ပြီးပြီ
Vol. 3 Ch. 29
လူထုသည် ထိတ်လန့်တုန်လှုပ်လို့မပြီးနိုင်ကြသေးဘဲ တီးတိုးသံများလည်း ပြည့်နှက်နေသည်။
သူတို့အားလုံး အထင်သေးလျှော့တွက်ခဲ့ကြသော ဖုန့်ယွင်သည် ယန်ကျိဟောင်၏ အားအပြင်းဆုံးသောတိုက်ကွက်ကို သက်သက်သာသာလေးပဲကာကွယ်သွားပြီး ရပ်တည်နေဆဲပင်။
ယန်ကျိဟောင်သည် ယခုလေးတင်ဖြစ်ပျက်သွားသောကိစ္စများကို နားလည်အောင်မနည်းကြိုးစားနေရသည်။ မျက်နှာထားသည်လည်း ဒေါသစိတ်များဖြင့် ပုံမှန်မဟုတ်တော့ပေ။
မရေမတွက်နိုင်သောပြိုင်ဘက်များကို အပြီးသတ်ချေမှုန်းနိုင်ခဲ့သော သူ၏အားအပြင်းဆုံးတိုက်ကွက်သည် ဖုန့်ယွင်၏လက်အောက်တွင် အလဟဿဖြစ်သွားခဲ့ရသည်လေ။ မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်နေသောမျက်လုံးများသည် ဒေါသမီးတောက်များအဖြစ်ဖို့ ရုတ်ချည်းပြောင်းလဲသွားသည်။
"ခွေးကောင်ဖုန့်ယွင်"
ယန်ကျိဟောင်က ထွီခနဲတံတွေးထွေးလိုက်ပြီး ကျိန်ဆဲသည်။ သူ့အသံမှာ ဒေါသများဖြင့်တုန်ရီနေလေပြီ။
"ဒီအရှက်ရမှုအတွက် မင်းသေချာပေါက်ပြန်ပေးဆပ်ရစေ့မယ်"
ယန်ကျိဟောင်သည် အင်အားများကိုပြန်လည်စုစည်းဖို့ကြိုးစားသော်လည်း သူ့ခန္ဓာကိုယ်က မနာခံတော့ပေ။ ချီစွမ်းအင်များသည်လည်း မတည်မငြိမ်ဖြစ်လို့နေပြီး ပြန်လည်စုဝေးလို့မရနိုင်တော့ချေ။ စိတ်ဖိစီးနွမ်းနယ်မှုများဖြင့် လက်ဖျားများပါ တုန်ယင်နေပြီဖြစ်သည်။
တောင်ကွဲလက်သီးက သူ့အင်အားများကို အလုံးစုံစုပ်ယူသွားခဲ့လေပြီ။ ယန်ကျိဟောင်၏အခြေအနေသည် ဒဏ်ရာရနေသောကျားနာတစ်ကောင်ကဲ့သို့ပင်။
အားအင်ကုန်ခမ်းနေပြီဖြစ်သော ယန်ကျိဟောင်၏မျက်လုံးများကိုမြင်သောအခါ ဖုန့်ယွင်သည် အခွင့်အရေးကိုကိုင်ဆုပ်ရန်အချိန်တန်ပြီဟု သိလိုက်၏။
ဖုန့်ယွင်သည် တွန့်ဆုတ်တွေဝေခြင်းမရှိဘဲ ရှေ့သို့တစ်ဟုန်ထိုး ပြေးဝင်လိုက်သည်။ ကိုင်စွဲထားသောဓားသွားသည် စူးရှတောက်ပြောင်နေပြီး အန္တရာယ်အငွေ့အသက်များကို ထုတ်လွှင့်လို့နေ၏။
တစ်စစီပြိုကွဲနေသော ချီစွမ်းအင်တို့ကို တည်ငြိမ်အောင် ကြိုးစားထိန်းသိမ်းနေရသော ယန်ကျိဟောင်သည် လက်ကိုမြှောက်ပြီးကာကွယ်ဖို့ရန်ပင် မစွမ်းနိုင်တော့ပါ။
သူ၏လှုပ်ရှားမှုများသည် နှေးကွေးနေပြီး တုံ့ပြန်မှုများမှာလည်း လေးလံနေသည်။
"ဖုန့်ယွင် မင်းလုပ်ရဲတယ်ပေါ့"
ယန်ကျိဟောင်သည် အံကြိတ်၍အော်ဟစ်လိုက်သည်။ ကျန်ကောင်းကျန်ရာစွမ်းအင်လေးများကို စုစည်းလျက် ခုခံကာကွယ်ဖို့ကြိုးစားသော်လည်း နောက်ကျသွားလေပြီ။
ဓားသွားသည် သူ၏အားနည်းချိနဲ့လှသော အကာအကွယ်ကိုဖြတ်သန်း၍ ရောက်ရှိလာပြီး ခန္ဓာကိုယ်ဘေးဘက်ခြမ်းတွင် နက်ရှိုင်းတောက်လောင်နေသော ဒဏ်ရာတစ်ခုကို ချန်ထားခဲ့လေ၏။
ယန်ကျိဟောင်သည် ပြင်းစွာသောနာကျင်မှုကို ခံစားသိရှိလိုက်ရသည်။ ရုတ်တရတ်ဖြစ်ပေါ်လာသော အသွေးအသားထဲမှနာကျင်မှုကို သည်းမခံနိုင်စွာ သူ့ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားခဲ့၏။ ဒယိမ်းဒယိုင်ဖြင့် အနောက်ဆုတ်သွားရပြီး အသက်ရှူသံများမှာလည်း မူမမှန်တော့ချေ။
ဓားဒဏ်ရာသည် သွေးများဖုံးလွှမ်းရွှဲစိုသွားပြီး ကိုယ်တွင်းမှချီအရင်းအမြစ်သည်လည်း မတည်မငြိမ်ဖြစ်လာခဲ့သည်။ ပြန်လည်ငြိမ်သက်စေဖို့ ဘယ်လိုပင်ကြိုးစားသော်ငြား မထိရောက်တော့ပါ။
အင်အားအနည်းအကျဥ်းကို ရအောင်စုစည်းနေရင်း စိတ်ပျက်အားငယ်ခြင်းများ မျှော်လင့်ချက်မဲ့ခြင်းများသည် ယန်ကျိဟောင်မျက်လုံးထဲတွင် ထင်ဟပ်လာတော့သည်။
နာကျင်မှုကိုတောင့်ခံရင်း အံကြိတ်သံဖြင့် ထပ်မံကြွေးကြော်လိုက်ကာ တုန်ယင်အားနည်းနေသောလက်သီးကို မြှောက်လိုက်သည်။ တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နေသည့်ပုံပင်။
"ပြန်လာခဲ့စမ်း"
ယန်ကျိဟောင်သည် ကွဲအက်နေသောအသံဖြင့် အော်ဟစ်လိုက်သည်။
"ပွဲကမပြီးသေးဘူးကွ"
သူသည် လက်ကျန်ခွန်အားဖြင့် ချီစွမ်းအင်များကို ထပ်မံစုဆောင်းရင်း ဖရိုဖရဲတိုက်ကွက်များကိုထုတ်လွှတ်၍ ဖုန့်ယွင်ကို တိုက်ခိုက်လာလေသည်။ တိုက်ကွက်များမှာကြမ်းတမ်း၍ ထိန်းချုပ်နိုင်စွမ်းမရှိလှပေ။ အရာအားလုံးကိုဆုံးရှုံးသွားပြီးနောက် ဤတိုက်ပွဲကို ပြောင်းပြန်လှန်ရန် ကျန်သမျှခွန်အားကုန်ကို ထည့်သုံးထားရခြင်းပင်။
တိုက်ကွက်များ ရုတ်တရတ်နီးကပ်လာသော်လည်း ဖုန့်ယွင်မှာ တုန်လှုပ်မှုစိုးစဥ်းမျှမရှိ။ မူမမှန်သောတိုက်ခိုက်မှုများကို တစ္ဆေအရိပ်လှည့်စားခြင်းတိုက်ကွက်ဖြင့် သွက်လက်လျင်မြန်စွာ ရှောင်တိမ်းနေလိုက်သည်။
ယန်ကျိဟောင်၏တိုက်ခိုက်မှုများသည် ဖရိုဖရဲနိုင်လှကာ တိကျမှုမရှိဘဲ စိတ်ခံစားချက်နောက်သာလိုက်နေသကဲ့သို့ပင်။ ဦးတည်ချက်များမှာလည်း မှန်ကန်ခြင်းမရှိတော့ပါ။
အထင်ကရမိသားစုကြီးငါးဦး၏ ပွဲကြည့်စင်တွင်မူ ဖုန့်ချန်းမှလွဲ၍ လူတိုင်းသည် မြင်နေရသောအခြေအနေကြောင့် အံ့အားသင့်လျက်ရှိနေကြ၏။
ဦးစွာပထမ ယန်ကျိဟောင်၏ အမြုတေဖွဲ့စည်းခြင်းအဆင့်ကြောင့် သူတို့အားလုံး အထင်ကြီးအံ့သြခဲ့ရပြီး ထိုသို့ပါရမီရှင်ကို အသာလေးပင်ကိုင်တွယ်သွားခြင်းက ပိုလို့ထိတ်လန့်အံ့သြစရာကောင်းလှပေသည်။
စီစဥ်ထားသမျှမှာ ထိန်းချုပ်လို့မရလောက်အောင် ပျက်ပြားနေပြီဖြစ်သဖြင့် ယန်ကျန်းသည် လက်သီးကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ထားမိ၏။
ဖုန့်မိသားစု၏ ထိုအမှိုက်သရိုက်က ကံကောင်းနေရုံသက်သက်သာဟု သူထင်ခဲ့ပေမယ့် တကယ်တမ်းကျ စွမ်းအားများကို ဖုံးကွယ်လျှို့ဝှက်ထားခြင်းသာ ဖြစ်နေလေသည်။
"ဟားဟား ယန်ကျန်းရေ ရွှေဒင်္ဂါးသုံးထောင် အသင့်ပြင်ထားလို့ရပြီနော်၊ နေရင်ထိုင်ရင်းနဲ့ ဒင်္ဂါးတွေက ဒီဖုန့်ဆီကို လာချင်နေကြတာပဲ"
ဖုန့်ချန်းက ယန်ခေါင်းဆောင် အောက်ရောက်နေတုန်း ဖိနင်းလေသည်။ ယန်မိသားစုနှင့် ယန်ကျန်းကို လှောင်ပြောင်သရော်ရမည့်အခွင့်အရေးအား လက်လွှတ်ခံ၍မဖြစ်ပေ။
"အလျင်စလိုဖြစ်မနေပါနဲ့ ဖုန့်ချန်းရာ ပွဲကမပြီးသေးပါဘူး"
ယန်ကျန်းက သွားကြားထဲမှထွက်လာသောလေသံဖြင့် ဒေါသတကြီးပြော၏။
"ဟားဟား လောင်းကြေးကိုတော့လက်ငင်းပေးရမယ်နော် မဟုတ်ရင် စိတ်ဝင်စားစရာဘယ်ကောင်းတော့မလဲဗျာ ဟားဟားဟား"
ဖုန့်ချန်း ဤသို့ လှောင်ပြောင်နေဆဲမှာပင် စင်မြင့်ပေါ်မှပြိုင်ပွဲသည် အဆုံးသတ်ရန်နီးကပ်လာချေပြီ။
ယန်ကျိဟောင်တစ်ယောက်မှာ အားအင်ကုန်ခန်းခါနီးအခြေသို့ ဆိုက်ရောက်နေလေပြီ။ ဖုန့်ယွင်လည်း အချိန်ထပ်စောင့်မနေတော့ဘဲ ဓားကိုကိုင်မြှောက်လျက် တိုက်ပွဲကိုအပြီးသတ်ရန် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်တော့၏။
ယန်ကျိဟောင်မှာ လက်တစ်ချောင်းပင်မလှုပ်နိုင်တော့သောအခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။
"ဖုန့်ယွင် မင်းလုပ်ရဲရင်လုပ်ကြည့်လိုက်"
အားအင်တို့ကုန်ခမ်းနေချိန်တွင် မည်သည့်အကာအကွယ်ကိုမှ ဖန်တီးနိုင်စွမ်းမရှိတော့ပေ။
"ကောင်းကင်အင်ပါယာဓားသိုင်း"
ဖုန့်ယွင်၏အသံသည် အေးစက်ရှင်းလင်းစွာ ထွက်ပေါ်လာပြီး သူ၏ဓားသွားသည် ခြိမ်းခြောက်နိုင်စွမ်းအပြည့်ဖြင့် လေထုကိုဖြတ်သန်းဝှေ့ရမ်းသွားသည်။
ယန်ကျိဟောင်၏မျက်လုံးများသည် အကြောင်တရားဖြင့်ဖုံးလွှမ်းသွားသည်။ လက်နှစ်ဖက်ကို ကြက်ခြေခတ်သဏ္ဍာန်ထား၍ ကာကွယ်ဖို့ကြိုးစားသော်လည်း ဖုန့်ယွင်၏တိုက်ကွက်နောက်ကွယ်မှ အင်အားအလုံးအရင်းကြီးသည် သူ၏ယခုအခြေအနေနှင့် ကိုင်တွယ်နိုင်စရာမရှိပေ။
-ဘန်း
တိုက်ခိုက်မှု၏အဟုန်သည် ပြိုင်ပွဲကွင်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွား၏။ ယန်ကျိဟောင်၏ အယောင်ယောင်အမှားမှားကာကွယ်မှုသည် ကောင်းကင်အင်ပါယာဓားသိုင်း၏ ပြင်းထန်သောဖိအားအောက်တွင် ဖျက်ဆီးခံလိုက်ရပေပြီ။ သက်ရောက်မှုအားကြောင့် ယန်ကျိဟောင်သည် အနောက်သို့ချော်ထွက်သွားတော့သည်။ တိုက်ပွဲကွင်းကြမ်းပြင်တွင်ရှိသော ချိုင့်ခွက်များကြောင့် ခြေထောက်များမှာလည်း ခိုင်ခိုင်မရပ်နိုင်တော့ပေ။
"ဝေါ့"
ယန်ကျိဟောင်သည် သွေးတစ်ပွက်အန်ချလိုက်သည်။ ခန္ဓာကိုယ်မှာလည်း တိုက်ခိုက်မှုအရှိန်ကြောင့် တုန်ယင်နေပေပြီ။ အသိစိတ်ကို အတတ်နိုင်ဆုံးစုစည်း၍ ဆက်လက်ရပ်တည်နိုင်ရန် ကြိုးစားနေသော်လည်း နောက်ဆုံးမှာတော့ သတိလစ်လဲကျသွားတော့လေ၏။