← Chapters

ဖုန့်ယွင်နှင့် ယန်ကျိဟောင်

Vol. 2 Ch. 28

ဖုန့်ယွင်နှင့် ယန်ကျိဟောင်

Vol. 2 Ch. 28

ယန်ကျိဟောင်၏တိုက်ကွက် ထိရောက်တော့မည့်ဆဲဆဲတွင် ရှေ့တွင်ရပ်နေသော ဖုန့်ယွင်၏သဏ္ဍာန်သည် မှုန်ဝါးသွားလေသည်။ ဖုန့်ယွင်သည်မည်သူမျှမျှော်လင့်မထားမိလောက်အောင် မြန်ဆန်သောအလျင်ဖြင့် ဘေးတစ်ဖက်သို့ ရှောင်တိမ်းသွားခြင်းပင်ဖြစ်၏။

"တစ္ဆေအရိပ်လှည့်စားမှု"

ဖုန့်ယွင်သည် ယန်ကျိဟောင်၏တိုက်ခိုက်မှုကိုရှောင်တိမ်းရန် ဤကောင်းကင်အဆင့်သိုင်းကွက်ကျင့်စဥ်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

"ဘာလဲဟ"

လက်သီးက ဘာတစ်ခုကိုမှမထိမိဘဲ လေဟာပြင်ကိုပဲထိုးမိသွားသောအခါ ယန်ကျိဟောင်အံ့သြမှုဖြင့် အာမေဋိတ်ပြုလိုက်မိ၏။ ဖုန့်ယွင်လို့ အခြေတည်ထောင်ခြင်းအလယ်အလတ်ဆင့်မှာပဲရှိသေးတဲ့ကောင်က သူ့ထက်ပိုမြန်အောင်ရှောင်နိုင်လိမ့်မည်ဟု လုံးဝထင်မထားပေ။

"မင်းကအတော်နှေးတာကိုး"

ဖုန့်ယွင်၏ တည်ငြိမ်သောစကားသံသည် ယန်ကျိဟောင်၏နောက်ကျောဘက်မှ ထွက်ပေါ်လာလေသည်။ ယန်ကျိဟောင်မှာ အံ့သြတုန်လှုပ်မှုနှင့်အတူ ဒေါသများပါထွက်လာတော့၏။

သူ့လို အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူက အခြေတည်ထောင်ခြင်းအလယ်အလတ်ဆင့်ကလူထက် ပိုနှေးကွေးလေးလံနေတယ်တဲ့လား? လုံးဝမဖြစ်နိုင်ပေ။

"မဖြစ်နိုင်တာ မင်းဘယ်လိုလုပ်ပြီးတော့များ-"

ယန်ကျိဟောင်စကားဆုံးအောင် မပြောရသေးချိန်တွင် ဖုန့်ယွင်မှာ တိုက်ခိုက်ဖို့ရန်အသင့်ဖြစ်နေပေပြီ။ သူ၏ဓားသွားသည် ပြင်းထန်အားကောင်းလှသော ချီစွမ်းအင်များဖြင့် ဖုံလွှမ်းပြည့်ဝနေ၏။

"ကောင်းကင်အင်ပါယာဓားသိုင်း"

ဓားသွားမှထွက်ပေါ်ဖြန့်ကျက်နေသော ပြင်းထန်သည့်အင်အားလုံးကြီးကို ခံစားမိလိုက်ရသည်နှင့် ယန်ကျိဟောင်၏မျက်လုံးများသည် သတိထားရကောင်းမှန်းသိလိုက်သလို ပြူးကျယ်လာသည်။

ဘေးပတ်လည်ရှိလေထုသည် အကောင်အထည်ရှိသော အရာဝတ္ထုတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ သူ့ကိုဖိနှိပ်လွှမ်းခြုံထားပြီး အသက်ရှူရန်ပင်ခက်ခဲသော မွန်းကျပ်မှုမျိုးကို ပေးစွမ်းနေ၏။ ကျရောက်လာသောတိုက်ကွက်ကိုကာကွယ်ရန် မသိစိတ်မှ လက်မောင်းကိုအလိုလိုမြှောက်လိုက်မိသည်။ သို့သော် နောက်ကျလွန်းသွားပြီဆိုတာကို သူခံစားမိနေ၏။

-ဘန်း

ဖုန့်ယွင်၏ဓားချက် ကျရောက်သွားသည့်အချိန်တွင် ပြိုင်ပွဲဧရိယာတစ်ခုလုံးမှာ မျက်စိကျိန်းစပ်မတတ် တောက်ပလှသောအလင်းရောင်ဖြင့် ခြုံလွှမ်းခံလိုက်ရတော့သည်။

ဖုန့်ယွင်၏တိုက်ကွက်သည် လေထုကိုနှစ်ခြမ်းခွဲလိုက်တော့မည့်အလား အင်အားပြင်းလှ၏။ ဓားချက်၏မြည်ဟီးသံသည် ပြိုင်ပွဲကွင်းတစ်ပြင်လုံးတွင် ပဲ့တင်ထပ်သွားစေသည်။

အင်အားအပြည့်နှင့် တိုက်ကွက်၏ဒဏ်ကြောင့် ယန်ကျိဟောင်ရပ်နေသောမြေပြင်မှာ ကွဲအက်၍ အစိတ်စိတ်အမွှာမွှာကြေမွသွားရ၏။ မြေမှုန်မြေခဲများမှာ အရပ်လေးမျက်နှာသို့ပင် ပျံ့နှံ့လွင့်စင်လျက်။

ပြိုင်ပွဲကွင်းတစ်ခုလုံးမှာ အချိန်ခဏလောက်အထိ တစပြင်မျှတိတ်ဆိတ်သွားရသည်။ ပြင်းထန်သောတိုက်ကွက်တစ်ခု၏ အကျိုးဆက်အဖြစ် ပတ်ဝန်းကျင်တစ်ခုလုံး အမှုန်အမွှားပေါင်းစုံဖြင့် ဂယက်ထသွားလေရာ လူအုပ်ကြီးမှာ အချိန်တစ်ခုကြာသည်အထိ အသက်အောင့်ထားရပုံပင်။

ယန်ကျိဟောင်သည် မူလနေရာတွင်ပင် ခဲတောင့်စွာရပ်နေဆဲဖြစ်၏။ မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်မှုနှင့် နာကျင်မှုတို့ရောယှက်လျက် ပြူးကျယ်နေဆဲပင်။ ရင်ဘတ်ပေါ်တွင် သွေးစီးကြောင်းမျှင်မျှင်လေးတစ်ခု စီးကျလျက်ရှိသည်။ ဖုန့်ယွင်၏ဓားသွားသည် အတွက်အချက်တစ်ခုဖြင့် တိကျစွာချိန်ဆထားခဲ့တာကြောင့် အပြင်ပန်းတွင်သိပ်မထိခိုက်ပုံရှိသော်ငြား သူ၏ အတွင်းနက်နက်အထိကို ပိုင်းဖြတ်ခြင်း၏ သက်ရောက်မှုက ထိရှသွား၏။

ဓားချက်မှပူးတွဲပါလာသော ပြင်းထန်သည့်ချီစွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာစိမ့်ဝင်နေပြီး ယန်ကျိဟောင်၏ ကိုယ်ပိုင်ချီစွမ်းအင်ကိုပင် ကမောက်ကမဖြစ်အောင် နှောင့်ယှက်ဖျက်ဆီးနေ၏။

ညည်းညူသံတစ်ခုနှင့်အတူ ယန်ကျိဟောင်သည် တုန်ယင်ချိနဲ့စွာ နောက်ဆုတ်သွားသည်။ မခိုင်တခိုင်ယိုင်နဲ့နေသော ခြေထောက်များသည် ထပ်မံတောင့်ခံနိုင်စွမ်းမရှိတော့ပဲ ယန်ကျိဟောင်မှာ မြေပေါ်သို့ဘုန်းဘုန်းလဲကျသွားလေ၏။

အနိုင်ယူဖို့ရာမစွမ်းနိုင်ဟုထင်ရလောက်သော ထင်းလင်းသည့်အရှိန်အဝါသည် ဖြိုခွဲခံလိုက်ရပေပြီ။ ခိုင်မာသောယုံကြည်မှုတို့ မီးလောင်တိုက်သွင်းခံလိုက်ရပြီး တလူလူထောင်လွှားခဲ့သောမာန်မာနတို့မှာ အရည်ဖျော်ခံလိုက်ရပေပြီ။

"ဘာ...ဘာတွေဖြစ်နေကြတာလဲဟ"

"ချီးပဲ ဟာ ဘာကြီးလဲ မင်းရော ငါမြင်သလိုမြင်နေရတယ်မလား"

"မြတ်စွာဘုရား ယန်ကျိဟောင်ကြည့်ရတာ ဒဏ်ရာတော်တော်ပြင်းမယ့်ပုံပဲ အဲ့ဒဏ်ရာက ဖုန့်ယွင်ကြောင့်ရသွားတာပေါ့လေ"

"ဖုန့်ယွင်က အဲ့လောက်တောင်အင်အားကြီးတာလား ဒါဆို ငါတို့အားလုံးက ဖုန့်ယွင်ကိုလျှော့တွက်ခဲ့မိကြတာပေါ့?"

ပရိတ်သတ်ထုကြီးတစ်ခုလုံးမှာ အံ့သြစိတ်လှုပ်ရှားမှုများနှင့်အတူ ဖုန့်ယွင်ကိုမနားတမ်းချီးကျူးနေကြသည်။

ကံကောင်း၍သာ ဒီအထိပါလာသည်ဟု မှတ်ယူခြင်းခံခဲ့ရသော ထိုဖုန့်ယွင်သည် အမှန်တကယ်တွင် လွန်စွာမှအားကြီးလှပါတကား။ အခြားတစ်ဖက်တွင် အနိုင်ယူဖို့ရာမဖြစ်နိုင်ဟု သူတို့ယူဆခဲ့ကြသော ထိုသူသည် မြေပြင်ပေါ်တွင်လှဲလျောင်းလျက်ရှိ၏။

"ဖုန့်ယွင် ငါမင်းကိုသတ်ပစ်မယ်ကွ"

ယန်ကျိဟောင်သည် တစ်ဖန်မတ်တပ်ရပ်လိုက်နိုင်သည်နှင့် ထိုကဲ့သို့ဟိန်းဟောက်ကြွေးကြော်လိုက်သည်။ သူ့ဘဝတွင် ဤမျှအရှက်တကွဲအကျိုးနည်းဖြစ်ရသည်မှာ ပထမဆုံးအကြိမ်ပင်။

"ဟမ့် မင်းသတ်နိုင်မယ်ထင်ရင် ကြိုးစားကြည့်လေ"

ဖုန့်ယွင်က ခပ်တည်တည်ပင် တုံ့ပြန်သည်။ ယန်ကျိဟောင်တစ်ယောက် ဒေါသကြီးလာလေလေ အမှားလုပ်မိမိလေလေပဲဖြစ်မည်။ ဤသည်မှာ သူ့အတွက်တော့အားသာချက်ပင်။

ယန်ကျိဟောင်၏မျက်နှာသည် ဒေါသကိုမထိန်းချုပ်နိုင်တော့သကဲ့သို့ တွ့န်လိမ်ရှုံ့ပွနေသည်။ မျက်လုံးများမှာလည်း လူသတ်လိုသောအရိပ်အငွေ့တို့ဖြင့် တောက်လောင်လျက်။

သူသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ချီစွမ်းအင်များကို ပြန်လည်စုစည်းလိုက်သည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ၏အရှိန်အဝါသည် အန္တရာယ်အငွေ့အသက်တို့ဖြင့် တစ်ဖန်ပြန်လည် တောက်လောင်လာလေပြီ။ စွမ်းအားများ ပြန်လည်စုဝေးလာသည်နှင့် အောက်ဘက်ရှိမဟာပထဝီမြေကြီးမှာလည်း တုန်ယင်လာ၏။

ဖုန့်ယွင်သည် တည်ငြိမ်သောအမူအရာနှင့်ပင် ယန်ကျိဟောင်၏ ပေါက်ကွဲလုဆဲဆဲ ဒေါသမီးတောင်ကို အသေးစိတ်လေ့လာနေသည်။ တစ်ဖက်မှတိုက်ခိုက်လာလျှင် အချိန်မီတုံ့ပြန်နိုင်စေရန် ဓားရိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား၏။

ယန်ကျိဟောင်၏ဒေါသသည် မီးတောင်ချော်ရည်များကဲ့သို့ ပွက်ပွက်ဆူလောင်မြိုက်နေလေပြီ။ ကြောက်မက်ဖွယ်ဟိန်းဟောက်သံတစ်ခုဖြင့် မာန်သွင်းလိုက်ပြီး ဖုန့်ယွင်ကို စတင်တိုက်ခိုက်တော့သည်။ ပစ်လွှတ်လိုက်သောလက်သီးသည် စွမ်းအင်အပြည့်ဖြင့်တောက်လောင်နေပြီး တိုက်ကွက်များမှာ အင်အားပြည့်ဝလှသည်။

"မင်းသွားသေလိုက်တော့"

"တောင်ကွဲလက်သီး"

ယန်ကျိဟောင်၏တိုက်ခိုက်မှုအောက်တွင် မြေပြင်မှာ နှစ်ခြမ်းကွဲထွက်သွားလေပြီ။ ပစ်လွှတ်နေသောလက်သီးများမှ ဖြာထွက်လာသော အင်အားလှိုင်းလုံးများသည် ဘေးပတ်ဝန်းကျင်ကိုပင် သက်ရောက်စေ၏။

တောင်ကွဲလက်သီးသည် ယခင်က ပြိုင်ဘက်များစွာကို ပွဲသိမ်းထိုးချလာနိုင်ခဲ့သော သိုင်းကွက်တစ်ကွက်ဖြစ်ပြီး အခြေတည်ထောင်ခြင်းအဆင့်တွင်သာရှိသော ကျင့်ကြံသူများမှာ ဘယ်နည်းနှင့်မျှ တောင့်ခံနိုင်စရာအကြောင်းမရှိပေ။

ထို့အပြင် သိုင်းကွက်၏သက်ရောက်မှုသည် ဧရိယာကျယ်ပြန့်သဖြင့် ဘေးဘက်သို့ရှောင်တိမ်းဖို့မှာလည်း လုံးဝမဖြစ်နိုင်ချေ။

ထိုသိုင်းကွက်ကိုထုတ်သုံးဖို့ရာ ချီစွမ်းအင်ပမာဏအများကြီးလိုအပ်သော်လည်း သူ့တိုက်ကွက်ကို ဖုန့်ယွင်အရင်တစ်ခေါက်ကလို မရှောင်နိုင်စေဖို့ အထူးတလည် ထုတ်သုံးရခြင်းဖြစ်သည်။

-ဘုန်း

တောင်ကွဲလက်သီး၏ တိုက်ခိုက်မှုကြောင့် မြေပြင်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ လှုပ်ခတ်သွားရပြီး နားထိုင်းမတတ်ကျယ်လောင်လှသော အသံကြီးတစ်ခု ပေါ်ထွက်လာလေသည်။

အပျက်အစီးအမှုန်အမွှားများ ပျံ့နှံ့လွင့်စင်သွားပြီး အရာအားလုံးကို သဲသဲကွဲကွဲမမြင်ရနိုင်တော့ပေ။

ကြည့်ရှုသူအပေါင်းမှာ ဝင်သက်ထွက်သက်များပါ ရပ်တန့်သွားရလျက်။ ထိုမျှပြင်းထန်သော တိုက်ကွက်တစ်ခုကို ရင်ဆိုင်ရသူသည် အဘယ်နည်းနှင့် အသက်ရှင်ကျန်ရစ်ပါ့မည်နည်း။

အများစုမှာ ဖုန့်ယွင်တစ်ယောက် သေလုမျောပါးဒဏ်ရာရသွားလောက်ပြီး ဆက်တိုက်ခိုက်နိုင်တော့မည်မထင်ဟု တွေးမိကြသည်။

အမှုန်အမွှားများ အနည်ထိုင်သွားချိန်တွင် ရင်သပ်ရှုမောဖွယ် အသွင်သဏ္ဍာန်တစ်ခုသည် အပျက်အစီးများကြားထဲတွင် မားမားမတ်မတ်ထွက်ပေါ်လာလေ၏။

ဖုန့်ယွင်သည် မြင့်မားရှည်သွယ်သောအရပ်အမောင်းနှင့် နဂိုအနေအထားအတိုင်း မူမပျက်ပင်ရပ်နေဆဲဖြစ်သည်။ ထုတ်လွှင့်နေသောအရှိန်အဝါတို့မှာလည်း ယိမ်းယိုင်ခြင်းမရှိ။ ဘေးပတ်လည်တွင် ရစ်သီနေသော ချီစွမ်းအင်များသည် ထွင်းဖောက်ရန်မဖြစ်နိုင်သော အကာအရံတစ်ခုကဲ့သို့ တောက်ပလင်းလက်နေကြသည်။

ဖုန့်ယွင်သည် ယန်ကျိဟောင်၏တောင်ကွဲလက်သီးကို ကာကွယ်တားဆီးရန် ဆန်းကြယ်ကောင်းကင်သံမဏိတံတိုင်းကို အသုံးပြုလိုက်ခြင်းဖြစ်၏။

လူအုပ်ကြီးတစ်ခုလုံးသည် ပါးစပ်အဟောင်းသားဖြင့် ရင်သပ်ရှုမောလျက်။

ယန်ကျိဟောင်၏မျက်လုံးများသည် မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်နေကြသည်။ အခြေတည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတိုင်းကို ဖျက်ဆီးချေမှုန်းနိုင်ခဲ့သော ဤတိုက်ကွက်သည် မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားလေပြီ။

"ဘယ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယန်ကျိဟောင်၏အသံသည် ကြောက်ရွံ့မှုနှင့် စိုးရိမ်ကြောင့်ကြခြင်းတို့ရောယှက်လျက် တုန်ယင်လှုပ်ခတ်နေသည်။

"မင်းတတ်ထားတာ ဒါအကုန်ပဲလား"

ဖုန့်ယွင်၏အသံသည် တည်ငြိမ်နေဆဲပင်ဖြစ်ပြီး လှောင်ပြောင်သရော်နေသလိုလိုလည်း ထင်ရ၏။

စာစဉ် (၂) ပြီး

All Chapters