မဆုတ်မနစ်
Vol. 2 Ch. 26
"ဟမ့် ဆိုတော့ မင်းကငါ့တိုက်ကွက်ကို ခုခံနိုင်ပါတယ်ပေါ့"
ကျောက်ထျန်းမင်းက အရေးမစိုက်သလိုပြောနေပေသိ သူ့အသံတွင်ပါဝင်နေသော စိုးရိမ်ပူပန်မှုအငွေ့ပါးပါးကို ဖုံးကွယ်လို့မရနိုင်ခဲ့ပါ။
ဖုန့်ကျန်းဟောင်က အကာအရံကို အောက်သို့နှိမ့်ချလိုက်သည်။ သူ၏တည်ငြိမ်သောအမူအရာမှာ နဂိုမူလအတိုင်းပင်။
"ငါ့ကိုအနိုင်ယူဖို့က မင်းအရင်ကယှဥ်ခဲ့တဲ့ပြိုင်ဘက်တွေလောက်တော့ လွယ်မယ်မထင်ဘူး"
ဖုန့်ကျန်းဟောင်သည် တသမတ်တည်းတည်ငြိမ်လှသော လေသံနှင့်ပင် တုံ့ပြန်လေ၏။ ကျောက်ထျန်းမင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပုံ နည်းနည်းမှမပေါ်ပေ။
လူအုပ်ကြီးသည်လည်း မမျှော်လင့်ထားသော အလှည့်အပြောင်းတစ်ခုကြောင့် စိတ်လှုပ်ရှားမှုများမြင့်တက်လာပြီး အံ့သြဘနန်းဖြစ်ကုန်ကြ၏၊
ပြိုင်ပွဲဝင်နှစ်ဦး၏ အခြေအနေအရ တိုက်ပွဲအဆုံးသတ်ဖို့ နီးကပ်သေးပုံမပေါ်ပေ။ ဘာများဆက်ဖြစ်ကြဦးမလဲ ဆိုသည့် စိတ်ဝင်စားမှုများမှာ ဒီရေလိုတရိပ်ရိပ်တက်လို့နေသည်။
ကျောက်ထျန်းမင်းမှာလည်း နောက်ဆုတ်မည့်ပုံမပေါ်။ ဒီပွဲကိုအပြတ်အသတ်အောင်နိုင်ဖို့က သူ့ရည်မှန်းချက်ဖြစ်ပြီး ဖုန့်ကျန်းဟောင်ကို ဖျက်ဆီးခွင့်ပြုမည်မဟုတ်။
ကျောက်ထျန်းမင်း၏ တောက်ပသောအရှိန်အဝါမှာ သူ့ဘေးကလေထုကိုပင်ထင်ဟပ်နေပြီး လင်းလက်စွာဖြာထွက်နေ၏။
"မိုးကြိုးလက်သီးလောက်ကိုတော့ မင်းတားချင်တားနိုင်မှာပေါ့ ဒါပေမယ့် ငါထုတ်မသုံးရသေးတာတွေလည်း အများကြီးကျန်သေးတယ်"
ကျောက်ထျန်းမင်းသည် ပြိုင်ပွဲကွင်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်ထိ အော်ဟစ်ကြေငြာလိုက်သည်။
"မင်းဘက်က ဘယ်လောက်ကြာအောင်တောင့်ခံနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့ကွာ"
ကျောက်ထျန်းမင်းသည် ကျားခနဲအော်ဟစ်မာန်သွင်းလိုက်ပြီး လက်သီးများကို ထုံကျင်လာသည်အထိ လေထုထဲသို့ ထိုးခွင်းပစ်သွင်းတော့သည်။ လက်သီးတစ်ချက်စီတိုင်းတွင် အခြေတည်ထောင်ခြင်း အထွဋ်အထိပ်အဆင့်၏ စွမ်းအားအဟုန်ကို အပြည့်ထည့်သွင်းထား၏။ သံမဏိတံတိုင်းကိုဖြိုခွဲရန် လုံလောက်သောအင်အားပမာဏကို ထုတ်လွှတ်ထားသဖြင့် မဟာပထဝီမြေကြီးမှာတော့ ကွဲအက်မတတ်ပြင်းထန်သည့် အရှိန်လှိုင်းကို တောင့်ခံထားရပေတော့သည်။
ဖုန့်ကျန်းဟောင်ကမူ ဤသို့ပြင်းထန်သောတိုက်ကွက်မှာကို တစ်ချက်မတွန့်ဘဲ ပြန်လည်ဦးတည်ရင်ဆိုင်လေသည်။ ဒီတစ်ခေါက်မှာတော့ တန်ပြန်တိုက်ခိုက်မှုများပါ ပါဝင်လာပြီဖြစ်၏။
-ဘန်း ဘန်း ဘန်း
ကျောက်ထျန်းမင်း၏လက်သီးများနှင့် ဖုန့်ကျန်းဟောင်၏ခုခံမှုတို့ ထိပ်တိုက်တွေ့ချိန်တွင် မြေပြင်တစ်ခုလုံးတုန်လှုပ်သည်ထိ ပြင်းထန်သောသက်ရောက်မှုများ ဖြစ်ပေါ်လာလေသည်။
တိုက်ကွက်များ၏နောက်ကွယ်မှ ပြင်းစွာသောစွမ်းအားက တုန်လှုပ်စရာကောင်းလှသော်လည်း ဖုန့်ကျန်းဟောင်ကမူ တည်ကြည်အေးဆေးစွာခုခံလျက်ပင်။ နောက်ဆုတ်ဖို့စိတ်ကူး မြူမှုန်ပင်မရှိ။
ပစ်ခွင်းလာသောလက်သီးတိုက်ကွက်များကို ဖုန့်ကျန်းဟောင်မှ ခုခံတိုက်ခိုက်နေပုံမှာ လူအုပ်ကြီးတစ်ခုလုံးကို အံ့သြမင်သက်စေ၏။ ဤကျင့်ကြံသူ၏ခန္ဓာကိုယ်ကား ဖျက်ဆီးတိုက်ခိုက်ဖို့ မဖြစ်နိုင်သည့်အလား ထင်မှတ်ရသည်။
ဖုန့်ကျန်းဟောင်၏အရှိန်အဝါသည် ချိုးဖျက်၍မရနိုင်သော တံတိုင်းတစ်ခုကဲ့သို့ပင်။ ကျောက်ထျန်းမင်း၏ စွမ်းအင်အပြည့်နှင့် တိုက်ကွက်များမှာ ထိုသူထံတွင် စုပ်ယူခံရသကဲ့သို့ ပျောက်ကွယ်သွားလေ၏။
လူအုပ်ထဲမှတစ်ယောက် မယုံကြည်နိုင်သောအသံဖြင့် တီးတိုးရေရွတ်လာသည်။
"ဖုန့်ကျန်းဟောင်က ဘယ်လိုအင်အားနဲ့မှ ရွှေ့လို့မရတဲ့ တောင်ကြီးတစ်လုံးလိုပါပဲလား ကျောက်ထျန်းမင်းအားထုတ်သမျှက သူ့အပေါ် တစ်ခုမှမသက်ရောက်သလိုပဲ"
ဖုန့်ကျန်းဟောင်၏အကာအကွယ်ကို ချိုးဖောက်ဖို့ ထုတ်သမျှအကွက်တိုင်း အလဟဿဖြစ်သွားရသည်ကိုကြည့်ရင်း ကျောက်ထျန်းမင်း၏စိတ်အလိုမကျမှုမှာ မြင့်တက်လာသည်။
တိုက်ကွက်များမှာ ပရမ်းပတာဖြစ်လာပြီး အလျင်စလိုနိုင်လာ၏။ သူ့မှာရှိသမျှ စွမ်းအားကုန် အင်အားကုန်ကို သွန်းထုတ်တိုက်ခိုက်နေသောလည်း ထိုသူမှာ တစ်ချက်ကလေးပင်မထိခိုက်ပေ။
"မင်းကဘာလို့..ခုထိ...မရှုံးသေးတာလဲကွ"
အံကြိတ်ထားသောသွားကြားထဲမှ ထွက်လာသောလေသံဖြင့် ကျောက်ထျန်းမင်းမေးလိုက်သည်။ ဒေါသအငွေ့အသက်များမှာ ဖုံးဖိမရတော့ပေ။
သူထုတ်သုံးသမျှတိုက်ကွက်များတွင် အားကုန်သုံး၍ အတတ်နိုင်ဆုံးကြိုးစားကာ တိုက်ခိုက်ခဲ့သည်။ သို့ပေမယ့် သူတို့နှစ်ယောက်ကို ခုချိန်ကြည့်လိုက်ပါက ကျောက်ထျန်းမင်းကို ခုခံရှောင်တိမ်းနေရသူအဖြစ် အထင်မှားလောက်ပေသည်။
ယုံကြည်မှုအပြည့်ဖြင့် တိုက်ပွဲကိုစခဲ့သောကျောက်ထျန်းမင်းသည် ယခုအချိန်တွင်တော့ အင်အားကုန်ကာ စုတ်ပြတ်သတ်နေပုံပေါ်လေ၏။ အဝတ်အစာများမှာ တွန့်ကြေစုတ်ပြဲနေပြီး မျက်နှာထက်တွင် ချွေးစက်များနှင့် အညစ်အကြေးများ အပြည့်ပေကျံနေသည်။ အသံရှူသံများမှာလည်း မမှန်တော့ချေ။ ဆန့်ကျင်ဘက်အနေနှင့် ဖုန့်ကျန်းဟောင်မှာ တည်ငြိမ်ထင်းလင်းစွာ မားမားမတ်မတ်ရပ်တည်နိုင်နေတုန်းပင်။
ကျောက်ထျန်းမင်း၏တိုက်ကွက်အချို့ကို ရင်ဆိုင်ခုခံခဲ့ရသော်လည်း သူ့ခန္ဓာကိုယ်တွင် အထိအခိုက်အပွန်းအပဲ့ မရှိသလောက် နည်းပါးလှသည်။ ကျောက်မိသားစုဘက်ကို တစ်ချက်ကြည့်လိုက်လျှင်တော့ ချွေးဒီးဒီးကျနေသည့် ကျောက်ချန်းရှီကို တွေ့ရပေလိမ့်မည်။ သူတစ်ချိန်လုံး ဂုဏ်ယူဝင့်ကြွားခဲ့ရသော ကျောက်မိသားစုဂုဏ်သရေ ကျောက်ထျန်းမင်းသည် ကျင့်ကြံဆင့်နိမ့်ပါးလှသော ထိုဖုန့်မိသားစုမှ လူတစ်ယောက်ကို ခက်ခဲပင်ပန်းစွာတိုက်ခိုက်နေရသည်။
"ထျန်းမင်း မင်းလုပ်နိုင်ပါတယ်ကွာ အဲ့ကောင်ကို အပြီးသတ်ခဲ့လိုက်တော့"
ကျောက်ချန်းရှီသည် တစ်ကိုယ်တည်းသာကြားနိုင်သောအသံလေးဖြင့် ရေရွတ်လေ၏။ ဘဝမှာပထမဆုံးအကြိမ်အဖြစ် သားဖြစ်သူအနိုင်ရဖို့ကို သူဆုတောင်းနေရလေပြီ။
တစ်ဖက်တွင် ဖုန့်ချန်းသည် မိန့်မိန့်ကြီးပြုံးလျက် ပြိုင်ပွဲကိုရှုစားနေသည်။
ဖုန့်ကျန်းဟောင်တစ်ယောက် အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထားသည်ကို သူမြင်နိုင်၏။ အပြင်ပန်းမှာအဆင်ပြေနေသေးပေမယ့် ဖုန့်ကျန်းဟောင်လည်း ဒဏ်ရာအနည်းငယ်ရရှိထားတာကို သူသိသည်။
သို့ပေသိ လူငယ်လေးမှာ နောက်ဆုတ်ချင်သောအမူအရာ တစ်ချက်မှမပြဘဲ အံကြိတ်ပြီးဆက်လက်တင်းခံနေသည်။ သူ့အတွက်အနိုင်ရဖို့နည်းလမ်းမှာ ဤတစ်နည်းသာရှိကြောင်း သူသိသည်။
(ကြည့်ရတာ ကျန်းဟောင်က တိုက်ပွဲကိုအဆုံးသတ်လိုက်တော့မယ်ထင်တယ်)
စင်မြင့်ပေါ်တွင် ဖုန့်ကျန်းဟောင်မှာ ဖရိုဖရဲဖြစ်နေသော ကျောက်ထျန်းမင်း၏အခြေအနေကို အခွင့်ကောင်းယူ၍ တိုက်ကွက်ထုတ်ရန် စီစဥ်နေ၏။
"မြေကမ္ဘာပြိုကွဲလက်ဝါးသိုင်း"
ဖုန့်ကျန်းဟောင်သည် ကျင့်စဥ်တစ်ခုကို ထုတ်သုံးလိုက်သည်။ သူ့လက်သီးမှာ ကျောက်ထျန်းမင်း၏ရင်ဘတ်တည့်တည့်ကို အားပြင်းစွာဖြင့် တိုးဝင်သွား၏။
-ဖောင်း
ကျောက်ထျန်းမင်းသည် ယိုင်နဲ့နဲ့ဖြင့် နောက်ဆုတ်သွားရသည်။ မျှော်လင့်မထားသော ရိုက်ခတ်မှုတစ်ခုက သူ့၏အသက်ရှူလမ်းကြောင်းကို ပျက်ပြားသွားစေ၏။
"အဟွတ် အဟွတ်"
သူသည် ဝင်သက်ကို အသည်းအသန်ရှူသွင်းနေရသည်။ မျက်လုံးများမှာ အံ့သြတုန်လှုပ်ဟန်ဖြင့် ပြူးကျယ်နေပြီး ဖုန့်ကျန်းဟောင်တစ်ယောက် ဒီအတောအတွင်း ဘယ်လောက်တောင်စွမ်းအားကြီးလာသလဲဆိုတာကို သူနားလည်လိုက်ရတော့လေ၏။
"ငါပြောခဲ့ပါတယ် ကျောက်ထျန်းမင်း ငါကအရင်လိုမဟုတ်တော့ဘူးလို့"
ဖုန့်ကျန်းဟောင်သည် စိတ်ကျေနပ်စွာပြောလိုက်သည်။ သူ့ဘဝတွင် ကျောက်ထျန်းမင်းကို အနိုင်ပိုင်းလိုက်နိုင်သောနေ့ ရှိလာလိမ့်မည်ဟု သူတစ်ခါမှထင်မထားခဲ့ပါ။ ထိုသူသည် သူတို့မျိုးဆက်သစ်များကြားတွင် စွမ်းအားအကြီးဆုံးဟု သတ်မှတ်ခံထားသူဖြစ်၏။
ကျောက်ထျန်းမင်း၏မျက်နှာထင်တွင် ဒေါသနှင့်အကြောက်တရားများ ရောနှောပေါ်လွင်နေလေပြီ။
"ငါ မရှုံး.. မရှုံးနိုင်ဘူး.. ငါလုံးဝအရှုံးပေးနိုင်ဘူး"
မတ်တပ်ရပ်ဖို့တောင် ခက်ခဲပင်ပန်းလာသည်နှင့်အမျှ သူ့အသံသည် စိတ်ပျက်အားလျော့မှုများဖြင့် တုန်ယင်လာသည်။
သို့ပေမယ့် သူ့အင်အားမှာ တစ်ဖြည်းဖြည်းဆုတ်ယုတ်လာပေပြီ။ မရပ်မနားတိုက်ခိုက်ခဲ့သောတိုက်ပွဲသည် သူ့အင်အားကို ပြန်လည်စုပ်ယူနေပေပြီ။ ဘယ်လိုပင်စိတ်ပိုင်းဖြတ်ထားပေမယ့် ယခုအချိန်တွင် ကျောက်ထျန်းမင်းသည် ရပ်တည်ဖို့ပင်အနိုင်နိုင်ဖြစ်နေပြီ။
-ဘုန်း
အသိစိတ်လွတ်သွားသည်နှင့်တစ်ပြိုင်နက် ခြေခိုင်ခိုင်မထားနိုင်တော့ပေ။ နောက်ဆုံးသက်ပြင်းရှိုက်သံတစ်ချက်တွင် သူ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ပစ်ကျသွားလေသည်။
ပြိုင်ပွဲကွင်းတစ်ခုလုံး တိတ်ဆိတ်နေ၏။ အလှည့်အပြောင်းတွင် လူအုပ်ကြီးမှာ မင်သက်မိသွားခဲ့ပုံပင်။
"အနိုင်ရရှိသူကတော့ ဖုန့်မိသားစုရဲ့ ဖုန့်ကျန်းဟောင်ပဲဖြစ်ပါတယ်ခင်ဗျား"