← Chapters

ပါရမီရှင်ယှဥ်ပြိုင်ပွဲ၏ နောက်ဆုံးတိုက်ပွဲ

Vol. 2 Ch. 27

ပါရမီရှင်ယှဥ်ပြိုင်ပွဲ၏ နောက်ဆုံးတိုက်ပွဲ

Vol. 2 Ch. 27

ဤရလဒ်ကို မည်သူမှမခန့်မှန်းထားခဲ့ကြသဖြင့် အားလုံးမှာ အံ့သြမှုဖြင့်တောင့်ခဲသွားကြ၏။ ယှဥ်ပြိုင်ပွဲ၏ အောင်နိုင်သူ ဆန်ကာတင်ခန့်မှန်းမှုများထဲက အကျော်ကြားဆုံးသော ကျောက်ထျန်းမင်းသည် အထုတ်ပယ်ခံလိုက်ရပေပြီ။

"ဖုန့်ကျန်းဟောင် လုပ်နိုင်ခဲ့ပြီ ကျောက်ထျန်းမင်းကို တကယ်ကြီးအနိုင်ပိုင်းလိုက်ပြီကွ"

"မယုံနိုင်စရာပဲ ကျောက်ထျန်းမင်းလိုဆရာကြီးကို လှဲသိပ်နိုင်လောက်အောင် သူ့ကိုဘယ်သူများသင်ပေးခဲ့တာပါလိမ့်"

"ဖုန့်မိသားစုကတော့ အမြင့်ကိုတက်မယ့် ကြယ်ပွင့်လေးတစ်ပွင့် ရထားတာပဲ"

တိတ်ဆိတ်နေသောလူအုပ်ကြီးမှာ ခဏအတွင်းပင် ချီးကျူးအားပေးသံများ လက်ခုပ်သံများ လျှံထွက်လာတော့သည်။

ကျောက်ထျန်းမင်းသာ သေချာပေါက်နိုင်လိမ့်မည်ဟု ကြွေးကြော်ထားကြသော ကြည့်ရှုသူများမှာမူ ဖုန့်ကျန်းဟောင်၏မထင်မှတ်ထားသောအောင်ပွဲကြောင့် မင်သက်လို့မပြီးနိုင်သေးပေ။

စိတ်လှုပ်ရှားမှုများနှင့် မယုံကြည်နိုင်သောအံ့သြမှုများမှာ ပရိတ်သတ်ထုကြီးကြားတွင် ကန်ရေပြင်ထက်မှရေဂယက်များကဲ့သို့ ပျံ့နှံ့လှုပ်ခတ်နေသည်။

"ကျောက်ထျန်းမင်းက ဘယ်လိုလုပ်ပြီးရှုံးရမှာလဲ အဓိပ္ပာယ်မရှိတာကွာ"

"လှည့်ကွက်တစ်ခုခုသုံးထားတာဖြစ်မယ် ဘယ်လိုပဲကြည့်ကြည့် ကျောက်ထျန်းမင်းက အနိုင်ရရမှာကို"

"ဖုန့်မိသားစုက ဒီအလကားကောင်ကြောင့် ငါ့ပိုက်ဆံတွေဆုံးပါပြီကွာ"

"ကျောက်ထျန်းမင်း အားနည်းတဲ့ငကြောင်ကောင် မင်းကြောင့်နဲ့ ငါစုထားသမျှ အကုန်ပြောင်ပြီကွ"

ပရိတ်သတ်ထုကြီးထဲတွင် မကျေမနပ်သံများ တီးတိုးသံများ ကျယ်သည်ထက်ကျယ်လောင်လာသည်။ အများစုမှာ ကျောက်ထျန်းမင်းကို ယှဥ်ပြိုင်ပွဲအောင်နိုင်သူအဖြစ် လောင်းကြေးထပ်ထားကြသည်ကိုး။

အခုတော့ သူတို့ပိုက်ဆံတွေအကုန် ရေစုန်မျောသွားပြီဖြစ်သဖြင့် မကျေမနပ်ပြောဆိုဆူညံနေကြသည်မှာ မထူးဆန်းပါချေ။

ဘာပဲဖြစ်ဖြစ် အနိုင်ရရှိသူသည် ဖုန့်ကျန်းဟောင်သာဖြစ်၍ သူတို့၏လောင်းကြေးများသည်လည်း ပြန်လာစရာမကြောင်းမရှိတော့ပေ။

ဖုန့်ကျန်းဟောင်သည်လည်း အသက်ကိုပြင်းစွာရှူရှိုက်နေရ၏။ သူကိုယ်တိုင်လည်း စိတ်လှုပ်ရှားပြီး ပင်ပန်းနွမ်းနယ်ခဲ့ရသည်လေ။ အဆုံးမှာအနိုင်ရလောက်မည်ဟု သူကြိုမတွေးခဲ့ပေမယ့် နောက်ဆုံးတော့ သူ၏မဆုတ်မနစ်ခုခံမှုများသည် အကျိုးရှိခဲ့ပေသည်။

သူခုခံရင်ဆိုင်ခဲ့ရသော တိုက်ခိုက်မှုများကြောင့် ဖုန့်ကျန်းဟောင်သည်လည်း ပြိုလဲလုဆဲဆဲပင်။ ဒီအောင်ပွဲကိုအရယူဖို့ ဖုန့်ကျန်းဟောင်အတွက်လည်း မလွယ်ကူခဲ့ကြောင်း အားလုံးမြင်နိုင်ပါသည်။

သို့ပေမယ့် ကျင့်ကြံဆင့်ပိုမြင့်သော ပြိုင်ဘက်ကို အနိုင်ပိုင်းနိုင်ဖို့ဆိုသည်မှာ အင်မတန်ခက်ခဲသောကိစ္စပင်။ အဆုံးသတ်ရလဒ်သည် ထိုက်တန်သည်ထက်ပိုပေ၏။

ကံကောင်းစွာပင် ဖုန့်ကျန်းဟောင်လဲမကျမီ ဖုန့်မိသားစုမျိုးဆက်သစ်ကျင့်ကြံသူများက လာရောက်ဖေးမကာ တွဲခေါ်သွားကြသည်။

"ဖုန့်ကျန်းဟောင် ဒီဆေးလုံးကိုသောက်ပြီး စွမ်းအားတွေကိုပြန်စုစည်းလိုက်"

ဖုန့်ချန်းက ဆေးလုံးတစ်လုံးပေးလျက်ပြောသည်။

ဖုန့်ကျန်းဟောင်၏ ဆုံးရှုံးသွားသောချီစွမ်းအင်များနှင့် အင်အားများကို ထိုဆေးလုံးကအကုန်ပြန်စုမပေးနိုင်သော်လည်း အနည်းဆုံ‌တော့ တစ်ချို့တစ်ဝက်သက်သာစေပါသည်။ ဖုန့်ကျန်းဟောင်တစ်ယောက် အမောဆို့မသွားအောင်တော့ ကာကွယ်ပေးနိုင်၏။

"ဟားဟား မင်းလုပ်နိုင်ခဲ့ပြီပဲ ကျန်းဟောင် တော်တယ်ကွာ"

"ကျောက်ထျန်းမင်းကို တကယ်ကြီးအနိုင်ပိုင်းခဲ့လိုက်တာပဲ"

ဖုန့်မိသားစု၏ မျိုးဆက်သစ်ကျင့်ကြံသူများမှာ ဖုန့်ကျန်းဟောင်၏စွမ်းဆောင်မှုအ‌ပေါ် ပီတိဖြစ်စွာ ချီးကျူးဂုဏ်ပြုနေကြသည်။

လွန်ခဲ့သည့်တစ်လလောက်ပင် သူတို့သည် အထင်ကရမိသားစုကြီးငါးခု၏ အားအနည်းဆုံးမျိုးဆက်သစ်ကျင့်ကြံသူများဟု သတ်မှတ်ခံခဲ့ရ၏။ ယခုအချိန်တွင်တော့ သူတို့သာအင်အားအကြီးဆုံး မျိုးဆက်သစ်များဖြစ်သည်ကို မည်သူမျှမငြင်းဆန်နိုင်ကြတော့ပေ။

"ဟားဟား ဒါတွေအားလုံးက မိသားစုခေါင်းဆောင်ရဲ့ ကျေးဇူးတွေပါကွာ"

ဖုန့်ကျန်းဟောင်က ထိုသို့တုံ့ပြန်လိုက်သည်။

သူ၏ပြောင်းလဲတိုးတက်မှုအားလုံးသည် ဖုန့်ချန်း၏ထောက်ပံ့မှုကြောင့် ဖြစ်ပေါ်လာခဲ့သည်မှာအမှန်ပင်။ ဒါတွေအားလုံးအတွက် ဖုန့်ချန်းကိုသာ ကျေးဇူးတင်သင့်ပေသည်။

ဖုန့်ချန်းပေးသော အရိုးသန့်စင်ဆေးလုံးနှင့် ကျင့်ကြံရေးလမ်းစဥ်များသာမရှိလျှင် အခြေတည်ထောင်ခြင်း အလယ်အလတ်ဆင့်ကို တက်လှမ်းဖို့ရာ လပေါင်းများစွာ ဒါမှမဟုတ် နှစ်ပေါက်အောင်ပင် ကျင့်ကြံရမည်ဖြစ်ပေသည်။

ထို့အပြင် ဖုန့်ချန်းသင်ကြားပေးခဲ့သော ဆန်းကြယ်ကောင်းကင်သံမဏိတံတိုင်းကျင့်စဥ်သာ သူ့မှာမရှိခဲ့လျှင့် ကျောက်ထျန်းမင်း၏တိုက်ခိုက်မှုများကို ခုခံကာကွယ်ဖို့ရာ မဖြစ်နိုင်ပါ။

(မိသားစုခေါင်းဆောင်ရဲ့ကြင်နာမှုကို ပြန်ပေးဆပ်ဖို့အတွက် ငါဒီ့ထက်ပိုပြီး သန်မာလာမှဖြစ်မယ်)

ဖုန့်ကျန်းဟောင်သည် တိတ်တဆိတ် ကတိသစ္စာပြုလိုက်၏။

ပြိုင်ပွဲကွင်း၏အခြားတစ်ဖက်ရှိ ကျောက်ချန်းရှီ၏မျက်နှာမှာမူ အရောင်အမျိုးမျိုးပြောင်းလဲနေခဲ့သည်။ သားဖြစ်သူကျောက်ထျန်းမင်း၏ရှုံးနိမ့်မှုသည် ပြင်းထန်သောထိုးနှက်ချက်တစ်ခုပင်။ သူတစ်ယောက်တည်းအတွက်မဟုတ် သူတို့ကျောက်မိသားစုတစ်ခုလုံး၏ဂုဏ်ကျက်သရေကို ထိခိုက်စေသည်။

ဤရှုံးနိမ့်မှုသည် သူတို့ကျောက်မိသားစုအတွက် ကြီးစွာသောသက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မည်။ အခြားမိသားစုများသည်လည်း ဒီကိစ္စကို လွယ်လွယ်နှင့်မေ့လျော့သွားကြလိမ့်မည်မဟုတ်။

"သေစမ်းကွာ"

ကျောက်ချန်းရှီ ကျိန်ဆဲလိုက်သည်။

ပြိုင်ပွဲကွင်းတွင် ဒိုင်လူကြီးသည် နောက်လာမည့်ပြိုင်ပွဲကို ဆက်လက်ကြေငြာဖို့ပြင်ဆင်နေသည်။ ထိုအချိန်တွင် ဖုန့်ကျန်းဟောင်မှ တစ်စုံတစ်ခုကိုဖြတ်ပြောလိုက်လေ၏။

"ဒိုင်လူကြီးခင်ဗျာ ကျွန်တော်နှုတ်ထွက်ပါတယ် နောက်ဆုံးပြိုင်ပွဲကို ဆက်သွားလို့ရပါပြီ"

ဖုန့်ကျန်းဟောင်ပြောလိုက်သည်။

ပုံမှန်အားဖြင့် နောက်ဆုံးပြိုင်ပွဲမတိုင်မီ လက်ရွေးစင်သုံးယောက်ကျန်ရှိရာတွင် ယှဥ်ပြိုင်ရမည့်နှစ်ယောက်ကို‌ရွေးချယ်ပြီး အနိုင်ရရှိသူသည် နောက်ဆုံးပြိုင်ပွဲသို့ တက်ရောက်ပေလိမ့်မည်။ ကျန်တစ်ယောက်ကတော့ နောက်ဆုံးပြိုင်ပွဲသို့ အလိုအလျောက်တက်သွားမှာဖြစ်သည်။

သို့သော်လည်း ဖုန့်ကျန်းဟောင်ကတော့ အစဥ်အလာအတိုင်းသွားနေစရာမလိုတော့ဟု ထင်၏။

သူ၏လက်ရှိအခြေအနေနှင့်ဆိုလျှင် နောက်ပြိုင်ပွဲတစ်ခုကိုအနိုင်ယူဖို့ ခက်ခဲနေလေပြီ။ ထို့အပြင် ယှဥ်ပြိုင်ပွဲမှာဗိုလ်စွဲလိမ့်မည်ဟု သူယုံကြည်ထားသောဖုန့်ယွင်လည်း ကျန်ရှိနေသေးသည်လေ။

"အဟမ်း ဟုတ်ပြီ ဒီလိုဆိုတော့ ကျွန်တော်တို့ နောက်ဆုံးပြိုင်ပွဲကို ဆက်သွားပါမယ် ဖုန့်ယွင်နဲ့ ယန်ကျိဟောင်တို့ စင်မြင့်ပေါ်ကို တက်ရောက်နိုင်ပါပြီခင်ဗျာ"

ဒိုင်လူကြီးမှ ကြေငြာလိုက်သည်။

"ဒီဖုန့်ယွင်က နောက်ဆုံးပြိုင်ပွဲအထိတက်ဖို့ ကံပါလာတာပဲ"

"ချီးပဲကွာ ဖုန့်ယွင်ကနောက်ဆုံးပြိုင်ပွဲကိုတက်ဖို့တန်လို့လား ဖုန့်ကျန်းဟောင်တက်သင့်တာလေ"

"ယန်ကျိဟောင်ရေ အဲ့ကောင်ကိုကောင်းကောင်းပညာပေးလိုက်စမ်းကွာ တစ်ခြားပြိုင်ပွဲဝင်တွေလို အားထုတ်စရာမလိုဘဲ နောက်ဆုံးပြိုင်ပွဲအထိတက်သွားတာ ငါတော့နည်းနည်းမှသည်းမခံနိုင်ဘူးဟေ့"

လူအုပ်ကြီးမှာ ဖုန့်ယွင်လောက်ကတော့ ယန်ကျိ‌ဟောင်အသာလေးလှဲသိပ်နိုင်မည်အထင်ဖြင့် အော်ဟစ်ဆဲဆိုနေကြတော့လေသည်။

-ဟူး

"ဒီလောက်ထိမုန်းတီးခံနေရအောင် ငါဘာတွေများလုပ်ခဲ့မိပါလိမ့်"

ဖုန့်ယွင်သည် တစ်ကိုယ်တည်းရေရွတ်လိုက်မိ၏။ လူအုပ်ကြီး၏တုံ့ပြန်မှုကြောင့် သူ့မှာ အကူအညီမဲ့နေသလို ခံစားရသည်။ သူ့ဘက်က ဘာအမှားတစ်ခုမှမလုပ်ခဲ့တာတောင် ဤသို့ကျိန်ဆဲခံနေရသည်မှာ မတရားဟု သူတွေးမိသည်။

"ထားလိုက်ပါလေ ပြိုင်ပွဲကိုပဲအာရုံစိုက်ကြတာပေါ့ ယန်ကျိဟောင်မှာ ဝှက်ဖဲတစ်ခုခုတော့ရှိလိမ့်မယ်လို့ ခံစားမိနေတယ်"

ဖုန့်ယွင်မှတ်ချက်ပြုလိုက်ရင်း သူ့ကိုစိုက်ကြည့်နေသော ယန်ကျိဟောင်ကို တည့်တည့်ပြန်စိုက်ကြည့်လိုက်သည်။

"ဟမ့် အမှိုက်ကောင်ဖုန့်ယွင် မင်းဖိုင်နယ်ကိုတက်လာနိုင်လောက်တဲ့အထိ ကံကောင်းလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး"

ယန်ကျိဟောင်မှ ရန်စလိုက်သည်။ ယန်မိသားစုဝင်တစ်ဦးအနေနှင့် ဖုန့်မိသားစုမှလူကို ဘယ်လိုနည်းနဲ့မှ အကောင်းမြင်စရာမရှိပေ။

ပြိုင်ပွဲတွင် ဖုန့်မိသားစုဝင်များနှင့်ရင်ဆိုင်ရလျှင် ကျင့်ကြံခြင်းအခြေခံကိုဖျက်ဆီးပစ်ခဲ့ဖို့ မိသားစု‌ခေါင်းဆောင်မှ မှာကြားထားပြီးသားဖြစ်၏။

ဖုန်ယွင်တစ်ယောက် သူ့ပြိုင်ဘက်ဖြစ်လာခြင်းအတွက် ယန်ကျိဟောင်ပျော်ရွှင်နေမိသည်။ နတ်ဆိုးဖုန့်ချန်းရဲ့ညီကို ဒုက္ခိတဖြစ်အောင် လုပ်နိုင်တော့မည်လေ။

ဖုန့်ချန်းလက်ချက်ဖြင့် သေဆုံးခဲ့ရသည့် ယန်မိသားစုအကြီးအကဲများအတွက် လက်စားချေနိုင်တော့မည်ဖြစ်သဖြင့် ယန်ကျိဟောင်မှာ အပျော်ကြီးပျော်နေတော့သည်။

"ယန်ကျိဟောင် စကားပြောနေဖို့အချိန်မရှိဘူး ကံတရားကြောင့်ဟုတ်မဟုတ်သိချင်ရင် မင်းကိုယ်တိုင်လာစမ်းသပ်ကြည့်လေ"

ဖုန့်ယွင်မှ တုံ့ပြန်လိုက်သည်။

သူ၏မိဘနှစ်ပါး ပျောက်ဆုံးနေချိန်တွင် ဖုန့်မိသားစုကို တိုက်ခိုက်ဖို့ကြိုးစားခဲ့သော ယန်မိသားစုကို ဖုန့်ယွင်လည်း အမြင်ကြည်မနေချေ။

အစ်ကိုကြီးကြောင့်သာမဟုတ်လျှင် သူတို့မိသားစုမှာ ယန်မိသားစု၏ကျွန်ဖြစ်ရင်ဖြစ် အဆိုးဆုံးထိတွေးရလျှင် မျိုးပြုတ်သည်ထိသတ်ဖြတ်ခံရတာမျိုးလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ကျောက်၊ လျို့၊ ယန်မိသားစု သုံးခုစလုံးသည် တစ်ချိန်လုံး သူတို့၏ရန်သူများသာ ဖြစ်ခဲ့ကြသည်ပဲ။ အထူးသဖြင့် အဲ့ဒီယန်မိသားစုပေါ့။

ထို့ကြောင့် ယန်ကျိဟောင်ဘက်က လာရောက်ရန်စနေသည့်အခြေအနေတွင် ကိုယ့်ဘက်ကလည်း သဘောကောင်းပြနေစရာအကြောင်းမရှိပေ။

"ဟားဟားဟားဟား ဖုန့်ယွင် မင်းတော့ မင်းကိုယ်မင်းသိပ်အထင်ကြီးနေတာပါလား ဒီနေရာမှာ ဘယ်သူကမှ ငါ့ပြိုင်ဘက်မဟုတ်ဘူးကွ‌ ကျောက်ထျန်းမင်းမကလို့ ဖုန့်ကျန်းဟောင်ပါ ငါ့ကိုမယှဥ်နိုင်ဘူး"

ယန်ကျိဟောင်က မောက်မာစွာဝင့်ကြွားလိုက်သည်။ သူ၏အရှိန်အဝါသည်လည်း ဘေးသို့ဖြာထွက်လာ၏။

"ဒါ..ဒါက အခြေတည်ထောင်ခြင်း အထွဋ်အထိပ်အဆင့်ရဲ့ အရောင်အဝါမလား မဟုတ်သေးဘူး ဒါက အမြုတေဖွဲ့စည်းခြင်း စဦးပိုင်းအဆင့်ရဲ့ အရောင်အဝါပဲ"

"ဘုရားရေ ယန်ကျိဟောင်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုပါ ချိုးဖျက်နိုင်သွားပြီလား"

"ယန်ကျိဟောင် အရမ်းယုံကြည်မှုရှိနေတာ မထူးဆန်းတော့ဘူး သူက အမြုတေဖွဲ့စည်းခြင်းအဆင့်ကိုတောင် တက်ရောက်နိုင်နေပြီပဲ ဖုန့်ချန်းတောင် ဒီအရွယ်မှာတုန်းက သူ့လောက်အဆင့်မမြင့်ဘူးလေ"

ယန်ကျိဟောင်တစ်ယောက် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းသွားနိုင်မှန်း သိသွားကြပြီးနောက် လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေ၏။

"ဖုန့်ယွင်တော့သွားပြီဟေ့ အမြုတေဖွဲ့စည်းခြင်းအဆင့်ထိရောက်နေတဲ့သူကို သူဘယ်လိုလုပ်ခံတိုက်နိုင်မှာတုန်း"

"ယန်ကျိဟောင်က သူ့စွမ်းအားအစစ်အမှန်ကို တစ်ချိန်လုံးလျှို့ဝှက်ထားခဲ့တာပဲ ဒီပွဲကတော့ မစခင်ကတည်းက ပြီးနေပါပြီကွာ"

"ဖုန့်ယွင်ကို‌တောင် သနားလာပြီ သူ့အခြေတည်ထောင်ခြင်း အလယ်အလတ်ဆင့်လေးနဲ့ဆို လှုပ်တောင်လှုပ်လိုက်နိုင်မယ်မထင်ဘူး"

လူအုပ်ကြီး၏ဆူညံသံများက တစ်စထက်တစ်စ ပိုကျယ်လောင်လာပေမယ့် ဖုန့်ယွင်ကတော့ တည်တည်ငြိမ်ငြိမ်ပင်။ မျက်နှာအမူအရာပင် ပြောင်းမသွား။

ယန်ကျိဟောင်တစ်ယောက် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်နိုင်သွားပြီမှန်း သိလိုက်ရသော်လည်း သူ့ကြည့်ရသည်မှာ စိတ်ပျက်အားလျော့သွားပုံမပေါ်။

"ကြောက်လွန်းလို့တောင့်တင်းသွားတာလား ဖုန့်ယွင် မပူပါနဲ့ ငါမင်းကိုငရဲမှာ ရှေ့ဆုံးခုံရောက်အောင် ပို့ပေးပါ့မယ်"

ယန်ကျိဟောင်သည် ဖုန့်ယွင်၏တည်ငြိမ်မှုကို ကြောက်လန့်မှုအဖြစ် အထင်မှားပြီး လှောင်ပြောင်နေလေ၏။

ဖုန့်ယွင်၏အကြည့်တို့မှာ စူးရှတောက်ပြောင်လာပြီး တုန့်ပြန်စကားဆိုလိုက်သည်။

"မင်းတော်တော်စကားများတာပဲ ယန်ကျိဟောင် ပြည့်တန်ဆာတွေလို ပါးစပ်ကိုပဲအလုပ်ပေးနေမယ့်အစား မင်းဘာတွေများတတ်ထားသလဲ ငါ့ကိုပြကြည့်ပါလား"

"ဟမ်?"

ယန်ကျိဟောင်အံ့သြသွားရသည်။ သူ့အရှိန်အဝါကိုမြင်ပြီး ဖုန့်ယွင်တစ်ယောက် ကြောက်ရွံ့တုန်လှုပ်ကာ အညံ့ခံသွားလိမ့်မည်ဟု သူတွက်ဆထားသည်လေ။

"ဟားဟား ဖုန့်ယွင်ရာ ငါအခုပဲမင်းကိုပြပြီးပြီလေ မင်းမှာစကားပြောဖို့ အာရုံကြောလေးတွေ အလုပ်လုပ်နိုင်သေးတယ်ပေါ့"

ယန်ကျိဟောင်က ရွှင်မြူးနေသောမျက်လုံးများဖြင့် လှောင်ပြောင်ကဲ့ရဲ့နေသည်။

"ဒါပေမယ့် စိတ်မပူပါနဲ့ မင်းရဲ့ကျန်နေသေးတဲ့မာနလေးတွေကို ကုန်စင်အောင်ရိုက်ချိုးပေးမယ် ယန်မိသားစုကိုလာထိပါးရဲတဲ့ကောင်တွေ ဘယ်လမ်းကိုသွားရမလဲဆိုတာကို မင်းကဥပမာပြလေးလုပ်ပေးပါဦး"

ယန်ကျိ‌ဟောင်၏အရှိန်အဝါများ ပိုမိုပြင်းထန်လာပြီး ပြိုင်ပွဲကွင်းတစ်ခုလုံးစီသို့ ဖြန့်ကျက်သွား၏။ ဂွမ်းစောင်ထူကို ခေါင်းမြီးခြုံထားရသကဲ့သို့ မွန်းကျပ်မှုများသယ်ဆောင်လာသည့် စွမ်းအင်ပမာဏပင်။

ထိုသူထုတ်လွှတ်နေသာ ကြီးမားသည့်စွမ်းအားကို လူအုပ်ကြီးတစ်ခုလုံးပင် ခံစားမိသည်အထိ။

ယန်ကျိဟောင်သည် လျှပ်တပြက်သာမြင်လိုက်နိုင်သောအရှိန်ဖြင့် ဖုန့်ယွင်ထံပစ်ဝင်သွားလိုက်သည်။ ရှေ့သို့တိုးဝင်သွားသည့်အရှိန်ကြောင့် အောက်ရှိမြေပြင်သည် ကွဲအက်သွားရ၏။ ယန်ကျိဟောင်၏လက်သီးမှာ ချီစွမ်းအင်အပြည့်ဖြင့် တောက်လောင်နေလေသည်။

သူ၏လက်သီး ဖုန့်ယွင်ထံနီးကပ်လာသည်နှင့် ယန်ကျိဟောင်ဟစ်ကြွေးလိုက်သည်။

"ဒါကအဆုံးသတ်ပဲ ဖုန့်ယွင်"

All Chapters