အစီအစဥ်တစ်ခုကို အကောင်အထည်ဖော်ခြင်း
Vol. 3 Ch. 31
ထိုနေ့၏ ညဉ့်နက်ပိုင်းအချိန် ယန်မိသားစု၏ အိမ်တော်၌ဖြစ်၏။
မြူခိုးချိုင့်ဝှမ်းမြို့တော်၏ မူလလက်ဟောင်းအင်အားအကြီးဆုံးမိသားစု ဖြစ်ခဲ့သည့်အလျောက် ယန်မိသားစုနေအိမ်သည် မြို့တော်တစ်လွှားတွင် အခမ်းနားဆုံး အကြီးမားဆုံး အိမ်တော်တစ်ခုဖြစ်သည်။
အိမ်တော်ထဲတွင် ကျောက်ချန်းရှီနှင့် လျိုရင်ကျဲတို့သည် မိသားစုထဲမှ အင်အားအကြီးဆုံးသော အကြီးအကဲများနှင့်အတူ စုဝေးလျက်ရှိသည်။ ဤသို့စုဝေးရခြင်း၏ရည်ရွယ်ချက်မှာ ဖုန့်မိသားစု အင်အားသိပ်ကြီးထွားမလာခင် ဘယ်လိုအပြတ်ရှင်းကြသင့်လဲဆိုတာကို ဆွေးနွေးရန်ဖြစ်၏။
"ကျောက်ချန်းရှီ၊ လျိုရင်ကျဲ ခင်ဗျားတို့ရောက်နေကြပြီပဲ"
ကျောက်မိသားစုနှင့် လျိုမိသားစုတို့ စုဝေးနေရော ယန်မိသားစုအိမ်ခန်းမကြီးထဲသို့ ယန်ကျန်းသည် ခပ်ပြုံးပြုံးဖြင့်လျှောက်ဝင်လာပြီး နှုတ်ဆက်လေသည်။
"ယန်ကျန်းရေ ဒါကအရေးပေါ်ဖြေရှင်းရမယ့်ပြဿနာဗျ ဖုန့်မိသားစု ဒီ့ထက်ပိုပြီးအင်အားကြီးမလာခင် ကျုပ်တို့ဘက်က လက်သွက်ခြေသွက်ရှိထားမှရမှာ"
ကျောက်ချန်းရှီက စိုးရိမ်ပူပန်စွာဖြင့် လောလေသည်။ ဖုန့်ချန်းလိုပင်မထောက်တိုင်ကြီးရှိနေသာဖုန့်မိသားစုကို ဘယ်လိုဖြိုခွင်းရမည်မှန်း သူစဥ်းစားမရနိုင်။ ယန်ကျန်းကဲ့သို့ ပြုံးတုံးတုံးဖြင့် အေးအေးဆေးဆေးမနေနိုင်ပါချေ။
ကျောက်မိသားစုမှ အင်အားအကြီးဆုံးအကြီးအကဲများအားလုံးစုဝေးပြီး ဖုန့်ချန်းကိုသွားရောက်စိန်ခေါ်ကြလျှင်တောင် သူတို့ဘက်ကသေချာပေါက်အနိုင်ရလိမ့်မည်ဟု အာမ,မခံနိုင်ပေ။ ထို့ဖုန့်ချန်းသည် အကြီးအကဲကျိုးလို စွမ်းအားကြီးကျင့်ကြံသူမျိုးကိုပင် ရိုက်ချက်တစ်ချက်နှင့် လှဲသိပ်နိုင်သူဖြစ်၏။
လျိုရင်ကျဲ၏အတွေးမှာလည်း ထိုနည်းတူပင်။
"ဟုတ်တယ် ခေါင်းဆောင်ယန် ဖုန့်မိသားစု မာန်တက်ပြီး မောက်မာဝင့်ကြွားနေမှာကို ကျုပ်တို့ဒီတိုင်းထိုင်ကြည့်မနေနိုင်ဘူး"
"သူတို့ကို ကောင်းကောင်းပညာပေးမှရတော့မယ်"
"ဟိုဖုန့်ယွင်ဆိုတဲ့ကောင်လေး ပါရမီရှင်ယှဥ်ပြိုင်ပွဲမှာ အနိုင်ရသွားတာနဲ့ မိသားစုတော်တော်များများက ဖုန့်မိသားစုနဲ့ မဟာမိတ်ဖွဲ့ချင်နေကြပြီတဲ့ဗျ"
"သူတို့မိသားစု အင်အားသိပ်ကြီးမလာခင် လုပ်စရာရှိတာလုပ်မှဖြစ်တော့မယ်"
ကျောက်မိသားစုနှင့် လျိုမိသားစုမှအကြီးအကဲများသည်လည်း ဖုန့်မိသားစုကိုတိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြသသည့်အနေဖြင့် ဝင်ရောက်အားပေးအားမြှောက်ပြုကြလေတော့၏။
လေကြီးလေကျယ်သာဟစ်နေကြပေမယ့် ဖုန့်မိသားစုနှင့် တကယ်တမ်းမျက်နှာချင်းဆိုင်စိန်ခေါ်ခိုင်းလိုက်ပါက ခိုင်မာလှပါသောထိုဆုံးဖြတ်ချက်များသည် ပြတင်းပေါက်မှခုန်ချထွက်ပြေးကုန်သကဲ့သို့ ရုတ်ချည်းပျောက်ကွယ်သွားမည်မှာ အသေအချာပင်။
"အားလုံးပဲ စိတ်ချလက်ချနေပါ အဲ့ဒီဖုန့်မိသားစု သေချာပေါက် ပြိုကွဲရှုံးနိမ့်စေရပါမယ်"
ယန်ကျန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလာလေသည်။
"အားလုံးကို ကျုပ်တို့ရဲ့ လေးစားအားကိုးထိုက်စရာ ကျောထောက်နောက်ခံလူကြီးမင်းတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ အဲ့ဒီလူကိုခင်ဗျားတို့အားလုံး သေချာပေါက်သိပြီးသားဖြစ်နေမှာပါ အကြီးအကဲကျိုး ဝင်လာလို့ရပါပြီခင်ဗျာ"
မှောင်ရိပ်ထဲတွင် ငြိမ်သက်စွာထိုင်နေခဲ့သော အကြီးအကဲကျိုးသည် ရှေ့သို့လျှောက်လှမ်းကာ ထွက်ပေါ်လာတော့သည်။ ခန်းမတွင်းရှိလူတိုင်း၏ အာရုံစူးစိုက်မှုတို့သည်ကား ထိုကျောထောက်နောက်ခံလူကြီးမင်းအပေါ်သို့ ကျရောက်လျက်ပင်။
ကြိုတင်အသိပေးထားခြင်းမရှိသော အဖွဲ့ဝင်သစ်သည် လူတိုင်းကိုအံ့သြမင်သက်သွားစေသည်။ အားလုံးမှာ လေးစားစွာဦးညွှတ်လျက် အကြီးအကဲကျိုးကို ကြိုဆိုလိုက်ကြပါတော့၏။
ဖုန့်ချန်းဆီမှတစ်ချက်အရိုက်ခံလိုက်ရပြီး ပြန်မထနိုင်ခဲ့သော ဤလူကြီးမင်းသည် သူတို့အားလုံး၏ရင်ထဲတွင် အရင်ကလောက်တော့ အထင်ကြီးလေးစားစရာမကောင်းတော့ပေ။ သို့သော်လည်း ထိုသူသည် မိုးပြာကောင်းကင်အင်ပါယာ၏ နံပါတ်တစ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးဖြစ်နေဆဲပင်။ ထို့အပြင် ချီအရည်ဖွဲ့ခြင်း အထွဋ်အထိပ်ဆင့်သို့ ချိုးဖျက်တက်လှမ်းထားနိုင်သော ကျင့်ကြံသူတစ်ဦးလည်းဖြစ်သေးသည်။
"ခေါင်းဆောင်ယန် အာမခံထားသလိုပါပဲ ဖုန့်မိသားစုရဲ့အင်အားက သိပ်ပြီးတာရှည်ခံတော့မှာမဟုတ်ပါဘူး"
အကြီးအကဲကျိုး၏လေသံက တည်ငြိမ်နေပေသိ ခြိမ်းခြောက်ဟိန်းဟောက်နေသယောင် အန္တရာယ်အငွေ့အသက်တစ်ခု မသိမသာရစ်ဝဲနေသကဲ့သို့ပင်။
"ဒါပေမယ့် အကြီးအကဲကျိုး..." ကျောက်ချန်းရှီက သတ္တိမွေး၍ အရဲစွန့်ထုတ်ပြောလေ၏။ "ဖုန့်ချန်းဆိုတဲ့လူက ပေါ့သေးသေးတော့တွက်လို့မရဘူး လူကြီးမင်းတောင်မှ.."
အကြီးအကဲကျိုး၏မျက်လုံးများ အနည်းငယ်မျှကျဥ်းမြောင်းသွားခဲ့သည်။ စိတ်ရှုပ်ဒေါသထွက်သည့် အမူအရာ တဒင်္ဂမျှဖြတ်ပြေးသွားပေမယ့် နဂိုမူလတည်တည်ငြိမ်ငြိမ်ပုံစံကို ချက်ချင်းပြန်ထိန်းထားလိုက်နိုင်၏။
"ဟမ့် ဖုန့်ချန်းဆိုတဲ့ကောင် အရင်တစ်ခေါက်က ငါအငိုက်မိတုန်းအခွင့်ကောင်းရသွားတာကိုတော့ ငါဝန်ခံပါတယ် ဒါပေမယ့် ဒါကခနတဖြုတ်အသိစိတ်လွတ်တုန်း ခံလိုက်ရတာပဲ နောက်ထပ်ဖြစ်စရာအကြောင်းမရှိဘူး"
"နောက်ပြီး ငါ့ရဲ့ညီနောင်ရင်းတစ်ယောက်ကို လာကူညီဖို့ ဆက်သွယ်ထားသေးတယ်"
ကျောက်ချန်းရှီနှင့် လျိုရင်ကျဲတို့မှာ စိုးရိမ်စိတ်များ အကုန်အစင်မပျက်ပျယ်သေးသော်ငြား အကြီးအကဲကျိုး၏စကားသံတွင် စိတ်ချရလောက်သော အာမခံချက်မျိုးကို ခံစားလိုက်မိသလိုပင်။
အကြီးအကဲကျိုး၏ ညီနောင်ဆိုသည်မှာလည်း သေချာပေါက် ချီအရည်ဖွဲ့ခြင်းအထွဋ်အထိပ်ဆင့်တွင် ရှိရမည်။
ဖုန့်ချန်းကိုဆွဲချဖို့ ၁၀၀ရာခိုင်နှုန်းအထိတော့ သေချာပေါက်မတွက်ရဲပေမယ့် သူတို့မှာရှိသမျှအင်အားယိုင်နဲ့နဲ့နှင့် မရေမရာကြိုးစားနေသည်ထက်စာလျှင် ထိုသို့အင်အားကြီးအကူအညီတစ်ဦးထပ်တိုးလာသည်မှာ အားတက်ဖွယ်ကိစ္စပင်။
လျိုရင်ကျဲသည် သူ့ကိုတစ်ချိန်လုံးနှိပ်စက်ညှင်းပန်းနေသာ စိုးရိမ်ပူပန်စိတ်တို့ကို မျက်နှာထက်မပေါ်အောင်ဖုံးဖိထားရင်း ရှေ့တိုး၍ အရဲစွန့်မေးခွန်းထုတ်လိုက်၏။
"အကြီးအကဲကျိုး စိတ်မရှိရင်လေ ခင်ဗျားရဲ့အားကိုးရလောက်တဲ့ညီနောင်က ဘယ်မှာလဲဆိုတာကိုများ မေးလို့ရမလား သူပါရှိနေရင် ကျုပ်တို့လည်းလုပ်ရကိုင်ရတာ ပိုအားတက်တာပေါ့"
-ဘန်း
ခန်းမဆောင်၏ လေးလံလှသောတံခါးမကြီးများသည် အချိန်ကိုက်ပင် ဝုန်းခနဲကန်ဖွင့်ခံလိုက်ရပေသည်။ ဖိနှိနိုင်စွမ်းပြင်းလှသော ကြမ်းတမ်းသည့်စွမ်းအင်လှိုင်းတစ်ခုသည် ခန်းလုံးပြည့်တိုးဝင်လာတော့၏။
အနက်ရောင်ဝတ်ရုံကိုဆင်မြန်းထားသည့် ရှည်လျားဖြောင့်မတ်သော လူပုဂ္ဂိုလ်တစ်ဦးသည် အခန်းတွင်းရှိမီးရောင်အောက်သို့ ချင်းနင်းဝင်ရောက်လာသည်။ ဆွေးနွေးတိုင်ပင်နေသာလူများလည်း ထိုသူလာရာအရပ်သို့ ခေါင်းလှည့်ကုန်ကြ၏။ ဝင်ရောက်လာသောအရှိန်အဝါသည်ကား လွန်စွာမှပင် ပြင်းထန်အားကောင်းလှသည်။ ချီအရည်ဖွဲ့ခြင်းအဆင့်ထက် သာလွန်နေသည်မှာ မှားယွင်းစရာမရှိ။
"ဟားဟားဟား အားလုံးကို ကျုပ်အကိုကြီးနဲ့ မိတ်ဆက်ပေးရဦးမယ်" အကြီးအကဲကျိုးသည် ပြုံးတုံ့တုံ့ဖြင့် ပြောလာ၏။
"ဓာတ်ကြီးသုံးပါးနတ်အဆင့်ထိ ချိုးဖျက်တက်လှမ်းထားတဲ့ ကျင့်ကြံသူ ကျိုးထျန်းဟွာပါပဲခင်ဗျာ"
အာမေဋိတ်သံများသည် ခန်းမဆောင်တစ်လွှားသို့ပင် ပဲ့တင်ထပ်သွားတော့သည်။ ကျိုးထျန်းဟွာသည် စုဝေးလျက်ရှိသောအကြီးအကဲတို့ကို တစ်ချက်မျှဝေ့ကြည့်လိုက်၏။
ကျိုးထျန်းဟွာတစ်ယောက် ဘာမှမလုပ်ရသေးဘဲ ဤသို့ရပ်တည်နေရုံလေးနှင့်ပင် လေးစားအားကျဖွယ်အရှိန်အဝါတို့ ဖြာသွန်းထွက်နေကာ အကြောက်တရားများ ကျောထဲမှအလိုလိုစိမ့်တက်လာသည်အထိ ခြိမ်းခြောက်နိုင်စွမ်းရှိလေသည်။
"ဒီလိုလူသာ ကျုပ်တို့ဘက်မှာရှိနေရင် ဖုန့်ချန်းဆိုတာ ဘာကောင်ကြီးပဲဖြစ်နေပါစေ လှုပ်တောင်မလှုပ်လိုက်နိုင်ပဲ ဇီဝိန်ချုပ်သွားရစေ့မယ်"
အကြီးအကဲကျိုးက သရော်တော်တော်လေသံဖြင့်ပြောလေ၏။ ဖုန့်ချန်းထံမှရိုက်ချခံလိုက်ရပြီး အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရသည့်အချိန်များကို မနေ့တစ်နေ့ကလိုပင် ကောင်းကောင်းအမှတ်ရနေဆဲဖြစ်သည်။
ထိုသို့အရှက်ခွဲခံရပြီး ဆန်းကြယ်မီးတောက်ဂိုဏ်းသို့ပြန်ရောက်သောအခါတွင်လည်း မျက်နှာမဖော်ဝံ့အောင်ပင်ဖြစ်ခဲ့ရသည်။ ဂိုဏ်းရှိလူအားလုံးသည် သူပြန်မရောက်မီပင် အဖြစ်အပျက်အားလုံးကို ကြားသိထားပြီဖြစ်ပြီး သူဖုန့်ချန်းကို ဘယ်လိုတောင်ပက်ပက်စက်စက်ရှုံးနိမ့်ခဲ့ရသလဲဆိုသည်မှာ မကြားချင်မှအဆုံး ပျံ့နှံ့နေခဲ့၏။
မဟာအကြီးအကဲများကလည်း သူ၏နှစ်စဥ်လစာငွေကို လျှော့ချ၍ မိမိကိုယ်ကိုယ်ပြန်လည်ဆင်ခြင်စေခြင်းဖြင့် အပြစ်ပေးခဲ့ကြသေးသည်။
ထို့အပြင် အခြားရွယ်တူတန်းတူအကြီးအကဲများဆီမှ လှောင်ပြောင်သရော်ခံခဲ့ရပြီး ဤအရှက်တကွဲဖြစ်ရပ်ကြီးကို ဘယ်တော့မှမမေ့ပျောက်အောင် အချိန်တိုင်းအစဆွဲထုတ်ပြီး စမြုံ့ပြန်လို့မပြီးနိုင်တော့ချေ။ ထိုဖြစ်ရပ်များအားလုံး၏တရားခံသည် ဖုန့်ချန်းပင်။
စေ့စပ်ကြောင်းလမ်းပွဲဖြတ်သိမ်းသော ထိုနေ့ရက်မှစတင်၍ သူ့ခေါင်းထဲတစ်ချိန်လုံးနေရာယူထားသောအတွေးသည် ဖုန့်ချန်းကိုလက်စားချေဖို့သာဖြစ်၏။
သူ့မှာပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာရွှေငွေရတနာတို့ကို အကုန်ပုံအောပေးဆပ်ရမည်ဆိုလျှင်တောင် ထိုလူကိုအမှုန့်ချေချင်သည့်ဆန္ဒမှာ လျော့ကျသွားမည်မဟုတ်ပေ။
"စိတ်ချထားကြစမ်းပါ" ကျိုးထျန်းဟွာမှ အေးစက်တည်ငြိမ်သော အသံနိမ့်နိမ့်ဖြင့်ပြောလာသည်။
"ဖုန့်မိသားစု ဒီ့ထက်ပိုပြီး သက်ဆိုးမရှည်နိုင်တော့ပါဘူး"
အကြီးအကဲကျိုးမှ ဘေးအကူအညီတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်နှင့် ယန်ကျန်း၏မျက်လုံးများသည် ကျေနပ်အားရမှုတို့ဖြင့် တောက်ပနေကြလေပြီ။ ကျိုးထျန်းဟွာတစ်ယောက် ဓာတ်ကြီးသုံးပါးနတ်အဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း သူကိုယ်တိုင်တောင်ကြားသိမထားခဲ့ပေ။
ယန်၊ ကျောက်နှင့် လျိုမိသားစုတို့မှ အကြီးအကဲများသည်လည်း ယခုမှစိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းမောများချလိုက်ကြတော့လေ၏။ မျက်နှာများထက်သယ်ပိုးထားခဲ့ရသော စိုးရိမ်ပူပန်မှုများမှာ တမုဟုတ်ချင်းလွင့်စင်ပျောက်ကွယ်သွားပြီး ယုံကြည်မှုများအသစ်တစ်ဖန် အစားထိုးဝင်ရောက်လာလေပြီ။
ဖုန့်ချန်း၏စွမ်းအားကို သူတို့ဘာသာရင်ဆိုင်ဖို့ တုန်နေအောင်ကြောက်ခဲ့ကြပေမယ့် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦး သူတို့ဘက်မှာမားမားမတ်မတ်ရပ်တည်နေသောအခါတွင် ဘာကိုကြောက်နေရတော့မည်နည်း?
ချီအရည်ဖွဲ့ခြင်းအဆင့်လောက်မှာ ပြိုင်ဘက်မရှိဖြစ်နေရင်ရော ဘာအရေးလဲ? သူတို့ဘက်တွင် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦး အပိုင်ရထားပြီလေ။
ထို့အပြင် သူတို့ဘက်တွင် ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူ ဆယ်ယောက်မကရှိနေရုံမက အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများလည်း မရေမတွက်နိုင်အောင် ပေါများပြန်၏။
လက်ရှိအင်အားကို ကျေနပ်အားရသွားသည့် မျက်နှာထားများဖြင့် နောက်တစ်ဆင့်သွားမည့် လှုပ်ရှားမှုတို့ကို ဆက်လက်စီစဥ်ဆွေးနွေးကြတော့သည်။ အကျိုးဆက်များကို စိတ်ပူနေစရာ အခြေအနေမဟုတ်တော့ပါ။
သူတို့၏အတွေးထဲတွင် ဤကဲ့သို့အင်အားကြီးမဟာမိတ်တစ်ဦး ရှိနေပြီဆိုပါက ဖုန့်မိသားစုမှာ မလွှဲသာမရှောင်သာပင် ခွက်ခွက်လန်ရှုံးနိမ့်ရတော့မည်ဟု ခံယူထားကြတာဖြစ်သည်။
"အကြီးအကဲကျိုးထျန်းဟွာတစ်ယောက်လုံး ကျုပ်တို့ဘက်မှာရှိနေမှတော့ ဖုန့်မိသားစုတစ်ခုလုံး လွတ်မြောက်စရာအခွင့်အရေးကိုမရှိတော့ပါဘူးဗျာ"
ကျောက်မိသားစုအကြီးအကဲတစ်ဦးမှ ခပ်မဲ့မဲ့ပြုံးရင်း ဝင့်ကြွားစွာမှတ်ချက်ပြု၏။
"သေချာပေါက်ပေါ့" လျိုရင်ကျဲက မတန်မရာပြိုင်ဘက်တစ်ဦးကို စကားထဲထည့်ပြောနေရသည့်ဟန်ပန်ဖြင့် ထပ်ပေါင်းပြောသည်။
"ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူကို ကျောထောက်နောက်ခံအနေနဲ့ရထားမှတော့ ဖုန့်မိသားစုလို့ ငမျောက်ငခြောက်လေးကို ဘာကိစ္စစိုးရိမ်နေရတော့မလဲဗျာ"
ခန်းမတစ်ခုလုံးမှာ မာန်တက်ဝင့်ကြွားနေသာ ဟားတိုက်သံများဖြင့် ဖုံးလွှမ်းသွားတော့သည်။ မကြာမီရောက်ရှိတော့မည်ဖြစ်သော အောင်ပွဲကြီးကိုကြိုတွေးရင်း စိတ်တွင်းအားရကျေနပ်လို့ မဆုံးနိုင်တော့ချေ။ ဤမျှအင်အားကြီးသည့် ပုဂ္ဂိုလ်တစ်ဦးကို ကိုယ့်ဘက်ပါအောင်စည်းရုံးထားနိုင်မှတော့ ဖုန့်မိသားစုမှာ သေနေ့ကိုလက်ချိုးရေတွက်ဖို့သာ ကျန်ပေတော့သည်။