီကိုင်ဆောင်ထားကြလေသည်။
"နောက်လာမယ့်ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်နှစ်ဦးကတော့ ဖုန့်မေနဲ့ ဝမ်ရို့ရွှယ်ပဲဖြစ်ပါတယ်ခင်ဗျား"
ဒိုင်လူကြီး၏ ကြေငြာချက်သည် လူအုပ်ကြီးတစ်ခုလုံးကို အုံးအုံးထလှုပ်ခတ်သွားစေသည်။
"ဝိုးးး နောက်ဆုံးတော့ရောက်လာခဲ့ပြီ ဒီအလှလေးနှစ်ယောက်မှာ ဘယ်သူကပိုအင်အားကြီးမလဲလို့ ငါအမြဲသိချင်နေခဲ့တာ"
"နှစ်ယောက်လုံးက အခြေတည်ထောင်ခြင်းနောက်ဆုံးအဆင့်ကိုရောက်ပြီးကြတဲ့ ကျင့်ကြံသူတွေပဲ ဒါပေမယ့် ဝမ်ရို့ရွှယ်မှာက ဝမ်မိသားစုရဲ့ မြေကမ္ဘာအဆင့်ကျင့်စဉ်နဲ့ မှော်လက်နက်ရှိနေတာဆိုတော့ ငါကတော့သူနိုင်မယ်ထင်တာပဲ"
"ဒီလိုတော့ အတပ်ပြောလို့မရဘူး ဖုန့်မေကခုချိန်ထိ သူ့စွမ်းအားတွေကို ထုတ်ပြသေးတာမဟုတ်ဘူး သူ့မှာဝှက်ဖဲရှိချင်လည်း ရှိနေမှာပဲ"
ဖုန့်မေနှင့် ဝမ်ရို့ရွှယ်တို့နှစ်ယောက် တိုက်ပွဲကွင်းပြင်အတွင်း လျှောက်လှမ်းလာကြသည်နှင့် ပရိတ်သတ်ထုကြီးမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေကြလေပြီ။ မိန်းကလေးနှစ်ဦးလုံးမှာ သူမတူသောအလှတရားများကြောင့် နာမည်ကြီးကြသူများဖြစ်၏။ ဝမ်ရို့ရွှယ်က ဖုန့်မေထက် အသက်ပိုကြီးသော်ငြား ကျင့်ကြံဆင့်ကတော့ နှစ်ဦးလုံးမှာ အခြေတည်ထောင်ခြင်းနောက်ဆုံးအဆင့်တွင်ဖြစ်သည်။
"ဖုန့်မေ"
ဝမ်ရို့ရွှယ်က အပြုံးလေးတစ်ခုဖြင့် စတင်နှုတ်ဆက်လိုက်သည်။ အသံမှာတည်ငြိမ်နေသော်ငြား စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်ဝနေ၏။
"ဒီပြိုင်ပွဲကိုနွှဲရဖို့ ငါမျှော်လင့်စောင့်စားနေခဲ့တာ နင့်လောက်အရည်အချင်းရှိတဲ့ကျင့်ကြံသူမျိုးနဲ့ ယှဥ်ပြိုင်နိုင်ဖို့ဆိုတာ ရှားပါးဖြစ်ရပ်ပဲ"
ဖုန့်မေကလည်း ပြုံးပြုံးလေးဖြင့် ပြန်ပြောသည်။
"ကျွန်မလည်း အဲ့ဒီလိုပဲတွေးမိပါတယ် ဝမ်ရို့ရွှယ် အစ်မအကြောင်းတွေအများကြီးကြားဖူးပါတယ် ဒီလိုယှဥ်ပြိုင်ခွင့်ရတာဟာ ဂုဏ်ယူစရာပါပဲ"
ဝမ်ရို့ရွှယ်က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
"ကဲ ဒီလိုဆိုမှတော့ ညီမလေးဘက်ကလည်းအစွမ်းကုန်ထုတ်သုံးပေးဖို့ မျှော်လင့်ပါတယ်"
ဝမ်ရို့ရွှယ်သူ ကျော့ရှင်းလှပစွာဖြင့် ဓားသွားကို တည်တည်ငြိမ်ငြိမ် ဆွဲထုတ်လိုက်သည်။ စွမ်းအင်အငွေ့အသက်များဖြာထွက်နေသော တောက်ပလင်းလဲ့သည့် မှော်ဓားတစ်လက်ပါပေ။
ထိုဓားသည် ဝမ်မိသားစု၏ ဂုဏ်ကျက်သရေပြယုဂ်တစ်ခုဟုပင် ယူဆလို့ရသည်။ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာခဲ့သော မြေကမ္ဘာအဆင့် မှော်လက်နက်တစ်ခုဖြစ်၏။ ဝမ်ရို့ရွှယ်၏ မြေကမ္ဘာအဆင့်ကျင့်စဥ်နှင့် ပေါင်းစပ်လိုက်သောအခါ ထိုမိန်းကလေးသည် ကြောက်ခမန်းလိလိစွမ်းအားကြီးသော ပြိုင်ဘက်တစ်ဦးပင်။
ဖုန့်မေသည်လည်း စွမ်းအားတို့ကိုဖုံးကွယ်မထားတော့ဘဲ သိုလှောင်လက်စွပ်တွင်းမှ လက်စွဲတော်ဓားကို ဆွဲထုတ်လိုက်သည်။ ထိုဓားသည်သည်လည်း ဖုန့်ချန်းပေးအပ်ထားသော မြေကမ္ဘာအဆင့် မှော်လက်နက်တစ်ခု ဖြစ်လေသည်။
ပြိုင်ပွဲစတင်သည့်အချိန်အတွင်းတွင် ပထမဆုံးအနေဖြင့် အခြေတည်ထောင်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မျက်လုံးချင်းဆုံကာ စိုက်ကြည့်နေခဲ့ကြ၏၊
ဝမ်ရိဖန်သည် တိုက်ပွဲကွင်းထဲမှမြေးမလေးကို ယုံကြည်မှုအပြည့်နှင့် ဂုဏ်ယူစွာကြည့်ရှုနေသည်။ တစ်ဖက်ပြိုင်ပွဲဝင်မှာ ဝမ်ရို့ရွှယ်နှင့် အဆင့်တူကျင့်ကြံသူဖြစ်သော်ငြား ဝမ်ရိဖန်သည် သူ့မြေးမလေး၏အရည်အချင်းကို ယုံကြည်သည်။ ဝမ်ရို့ရွှယ် သေချာပေါက်နိုင်လိမ့်မည်။
ဖုန့်ချန်းသည်လည်း ထိုနည်းတူပင်။ ကျင့်ကြံဆင့်တူသော ပြိုင်ပွဲဝင်နှင့် ရင်ဆိုင်ရမည်ဆိုသော်လည်း သူသည် ဖုန့်မေ၏ သူမတူသောပါရမီစွမ်းအားကို အကြွင်းမဲ့ယုံကြည်သည်။ ဖုန့်မေက ကောင်းကင်အဆင့်ကျင့်စဥ်ကိုတောင် လေ့လာတတ်မြောက်ခဲ့သည်လေ။ ပြိုင်ပွဲဝင်နှစ်ဦး တိုက်ခိုက်ရန်နေရာယူပြီးချိန်တွင် လူအုပ်ကြီးတစ်ခုလုံးသည်လည်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ လှုပ်ရှားမှုတစ်ခုသော်မျှ အလွတ်မခံနိုင်ကြသလိုပင်။ သူမတူသောပါရမီရှင် မိန်းမလှနှစ်ဦးသည် ပြိုင်ဘက်နှစ်ဦးအဖြစ် ရင်ဆိုင်တိုက်ခိုက်ကြတော့မည်။ အနိုင်ရရှိသူကို ဘယ်သူမှမခန့်မှန်းနိုင်ကြချေ။
ဝမ်ရို့ရွှယ်ဘက်က ပထမဆုံးတိုက်ခိုက်မှုကို စတင်လိုက်သည်နှင့် ဓားသွားသည် နေရောင်အောက်တွင် လက်ခနဲပင်။ လှုပ်ရှားမှုများမှာ ပျော့ပျောင်းသွက်လက်ပြီး တိကျသည်။
ချွန်ထက်သော ဓားသွားကိုဝှေ့ယမ်းပြီး လျှပ်စီးကဲ့သလို့မြန်ဆန်သော တိုက်ကွက်များကို အဆက်မပြတ်ပုံဖော်၏။ ဓားချက်တစ်ချက်ချင်းစီတိုင်းက ဖုန့်မေ၏ခံစစ်ကို စမ်းသပ်လေ့လာနေသကဲ့သို့ပင်။
ဝမ်ရို့ရွှယ်၏ လှပတင့်တယ်မှုတို့က သေစေနိုင်လောက်သော အတိုက်အခိုက်စွမ်းရည်ဖြင့် ပေါင်းစပ်သွားသောအခါ လူအုပ်ကြီးမှာ အံ့သြဘနန်းဖြင့် ငေးမောကြည့်ရှုနေရလေ၏။ ပြိုင်ပွဲ၏ အသန်မာဆုံးသော ပြိုင်ပွဲဝင်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်မှာ အကြောင်းမဲ့မဟုတ်ချေ။
တစ်ဖက်ကဖုန့်မေမှာမူ တည်ငြိမ်အေးဆေးလျက်ပင် ရှိနေသေးသည်။ ဝမ်ရို့ရွှယ်၏ဓားချက်များကို ငြင်သာစွာပင် တန်ပြန်ရိုက်ချရင်း လှုပ်ရှားမှုများကို နည်းနိုင်သမျှအနည်းဆုံးထိလျှော့ချကာ တိုက်ကွက်များကို ကာကွယ်ခုခံနေလေ၏။
မိနစ်အနည်းငယ်ကြာသည်အထိ သူမသာကိုယ်မသာအနေအထားဖြင့်သာ ဆက်လက်တိုက်ခိုက်နေကြဆဲပင်။ နှစ်ဦးလုံး၏စွမ်းအားမှာ မတိမ်းမယိမ်းသာဖြစ်နေကြပုံပေါ်၏။
ဒီလို အနိုင်အရှုံးမကွဲပြားသေးခြင်းကြောင့် ဖုန့်မေကိုပို၍အထင်ကြီးလာကြသည်။ ကြည့်ရှုနေသူများက ဖုန့်မေကို ဖုန့်ယွင်ထက်ပင်သာလွန်သည်ဟုယူဆလိုက်ကြပြီး ပြိုင်ပွဲ၏အင်အားအကြီးဆုံးစာရင်းထဲသို့ ထည့်သွင်းလိုက်ကြသည်။
"ဒီဖုန့်မိသားစုကတော့ အံ့မခန်းပါပဲ မျိုးဆက်သစ်ကျင့်ကြံသူတွေကို အချိန်တိုအတွင်းဒီလောက်တိုးတက်လာအောင် ဘယ်လိုများလေ့ကျင့်ပေးလိုက်ပါလိမ့်"
"သူတို့မှာ အခြေတည်ထောင်ခြင်းနောက်ဆုံးအဆင့် လေးယောက်တောင်ရှိနေတာ တစ်ခြားမိသားစုတွေအတွက်ကျတော့ ပြိုင်ပွဲဝင်ရတာ ဘယ်တရားမလဲ"
ပါရမီရှင်လူငယ်လေးတွေကို တစ်ယောက်ပြီးတစ်ယောက်ထုတ်ပြနေသည့် ဖုန့်မိသားစုကိုကြည့်ရင်း အခြားမိသားစုများမှာ မနာလိုအူတိုသည်ကလွဲပြီး ဘာမှမတတ်နိုင်ပေ။
စွမ်းအားကြီးပြီး ထက်မြက်ကျွမ်းကျင်လှသော မျိုးဆက်သစ်လူငယ်အတော်များများကို မွေးထုတ်ထားနိုင်ပြီဆိုလျှင် မိသားစုရှေ့ရေးအတွက်ကတော့ စိတ်ပူစရာပင်မလိုတော့ပါ။
ဖုန့်မေတစ်ယောက် ဒီပြိုင်ပွဲမှာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ပြိုင်ပွဲအပြီးတွင်တော့ မြူခိုးချိုင့်ဝှမ်းမြို့တော်၏ အတော်ဆုံးပါရမီရှင်တစ်ဦးအဖြစ် နာမည်ကြီးကျော်ကြားသွားတော့မည်ဖြစ်သည်။
အချိန်တစ်ခုကြာသည်အထိ တိုက်ခိုက်ပြီးနောက် ဝမ်ရို့ရွှယ်ဟာ ပို၍စိတ်လှုပ်ရှားလာပြီး နှုတ်ခမ်းထက်မှအပြုံးသည်လည်း ပိုမိုတောက်ပအသက်ဝင်လာခဲ့သည်။
"မင်းကထင်ထားထက်ကိုပိုတော်နေတာပဲ ဖုန့်မေ ဒီတစ်ကွက်ကိုရော ဘယ်လိုများပြန်ခုခံမလဲ ကြည့်လိုက်ကြရအောင်"
လျင်မြန်သောလှုပ်ရှားမှုတစ်ခုနှင့်အတူ ဝမ်ရို့ရွှယ်၏ဓားသွားသည် အလင်းရောင်များဖြာထွက်လာ၏။ ဘေးပတ်ဝန်းကျင်မှလေထုသည်လည်း ရုတ်ချည်းအေးစက်သွားသလိုပင်။
သူမ၏ မြေကမ္ဘာအဆင့်ကျင့်စဥ်ကို စတင်ထုတ်သုံးလေပြီ။
"အေးခဲကြာပန်းဓားသိုင်း"
ဝမ်ရို့ရွှယ်၏ဘေးပတ်လည်တွင် အပြာရောင်ရေခဲကြာပန်းများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အပူချိန်မှာ ချက်ချင်းထိုးဆင်းသွားသည်။ ကြာပန်းပွင့်ဖတ်များသည် ဓားသွားတစ်ခုနှယ် ချွန်ထက်နေပြီး သေစေလောက်သော အေးခဲမှုတို့ စိမ့်ထွက်နေကြလေ၏။
သို့ပေမယ့် ဖုန့်မေကတော့ တုန်လှုပ်ခြင်းအလျဥ်းမရှိ၊ ဓားသွားကိုပင့်မြှောက်လိုက်ပြီး ချီစွမ်းအင်များကို စတင်စုဆောင်းလိုက်သည်။
"ကောင်းကင်အင်ပါယာဓားသိုင်း"
အေးခဲကြာပန်းများ အနီးသို့ကပ်လာသည်နှင့် ဖုန့်မေသည် ကျော့ရှင်းလှစွာ တစ်ပတ်လှည့်လိုက်သည်။ သူမ၏ဓားသွားသည် ကြာပန်းများကို အလင်းအလျင်ဖြင့် ထိုးဖောက်ဖြတ်တောက်လေတော့၏။
ဓားသွား၏အားအင်သည် အေးခဲကြာပန်းများကို ဖုန့်မေဆီမရောက်ခင် ကွဲအက်ကျိုးကြေသွားစေခဲ့သည်။ ကွဲအက်သွားသောကြာပန်းများမှာ တိုက်ပွဲကွင်းတစ်ခုလုံအနှံ့ ပြန့်ကျဲနေသည်မှာ စိန်ပွင့်များ ပြိုးပြိုးပြက်ပြက် လက်နေသကဲ့သို့ပင်။
ဝမ်ရို့ရွှယ်သည် အံ့သြထိတ်လန့်မှုနှင့်အတူ မျက်လုံးများပြူးကျယ်သွားခဲ့သည်။ ယနေ့အချိန်ထိ သူမ၏သက်တူရွယ်တူများထဲမှာ ဤဓားသိုင်းကိုရင်ဆိုင်တိုက်ခိုက်နိုင်သူ တစ်ဦးမျှမရှိပေ။
"အထင်ကြီးစရာပါပဲ ဒါပေမယ့် ဒါကအစပဲရှိသေးတယ်နော်"
သူမသည် ရှေ့သို့တိုးထွက်လာပြီး အေးခဲကြာပန်းများကို ထပ်မံပစ်လွှတ်လိုက်သည်။ တိုက်ကွက်များမှာ ပို၍ပြင်းထန်ရှုပ်ထွေးလာ၏။
ဖုန့်မေသည် ကောင်းကင်အင်ပါယာဓားသိုင်း၏ ပထမအဆင့်ကိုသာ နားလည်တတ်မြောက်ထားတာဖြစ်သည်။ ထိုဓားသိုင်းက သူမ၏ဓားသွားကို သာလွန်စွာထက်ရှလာပြီး အရာရာတိုင်းကို ဖြတ်တောက်ခုတ်ထစ်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပြီး မှော်လက်နက်စွမ်းအားများနှင့် ဓားသိုင်းများမှလည်း ခုခံကာကွယ်ပေးနိုင်သည်။
သူမသာ ဒီ့ထက်ပိုပြီးလေ့လာနိုင်ခဲ့လျှင် ပြိုင်ပွဲကို ယခုနေရာမှာပင်အပြီးသတ်နိုင်သော ဓားချက်များနှင့် သိုင်းကွက်များကိုကို ဖန်တီးနိုင်မည်ဖြစ်သည်။
ဒါပေမယ့် ဖုန့်မေဟာ ကောင်းကင်အင်ပါယာဓားသိုင်းတစ်ခုတင်မဟုတ်ဘဲ အခြားကောင်းကင်အဆင့်ကျင့်စဥ်တစ်ခုကိုပါ လေ့လာတတ်မြောက်ထားလေ၏၊
ဝမ်ရို့ရွှယ်ဟာ ဖုန့်မေကိုချောင်ပိတ်ပြီး စိတ်ဖိစီးစေရန် အဆက်မပြတ်တိုက်ခိုက်နေသည်။
"တစ္ဆေအရိပ်လှည့်စားမှု"
ဖုန့်မေသည် နဂိုရှိနေသောနေရာမှ ရုတ်ချည်းပျောက်ကွယ်သွားစေသည့် တစ္ဆေအရိပ်လှည့်စားမှု ကောင်းကင်အဆင့်ကျင့်စဥ်ကို ထုတ်သုံးလိုက်လေပြီ။
"ဘာလဲဟ"
မျက်စိရှေ့မှရုတ်တရတ်ပျောက်ကွယ်သွားသော ဖုန့်မေကြောင့် ဝမ်ရို့ရွှယ်လွှတ်ခနဲ ရေရွတ်လိုက်မိသည်။ ခေါင်းကိုဘယ်ပြန်ညာပြန်လှည့်၍ ဖုန့်မေကိုလိုက်ရှာရန်ကြိုးစားမိ၏။
"ရွှမ်း"
သို့ပေမယ့် အရာရာဟာနောက်ကျသွားခဲ့လေပြီ။ အချိန်ခဏအတွင်းမှာပဲ အနောက်ဘက်မှ ဓားတစ်လက်ပေါ်ထွက်လာပြီး ၎င်း၏တောက်ပလင်းလဲ့သောဓားသွားသည် ဝမ်ရို့ရွှယ်၏လည်ပင်းပေါ်တွင် အလွန်အင်မတန်နီးကပ်စွာ တည်ရှိနေလေသည်။
"ငါ ရှုံးသွားပြီ"
ဝမ်ရို့ရွှယ်ဟာ အရှုံးပေးကြောင်းကြေငြာလိုက်၏။ ရှုံးနိမ့်သွားသည်ဆိုသော်ငြား သူမအသံသည် တည်ငြိမ်ဆဲပင်။ အစွမ်းကုန်ကြိုးစားတိုက်ခိုက်ခဲ့သည့်အတွက် ဆောက်တည်ရာမရဖြစ်နေစရာကြောင်း မရှိပါလေ။
ဖုန့်မေသည်လည်း ဓားသွားကို ဓားအိမ်ထဲသို့ ပြန်သိမ်းလိုက်ပြီး နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။
"အနိုင်ပေးတဲ့အတွက် ကျေးဇူးပါ မမဝမ်"