← Chapters

ကျောက်ထျန်းမင်းနှင့် ဖုန့်ကျန်းဟောင်

Vol. 2 Ch. 25

ကျောက်ထျန်းမင်းနှင့် ဖုန့်ကျန်းဟောင်

Vol. 2 Ch. 25

ယန်ကျန်းသည် ပြုံးဖြဲဖြဲအမူအရာကိုပင် မထိန်းနိုင်လိုက်ပေ။

"ကောင်းတယ် ကောင်းတယ် ဒါဆိုငါက ယန်ကျိဟောင်ဘက်ကလောင်းမယ် မင်းကဖုန့်ယွင်ဘက်မှာနေမယ်မဟုတ်လား"

ယန်ကျန်းကမေးသည်။

"ဒါပေါ့"

ဖုန့်ချန်းကပြန်ပြောလိုက်သည်။ ယန်ကျန်း၏စပ်ဖြဲဖြဲမျက်နှာကြီး ရှုံ့မဲ့သွားမည့်အချိန်ကိုရောက်ဖို့ သူမစောင့်နိုင်တော့ပေ။

စင်မြင့်ပေါ်တွင် ယန်ကျိဟောင်နှင့် လျိုကျားတို့ တိုက်ခိုက်ယှဥ်ပြိုင်နေကြလေပြီ။ ပြိုင်ပွဲမှာ သိပ်တော့ စိတ်ကျေနပ်စရာမကောင်းလှချေ။

အခြေတည်ထောင်ခြင်းအလယ်အလတ်ဆင့်သာရှိသေးသောလျိုကျားသည် အခြေတည်ထောင်ခြင်းနှောင်းပိုင်းအဆင့်သို့ရောက်နေပြီဖြစ်သော ယန်ကျိဟောင်ကို ယှဥ်တိုက်နိုင်စွမ်းမရှိလှပါ။

"ကျွန်-ကျွန်တော်အရှုံးပေးပါပြီ"

အချိန်ကြာလာသည်နှင့်အမျှ လျိုကျားမှာ ယန်ကျိဟောင်၏တိုက်ကွက်တွေကို တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ အရှုံးပေးလိုက်ရလေ၏။

"စတုတ္ထပြိုင်ပွဲစဥ်ရဲ့ နောက်ဆုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကတော့ ကျောက်ထျန်းမင်းနဲ့ ဖုန့်ကျန်းဟောင်ပဲဖြစ်ပါတယ်ခင်ဗျာ"

ဒိုင်လူကြီးမှ နောက်ဆုံးပြိုင်ပွဲကို ကြေငြာလိုက်သည်နှင့် လူအုပ်ကြီးတစ်ခုလုံးမှာ ထိန်းမနိုင်သိမ်းမရလောက်အောင် စိတ်လှုပ်ရှားကုန်ကြသည်။ "ကျောက်ထျန်းမင်းနဲ့ ဖုန့်ကျန်းဟောင် ဟုတ်လား ဆရာကြီးနှစ်ယောက် ထိပ်တိုက်တွေ့ကြတော့မယ့် ပြိုင်ပွဲကြီးပေါ့"

"ကျောက်ထျန်းမင်းက လအတော်ကြာအောင် သီးသန့်ကျင့်ကြံခဲ့တယ်လို့ ကြားတယ်နော် သူကအခုဆို မြေကမ္ဘာအဆင့်ကျင့်စဥ်တစ်ခုကို ကျွမ်းကျင်တတ်မြောက်သွားပြီတဲ့"

"ကျောက်ထျန်းမင်းရဲ့ အခြေတည်ထောင်ခြင်း အထွဋ်အထိပ်အဆင့်နဲ့ဆိုရင် ဒီပြိုင်ပွဲမှာ လွယ်လွယ်လေးအနိုင်ပိုင်းနိုင်မယ်ထင်တယ်ကွ"

"အောင်မယ် ဖုန့်ကျန်းဟောင်ကလည်း ပေါ့သေးသေးတော့မဟုတ်ဘူးနော် အရင်ပြိုင်ပွဲတွေတုန်းက ပြိုင်ဘက်တွေကို အလွယ်လေးအနိုင်ပိုင်းလာတာ အခုလည်းဘာဝှက်ဖဲတွေရှိနေဦးမလဲ သိချင်နေပြီ"

လူအုပ်ကြီးဟာ စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးငြင်းခုံနေကြသည်။ အများစုက ကျောက်ထျန်းမင်းနိုင်လိမ့်မည်ဟု ခန့်မှန်းထားကြပေမယ့် ဖုန့်ကျန်းဟောင်ကလည်း အနိုင်ယူဖို့လွယ်သည့်ပြိုင်ဘက်မဟုတ်မှန်း အားလုံးသိကြ၏။

ကျောက်ထျန်းမင်းတစ်ယောက် တိုက်ပွဲဧရိယာအတွင်းသို့ ချင်းနင်းဝင်ရောက်လိုက်သည်နှင့် လူတိုင်း၏အာရုံကို သိမ်းပိုက်လိုက်နိုင်သည်။ မျက်လုံးများမှာ အေးစက်စူးရှနေပြီး မတ်တပ်ရပ်နေပုံမှာလည်း မားမားမတ်မတ်နှင့် ယုံကြည်မှုအပြည့်ရှိသည့် ဟန်ပန်မျိုးပင်။

တစ်ဖက်တွင်လည်း ဖုန့်ကျန်းဟောင်က တည်ငြိမ်အေးဆေးသော်ငြား အင်အားကောင်းလှသော အငွေ့အသက်များလွှမ်းခြုံလျက် စင်မြင့်ပေါ်သို့ တက်ရောက်လာသည်။

ပြိုင်ပွဲကွင်းပြင်တွင် အသီးသီးမျက်နှာချင်းဆိုင် နေရာယူပြီးသည်နှင့် ကျောက်ထျန်းမင်း၏အကြည့်တို့က ဖုန့်ကျန်းဟောင်ထံ မြဲမြဲမြံမြံ အခြေချထားလေ၏။

လေထုသည် စိတ်လှုပ်ရှားတက်ကြွမှုတို့ဖြင့် ပြည့်နှက်နေသည်။ ကြည့်ရှုသူများမှာလည်း ကြောက်ခမန်းလိလိစွမ်းအားကြီးသော ပြိုင်ဘက်နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုကို မျက်မြင်ကြုံတွေ့ရတော့မည်ဖြစ်သည့်အတွက် စိတ်အားထက်သန်မှုများဖြင့် မရိုးမရွဖြစ်လို့နေကြ၏။

ကျောက်ထျန်းမင်းက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး မျက်လုံးကိုကျဥ်းမြောင်းလျက် ဖုန့်ကျန်းဟောင်ကို အသေးစိတ်လေ့လာအကဲခတ်နေသည်။

"ဖုန့်ကျန်းဟောင်" ကျောက်ထျန်းမင်းမှ စတင်စကားပြောသည်။ သူ့အသံမှာ အထက်စီးဆန်မှုများဖြင့် လွှမ်းခြုံနေသည်။

"ငါမင်းကို အညံ့ခံဖို့အခွင့်အရေးတစ်ခုပေးမယ် ဒီပြိုင်ပွဲဘယ်လိုအဆုံးသတ်မလဲဆိုတာ မင်းရောငါရောသိနေတာပဲလေ"

"မင်းဘယ်လိုလုပ်ပြီး အခြေတည်ထောင်ခြင်းနှောင်းပိုင်းအဆင့်ထိ တက်ရောက်နိုင်သွားလဲ ငါမသိပေမယ့် မင်းကငါ့ပြိုင်ဘက်ဖြစ်ဖို့မတန်သေးဘူး အခုချိန်အညံ့ခံလိုက်မယ်ဆိုရင်တော့ သိပ်ပြီးအရှက်မကွဲတော့ဘူးပေါ့ကွာ"

ကျောက်ထျန်းမင်းနှင့် ဖုန့်ကျန်းဟောင်သည် သက်ဆိုင်ရာမိသားစုများ၏ ပါရမီရှင်ကျင့်ကြံသူများဖြစ်ကြသည့်အလျောက် တစ်ဦးအကြောင်းတစ်ဦး သိထားကြပေသည်။ အရင်ကတော့ ကျောက်ထျန်းမင်းနှင့်ယှဥ်လျင် ဖုန့်ကျန်းဟောင်၏စွမ်းအားမှာ ပြောပလောက်စရာမဟုတ်ပေ။

ဒါပေမယ့် ဖုန့်ကျန်းဟောင်တစ်ယောက် အရိုးသန့်စင်ဆေးလုံးကိုသောက်သုံးပြီး ကောင်းကင်အဆင့်ကျင့်စဥ်တစ်ခုကို လေ့လာတတ်မြောက်ပြီးချိန်မှာတော့ အရာအားလုံး ပြောင်းလဲသွားလေပြီ။

ဖုန့်ကျန်းဟောင်မှာ တစ်ချက်ကလေးသော်မျှ တုန်လှုပ်မသွားပေ။ ကျောက်ထျန်းမင်း၏အကြည့်စူးစူးကိုလည်း တည်ငြိမ်စွာပင် ပြန်လည်ရင်ဆိုင်လေသည်။

"စိုးရိမ်ပူပန်ပေးတာကို နားလည်ပါတယ် ကျောက်ထျန်းမင်း ဒါပေမယ့် အညံ့ခံတယ်ဆိုတာက ငါ့ဘက်ကလုပ်လေ့လုပ်ထရှိတဲ့အရာမဟုတ်ဘူး စကားလုံးတွေနဲ့ ငါ့ကိုခြိမ်းခြောက်နိုင်ပြီထင်နေရင်တော့ မင်းမှားသွားပြီပဲ"

ဖုန့်ကျန်းဟောင်သည် စိတ်ပိုင်းဖြတ်ထားသောအသံဖြင့် တုံ့ပြန်ပြောဆိုလိုက်၏။

ကျောက်ထျန်းမင်းသည် ထေ့ငေါ့သံဖြင့် ရယ်မောလေသည်။

"မင်းသဘောပါကွာ" ဟု သူကဆိုလေ၏။

"ဒီလိုဆိုတော့လည်း ငါ့ဘက်ကမညှာတော့ဘူးနော် နောက်မှအပြစ်မတင်နဲ့"

စွမ်းအင်များပေါက်ကွဲထွက်လာသကဲ့သို့ အဟုန်တစ်ခုနှင့် ကျောက်ထျန်းမင်း၏အရှိန်အဝါသည် တောက်လောင်လာသည်။ လေပြင်းကဲ့သို့ ရှေ့ကိုထိုးဖောက်ထွက်လာပုံက အင်အားကြီးမားလှ၏။

ကျောက်ထျန်းမင်းသည် လေဟုန်ကိုခွင်း၍ အားပြင်းသောလက်သီးတစ်လုံးကို ပစ်လွှတ်လိုက်သည်။ လက်သီးဆုပ်သည် ရွှေရောင်အလင်းတန်းများဖြင့် တောက်ပဖြာထွက်လျက်ရှိ၏။

ကျောက်ထျန်းမင်း၏တိုက်ကွက်သည် ရက်စက်ကြမ်းတမ်းပြီး ညှာတာမှုကင်းမဲ့၏။ ကျောက်ထျန်းမင်း၏လက်သီးက အံ့မခန်းလောက်သောအရှိန်ဖြင့် ဖုန့်ကျန်းဟောင်ထံပစ်ဝင်သွားသည်ကို မြင်လိုက်ရသော ကြည့်ရှုသူအပေါင်းမှာ ရင်သပ်ရှုမောဖြစ်လို့နေသည်။

ဖုန့်ကျန်းဟောင်ကတော့ ထိတ်ပြာမသွားခဲ့ပါ။ တည်ငြိမ်သွက်လက်စွာဖြင့်ပင် ဘေးသို့ရှောင်တိမ်းလိုက်သည့်အခါ ကျောက်ထျန်မင်း၏လက်သီးသည် သူ့ဘေးမှပွတ်ကာသီကာပင် ဖြတ်သန်းသွားတော့သည်။

"ဟမ့် ဒီတစ်ခေါက်တော့ ရှောင်နိုင်လိုက်တဲ့ပုံပဲ"

ကျောက်ထျန်းမင်းက ခပ်ထေ့ထေ့ပင် မှတ်ချက်ပြု၏။ သူ့တိုက်ကွက်ကို ဖုန့်ကျန်းဟောင်ရှောင်နိုင်လိုက်သည့်အပေါ် အံ့သြပုံမပြ။

"ဘယ်အချိန်ထိရှောင်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့"

ကျောက်ထျန်းမင်းသည် သွက်လက်တိကျစွာပင် ရှေ့သို့တိုးလာသည်။ အစောကတိုက်ကွက်ထက် ပို၍ပြင်းထန်သော တိုက်ကွက်မျိုးစုံကို လျင်မြန်စွာတစ်ခုပြီးတစ်ခု ဆက်တိုက်ပစ်လွှတ်လေတော့၏။

လက်သီးကိုဝှေ့ရမ်းတိုက်ခိုက်နေပုံမှာ လျင်မြန်လွန်း၍ ပုံရိပ်ယောင်များထပ်နေသလိုပင်ထင်ရသည်။ ရှေ့သို့တစ်လှမ်းတိုးလာတိုင်း မဟာပထဝီမြေကြီးမှာ တစ်ချက်တုန်ခါသွားသည်အထိ။

ဖုန့်ကျန်းဟောင်မှာမူ တည်ငြိမ်အေးဆေးနေဆဲပင်။ လှုပ်ရှားမှုများမှာ တိကျ၍ချောမွေ့နေပြီး ကျောက်ထျန်းမင်း၏အဆက်မပြတ်တိုက်ခိုက်မှုများကို သတိတစ်ချက်မလွတ်စေဘဲ ရှောင်တိမ်းနေလေသည်။

ဖုန့်ကျန်းဟောင်သည် တိုက်ကွက်တိုင်းကို အချိန်မီရှောင်တိမ်းနိုင်၏။ ကျောက်ထျန်းမင်း၏ လက်သီးသိုင်းများကြားတွင် ခန္ဓာကိုယ်ကို ဘယ်ညာတိမ်း၍ ရှောင်ဖယ်နေပုံမှာ အင်အားတစ်စက်မှစိုက်ထုတ်မထားသလို ပျော့ပြောင်းသွက်လက်လှပေသည်။

တိုက်ကွက်တိုင်း အလဟဿဖြစ်နေရခြင်းကြောင့် ကျောက်ထျန်းမင်းသည် စိတ်အလိုမကျခြင်းနှင့်အတူ မျက်နှာပျက်ယွင်းလာသည်။

"တစ်သက်လုံး ဒီလိုပဲရှောင်တိမ်းနေနိုင်မယ်လို့ ထင်နေတယ်ပေါ့"

ကျောက်ထျန်းမင်းက ကြိမ်းမောင်းပြောဆိုနေသည်။ အရှိန်အဝါမှာလည်း ပို၍ပြင်းထန်လာသလိုပင်။

"ကဲ ဒါဆို ဒါကိုရောမင်းဘယ်လိုကိုင်တွယ်မလဲ ကြည့်လိုက်ကြရအောင်"

"မိုးကြိုးလက်သီး"

ကျောက်ထျန်းမင်း၏အသံသည် ကျားဟိန်းသကဲ့သို့ထွက်ပေါ်လာသည်။ သူ့အသံသည် ပြိုင်ပွဲကွင်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး လက်သီးများက လျှပ်စီးစွမ်းအင်များကိုပါ တစ်ပါတည်းသယ်ဆောင်လာသည်။ ဖုန့်ကျန်းဟောင်ထံသို့ မမြင်နိုင်သောအရှိန်တစ်ခုဖြင့် ပစ်ဝင်သွားခဲ့ပြီး သူ့ဘေးနားကလေထုသည်ပင် စွမ်းအားများရောင်ပြန်ဟပ်နေသလို ထင်ရပေ၏။

ပြေးဝင်လာသည့်တိုက်ကွက်၏ အန္တရာယ်ကို အာရုံမိခံမိလိုက်သည်နှင့် ဖုန့်ကျန်းဟောင်၏မျက်လုံးများ စူးရှသွားသည်။

တန်ပြန်တိုက်ခိုက်ရမည့်အစား သူသည် မူရင်းနေရာမှာပဲ မတ်မတ်ရပ်နေလိုက်၏။ တိုက်ကွက်ကို ဦးတည်ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်သည့်ပုံမှာ သေစေလောက်သည့်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသလိုပင်။

ကျောက်ထျန်းမင်းအသုံးပြုထားသောအရှိန်သည် သူယှဥ်နိုင်လောက်သည့်အဆင့်မဟုတ်မှန်း ဖုန့်ကျန်းဟောင်သိ၏။ ထို့ကြောင့် သူယုံကြည်စိတ်ချသော ခံစစ်ကိုအသုံးပြု၍ ခုခံကာကွယ်ဖို့ကို ရွေးချယ်လိုက်သည်။

ဆန်းကြယ်ကောင်းကင်သံမဏိတံတိုင်း

ဖုန့်ချန်းသင်ကြားပေးခဲ့သော ကောင်းကင်အဆင့်ကျင့်စဥ်တစ်ခုပင်။ ဖုန့်ချန်းက ကျင့်စဥ်သုံးခုသင်ပေးခဲ့သော်လည်း ဖုန့်ကျန်းဟောင်သည် သူအကျွမ်းကျင်ဆုံးဖြစ်သော ဤကျင့်စဥ်ကို အသုံးပြုကာကွယ်ရန် ရွေးချယ်လိုက်သည်။

တောက်ပလင်းလက်၍ ထွင်းဖောက်မြင်နိုင်သော အကြည်ရောင်အကာအရံတစ်ခုသည် ဖုန့်ကျန်းဟောင်၏ဘေးပတ်လည်တွင် ဖြစ်ပေါ်လာသည်။ စွမ်းအင်များက အကာအရံတစ်လျှောက်ဝေ့ဝဲရစ်ပတ်နေပြီး ဖျက်ဆီးဖို့မဖြစ်နိုင်သော ခိုင်မြဲမှုကို အားဖြည့်ပေးနေသည်။

အကာအရံသည် နေရောင်အောက်တွင် သံမဏိကဲ့သို့ တောက်ပြောင်နေပြီး အင်အားပြည့်ဝသောအငွေ့အသက်များကို လွှင့်ထုတ်နေ၏။

-ဘုန်း

ကျောက်ထျန်းမင်း၏ မိုးကြိုးလက်ခုပ်လက်သီးသည် ဆန်းကြယ်ကောင်းကင်သံမဏိတံတိုင်းကိုတိုက်မိပြီး နားထိုင်းစေလောက်အောင် ပြင်းထန်သည့် အသံကျယ်ကြီးတစ်ခုသည် ကွင်းပြင်အနှံ့ မြည်ဟီးသွားလေသည်။

တိုက်မိသည့်နေရာမှ မီးပွားများလွင့်စင်ထွက်လာပြီး ရိုက်ခတ်မှု၏အရှိန်ဖြင့် အင်အားလှိုင်းများ ခွဲဖြာထွက်လာ၏။ မျက်စိကန်းစေ‌လောက်အောင်စူးရှသည့် မီးပွင့်မီးပွားများကြောင့် ပွဲကြည့်ပရိတ်သတ်များမှာ မျက်လုံးများကိုပင် ကာထားရသည်အထိ။

အမှုန်အမွှားများ တည်ငြိမ်ရှင်းလင်းသွားသည့်အခါ ခိုင်မြဲစွာ မားမားမတ်မတ်ရပ်တည်နေဆဲဖြစ်သော ဆန်းကြယ်ကောင်းကင်သံမဏိတံတိုင်းသည် အများအမြင်တွင် ကွဲပြားစွာပေါ်ထွက်လာလေသည်။

"ကြည့်ကြစမ်း"

"ဖုန့်ကျန်းဟောင်၊ ဖုန့်ကျန်းဟောင်က မတ်တပ်ရပ်နေတုန်းပဲကွ"

"ဝိုး ဖုန့်ကျန်းဟောင်က ကျောက်ထျန်းမင်းရဲ့ မိုးကြိုးလက်သီးကိုတောင် တောင့်ခံနိုင်တယ်‌ပေါ့"

"ကြည့်ရတာ အဲ့ဒီဖုန့်ကျန်းဟောင်ကလည်း သာမန်တော့မဟုတ်ဘူးနော်"

အားပြင်းလှစွာသောတိုက်ကွက်သည် စုပ်ယူခံလိုက်ရသကဲ့သို့ ရုတ်ချည်းကွယ်ပျောက်သွားလေပြီ။ ဖုန့်ကျန်းဟောင်မှတော့ သံမဏိကဲ့သို့ခိုင်မာလှသော အကာအရံနောက်တွင် မြူမှုန်မျှပင် မထိခိုက်လိုက်ပဲ ခံ့ညားစွာ ရပ်တည်နေဆဲပင်။

ဒေါသစိတ်နှင့်အတူ ကျောက်ထျန်းမင်း၏မျက်လုံးတို့ ကျဥ်းမြောင်းသွားသည်။

All Chapters