← Chapters

ဖုန့်ယွင်၏အောင်ပွဲ

Vol. 3 Ch. 30

ဖုန့်ယွင်၏အောင်ပွဲ

Vol. 3 Ch. 30

ယန်ကျိဟောင်တစ်ယောက် မလှုပ်မယှက်လဲလျောင်းသွားသည်နှင့် လူအုပ်ကြီးတစ်ခုလုံးမှာလည်း အံ့အားသင့်စွာ ခဲသက်သွားကြတော့သည်။ ခြေကားယားလက်ကားယားနှင့် လဲလျောင်းနေသောကိုယ်ခန္ဓာသည် ရှုံးနိမ့်မှုကို လူသိရှင်ကြားကြေငြာနေသကဲ့သို့ပင်။

ဂုဏ်ယူဝင့်ကြွားစွာ စင်မြင့်ပေါ်တက်လှမ်းလာခဲ့သော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦး၊ ယုံကြည်မှုအပြည့်ဖြင့် မာန်မာနတို့ထုံလွှမ်းနေခဲ့သော ထိုပါရမီရှင်သည် အခြေတည်ထောင်ခြင်းအလယ်အလတ်ဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သော ဖုန့်ယွင်၏ အလဲထိုးအနိုင်ယူခြင်းကို ခံလိုက်ရပေပြီ။

ကွင်းပြင်တစ်ခုလုံးသည် နှလုံးခုန်သံနှစ်ချက်သုံးချက်စာမျှ ငြိမ်သက်သွားခဲ့ရသည်။ မျက်စိရှေ့တွင်ဖြစ်ပွားသွားသော ကိစ္စရပ်များကို အလုံးစုံနားလည်ရန် အချိန်ယူနေကြပုံပင်။

တစ်ခဏအကြာတွင် လူအုပ်ကြီးတစ်ခုလုံး၏ သွေးရူးသွေးတန်းဆူညံသံများသည် ဆည်ကျိုးသကဲ့သို့ ဒလဟောထွက်ကျလာတော့၏။ ချီးကျူးအားပေးသံများ၊ အာမေဋိတ်သံများ၊ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်ကြွေးကြော်သံများသည် ကွင်းပြင်တစ်ခုလုံးသို့ ပဲတင်ထပ်သွားလေတော့သည်။

"ဖုန့်ယွင်နိုင်သွားပြီ အဲ့ကောင်တကယ်ကြီးနိုင်သွားပြီဟ"

"မယုံနိုင်စရာပဲ ဖုန့်ယွင်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို ဘယ်လိုတောင်အနိုင်ယူလိုက်တာလဲ"

"အခြေတည်ထောင်ခြင်းအလယ်အလတ်ဆင့်ကျင့်ကြံသူက ဘယ်လိုလုပ် ဒီလောက်စွမ်းအားကြီးနေရတာလဲ"

"ချီးပဲ ဖုန့်မိသားစုအတွက်တက်လမ်းကတော့ ဖြောင့်ဖြူးနေတာပဲ"

"အသက်၁၆နှစ်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို အနိုင်ယူလိုက်တာတဲ့ ဖုန့်ယွင်ကတော့ အထက်တန်းစားဂိုဏ်းတွေဆီကနေ ပါရမီရှင်အဖြစ် အသိအမှတ်ပြုခံရမှာ အသေအချာပဲ"

ပြိုင်ပွဲတစ်ခုလုံးကို အသက်ရှူအောင့်၍ကြည့်ရှုခဲ့ရသော ဖုန့်မိသားစုဝင်များသည်လည်း ယခုမှစိတ်အေးသွားရဟန်ဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ ဟူးခနဲသက်ပြင်းချလိုက်ကြတော့၏။

သူတို့မိသားစု၏ဒုတိယသခင်လေးသည် သာမန်ထက်လွန်ကဲသော စွမ်းဆောင်မှုတစ်ခုကို ထုတ်ဖော်ပြသနိုင်လိုက်လေပြီ။ ဤအောင်ပွဲသည် နောင်နှစ်များစွာကြာသည့်တိုင်အောင် ပြောစမှတ်တွင်နေတော့မှာ အသေအချာပင်။

တစ်ဖက်တွင်မူ ယန်မိသားစုသည်ကား ဝရုန်းသုန်းကားအခြေအနေသို့ ရောက်ရှိနေလေပြီ။ သူတို့၏ဂုဏ်သိက္ခာအရင်းအမြစ်ကြီးဖြစ်သော ယန်ကျိဟောင်သည် မြူခိုးချို့ဝှမ်းတစ်မြို့လုံးရှေ့တွင် အပြတ်အသတ်ကို ရှုံးနိမ့်သွားခဲ့ရပြီဖြစ်သည်။

ကြီးစွာသောအရှက်ရခြင်းကြောင့် ယန်ကျန်း၏မျက်နှာတစ်ပြင်လုံးမှာ သွေးမရှိသလို ဖြူဆုတ်ပြာနှမ်းနေလေပြီ။

ဒေါသတရားများကို ချုပ်နှိမ်ထားရင်း သူ့လက်များမှာ အဆက်မပြတ်တုန်ရီနေပြီဖြစ်သည်။ သို့သော် သူတတ်နိုင်တာတစ်ခုမှမရှိ။ ပြိုင်ပွဲကားပြီးဆုံးသွားပြီ။ ရလဒ်မှာလည်း ငြင်းဆန်နိုင်ဖွယ်မရှိလောက်အောင် ရှင်းလင်းလွန်းလှ၏။

ဖုန့်ချန်းသည် ကျေနပ်ပျော်ရွှင်နေသောမျက်နှာထားဖြင့် ယန်ကျန်းဘက်သို့လှည့်လာသည်။ သူ့အသံမှာလည်း သူ့မျက်နှာထားအတိုင်းပင်။

"အင်း ကြည့်ရတာတော့ ကျုပ်တို့ယွင်အာကနိုင်သွားပုံပဲနော် ရွှေဒင်္ဂါး၃၀၀၀ပေးဖို့လည်း မေ့မနေနဲ့ဦး"

ယန်ကျန်း၏မျက်နှာသည် ဒေါသတကြီးဖြင့် ရှုံ့တွနေသော်ငြား သူ့ထံတွင် ရွေးချယ်စရာမရှိပေ။

အားလုံးရှေ့တွင်ထပ်ခဲ့သော လောင်းကြေးဖြစ်ပြီး ဒီအချိန်မှအကြောက်အကန်ငြင်းဆန်နေပါက ယန်မိသားစုမှာ ပို၍အရှက်ရဖို့ပဲရှိတော့မည်။ ယန်ကျန်းသည် အံတင်းတင်းကြိတ်လျက် ခပ်တောင့်တောင့်နှင့်ပင် ခေါင်းတစ်ချက်ဆတ်ပြလိုက်သည်။

"ရွှေဒင်္ဂါးတွေ သေချာပေါက်ရပါစေ့မယ် ဒါပေမယ့် ဒါကိုအပြီးသတ်လို့မထင်လိုက်နဲ့"

"အိုး ကျုပ်လည်းပြီးပြီလို့မထင်ပါဘူး" ဖုန့်ချန်းက ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်သည်။

"လောလောဆယ်တော့ အောင်ပွဲအရသာလေး ခံစားလိုက်ပါဦးမယ်ဗျာ"

ထိုအချိန်တွင် ဖုန့်ယွင်သည် ဓားသွားကိုပြန်သိမ်းထည့်လိုက်ပြီး လူအုပ်ကြီးကို ခြုံကြည့်လျက် အကဲခတ်စစ်ဆေးနေ၏။

အံ့အားသင့်မှုများနှင့် အထင်ကြီးလေးစားမှုများကို သူတို့မျက်လုံးများမှတစ်ဆင့် မြင်နေရသည်။ သို့ပေမယ့် သူ့ထံသို့တစ်စက်ကလေးမှ သက်ရောက်မှုမရှိ။

ဖုန့်ယွင်သည် ၁၆နှစ်တိုင်တိုင် သူတို့အားလုံး၏ လှောင်ပြောင်ကဲ့ရဲ့ရာ ပစ်မှတ်တစ်ခုဖြစ်ခဲ့ရ၏။ တစ်ခြားသူများကဲ့သို့ ကျင့်ကြံဆင့်မတက်နိုင်သည့်အတွက် "အမှိုက်ကောင်"ဟု နာမည်တပ်ကာ တစ်ချိန်လုံးနှိမ့်ချဆက်ဆံခံခဲ့ရသည်။

တီးတိုးကဲ့ရဲ့သံများ၊ လှောင်ပြောင်ရယ်မောသံများ၊ ကရုဏာသက်ဟန်နှင့် နှိမ်ချစော်ကားချင်ကြသည့် အကြည့်များ၊ ဒါတွေအားလုံးသည် သူ့နှလုံးအိမ်ကို တစ်စထက်တစ်စတိုက်စားလျက် စိတ်ဒဏ်ရာများသည် နက်ရှိုင်းစွာကဗ္မည်းထိုးထားသကဲ့သို့ပင်။ ဘယ်သူမှမမြင်နိုင်ခဲ့သလို ဘယ်လိုမှလည်းကုစားလို့မပျောက်တော့မည့် ဒဏ်ရာများဖြစ်သည်။

သူသည် ဖုန့်မိသားစု၏အရှက်ရစရာ စိတ်ပျက်စရာ အမှိုက်သရိုက်တစ်ခုသာဖြစ်ခဲ့သည်။ တစ်သက်လုံး ဘာကိုမှဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်မည့် အလကားကောင်အဖြစ်သာ သတ်မှတ်ခံခဲ့ရ၏။

သို့သော် အောင်ပွဲတစ်ခုကိုအရယူပြီး စင်မြင့်အလည်တွင် ရပ်တည်နေချိန်၌ သူ့ကိုတစ်ချိန်က အထင်သေးစော်ကားခဲ့ကြသောလူတွေသည် အထင်ကြီးလေးစားမှုတို့တဖျတ်ဖျတ်တောက်နေသောမျက်လုံးများဖြင့် မော့ကြည့်နေကြရလေပြီ။

တစ်ချိန်ကမရခဲ့သော မြှောက်ပင့်ချီးကျူးမှုများကို အပြုံလိုက်ရရှိနေသော်ငြား ဖုန့်ယွင်သည် ‌အောင်ပွဲလည်းမခံချင်သလို အထူးတလည်လည်း မပျော်ရွှင်လှပေ။

သူသည် ချီးကျူးဂုဏ်ပြုခံရမှ ကျေနပ်ပျော်ရွှင်သော ကလေးတစ်ယောက်မဟုတ်တော့ပါ။ ကြီးပြင်းရင့်ကျက်လာပြီးနောက်ပိုင်း သူ့ကိုတစ်ချိန်က အမှိုက်သရိုက်လိုဆက်ဆံခဲ့ကြသော လူအပေါင်းထံမှ အသိအမှတ်ပြုခံရမှုကို မျှော်ကိုးမနေတော့။

"ဖုန့်ယွင် ဖုန့်ယွင်"

"ဖုန့်ယွင် ဖုန့်ယွင်"

ဘေးပတ်လည်တွင်ရှိသောလူအုပ်ကြီးမှာ ကွင်းပြင်တစ်ခုလုံးဆူညံပွက်လောရိုက်လောက်အောင် တက်ကြွမြူးထူးစွာကြွေးကြော်လျက်ရှိကြသည်။ ဖုန့်ယွင်မှာမူ မျက်နှာအမူအရာပင်ပြောင်းလဲမသွားပေ။

သူတစ်ပါး၏အထင်အမြင်များကို ဂရုစိုက်ရင်း အတွေးများရင်း ဝမ်းနည်းစိတ်ဖိစီးခဲ့ရသော အသုံးမကျသလိုခံစားခဲ့ရသော ကာလများသည် အတိတ်တွင်ကျန်ခဲ့လေပြီ။ သင်ခန်းစာယူပြီးချိန်တွင် နောက်တစ်ကြိမ်အဖြစ်ခံလို့မရတော့ပေ။ သူဤနေရာတွင်ရပ်နေခြင်းသည် လူတွေကိုအထင်ကြီးစေဖို့လည်းမဟုတ်သလို သူတို့လက်ခုပ်သံများကြားတွင် ပျော်မွေ့နေဖို့လည်းမဟုတ်ပါ။

ကြုံတွေ့ခဲ့ရသောပြဿနာများ၊ စော်ကားလှောင်ပြောင်မှုများ၊ စိတ်ပျက်ဝမ်းနည်းမှုများကို ဖြတ်သန်းရင်း သူသည် မဆုတ်မနစ် မနားမနေ ကြိုးစားခဲ့ရသည်။ ဤကြိုးစားအားထုတ်မှုများသည် သူတစ်ယောက်တည်းအတွက်မဟုတ်၊ အစ်ကိုကြီး၏ ခိုင်မြဲတည်တံ့လှသော အားပေးထောက်ပံ့မှုများကို ပြန်လည်ပေးဆပ်နိုင်ဖို့ပင်။

မြေပြင်ပေါ်တွင် ပုံလျက်သားလဲကျနေသူ ယန်ကျိဟောက်ကို ရိုးရိုးရှင်းရှင်းပင် တစ်ချက်ဝေ့ကြည့်လိုက်သည်။ မာန်မာနများ ကျေနပ်အားရမှုများမပါဝင်သော ပုံမှန်အကြည့်တစ်ချက်သာဖြစ်၏။

ဖုန့်ယွင်သည် စင်မြင့်ထက်မှ လှည့်ထွက်လာခဲ့တော့သည်။ သူ၏နှလုံးအိမ်မှာ တည်ငြိမ်လျက်ရှိ၏။ ဤအောင်ပွဲမှာ ခရီးလမ်းအစပင်ရှိသေးသည်။ သူသည် လင်းမေယုထက် ပိုသန်မာလာရမည်ဖြစ်သည်။

"ဟားဟား ခေါင်းဆောင်ဖုန့်ရေ ခင်ဗျားညီကတော့ လူပုဂ္ဂိုလ်တွေကြားမှာပုန်းကွယ်နေတဲ့ နဂါးတစ်ကောင်ပါလား ပါရမီရှင်ယှဥ်ပြိုင်ပွဲမှာ အနိုင်ရတဲ့အတွက် ဂုဏ်ပြုပါတယ်ခင်ဗျာ"

ဝမ်ရိဖန်းသည် ဖုန့်ယွင်ကို ချီးကျူးစကားဆိုလေ၏။

"မှန်ပါ့ဗျာ ဖုန့်မိသားစုကတော့ မိုးလောက်မြင့်တဲ့ရွှေတောင်ကြီးတစ်လုံးကို မွေးထုတ်ထားလိုက်နိုင်တာပဲ အားကျလိုက်တာဗျာ"

"ခေါင်းဆောင်ဖုန့်ရေ ကျုပ်သမီးရှောင်လင်းကတော့ လက်ဆက်သင့်တဲ့အရွယ်ရောက်နေပြီ ကိုယ်ကျင့်တရားကောင်းမွန်ပြီး လှလွန်းချောလွန်းလို့ လူတကာကချီးကျူးနေရတာပါဗျာ ခင်ဗျားညီနဲ့ စေ့စပ်ကြောင်းလမ်းဖို့ ဆွေးနွေးလို့ရကောင်းပါရဲ့"

"ကျုပ်တူမလင်းအာလည်း အရည်အချင်းနဲ့ပြည့်စုံတဲ့မိန်းကလေးပါပဲ ဖုန့်ယွင်လို အမြင့်ကိုတက်မယ့်ကြယ်ပွင့်လေးနဲ့ဆိုရင် နေနဲ့လရွှေနဲ့မြဆိုသလို လိုက်ဖက်နေမှာပါပဲဗျာ"

မိသားစုခေါင်းဆောင်အချို့က ချက်ချင်းဆိုသလို ဖုန့်ယွင်ကိုချီးကျူးမြှောက်ပင့်ရင်း ဖုန့်ချန်းဆီချဥ်းကပ်လာကြပြီး ဖုန့်ယွင်ကို သူတို့၏မျိုးဆက်သစ်များနှင့် မင်္ဂလာစကားပြောဆိုချင်သော ခေါင်းဆောင်များလည်း မနည်းလှပေ။

ဖုန့်ယွင်သည် အလားအလာကောင်းသောလူငယ်လေးတစ်ဦးဖြစ်မှန်း အားလုံးမျက်မြင်တွေ့လိုက်ကြရပြီး နောင်အနာဂတ်တွင် သေချာပေါက် အင်အားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်လာမည်ဟု ခန့်မှန်းတွက်ဆနေကြလေသည်။

၁၆နှစ်အရွယ်တွင် အခြေတည်ထောင်ခြင်းအလယ်အလတ်ဆင့်ကိုပင် တက်လှမ်းထားနိုင်ခြင်းသည် အင်အားကြီးဂိုဏ်းဂဏများ၏ မျိုးဆက်သစ်များနှင့်ပင် ယှဥ်နိုင်လောက်သည်အနေအထားရှိ၏။ ဤသို့သောဖုန့်ယွင်ကို အမိဖမ်းဖို့အခွင့်အလမ်းအား မည်သူမျှလက်လွှတ်မခံချင်ကြပေ။

သနားစရာ FA ဖုန့်ချန်းကတော့ ခုထက်ထိ ကမ်းလှမ်းသော မိန်းမပျိုများလည်း မရှိသလို၊ သူ့ကို သဘောကျသော မိန်းကလေးများလည်း မပေါ်လာသေးပါ၊ မျက်ရည်နှစ်စက်

သေချာပေါက် ဖုန့်ချန်းကတော့ သူတို့၏တောင်းဆိုမှုများကို လက်ခံနိုင်စရာအကြောင်းမရှိပေ။ သူယဥ်ကျေးစွာဖြင့်သာ ငြင်းပယ်လိုက်ပါ၏။

(ဟမ့် ဖုန့်ယွင်ရဲ့အစွမ်းကိုမြင်ပြီးတော့မှ လက်ဆက်ပေးချင်ကြတယ်တဲ့လား မတန်မရာတွေ)

ဖုန့်ယွင်ကို တစ်ချိန်က လှောင်ပြောင်နှိပ်ကွက်ခဲ့ကြတဲ့ ဒီလိုလူတွေနဲ့ အဆက်အဆံလုပ်စရာအကြောင်းရှိပေ။ လက်ထပ်ထိမ်းမြားဖို့ဆိုသည်မှာ ဝေးသေး၏။

ထို့အပြင် လင်းမေယုနှင့် ပဋိပက္ခများဖြစ်ပွားထားပြီး သိပ်မကြာသေးချိန်တွင် ဖုန့်ယွင်ကို စေ့စပ်ပွဲနောက်တစ်ခုထပ်လုပ်ဖို့ မည်သို့တွန်းအာပေးရက်မည်နည်း?

မိသားစုနှစ်ခုမဟာမိတ်ဖွဲ့ရန် ကြားခံတစ်ခုအနေနှင့်မဟုတ်ဘဲ သူအမှန်တကယ်ကြိုက်နှစ်သက်သော မိန်းမပျိုကို လက်ထပ်စေခြင်းက ပိုကောင်းလိမ့်မည်ဟု ဖုန့်ချန်းတွေးသည်။

တစ်ဖက်တွင်မူ ကျောက်၊ ယန်နှင့် လျိုမိသားစုများသည် ပြိုင်ပွဲကွင်းမှ အလျင်စလိုထွက်ခွာသွားကြပြီဖြစ်၏။ ဖုန့်ယွင်ကိုချီးကျူးဂုဏ်ပြုနေကြသော စကားသံများကို သူတို့နားထောင်နိုင်စွမ်းမရှိချေ။

အထူးသဖြင့် ယန်ကျန်း၏မျက်နှာပြင်သည် ဒေါသများ စိတ်အလိုမကျမှုများဖြင့် တင်းမာနေပြီဖြစ်လေသည်။

မိသားစုကြီးသုံးခုသည် ပြိုင်ပွဲမှထွက်ထွက်လာချင်းပင် လူတွေ၏စပ်စုသောအကြည့်များနှင့်ဝေးရာတစ်နေရာတွင် စုစည်းကြသည်။ ယန်ကျန်း၏မျက်လုံးများသည် ခိုးနားထောင်နိုင်သူတစ်ယောက်မျှမရှိတာသေချာအောင် ဘေးပတ်ဝန်းကျင်သို့ ကျီးကန်းတောင်းမှောက် စစ်ဆေးနေလေ၏။

"ကျောက်ချန်းရှီ၊ လျိုရင်ကျဲ" ယန်ကျန်းက ဒေါသလွှမ်းနေသော အသံခပ်နိမ့်နိမ့်ဖြင့် စကားစလိုက်သည်။

"ဒီနေ့ဖြစ်ပျက်သွားတာတွေကို ခင်ဗျားအားလုံးသဘောပေါက်ကြလိမ့်မယ်ထင်ပါတယ် ဖုန့်မိသားစုက ကျုပ်တို့လျစ်လျူရှုလို့မရတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပြီ"

"ဒီတိုင်းလွှတ်ထားလိုက်ရင် ဖုန့်မိသားစုမှာ နောက်ထပ်ဖုန့်ချန်းတစ်ယောက် ထပ်ထွက်လာလိမ့်မယ်"

ကျောက်ချန်းရှီ၏မျက်လုံးများမှာ ကျဥ်းမြောင်းသွားပြီး လျိုရင်ကျဲကလည်း ခေါင်းတစ်ချက်ညိတ်လျက်ထောက်ခံ၏။ သူတို့အားလုံး ယန်ကျန်းဆိုလိုချင်သည့်အဓိပ္ပာယ်ကို နားလည်ကြပါသည်။

ဖုန့်ချန်းသည် အသက်၁၈နှစ်တွင် ပါရမီရှင်ယှဥ်ပြိုင်ပွဲကို အနိုင်ရခဲ့ပြီး ဖုန့်ယွင်မှာတော့ အသက်၁၆နှစ်တွင်ပင် အစ်ကိုဖြစ်သူထက် အလားအလာပိုကောင်းလျက်ရှိနေသည်။

ဖုန့်ယွင်ကို ဒီအချိန်မှာ အသက်ချမ်းသာပေးလိုက်လျှင် နောင်အနာဂတ်တွင် ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့ ချိုးဖျက်တက်ရောက်နိုင်လိမ့်မည်ဖြစ်ကြောင်း သူတို့နားလည်ပါ၏။

သို့သော်လည်း ဖုန့်မိသားစုကိုသွားထိပါးပြီး အရိုးအရင်းပါမကျန်အောင် အနွှာခံလိုက်ရမည့်အဖြစ်မျိုးကိုတော့ မည်သူမျှ မလိုလားကြပေ။

"ထောက်ခံပါတယ်" ကျောက်ချန်းရှီကတုံ့ပြန်သည်။ သူ့လေသံမှာ အပိုအလိုမရှိ၊ အတိုင်းအထွာသိတတ်စွာပင်။

"ဒါပေမယ့် သူတို့ကိုတိုက်ရိုက်ကြီးသွားပြီး ဆွဲချလို့မရနိုင်ဘူး ဖုန့်မိသားစုမှာ ဖုန့်ချန်းရှိနေသေးတယ်လေ"

"အမှန်ပဲ" လျိုရင်ကျဲကလည်း ထောက်ခံ၏။

"သူတို့ရဲ့မျိုးဆက်သစ်လေးတွေက ပါရမီရှင်တွေဆိုပေမယ့် အသိုက်ထဲကမထွက်ရသေးတဲ့ ငှက်ပေါက်စအရွယ်ပဲရှိပါသေးတယ်" လျိုရင်ကျဲက ထေ့ငေါ့သံဖြင့် မှတ်ချက်ပြုသည်။

"သူတို့မှာအလားအလာကောင်းကိုယ်စီရှိကြပေမယ့် ကျုပ်တို့ကိုခြိမ်းခြောက်နိုင်မယ့်အဆင့်မဟုတ်သေးဘူး ဒါပေမယ့်ဖုန့်ချန်းကတော့မတူဘူး ကျုပ်တို့သုံးယောက်ပေါင်းတောင် သူ့ကိုနိုင်အောင်ချနိုင်မယ်မထင်ဘူး"

လျိုရင်ကျဲကပြောလိုက်သည်။ သူကမောက်မာသည်ဆိုသော်ငြား ဖုန့်ချန်း၏စွမ်းအားပမာဏကို အထင်မသေးရဲပေ။ အကြီးအကဲကျိုးကို တစ်ချက်တည်းနှင့်မှောက်သွားအောင် ဆော်လိုက်နိုင်သည့်ဖုန့်ချန်းကို မည်သူကသွားရောက်စိန်ခေါ်ရဲမည်နည်း?

"ဟားဟား ဒီအတွက်တော့ ကျုပ်မှာအစီအစဥ်ရှိပါတယ်"

ယန်ကျန်းက ယုံကြည်မှုအပြည့်ဖြင့် ဆိုလေ၏။

"ဘာအစီအစဥ်လဲ" လျိုရင်ကျဲနှင့်ကျောက်ချန်းရှီမှာ စူးစမ်းချင်စိတ်ကိုမထိန်းနိုင်စွာ မေးမြန်းလိုက်ကြသည်။ ဖုန့်ချန်းကိုသာဆွဲချနိုင်လျှင် ဖုန့်မိသားစုကိုအချိန်တစ်ခုအတွင်း အမြစ်ဖြုတ်နိုင်မည်မှာ အသေအချာပင်။

ယန်ကျန်း၏မျက်နှာပေါ်မှအပြုံးသည် ပိုလို့ကြီးမားလာပြီး မျက်လုံးများသည်လည်း အကြံအစည်အပြည့်ဖြင့် တောက်ပလာသည်။

"စိတ်ရှည်ကြပါ မိတ်ဆွေတို့ရဲ့ မကြာခင်သိရမှာပေါ့"

All Chapters