ဖုန့်ယွင်က ကံကောင်းနေတာလား?
Vol. 2 Ch. 24
ဖုန့်မေ၏ အောင်နိုင်မှုကို ကြေငြာလိုက်ပြီးသည်နှင့် ပရိတ်သတ်ထုကြီး၏ အားပေးလက်ခုပ်သံများမှာ ပေါက်ကွဲထွက်လာလေတော့သည်။ ဒွိဟဖြစ်စွာစောင့်ကြည့်နေခဲ့ကြသော ပြိုင်ပွဲကွင်းတစ်ခုလုံးမှာ ချီးကျူးလက်ခုပ်သံများသာ ပြည့်နှက်သွားတော့လေ၏။
"အထင်ကြီးလောက်စရာ တိုက်ခိုက်မှုပါပဲ ဖုန့်မေ နောက်လာမယ့်ပြိုင်ပွဲမှာ ပိုပြီးတိုးတက်လာတဲ့စွမ်းအားတွေကိုမြင်ရဖို့ မျှော်လင့်နေပါမယ်"
ဝမ်ရို့ရွှယ်မှ ချီးကျူးဂုဏ်ပြုစကားပြောကြားပြီး တိုက်ပွဲဧရိယာမှ ထွက်ခွာသွားတော့သည်။
တိုက်ပွဲကွင်းပြင်မှ တည်ငြိမ်ကျော့ရှင်းစွာ နောက်ဆုတ်ထွက်ခွာလာသော ဝမ်ရို့ရွှယ်ကိုလည်း ပရိတ်သတ်များက အသိအမှတ်ပြုဟန်ခေါင်းညိတ်ပြနေကြလေသည်။ မိန်းကလေး၏ရင့်ကျက်မှုကို ချီးကျူးနေကြသည့် စကားသံများမှာလည်း တီးတိုးတီးတိုး ထွက်ပေါ်နေကြ၏။
သူမ,ရှုံးနိမ့်ခဲ့သည်ဆိုသော်လည်း သူမတူသည့်ပါရမီရှင်တစ်ဦး၏ အရည်အချင်းများကို အပြည့်အဝချပြနိုင်ခဲ့သည်လေ။ ဒါ့အပြင် ဖုန့်မေ၏လက်ထဲတွင် ရှုံးနိမ့်ရခြင်းက မြူခိုးချိုင့်ဝှမ်းမြို့တော်၏ အတောက်ပဆုံးသောကြယ်ပွင့်တစ်ပွင့်ကို အမြင့်သို့တက်လှမ်းနိုင်အောင် လက်ကမ်းသယ်ဆောင်ပေးလိုက်သည့် အဓိပ္ပာယ်ပင်။
ဖုန့်ချန်းသည် နှုတ်ခမ်းလေးတွန့်ရုံမျှပြုံးရင်း ဘေးကနေ တစ်ချိန်လုံးစောင့်ကြည့်နေခဲ့သည်။
သူမ၏အောင်နိုင်မှုက ပြိုင်ပွဲကွင်းတစ်ခုလုံးကို ဂယက်ထစေလိမ့်မည်ဖြစ်ကြောင်း ဖုန့်ချန်းကြိုတင်ခန့်မှန်းပြီးသားပင်။ အခြားမိသားစုများမှာလည်း ဖုန့်မိသားစုကို ပို၍သတိထားစောင့်ကြည့်ကြပေတော့မည်။
"နောက်ပြိုင်ပွဲတစ်ခုကို အစပြုလိုက်ကြစို့လားခင်ဗျာ" ဒိုင်လူကြီးမှ ကြေငြာလိုက်ပြီး လူထု၏အာရုံကို တစ်ဖန်ပြန်လည်ဆွဲခေါ်လေသည်။
နောက်ပြိုင်ပွဲအချို့တွင်လည်း ပြိုင်ပွဲဝင်များသည် ၎င်းတို့၏တမူထူးခြားသော အရည်အသွေးများ စွမ်းအင်များကို ထုတ်ဖော်ပြသခဲ့ပြီး ပြင်းထန်သောတိုက်ပွဲများကို ခင်းကျင်းပြနိုင်ခဲ့ကြသည်။
တိုက်ပွဲတစ်ခုချင်းစီတိုင်းက မတူညီသောရသမျိုးစုံကိုကို တစ်ဆင့်ပြီးတစ်ဆင့် ယူဆောင်လာနိုင်ကြသဖြင့် ပရိတ်သတ်ထုကြီးများလည်း မမောနိုင်မပန်းနိုင် လှုပ်ရှားတက်ကြွနေကြဆဲပင်။
တိုက်ပွဲများမှာ ပြင်းထန်ကြမ်းတမ်းလှသည်။ ကြည့်ရှုသူပရိတ်သတ်ကြီးမှာ မြင်တွေ့နေရသောစွမ်းအားအလီလီနှင့် အရည်အချင်းမျိုးစုံကို နောက်နှစ်များကြာသည့်တိုင် တသသသတိရနေလောက်အောင်အထိ စွဲလမ်းနှစ်ခြိုက်ကြလေ၏။
နောက်လာသည့်ပြိုင်ပွဲများက ထိုကဲ့သို့အားရစရာကောင်းလှသည်ဆိုသော်လည်း ဖုန့်မေနှင့်ဝမ်ရို့ရွှယ်တို့၏ တိုက်ပွဲလောက်တော့ စိတ်လှုပ်ရှားရင်ခုန်စရာ ကောင်းမနေခဲ့ချေ။
ပြိုင်ပွဲစဥ်များ တစ်ခုပြီးတစ်ခု ပြီးစီးအောင်မြင်ပြီးနောက် ဖုန့်ယွင်၏အလှည့်သို့ မကြာမီ ကျရောက်ပေတော့မည်။
"နောက်လာမယ့်ပြိုင်ပွဲကတော့ ဖုန့်ယွင်နဲ့ ဖုန့်ရှောင်ယုတို့ရဲ့ ယှဥ်ပြိုင်မှုပဲဖြစ်ပါတယ်ခင်ဗျာ"
ပြိုင်ပွဲဝင်များကို ကြေငြာပြီးသည်နှင့် လူအုပ်ထဲမှ မကျေမနပ်ရေရွတ်သံများ စိတ်ဆိုးမာန်ဆိုးဆဲဆိုသံများ ပေါ်ထွက်လာကြသည်။
"ချီးပဲ ဖုန့်ယွင်ဆိုတဲ့ကောင် အတော်လေးကံကောင်းနေတာပဲ"
"ဖုန့်မိသားစုရဲ့ ပါရမီရှင်နောက်တစ်ယောက်တော့ ထပ်ပြီးအရှုံးပေးရပြန်ဦးမယ် မဟုတ်သေးပါဘူးကွာ"
"ဖုန့်ယွင်ဆိုတဲ့ကောင် တစ်ပွဲမှမချရဘဲ အလိုလိုအဆင့်တက်နေတာ တရားမျှတမှုကိုမရှိဘူး"
ဖုန့်လျန်း၏ လက်နက်ချအရှုံးပေးခြင်းကြောင့် ဖုန့်ယွင်ကို လူအတော်များများက မကျေမနပ်ဖြစ်နေဆဲပင်။ ထို့ကြောင့် ဒီပွဲမှာတော့ ဖုန့်ယွင်အထုတ်ပယ်ခံရဖို့ကို ဝိုင်းဝန်းမျှော်လင့်နေကြလေ၏။
သို့ပေမယ့် ကံတရား၏မျက်နှာသာပေးမှုကြောင့် ထိုဖုန့်ယွင်၏ပြိုင်ဘက်မှာ ဖုန့်မိသားစုဝင်နောက်တစ်ဦး ဖြစ်နေပြန်လေသည်။
အရင်တစ်ခေါက်ကကြုံတွေ့ထားဖူးသောကြောင့် ဒီတစ်ခေါက်၏ရလဒ်ကို အားလုံးကြိုသိနေကြလေသည်။ ဖုန့်ရှောင်ယုက ပွဲမစခင်မှာပင် လက်နက်ချအရှုံးပေးလိမ့်မည်။
ဖုန့်ရှောင်ယု၏စွမ်းအားသည်လည်း ဖုန့်လျန်းနှင့် သူမသာကိုယ်မသာပင်။ ထို့ကြောင့် ဖုန့်လျန်းနည်းတူ သူမလည်းအရှုံးပေးလိုက်ဖို့ များလေသည်။
"ကျွန်မ အရှုံးပေးပါတယ်"
အများတွေးထင်ထားသလိုပင် ဖုန့်ရှောင်ယုသည် ပြိုင်ပွဲစင်မြင့်ထက်ကိုပင် တက်ရောက်မလာတော့ဘဲ လက်နက်ချလိုက်လေ၏။
"ဒီကောင်ဖုန့်ယွင် တစ်ပွဲပဲပြိုင်လိုက်ရပြီး ထိပ်ဆုံး၆ယောက်စာရင်းထဲ အလိုလိုပါသွားတာပဲ ယုံတောင်မယုံနိုင်ဘူး"
ဖုန့်ချန်း ကြိတ်ပြုံးမိသည်။
(နွားတွေ မင်းတို့ဘာသိလဲ၊ ဒီငနာလေးက ဒီလောကရဲ့ မင်းသားဟ။ ကံတရားက သူ့ဘက်မှာမပါရင် ဘယ်သူ့ဘက်မှ မပါဘူး)
"မပူပါနဲ့ ကျောက်ထျန်းမင်း မဟုတ်ရင် ယန်ကျိဟောင် တစ်ယောက်ယောက်ကတော့ အဲ့ကောင်ကို သင်ခန်းစာကောင်းကောင်းပေးလိုက်လိမ့်မယ်"
ထိုကဲ့သို့သော မကျေမနပ်စကားသံများဖြင့် တတိယပြိုင်ပွဲစဥ်၏ နောက်ဆုံးပြိုင်ပွဲမှာ အပြီးသတ်သွားလေသည်။
စတုတ္ထပြိုင်ပွဲစဥ်၏ ပထမဆုံးပြိုင်ပွဲကို ကြေငြာမည့်အချိန်တွင် လူအုပ်ကြီး၏ ဖုန့်ယွင်အပေါ်မကျေနပ်မှုမှာ မပျောက်ကွယ်သေးပေ။
ဒိုင်လူကြီးမှာ ပြိုင်ပွဲဝင်များကိုကြေငြာမည့်အချိန်တွင် အနည်းငယ်တွန့်ဆုတ်နေပုံပေါ်လေ၏။
"နောက်လာမယ့်ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်နှစ်ဦးကတော့ ဖုန့်ယွင်နဲ့ဖုန့်မေပဲ ဖြစ်ပါတယ်ခင်ဗျာ"
!!!
"ဘာရယ်?"
"ဖုန့်ယွင်ကတော့ အတော်ကိုကံကောင်းနေတာပဲ"
"ဒိုင်လူကြီးက ဖုန့်မိသားစုနဲ့ပေါင်းကြံထားတာများလား"
"ချီးပဲ ဖုန့်မေရဲ့ပြိုင်ပွဲကို ထပ်ကြည့်ချင်သေးတာ ဒီတစ်ခေါက်လည်း အညံ့ခံမယ်လို့ မပြောပါနဲ့"
"အဲ့ကောင်ဖုန့်ယွင်က ဖုန့်မိသားစုတစ်ခုလုံးကို ဆွဲချနေတာပဲ"
တစ်ချိန်လုံး ငြိမ်ငြိမ်လေးသာထိုင်ကြည့်နေခဲ့သောဖုန့်ယွင်မှာလည်း အံ့သြလို့မဆုံးနိုင်ပေ။ ပြိုင်ပွဲတစ်ပွဲလောက်တောင် ထပ်မပြိုင်လိုက်ရပဲ သူသည် ထိပ်ဆုံး၃ယောက်စာရင်းထဲသို့ အလိုအလျောက်ပါဝင်သွားလေပြီ။
(ဒီအခြေအနေက ကံကောင်းတာလား ကံဆိုးတာလား ငါလည်းမသိတော့ဘူး)
ဖုန့်ယွင်မှာ အကူအညီမဲ့နေသလိုခံစားနေရသည်။ နောက်တစ်ဆင့်ကိုတက်ရောက်ဖို့ သူ့တွင် အရည်အချင်းပြည့်မီပါကြောင်း သူသက်သေပြချင်လှ၏။ သို့ပေမယ့် ကံတရားစီစဥ်သည့်အတိုင်း သူသည် တိုက်ခိုက်ဖို့ရာ အခွင့်အရေးနောက်တစ်ခုထပ်မရခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ဖုန့်ယွင်သည် ထိုကိစ္စကိုအများကြီးမတွေးအားပေ။ သူ့တွင် သက်သေပြစရာအခွင့်အရေး ကျန်ရှိနေပါသေးသည်။
"ကျွန်မအညံ့ခံပါရစေ ဒိုင်လူကြီးရှင့်"
ဖုန့်မေမှပြောလိုက်သည်။
"ဟုတ်-ဟုတ်ပါပြီ"
"ဖုန့်မေက အညံ့ခံအရှုံးပေးလိုက်တဲ့အတွက် ဖုန့်ယွင်နောက်တစ်ဆင့်ကို တက်ရောက်သွားပါပြီခင်ဗျာ"
မကျေမနပ်ဖြစ်နေသော လူထုထံသို့ ဒိုင်လူကြီး၏ထပ်ဆင့်ကြေငြာချက်တစ်ခု ရောက်ရှိလာပြန်သည်။ ခံပြင်းစိတ်တို့ဖြင့် အထွန့်တက်ချင်သော်ငြား တကယ်တမ်း သူတို့လုပ်နိုင်တာမရှိပါ။
ဤယှဥ်ပြိုင်ပွဲကိုစီစဥ်သူများ ဝမ်မိသားစုဖြစ်ပြီး လက်ရှိအကျိုးအမြတ်ရနေသူမှာ ဖုန့်မိသားစုဖြစ်သည်။ ထိုသူများသည် သူတို့သွားထိလို့ရသော အဆင့်အတန်းမဟုတ်ပေ။
"ဟမ့် ခေါင်းဆောင်ဖုန့်ရေ ခင်ဗျားတို့ဖုန့်ယွင်ကတော့ အတော်ကံကောင်းနေတာပဲနော်"
ယန်ကျန်းက သရော်သံဖြင့် လှမ်းပြောလေသည်။ ဖုန့်ယွင်ကို မကြာမီအထုတ်ပယ်ခံရဖို့ သူမျှော်လင့်ထားသော်လည်း ထိုကောင်လေးက ကံတရားမျက်နှာသာပေးခံနေရပြီး ဆက်တိုက်အဆင့်တက်နေသည်လေ။
"မှန်တာပေါ့ ယွင်အာရဲ့ကံတရားက သာမန်လူတွေထက်သာလွန်ပြီးသားပဲလေ ကျုပ်လို ခန့်ညားချောမောတဲ့ ခန့်ညားသူကြီး ဦးဆောင်တဲ့မိသားစုတစ်ခုတည်းမှာ ဒီလောက်များတဲ့ပါရမီရှင်တွေ တစ်စုတစ်စည်းတည်းရှိနေတာကလည်း ကျုပ်ရဲ့မဟာကံကောင်းမှုကြီးလို့များ ပြောရမလား"
"စိတ်မကောင်းစရာက မိသားစုတိုင်းမှာတော့ ဒီလိုကံကောင်းမှုမျိုး ဘယ်ရှိနိုင်မလဲဗျာ ခေါင်းဆောင်ယန်ရော ကျုပ်လိုမျိုးကံကောင်းဖူးသလား? ကံကောင်းဖူးမယ့်ရုပ်မျိုးလည်း မဟုတ်ပါဘူး
ဪ ယန်မိသားစုသာ ကျုပ်တို့မိသားစုလိုကံကောင်းမှုမျိုး ရှိခဲ့ရင် လူတော်တစ်ယောက်နှစ်ယောက်လေးအပေါ်မှာပဲ မှီခိုနေရတဲ့အဖြစ်မျိုး ဘယ်ရှိလာပါ့မလဲနော် မဟုတ်မှ ကံဆိုးတဲ့မိသားစုလို့များပြောရမလား ပါရမီရှင်နည်းရတဲ့အထဲ အကြီးအကဲနှစ်ယောက်ကပါ ကျုပ်လက်ထဲသေသွားရသေးတယ် စိတ်မကောင်းလိုက်တာဗျာ အားပါးပါး၊ ဝမ်းနည်းလွန်းလို့ ငိုတောင်ငိုချင်မိတယ်၊ မျက်ရည်မထွက်တာလေးတော့ ခွင့်လွှတ်"
ဖုန့်ချန်းကား စကားလုံးများကို အတားအဆီးမရှိပစ်လွှတ်နေသည်။ လှောင်ပြောင်သရော်သံအပြည့်ဖြင့် စော်ကားမော်ကားစကားများကိုပြောဆိုနေသည်မှာ ယန်မိသားစုခေါင်းဆောင်၏မျက်နှာကို ထောက်ထားညှာတာခြင်းပင်မရှိ။
ယန်မိသားစုအကြီးအကဲနှစ်ဦးကို ဖုန့်ချန်းအနိုင်ယူသတ်ဖြတ်လိုက်သည့်ဖြစ်ရပ်ကိုကြားတိုင်း ယန်မိသားစုမှာ အနာပေါ်တုတ်ကျသလို ဆတ်ဆတ်ထိမခံဖြစ်တတ်မှန်း အားလုံးအသိပင်။ အခြားမိသားစုခေါင်းဆောင်များတောင်မှ ထိုအကြောင်းကိုမပြောမိအောင် အတတ်နိုင်ဆုံးသတိထားရှောင်ကျဥ်ကြရ၏။
အတင့်ရဲပြီး စကားစမိသူမှန်သမျှမှာ ယန်မိသားစု၏လက်ထဲတွင် အဆုံးသတ်ရပေလိမ့်မည်။
သို့ပေမယ့် ဖုန့်ချန်းကတော့ အမှုမဲ့အမှတ်မဲ့ပင် ထေ့လုံး၊ ငေါ့လုံးဖြင့် ထုတ်ပြောသွားလေသည်။ လူပုံအလည်တွင် ယန်မိသားစုခေါင်းဆောင်၏ မျက်နှာတည့်တည့်ကို ဖြတ်ရိုက်လိုက်သည့်အပြင် တံတွေးနှင့်ပါ ပက်ကနဲ ထွေးလိုက်သည်နှယ် ဘာမှမခြား။
ယန်ကျန်း၏မျက်နှာမှာ ချက်ချင်းမည်းမှောင်သွားသည်။ နှုတ်ခမ်းကိုဖြူရော်လာသည်အထိ တင်းတင်းစေ့ပြီး လူအများရှေ့တွင် ရုပ်ပျက်ဆင်းပျက်ဖြစ်မသွားစေရန် မနည်းထိန်းသိမ်းနေရပုံပင်။
"ဖုန့်ချန်း မင်းအင်အားကြီးတယ်ဆိုတိုင်း ပြောချင်ရာပြောလို့ရတယ်မထင်နဲ့ ယန်မိသားစုအကြီးအကဲတွေကိုသတ်တဲ့ကိစ္စနဲ့ပက်သက်ပြီး ငါတို့မင်းကို ခုထိစာရင်းမရှင်းရသေးဘူး ဒါတောင် မင်းပါးစပ်က အတင့်ရဲပြီး ဒီလိုပြောထွက်သေးတယ်ပေါ့"
ယန်ကျန်းက ဒေါသတကြီးပြောလေသည်။
"ဟားဟား ကျုပ်ပြောရဲတယ် မပြောရဲတယ်ဆိုတာကို ခင်ဗျားအသိဆုံးပဲမဟုတ်လား ခင်ဗျားဘက်ကမကျေနပ်တော့ရော ဘာလုပ်နိုင်မှာမလို့လဲ တိုက်ခိုက်မှာလား? ခင်ဗျားကကျုပ်ကိုနိုင်အောင်ရော ချနိုင်လို့လား...
ဟားဟားဟား ခင်ဗျားအစား ရှက်မိပါတယ် ကရော်ကရော်"
ဖုန့်ချန်းက ချက်ချင်းပြန်ပက်သည်။
ဖုန့်ချန်းတစ်ယောက် ဓာတ်ကြီးသုံးပါးနတ်အဆင့် အထွဋ်အထိပ်မှာရှိနေကတည်းက သူတို့အနေနှင့် သွားထိလို့တောင်မရသော အခြေအနေဖြစ်သည်။ ယခုကဲ့သို့ ဝိဉာဥ်သန္ဓေအဆင့်ကို ချိုးဖျက်တက်ရောက်နိုင်ပြီးချိန်တွင် သူ့ကိုတိုက်ခိုက်ဖို့မှာ ပိုလို့တောင်မဖြစ်နိုင်တော့ချေ။
ဖုန့်ချန်းသာဆန္ဒရှိလျှင် ဓားသိုင်းတစ်ကွက်လောက်လှုပ်ရှားလိုက်ရုံဖြင့် ထိုယန်မိသားစုတစ်ခုလုံးကို မျိုးပြုတ်အောင်သုတ်သင်လိုက်လို့ရသည်။ သို့ပေမယ့် သူ့စိတ်ကိုသူ ထိန်းချုပ်ထား၏။
ယခင်ဘဝမှမှတ်ဉာဏ်များအရ သူအခုချိန်တွင် စွမ်းအားများကို လက်လွတ်စပယ်ထုတ်ပြလို့ မဖြစ်သေးချေ။ ထို့အပြင် ထိုသို့အကြောင်းမဲ့သတ်ဖြတ်သုတ်သင်ခြင်းမှာ ဗီလိန်များလုပ်လေ့ရှိသော လုပ်ရပ်ဖြစ်သည်။ သူ့ကိုယ်သူ ဗီလိန်တော့အဖြစ်မခံနိုင်ပေ။ ဗီလိန်ဆိုသည်မှာ ဇာတ်သိမ်းပိုင်းတွင် သေကိုသေရမည့် ဇာတ်ကောင်မျိုး မဟုတ်ပါလော။
ဖုန့်ချန်း၏ မောက်မာထောင်လွှားသောစကားများကို ကြားလိုက်ရသောအခါ ကျောက်၊ ယန်၊ လျို နှင့် ဝမ်မိသားစုများမှ ခေါင်းဆောင်များ၊ အကြီးအကဲများ၊ မျိုးဆက်သစ်ကျင့်ကြံသူများ အားလုံးမှာ လန့်ဖျပ်သွားကြသည်။ တင်္ဒဂတွင် မည်သူမျှ မတုံ့ပြန်နိုင်လိုက်ကြချေ။
ဖုန့်ချန်ထံမှ မှတ်ချက်စကားများ၏ အတင့်ရဲမှုနှင့် ယုံကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာမှာ မကြုံစဖူး ထောင်လွှားလှ၏။ အဆင့်တူဖြစ်သော မိသားစုခေါင်းဆောင်များပင် ဆွံ့အသွားလျက်။
ယန်ကျန်း၏မျက်နှာတစ်ပြင်လုံးမှာ ဒေါသစိတ်ကြောင့် အငွေ့ထွက်မတတ် ထူပူနီရဲလာလေသည်။ စိတ်လိုက်မာန်ပါအပြုအမူများ လွတ်ထွက်မသွားစေဖို့ အတော်လေးထိန်းချုပ်ထားရပုံပေါ်၏။ ယန်မိသားစုအကြီးအကဲများနှင့် မျိုးဆက်သစ်ကျင့်ကြံသူများမှာလည်း ခေါင်းဆောင်ယန်နီးတူပင်။
ဒီလောက်ထိ စော်ကားမော်ကား အပြောဆိုခံရပြီး ဘာတစ်ခုမှမတုံ့ပြန်နိုင်လျှင် သူတို့မျက်နှာများကို ဘယ်မှာသွားထားရပါမည်နည်း?
"ဘန်း"
ယန်မိသားစုခေါင်းဆောင်သည် စားပွဲကို ဒေါသတကြီးဖြင့် ရိုက်ချလိုက်သည်။
"ဖုန့်ချန်း မင်းကအတော်ကို မာန်မာနထောင်လွှားနေတာပဲ မင်းကိုယ်မင်း အင်အားအကြီးဆုံးဖြစ်မယ်လို့ ထင်နေတာလား"
ဖုန့်ချန်း၏မျက်နှာပေါ်မှမဲ့ပြုံးသည် ပို၍ပင်ထင်ရှားလာ၏။
"မာန်မာနထောင်လွှားတာမဟုတ်ရပါဘူးဗျာ အမှန်ကိုပြောနေတာပါ ကျုပ်လိမ်နေတယ်ထင်ရင် ခင်ဗျားစမ်းသပ်ကြည့်လို့ရပါတယ် ကျုပ်ကအဆင်သင့်ပါပဲ၊ တခုတော့ ရှိတာပေါ့ ခင်ဗျား သတ္တိရှိဖို့တော့ လိုလိမ့်မယ်"
ဖုန့်ချန်းကဆက်ပြောသည်။ "နောက်ပြီး ဒီနေရာမှာရှိနေတဲ့လူအားလုံးထဲမှာ ကျုပ်က စွမ်းအားအကြီးဆုံးဆိုတာ အမှန်ပါပဲခင်ဗျာ"
"အတော်ကို မာန်တက်နေတာပဲ" ကျောက်မိသားစုအကြီးအကဲတစ်ဦးက ခေါင်းကိုအသာခါယမ်းလျက် ပြောလေသည်။
"စကားပြောတာ ရင့်သီးလိုက်တာ" အခြားအကြီးအကဲတစ်ခုမှလည်း မှတ်ချက်ပြုသည်။
တီးတိုးစကားသံများကို ထွက်ဆိုကြပေသိ ဘယ်သူမှတော့ အသံကျယ်ကျယ်ထွက်မပြောရဲပေ။ သူတို့အားလုံး ဖုန့်ချန်းကိုကြောက်ကြပေသည်။ ဖုန့်ချန်း၏စကားများမှာ မာန်မာနများဖုံးလွှမ်းနေသည်မှန်သော်လည်း ငြင်းမရသည့် အမှန်တရားများပင်။
ဖုန့်ချန်းနှင့် ယန်ကျန်းတို့ တစ်ယောက်နှင့်တစ်ယောက် အနိုင်ပိုင်းပြောဆိုနေကြချိန်တွင် အစီအစဥ်ကြေငြာသူမှာ ဒုတိယပြိုင်ပွဲကို ကြေငြာပြီးဖြစ်လေသည်။ ဒုတိယပြိုင်ပွဲ၏ ပြိုင်ပွဲဝင်နှစ်ဦးမှာ ယန်ကျိဟောင်နှင့် လျိုကျားဖြစ်၏။
ယန်ကျန်းသည် သူ့စိတ်သူငြိမ်အောင်ထိန်းလိုက်ပြီး ဖုန့်ချန်းကိုစိုက်ကြည့်လိုက်သည်။
"ဟမ့် ဖုန့်ချန်း မင်းနဲ့ငါ လောင်းကြေးထပ်ကြရင်ရော?"
ယန်ကျန်းပြောလိုက်သည်။
"လောင်းကြေးထပ်မယ်?"
ယန်ကျန်းဘာလိုချင်တယ်ဆိုတာကို ဖုန့်ချန်းက ကောင်းကောင်းသိလေသည်။
(အစကတည်းက သူကငါ့ကို ဒေါသထွက်အောင်ဆွပြီး လောင်းကြေးထပ်ဖို့ရည်ရွယ်ထားတာပဲ)
ဖုန့်ချန်း၏ခန့်မှန်းချက်မှာ သေချာသွားသည်။ ယန်ကျန်း၏နဂိုအစီအစဥ်မှာ အလဟဿဖြစ်သွားပြီး သူကပဲဒေါသထွက်သွားရပေမယ့် လှည့်ကွက်အနည်းငယ်သုံးပြီး အကြံအစည်အထမြောက်အောင် ကြိုးစားနေသေးပုံပင်။
"ဖုန့်ချန်း ဒီယှဥ်ပြိုင်ပွဲမှာ အနိုင်ရမယ့်သူကို ငါတို့လောင်းကြေးထပ်ကြရင်ရော ဘယ်လိုလဲ"
ကောက်ကျစ်သောအပြုံးဖြင့် ယန်ကျန်းကစည်းရုံးလေသည်။
ဖုန့်ချန်း မျက်ခုံးတစ်ဖက်ပင့်မိသွားသည်။ မျက်နှာအမူအရာမှာ စူးစမ်းချင်ဟန်နှင့် ပျော်စရာတစ်ခုခုရှာတွေ့သွားဟန်တို့ရောနှောနေပြီး ခပ်မြူးမြူးဖြစ်နေ၏။ ယန်ကျန်း၏ရည်ရွယ်ချက်ကို သူကြိုမြင်နေသည်လေ။
လောင်းကြေးထပ်မည့်အကြံဉာဏ်ကို ဖုန့်ချန်းတစ်ယောက်စိတ်ဝင်စားသွားသော်လည်း ဤယှဥ်ပြိုင်ပွဲ၏ နောက်ဆုံးအောင်နိုင်သူကိုတော့ သူ့ဘက်က ကြိုသိနေပြီးသားပင်။
"ခင်ဗျားပြောသလို လောင်းကြေးထပ်ကြတာပေါ့ ဘာနဲ့လောင်းမလဲ" ဖုန့်ချန်းက အမှန်တကယ်ပင်စိတ်ဝင်စားသွားဟန်နှင့် ဘေးကိုပင် စောင်းငဲ့ပြီးမေးလိုက်သေးသည်။
ယန်ကျန်းကမူ သူ့အစီအစဥ်အလုပ်ဖြစ်ပြီအထင်နှင့် အပြုံးမှာ ပို၍ပီပြင်လာသည်။
"ရွှေဒင်္ဂါး၃၀၀၀နဲ့ လောင်းကြေးထပ်ကြတာပေါ့"
ဖုန့်ချန်းသည် ကမ်းလှမ်းချက်ကို တစ်ခဏမျှ စဥ်းစားကြည့်လိုက်သည်။ ရွှေဒင်္ဂါး၃၀၀၀ဆိုသည့်ပမာဏမှာ မက်လောက်စရာပင်။ ဖုန့်မိသားစု၏ တစ်နှစ်စာဝင်ငွေလောက်ပင် ရှိလေ၏။
(ခင်ဗျားဘက်က အဲ့လောက်ရက်ရောနေမှတော့လည်း ဝမ်းပန်းတသာနဲ့ပဲ လက်ခံရတာပေါ့ဗျာ)
"သိပ်ကောင်းတယ်" ဖုန့်ချန်းက မဲ့ပြုံးတစ်ချက်နှင့် ပြန်ပြောလိုက်သည်။
"လောင်းကြေးကို ကျုပ်လက်ခံတယ်"