← Chapters

မုန်တိုင်းတစ်ခု အစပျိုးခြင်း

Vol. 3 Ch. 32

မုန်တိုင်းတစ်ခု အစပျိုးခြင်း

Vol. 3 Ch. 32

ဖုန့်မိသားစုအိမ်တော်တွင်တော့ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်နေလျက်ရှိသည်။ အသေးစိတ်ခြယ်မှုန်းအလှဆင်ထားသော ဖုန့်အိမ်တော်၏ခန်းမဆောင်ကြီးထဲတွင် အလင်းရောင်နွေးဖျဖျလွှမ်းခြုံနေပြီး ရယ်မောသံများ ခွက်ချင်းတိုက်သံများ ပျော်ရွှင်ဖွယ်စကားဝိုင်းများဖြင့်သာ ပြည့်လျှံနေလေ၏။

အိမ်စေများသည်လည်း လူတိုင်းစေ့ အစားအသောက်လောက်ငှပြည့်စုံစေရန် စီစဥ်ချထားရင်း ခြေချင်းလိမ်အောင် အလုပ်များလျက်ရှိ၏။ ဖုန့်မိသားစုအကြီးအကဲများမှာ ထိပ်ပိုင်းစားပွဲတစ်ခုတွင် စုဝိုင်းထိုင်လျက် စားသောက်ပွဲကျင်းပနေကြသည်။ မျက်နှာများထက်တွင် ဂုဏ်ယူဝင့်ကြွားမှုများ စိတ်အေးသက်သာဖြစ်ရမှုများ ပေါ်လွင်နေတော့၏။

ပါရမီရှင်ယှဥ်ပြိုင်ပွဲ၏ အောင်နိုင်သူဖုန့်ယွင်မှာမူ ခန်းမတောင်၏အလည်ဗဟိုတွင် နေရာယူထားရသည်။

"ဒုတိယသခင်လေးကတော့ ကျွန်တော်တို့မိသားစုကို ဂုဏ်ယူစေလိုက်တာပါပဲ"

"သခင်လေးဖုန့်ယွင်မှာ ပါရမီထူးတွေကိန်းအောင်းနေလိမ့်မယ်လို့ ကျွန်တော်တို့အစကတည်းက တွေးထင်ထားပြီးသားပါ"

"မိသားစုခေါင်းဆောင်နဲ့ သခင်လေးသာ ဦးစီးဦးဆောင်ပြုမယ်ဆိုရင်တော့ ဖုန့်မိသားစုရဲ့အနာဂတ်က ကြီးကျယ်ခမ်းနားနေတော့မှာ အသေအချာပါပဲ"

ဖုန့်ယွင်သည် ချီးကျူးမြှောက်ပင့်မှုတို့ကို ရိုကျိုးနှိမ့်ချစွာဖြင့်ပင် လက်ခံနေလေသည်။

"ယွင်အာ ဒီနေ့မှာတော့ မင်းကအားလုံးကိုဂုဏ်ယူရအောင် လုပ်ပြလိုက်နိုင်တာပဲ"

ဖုန့်ချန်းက ညီဖြစ်သူကို နွေးထွေးချစ်ခင်စွာဖြင့် ချီးကျူးလေသည်။

"ဖုန့်မိသားစုဝင်တစ်ဦးဖြစ်ရတာ ဘယ်လောက်အဓိပ္ပာယ်ရှိမှန်း အားလုံးသိအောင် မင်းကသက်သေပြလိုက်တာပဲကွ"

ဖုန့်ယွင်သည် အစ်ကိုကြီးဖြစ်သူကိုမော့ကြည့်လိုက်သည်။ လူငယ်လေး၏မျက်ဝန်းထဲတွင် လေးစားချစ်ခင်မှုများနှင့် ကျေးဇူးတင်စိတ်တို့ ဖိတ်လျှံကျနေလေ၏။

"အစ်ကိုကြီးရဲ့အားပေးထောက်ပံ့မှုမပါဘဲ ကျွန်တော်ဒီအောင်ပွဲကိုရနိုင်မှာမဟုတ်ပါဘူး ကျွန်တော်တို့ကိုအခုလိုအခြေအနေရောက်အောင် အစ်ကိုကြီးပဲအားထုတ်ခဲ့ရတာပါ"

ဖုန့်ယွင်မှထိုသို့ပြောကြားလိုက်သောအခါ လူတိုင်းလည်း ခေါင်းညိတ်ထောက်ခံကြတော့၏။ ဖုန့်ယွင်နှင့် မျိုးဆက်သစ်လူငယ်လေးများသည် မိသားစုကျက်သရေဆောင်များအဖြစ် အောင်ပွဲအလီလီရယူနိုင်ခဲ့သော်လည်း အရာအားလုံးမှာ ဖုန့်ချန်း၏အနစ်နာခံပေးဆပ်မှုများကြောင့်သာဖြစ်သည်။ မိသားစုခေါင်းဆောင်၏ကျေးဇူးကို သူတို့ဘယ်နည်းနဲ့မှမမေ့သင့်။

ညီဖြစ်သူ၏သိတတ်မှုကြောင့် ဖုန့်ချန်းကြည်နူးစွာရယ်မောလိုက်ပြီး ဖုန့်ယွင်၏ဆံပင်များကို ဆွဲဖွလိုက်သည်။ ညီအစ်ကိုကြားမှ ရှားပါးလှသော တရင်းတနှီးစနောက်ကျီစယ်မှုလေးဖြစ်ပြီး ဖုန့်ယွင်ကို တစ်နေ့တာလုံးမှာ အတောက်ပဆုံးအဖြစ် ပြုံးရယ်စေတော့၏။

"အစ်ကိုကြီးက မင်းနောက်မှာအမြဲရှိနေမှာပါ ယွင်အာ"

ညီအစ်ကိုနှစ်ဦး၏ နွေးထွေးသောစကားဝိုင်းလေးအပြီး ဖုန့်ချန်းလည်း အခြားပြိုင်ပွဲဝင်များကို ချီးကျူးဂုဏ်ပြုရန် သွားလေသည်။ အားလုံးမှာ သူတို့၏အရည်အချင်းများကို စွမ်းစွမ်းတမံထူးချွန်စွာ ထုတ်ပြနိုင်ခဲ့ပြီး မိသားစု၏ဂုဏ်သိက္ခာနှင့်ကျော်ကြားမှုကို တစ်ဖက်တစ်လမ်းမှ အားဖြည့်ပေးခဲ့ကြလေသည်။

ဖုန့်မေ၊ ဖုန့်လျန်း၊ ဖုန့်ကျန်းဟောင်နှင့် ဖုန့်ရှောင်ယုတို့သည်လည်း မိသားစုခေါင်းဆောင်ထံမှ ချီးကျူးဂုဏ်ပြုစကားများကိုကြားရ၍ အင်မတန်မှပျော်ရွှင်နေကြတော့သည်။

ဖုန့်မိသားစုတွင် ဖုန့်ချန်းသည် ခေါင်းဆောင်တစ်ဦးဖြစ်ရုံမက မျိုးဆက်သစ်များ၏ စံပြပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၏။ ဖုန့်မေ၊ ဖုန့်လျန်း၊ ဖုန့်ကျန်းဟောင်နှင့် ဖုန့်ရှောင်ယုတို့ကဲ့သို့ မျိုးဆက်သစ်အငယ်လေးများအတွက် ဖုန့်ချန်းထံမှချီးကျူးစကားကြားရဖို့ဆိုသည်မှာ လွန်စွာမှခက်ခဲရှားပါးလှသဖြင့် ယှဥ်ပြိုင်ပွဲအနိုင်ရရှိသည်ထက် ခေါင်းဆောင်၏ဂုဏ်ပြုစကားကပိုအဖိုးတန်သည်ဟု မှတ်ယူတန်ဖိုးထားကာ ‌ပျော်လို့မဆုံးနိုင်ကြတော့ပေ။

ဖုန့်ချန်းထံမှ အသိအမှတ်ပြုခံရခြင်းသည် မည်သည့်ဆုတံဆိပ်ထက်မဆို တန်ဖိုးကြီးလှသည်။ သူတို့ဘဝ၏ အလေးစားရဆုံးပုဂ္ဂိုလ်အမြင်တွင် သူတို့အားလုံးမှာ ဂုဏ်ပြုထိုက်သောအဆင့်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့ကြလေပြီ။

"ဟားဟား ယွင်အာရေ မင်းကတော့ငါတို့အားလုံးကို ဂုဏ်ယူရအောင်လုပ်လိုက်တာပဲ ဒီကောင်လေးက ငါမျှော်မှန်းထားတာထက်တောင် ပိုတော်နေသေးတာကွ"

"ကျွန်မဖြင့် အစောကတည်းက ခန့်မှန်းထားပြီးသားပါနော် ကျွန်မတို့ယွင်အာက နဂါးတွေကြားက နဂါးတစ်ကောင်ပဲလေ"

အကြီးအကဲအုပ်စုတစ်ခုသည် ရုတ်တရတ်ပင် ပွဲလယ်သို့ဝင်ရောက်လာပြီး ရွှင်ပျစွာဖြင့် ဖုန့်ယွင်ကို ချီးကျူးစကားဆိုလာကြလေသည်။

"အဘိုးလေးနဲ့ အဘွားလေးတို့ပါလား။ ဂူအောင်းကျင့်ကြံရာကနေ ထွက်လာကြပြီ‌ပေါ့"

ဖုန့်ယွင်သည် အံ့သြပျော်ရွှင်စွာဖြင့် ပွဲထဲသို့ရုတ်ချည်းဝင်ရောက်လာကြသော အကြီးအကဲများထံသို့ အပြေးအလွှားသွားရောက်ကြိုဆိုလေ၏။

ထိုအကြီးအကဲများသည် ဖုန့်ချန်းနှင့်ဖုန့်ယွင်၏ အဘိုးလေးနှင့် အဘွားလေးများဖြစ်ကြသည်။ အဘိုးအဘွားရင်းတို့မှာ သူတို့မမွေးခင်ကတည်းက ဆုံးပါးနှင့်ကြပြီးဖြစ်သော်လည်း အဘိုးလေး အဘွားလေးတို့၏ ကြီးစွာသောမေတ္တာနှင့် ဂရုစိုက်ကြင်နာမှုများကြောင့် လစ်ဟာမှုကိုပင် တစ်ခါမျှမခံစားဖူးချေ။

ထိုအကြီးအကဲများမှာ များသောအားဖြင့် နောက်တစ်ဆင့်သို့ချိုးဖျက်တက်ရောက်ရေးအတွက် အချိန်အတော်ကြာသည်အထိ သီးသန့်ကျင့်ကြံလေ့ရှိကြသောကြောင့် ဤသို့ပွဲအလည်တွင် မထင်မှတ်ဘဲပေါ်ထွက်လာခြင်းမှာ ဖုန့်ယွင်အား ပျော်မြူးတက်ကြွသွားစေသည်။

"ဟားဟား ငါတို့လည်းသေချာပေါက်ထွက်လာပြီး ပျော်ပွဲရွှင်ပွဲဝင်နွှဲရမှာပေါ့ကွ"

ဖုန့်ကျန်းရှန်က နွေးထွေးချစ်ခင်စွာပြုံးလျက် တုံ့ပြန်လေသည်။ ဝတ်ရုံအတွင်းသို့လက်နှိုက်၍ ဝိဉာဥ်သစ်သီးသကြားလုံးတစ်ဆုပ်ကိုယူပြီး ဖုန့်ယွင်လက်ထဲထည့်ပေးလိုက်သေး၏။

"ချန်းအာကလည်း ငါတို့ကိုခေါ်ထားသေးလို့လေ မိသားစုရှေ့ရေးနဲ့ပက်သက်ပြီး အရေးတကြီးဆွေးနွေးစရာလေးတွေ ရှိနေလို့တဲ့"

ဖုန့်ကျန်းရှန်မှ ထပ်ပေါင်းပြောလိုက်သည်။

ဖုန့်ချန်းသည်လည်း ပြုံးလျက်လှမ်းဝင်လာပြီး ဝင်ပြောသည်။ "ဟုတ်ပါရဲ့ အရေးကြီးကိစ္စလေးတစ်ချို့ရှိနေလို့ အဘိုးလေးတို့ကိုပြန်ခေါ်လိုက်တာ အဲ့အကြောင်းတွေမပြောခင် ပျော်ပွဲရွှင်ပွဲတွေ အဝနွှဲကြရအောင်ပါ"

အကြီးအကဲများပါ ဝင်ရောက်ဆင်နွှဲလာသောအခါ ခန်းမတစ်ခုလုံးသည် ဂုဏ်ပြုလက်ခုပ်သံများဖြင့် ပြည့်လျှံသွားတော့လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ပျော်ရွှင်ကြည်နူးမှုများ ရင်းနှီးချစ်ခင်မှုများဖြင့်သာ ပြည့်ဝလွှမ်းခြုံထားလျက်ပင်။

ခန်းမဆောင်၏ထောင့်တစ်နေရာတွင် ဂီတပညာရှင်တစ်စုသည် ရိုးရာတူရိယာမျိုးစုံကို တီးမှုတ်သီကျူးလျက်ရှိကြသည်။ တေးသံချိုတို့ကား ပျော်ပွဲရွှင်ပွဲကို ပိုမိုအသက်ဝင်တက်ကြွစေလျက်။

စည်းချက်ကျကျထွက်ပေါ်နေသော ဗုံတီးသံတို့နှင် ပုလွေသံချိုချိုတို့မှာ ရယ်မောသံများ စကားဝိုင်းဖွဲ့သံများနှင့် ရောနှောပျံ့လွင့်လျက်ရှိ၏။

ဂုဏ်ပြုပွဲတစ်ခုလုံးတွင် ပါရမီရှင်ယှဥ်ပြိုင်ပွဲအကြောင်းကိုသာ ဆွေးနွေးဝင့်ကြွားလျက် စကားဝိုင်းများမှာ သက်ဝင်တက်ကြွလို့နေပေသည်။

"မင်းသူတို့မျက်နှာတွေကို မြင်လိုက်လား" သူတို့ကိုတစ်ချိန်က အထင်သေးလှောင်ပြောင်ခဲ့ကြသော အခြားမိသားစုကြီးများမှ မျိုးဆက်သစ်လူငယ်များ၏ အံ့သြထိတ်လန့်နေကြသောမျက်နှာထားကို ပြန်မြင်ယောင်မိပြီး ဖုန့်ကျန်းဟောင်တစ်ယောက် တခစ်ခစ်ရယ်မောမိတော့သည်။

"ငါ့မှာသူတို့ကိုကြည့်ပြီး သနားတောင်သွားတယ်"

အုပ်စုလိုက်ဝါးခနဲရယ်မောသံများ ထွက်ပေါ်လာ၏။ တစ်ချိန်ကသယ်ပိုးထားခဲ့ရသော စိုးရိမ်ပူပန်မှုများ မကျေမနပ်ဖြစ်မှုများ အားလုံးမှာ ဂုဏ်ပြုပွဲ၏နွေးထွေးလှသောပတ်ဝန်းကျင်တွင် လွင့်မျောပျောက်ကွယ်သွားကုန်ကြလေပြီ။

ပုံမှန်အားဖြင့် အရင်နှစ်များတွင် ပါရမီရှင်ယှဥ်ပြိုင်ပွဲပြီးဆုံးတိုင်း ဖုန့်မိသားစု၏အခြေအနေမှာ ညို့မှိုင်းအုံ့ဆိုင်းနေတတ်ပေသည်။ သူတို့မိသားစု၏ မျိုးဆက်သစ်ကျင့်ကြံသူများမှ, အခြားမိသားစုများနှင့်ယှဥ်လျှင် အမြဲနောက်ကောက်ကျနေခဲ့ရသည်ကိုး။ သည်နှစ်ကတော့ ထိုအရင်နှစ်များနှင့် လားလားမျှမဆိုင်တော့ချေ။

အခြေအနေများက မိုးမြေကိုလှန်လိုက်သကဲ့သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယခုနှစ်တွင် အောင်ပွဲခံကာ ပျော်ပွဲဆင်နွှဲနေရသူမှာ သူတို့ဖြစ်ပြီး အရှုံးကိုပြန်လည်သုံးသပ်နေရသူများမှာ အခြားမိသားစုများဖြစ်၏။

"သေချာပေါက်ပေါ့" တစ်ယောက်မှထ၍ကြွေးကြော်သည်။ "ဒီတစ်ကြိမ်တော့ အရှုံးကိုပိုက်ပြီးအိမ်ပြန်ရတဲ့သူက ငါတို့မဟုတ်ဘူး အဲ့ဒီကောင်တွေ သူတို့အရှက်သိက္ခာလေးကို လက်နဲ့ပြန်ကောက်ပြီး အိမ်ပြန်ရတဲ့နှစ်ပဲကွ"

ရယ်မောသံများ ဂုဏ်ပြုသံများသည် ပို၍ပင် ကျယ်လောင်တက်ကြွလာကြတော့သည်။

ကြိုးစားအားထုတ်မှုများကို သက်သေပြလိုက်နိုင်ပြီးဖြစ်သဖြင့် အရင်နှစ်များနှင့်ဆန့်ကျင်စွာ လေထုမှာ လှုပ်ရှားသက်ဝင်လို့နေပါသည်။

မှောင်ရိပ်သန်း၍ ညဘက်ရောက်လာချိန်တွင် ဖုန့်ချန်းက တိတ်ဆိတ်ရန်အချက်ပြသည့်အနေဖြင့် သေရည်ခွက်ကိုမြှောက်လိုက်သည်။ ခန်းမတစ်ခုလုံးငြိမ်သက်သွားကြပြီး သူထံ လူတိုင်းလှည့်ကြည့်လာကြသည်။

"ဒီနေ့ဟာ ဖုန့်ယွင်ရဲ့အောင်ပွဲကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်ပွဲတင်မကဘဲ ငါတို့မိသားစုရဲ့ညီညွှတ်မှုအားအင်ကို မြှင့်တင်ဖို့အတွက်လည်းဖြစ်တယ်" ဖုန့်ချန်း၏အသံသည် သြဇာအာဏာအပြည့်ဖြင့် လေးပင်နက်ရှိုင်းလို့နေ၏။

"စိန်ခေါ်မှုတွေ ဘယ်လောင်ပဲကြုံခဲ့ရပါစေ ငါတို့ပိုပြီးသန်မာဖို့ကိုပဲ ‌ရွေးချယ်ခဲ့ကြတယ် ငါတို့မိသားစုကို ဘယ်သူတွေကဘယ်လိုပဲ ဆွဲချတိုက်ခိုက်ချင်ပါစေ ငါတို့ပိုပြီးတောက်ပလာရမယ့် ဒီနေ့ဟာ ငါတို့အားလုံးရဲ့စိတ်နှလုံးထဲစွဲမှတ်ထားရမယ့် အထိမ်းအမှတ်နေ့ပဲ ဖုန့်မိသားစု အောင်မြင်ပါစေ"

"ဖုန့်မိသားစု အောင်မြင်ပါစေ"

အားလုံး၏ကြွေးကြော်သံသည် ကောင်းကင်ယံသို့ပဲ့တင်ထပ်လေ၏။ ခွက်ကိုပြိုင်တူမြှောက်၍ တိုင်တည်လိုက်ကြသည်။

ရယ်မောပျော်ရွှင်မှုများ ဂီတသံများဖြင့် ဂုဏ်ပြုပွဲကိုဆက်လက်ကျင်းပကြသည်။ ပွဲကျင်းပချိန်ကြာညောင်းလာသောအခါ ဖုန့်ချန်းနှင့်အကြီးအကဲများသည် အတည်တကျဆွေးနွေးတိုင်ပင်ကြရန် ဘေးသို့ရှောင်ထွက်လာကြ၏။

"ကဲ ချန်းအာ ငါတို့ကိုခေါ်လိုက်ရတဲ့အကြောင်းရင်းက ဘာများလဲ"

အဘွားလေးဖြစ်သူ ဖုန့်ကျီလန်မှ ဖုန့်ချန်းကိုမေးခွန်းထုတ်လိုက်သည်။

"ဒီနေ့မှာ ကျွန်တော်တို့ဖုန့်မိသားစုရဲ့ အလားအလာကောင်းတဲ့မျိုးဆက်သစ်လေးတွေကို ထုတ်ပြပြီးသွားပြီ ကျန်တဲ့မိသားစုကြီးတွေကတော့ ဒီအချက်ကို ဘယ်လိုမှအမြင်ကြည်မှာမဟုတ်ဘူး သေချာပေါက် တစ်ခုခုတော့ ကြိတ်ကြံစည်နေကြလောက်ပြီ"

ဖုန့်ချန်းဖြေလိုက်သည်။

"ဟမ့် အဲ့ခွေးကောင်တွေက ဖုန့်မိသားစုဆိုရင်ကို မဲမဲမြင်ရာကိုက်ချင်နေကြတာလေ"

ဖုန့်ချန်း၏အဘွားလေးတစ်ဦးဖြစ်သော ဖုန့်လီဝေ့က စိတ်ဆိုးမာန်ဆိုးဖြင့်ဝင်ပြော၏။

"သူတို့ကြံစည်စရာရှိတာ ကြံစည်စမ်းပါစေ ဘာတွေပဲစီစဥ်ထားထား ဖုန့်မိသားစုကို သူတို့ကိုင်လှုပ်နိုင်မှာမဟုတ်ပါဘူး"

ဖုန့်ကျန်းရှန်ကခေါင်းညိတ်သည်။ မျက်နှာထားမှာလည်း တည်ငြိမ်နေလျက်။

"သေချာတာပေါ့ ငါတို့မိသားစုကို အရင်လိုလျှော့တွက်ကြဦးမှာပဲ ဒါပေမယ့် ငါတို့စွမ်းအားတွေက သူတို့ထင်ထားတာထက် အများကြီးသာလွန်နေပြီလေ"

ဖုန့်လီဝေ့ကလက်ပိုက်လျက် မဲ့ပြုံးဖြင့်မှတ်ချက်ပြုသည်။

"ငါတို့က ချီအရည်ဖွဲ့ခြင်းအဆင့်ကိုတောင် တက်ရောက်နိုင်ပြီးပြီ ငါတို့ကိုလာဆွရင် ဘာအကျိုးဆက်ရမလဲဆိုတာ မသိကြသေးဘူးထင်တယ်"

ဖုန့်လီဝေ့နှင့် အခြားသောအကြီးအကဲများမှာ မကြာသေးခင်ကပင် ချီအရည်ဖွဲ့ခြင်းအဆင့်သို့ ချိုးဖျက်တက်ရောက်ထားနိုင်ပြီးဖြစ်သဖြင့် မည်သည့်တိုက်ခိုက်မှုမျိုးမဆို ဖုန့်မိသားစုကိုမယိုင်လဲစေနိုင်ဟု အထင်ရှိကြ၏။ ဖုန့်ချန်းသည် အချိန်ဆွဲမနေဘဲ မိသားစုတွင်းရှိကျင့်ကြံသူတိုင်းကို ရှိရင်းစွဲထက်ပိုမိုသန်မာလာအောင် ကူညီထောက်ပံ့ပေးထားပြီးဖြစ်သည်။ အထူးသဖြင့် ချီအရည်ဖွဲ့ခြင်းအဆင့်ကို ချိုးဖျက်လုနီးဆဲဆဲဖြစ်သော အဘိုးလေး အဘွားလေးတို့ကိုပင်။

ဖုန့်ချန်းသည် ဖုန့်မိသားစုကို မြူခိုးချိုင့်ဝှမ်းမြို့တော်တစ်ခုလုံးတွင် အင်အားအကြီးဆုံးဖြစ်အောင်လုပ်ရမည့် သူ့တာဝန်ကို မြန်နိုင်သမျှမြန်မြန် ပြီးမြောက်စေချင်ပြီဖြစ်သည်။ အင်အားအကြီးဆုံးမိသားစုတစ်ခုဖြစ်လာဖို့ဆိုလျှင် ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူငါးယောင်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူအယောက်သုံးဆယ်တော့ အနည်းဆုံးရှိရပေမည်။

ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူ အနည်းဆုံးငါးယောက်ရှိရမည့်တာဝန်ကို သူပြီး‌‌မြောက်ခဲ့ပြီဖြစ်၏။ သူ၏ ခြောက်ယောက်သော အဘိုးလေး၊ အဘွားလေးတို့သည် ချီအရည်ဖွဲ့ခြင်းအဆင့်ကိုချိုးဖျက်နိုင်ခဲ့ကြပြီဖြစ်သည်။

ဒုတိယပိုင်းမှာလည်း မကြာခင်ပင်ပြီးမြောက်တော့မည်ဖြစ်သဖြင့် ရက်အနည်းငယ်အတွင်း သူရင်းနှီးထားသမျှအတွက် အကျိုးအမြတ်ရတော့မည်ဟု ဖုန့်ချန်းခန့်မှန်းမိသည်။

ဒါကြောင့် မဟာအကြီးအကဲများက ပြင်ပခြိမ်းခြောက်ကြံစည်မှုများကို သေချာပေါက်တောင့်ခံနိုင်လိမ့်မည်ဟု ခိုင်မာစွာယုံကြည်နေကြခြင်းဖြစ်၏။

နောက်အကြောင်းရင်းတစ်ချက်မှာတော့ ဖုန့်ချန်းကိုယ်တိုင်က မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် အင်အားအကြီးဆုံးဖြစ်သည် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို ချိုးဖျက်နိုင်ခဲ့ခြင်းပင်။ ဤသည်မှာလည်း သူတို့မျက်မြင်ဖြစ်သည်။

အဓိပ္ပာယ်မှာ အခြားမိသားစုများမှ ဘာတွေကြံစည်ဖို့ကြိုးစားသည်ဖြစ်စေ ဖုန့်မိသားစုကား မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ပြိုင်ဘက်ကင်းမိသားစုတစ်ခုဖြစ်နေလေပြီ။

"ရယ်စရာတောင်ကောင်းသေးတယ် လွန်ခဲ့တဲ့သုံးပတ်အတွင်း ငါတို့ဘယ်လောက်တောင်အင်အားကြီးလာလဲ သူတို့မသိကြသေးဘဲ၊ ဘာတဲ့ တိုက်ခိုက်ဖို့များကြံစည်ဦးမတဲ့"

ဖုန့်လျန်းချောင်မှ ရယ်ချင်ပက်ကျိဖြင့် ဝင်ပြောသည်။

ဖုန့်ချန်းမျက်နှာထက်မှအပြုံးသည် အနည်းငယ်မှေးမှိန်သွားသည်။ လေးနက်သောအသံဖြင့် သူစကားဆက်၏။

"ထိပ်တိုက်ရင်ဆိုင်ဖို့ကိုတော့ ကျွန်တော်လည်းမစိုးရိမ်ပါဘူး တစ်ချက်ပူမိတာက သူတို့ကတိုက်ရိုက်ရန်လာမစခင် လှည့်ကွက်တွေအရင်သုံးပြီး တစ်ခုခုလုပ်မှာစိုးရတာပဲ"

ဖုန့်ကျီလန်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ "သူတို့နောက်ကွယ်ကနေ တစ်ခုခုကြံစည်နေမယ်လို့ မင်းထင်လား လုပ်ကြံသတ်ဖြတ်တာတို့ အကောက်ကြံတာတို့လား"

"သေချာတာပေါ့" ဖုန့်ချန်းတုံ့ပြန်လိုက်သည်။

"ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေ မျိုးဆက်သစ်လူငယ်လေးတွေကို ဦးတည်လာဖို့များတယ် အခြားမိသားစုတွေနဲ့ပေါင်းပြီး အင်အားချဲ့မှာမျိုးလည်းဖြစ်နိုင်တယ် အဲ့လိုလှည့်ကွက်တွေကနေကာကွယ်ဖို့က အဘိုးလေး အဘွားလေးတို့ရဲ့အကူအညီပါမှဖြစ်တာမလို့ ဆင့်ခေါ်လိုက်ရတာပါ"

ဖုန့်လျန်းချောင်က လေးနက်စွာဖြင့် ခေါင်းညိတ်သည်။

ဖုန့်လီဝေ့သည်လည်း‌ ရှေ့သို့ကိုင်းလျက် သေချာနားထောင်လာသည်။ မျက်လုံးများမှာ စိတ်ပိုင်းဖြတ်မှုတို့ဖြင့် တောက်ပလျက်။

"ငါတို့မိသားစုနယ်မြေတစ်လျှောက်မှာ အစောင့်အကြပ်များများချပြီး တစ်ခြားမိသားစုတွေဘက်ကိုလည်း လူလွှတ်စောင့်ကြည့်ထားမှဖြစ်မယ် သူတို့ဘက်တစ်ခုခုမူမမှန်တာနဲ့ ငါတို့လည်းအသင့်ပြင်ထားရမယ်"

ဖုန့်ချန်းက ထောက်ခံဟန်ဖြင့် ခေါင်းညိတ်သည်။

"ဖုန့်မိသားစုနယ်မြေကို စောင့်ကြပ်ဖို့အတွက် အဘိုးလေး အဘွားလေးတို့ကိုအားကိုးပါတယ် သူတို့ဘက်ကတစ်ခုခုကြံစည်ဖို့ကြိုးစားလာရင် ကျွန်တော်တို့ဘက်ကအရင်တိုက်ပွဲစဖို့ အကြောင်းပြချက်ရသွားပြီပဲ"

ဖုန့်ချန်းက တစ်ချက်ပြုံးလိုက်သည်။ သူ့အပြုံးတွင် သတ်ချင်ဖြတ်ချင်သည့်အရိပ်အငွေ့များ ယှက်သန်းလျက်။ ရန်သူတွေဘက်က ပိပိရိရိလေးစီစဥ်နိုင်ဖို့မျှော်လင့်သည်။ ခြေလှမ်းတစ်ချက်မှားသည်နှင့် သူ့ဘက်ကတစ်ချက်မျှညှာတော့မည်မဟုတ်ပါ။ အတင့်ရဲလို့ ဘယ်သူ့ကိုများ လာဆွချင်ကြတာလဲ?

အကြီးအကဲမျာသည်လည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ ဖုန့်ချန်းကဲ့သို့အမြော်အမြင်ရှိပြီး စေ့စပ်သေချာသည့်ခေါင်းဆောင်ကသာ ဦးဆောင်လျှင် သူတို့ဖုန့်မိသားစုမှာ ‌ရှေ့လျှောက်ပိုထွန်းတောက်ဖို့သာ ရှိပါတော့သည်။

All Chapters