မုန်တိုင်းအငွေ့အသက်
Vol. 3 Ch. 33
အချိန်ယန္တရားမှာ ရေအလျင်ကဲ့သို့ လျင်မြန်စွာစီးဆင်းနေရင်း ပါရမီရှင်ယှဥ်ပြိုင်ပွဲပြီးဆုံးသည်မှာ ရက်အနည်းငယ်မျှပင် ကြာမြင့်ခဲ့လေပြီ။
ထိုရက်အနည်းငယ်အတွင်း မြူခိုးချိုင့်ဝှမ်းတောင်ကြားမှာ ငြိမ်သက်အေးဆေးနေခဲ့ပါသည်။ တစ်ခုတည်းသောထူးခြားချက်မှာ မြို့နေပြည်သူအပေါင်းဟာ ဖုန့်မိသားစု၏ ပါရမီယှဥ်ကျင့်ကြံသူလေးများအကြောင်း ရေပက်မဝင်ပြောဆိုဆွေးနွေးဆဲရှိကြသောကြောင့် ဖုန့်မိသားစု၏ နာမည်ဂုဏ်သတင်းမှာလည်း ကြူကြူမွှေးလျက်ရှိနေလေ၏။
"မရှိပြန်ဘူး"
၅ခုမြောက်ဆေးဆိုင်မှ ဖုန့်မေနှင့်အတူထွက်လာသော ဖုန့်ယွင်၏ရေရွတ်သံဖြစ်သည်။
"ဆေးဆိုင်ငါးခုတောင်ပတ်မေးပြီးပြီ တစ်ဆိုင်မှ မီးတောက်ကြယ်ပန်းမရှိကြဘူး ဒါတော့မဟုတ်သေးပါဘူး"
ဖုန့်ယွင်က စိတ်မရှည်လက်မရှည်ဖြင့်ညည်းညူလာသည်။ မီးတောက်ကြယ်ပန်းသည် အဆင့်၂ဆေးလုံးဖြစ်သော ရွှေသွေးကြောဆေးလုံးပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းတစ်ခုဖြစ်၏။
ရှားပါးပါဝင်ပစ္စည်းမဟုတ်သောကြောင့် များသောအားဖြင့် ဆေးဆိုင်များတွင် ရောင်းချအရန်အသင့်ရှိကြမြဲပင်။ ဒီနေ့ကျမှ ထိုပစ္စည်းဝယ်ရန် ဖုန့်မေနှင့်အတူထွက်လာသောအခါ တစ်ခုတလေပင် ရှာမတွေ့ပါတော့ချေ။
"ဒါတင်မကဘူး အဆင့်၂ဆေးလုံးဖော်စပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်း တော်တော်များများပြတ်လပ်နေကြတာ"
ဖုန့်ယွင်က စိတ်ပျက်လက်ပျက်ပြောပြန်သည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း ဆရာသခင်မင်းဟောင်၏လက်အောက်တွင် သူပညာသင်ကြားနေခဲ့ခြင်းဖြစ်သည်။ အနီးကပ်ပညာယူရင်းမှ သိလာရသည်က ထိုလူအိုကြီးသည် သိုင်းပညာကျင့်ကြံစွမ်းမြင့်မားရုံမက အဆင့်မြင့်ဆေးဆရာတစ်ဦးလည်း ဖြစ်နေသေးသည်ဆိုတာပင်။
ဆရာမှပေးအပ်နိုင်သောပညာမှန်သမျှကို အကုန်အစင်လေ့လာဆည်းပူးရမည်ဖြစ်သည့်အလျောက် ဆေးပညာလေ့လာနိုင်မည့်အခွင့်အရေးကိုလည်း လက်လွှတ်ခံ၍မဖြစ်ပေ။ ထို့ကြောင့် ဆရာမင်းဟောင်ကို သင်ကြားပေးပါရန်မေတ္တာရပ်ခံလေသောအခါ ဆရာကလည်း ဖုန့်ယွင်ဘက်က သူ့ကိုဆရာတစ်ယောက်အဖြစ်သတ်မှတ်မည်ဆိုလျင် သဘောတူမည်ဟုဆိုသည်။ ဖုန့်ယွင်လည်း တုန့်ဆိုင်းမှုမရှိစွာဖြင့် ဆရာအဖြစ် ဦးညွတ်သတ်မှတ်ခဲ့သည်သာ။
ထို့နောက်တွင် ကျင့်ကြံခြင်းနှင့်တကွ ဆရာသခင်က သူ့ကို ဆေးပညာပါပူးတွဲသင်ကြားပေးခဲ့သည်။
ဖုန့်ယွင်၏ဆေးပညာပါရမီသည် မင်းဟောင်သြချရလောက်သည်အထိပင်။ သိပ်မကြာလှသောကာလအတွင်း ပထမဆင့်ဆေးဆရာအဖြစ် တက်လှမ်းနိုင်ခဲ့လေသည်။ ထိုမျှသာမက ဒုတိယအဆင့်သို့ တက်ရောက်ဖို့ရန်အတွက်ပါ ဖုန့်ယွင်က စတင်ကြိုးစားစမ်းသပ်နေပြီဖြစ်၏။ အဆင့်တစ်ဆင့်ကိုချိုးဖျက်ဖို့ရာတွင် ပါရမီပြည့်စုံရုံသာမက ကံတရားမျက်နှာသာပေးဖို့ကလည်းလိုသေးသည်။
ဤသို့ဖြင့် ဖုန့်ယွင်သည် အဆင့်နှစ်ဆေးလုံးကို သန့်စင်ဖော်စပ်ရန် လိုအပ်သည့်ပါဝင်ပစ္စည်းများကို ခြေဆန့်ရှာဖွေသော်လည်း အတော်များများပြတ်လပ်နေချိန်နှင့် စိတ်ပျက်ဖွယ်ကြုံတွေ့နေရလေသည်။
"ထောက်ပို့လမ်းကြောင်းမှာ ပြဿနာတစ်ခုခုတက်နေတာဖြစ်မယ်ထင်ပါရဲ့ အစ်ကိုယွင်ရယ် မကောင်းဆိုးဝါးတစ်ချို့က ကုန်သည်တန်းကို လုယက်တိုက်ခိုက်ကြလို့များ မြို့တော်ဆီကုန်တွေမရောက်နိုင်တာများလား"
ဖုန့်မေကဖြစ်နိုင်ချေကိုပြောရင်း နှစ်သိမ့်ပေးနေသည်။ မြို့တော်တွေတစ်ခုနဲ့တစ်ခုကြား ကုန်တင်ပို့တဲ့လမ်းကြောင်းမှာ မကောင်းဆိုးဝါးတွေရန်ရှာခံရတဲ့အဖြစ်မျိုးက ဆန်းသည်တော့မဟုတ်။
"အဲ့လိုပဲဖြစ်မယ်လို့ မျှော်လင့်ပါတယ်"
ဖုန့်ယွင်အလိုက်သင့်ပြန်ပြောလိုက်ပေမယ့် ဒီမူမမှန်တဲ့အခြေအနေနဲ့ပက်သက်ပြီး ခံစားချက်သိပ်မကောင်းလှပေ။
ဒီ့ထက် ထပ်ရှာနေပြန်ရင်လည်း အချိန်ဖြုန်းရာကျပေတော့မည်။ ဖုန့်ယွင်လည်း လေ့ကျင့်ရေးပြန်မဝင်ခင် ဖုန့်မေနဲ့အတူ ဟိုဟိုဒီဒီလျှောက်လည်ရင်း စိတ်အပန်းဖြေဖို့သာ ဆုံးဖြတ်လိုက်တော့၏။
*****
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်တစ်ရက်ကုန်ဆုံးသွားပြန်လေပြီ။
ဖုန့်မိသားစုပိုင်ဆိုင်သော အလုပ်ရုံတစ်ခုအတွင်း မနက်ခင်းအချိန်တွင်ဖြစ်၏။ ဈေးတန်းမှာတော့ ပျားပန်းခတ်စည်ကားသိုက်မြိုက်နေလေပြီ။ ပတ်ဝန်းကျင်တွင် ဈေးဆစ်ညှိနှိုင်းသံများ စကားပြောရယ်မောသံများဖြင့် မြိုင်ဆိုင်လှုပ်ရှားလျက်ရှိသည်။
၎င်းစကားသံများမှာ ကုန်ပစ္စည်းများရောင်းချရန် ဖုန့်မိသားစုပိုင်နေရာတွင် ဆိုင်ခန်းများငှားရမ်းနေရာချထားကြသော ဈေးသည်ဆိုင်ရှင်များနှင့် ဝယ်ယူသူတို့၏ မရပ်မနားပေါက်ပေါက်ဖောက်သံများပင်ဖြစ်သည်။
လမ်းဘေးဈေးဆိုင်များနှင့် မနီးမဝေးနေရာရှိ ဆိုင်ကြီးတစ်ခုမှာမူ အခြားဆိုင်များထက် စုံလင်များပြားလှသောကုန်ပစ္စည်းများကို အပြည့်တင်ရောင်းချလျက်ရှိသည်။
ဈေးတန်းတစ်လျှောက်တွင် ဆေးလုံးဆိုင်များ၊ လက်နက်ကိရိယာဆိုင်များ၊ အဝတ်အထည်ဆိုင်များအပြင် စားသောက်ဆိုင်များပါ တန်းစီပြည့်ညပ်လို့နေ၏။ ထိုအထဲတွင် ဆေးလုံးဆိုင်များက အထင်ပေါ်ဆုံး လူအစည်ဆုံးပင်။
ဆေးဆရာများရှားပါးခြင်းကြောင့် ဈေးတန်းထဲရှိဆေးဆိုင်အားလုံးကို ဖုန့်မိသားစုမှ တိုက်ရိုက်ထိန်းချုပ်ညွှန်ကြားထားသည်။
အများဆုံးရောင်းချရသောအမျိုးအစားများမှာ အဆင့်၁ဆေးလုံးများဖြစ်ကြသည့် ခွန်အားတိုးဆေး အရိုးကြံ့ခိုင်ဆေး အားဆေး စတာတွေဖြစ်ပြီး အားလုံးကို ဖုန့်မိသားစုဆေးဆရာများမှ သန့်စင်ဖော်စပ်ထားခြင်းဖြစ်သည်။
အဆင့်၂ဆေးလုံးများကိုမူ အခြားမြို့တော်များမှ ဖုန့်မိသားစုကိုယ်တိုင် ဝယ်ယူဖောက်ကား၍ ဖုန့်မိသားစုလက်အောက်ကဆိုင်များတွင် ပြန်တင်ရောင်းချခြင်းဖြစ်၏။
"အရိုးကြံ့ခိုင်ဆေးတစ်ပုလင်းလောက် ပေးပါဦး"
"ဒီဘက်ကို ခွန်အားတိုးဆေးတစ်လုံးလောက်လှမ်းလိုက်စမ်းပါ့ မရိုမသေ"
"ကျွန်တော့်ကိုလည်း အားဆေးငါးလုံးလောက်ပေးပါဦး"
ဆိုင်ရှင်မှာ ကျွမ်းကျင်သပ်ရပ်သောလှုပ်ရှားမှုဖြင့် ဝယ်သူများ၏တောင်းဆိုမှုကို မြန်မြန်ဆန်ဆန် လှည့်လည်ဖြည့်ဆည်းပေးနေရတော့သည်။
ဆေးတင်သည့်စင်များမှာ စနစ်တကျတန်းစီလျက်ရှိနေပြီး ဆေးပုလင်းများကို အဆင့်အလိုက် သူ့နေရာနှင့်သူနေရာချထား၏။ ဆေးပုလင်းများမှာ အမျိုးအစားကွဲပြားစုံလင်ပြီး ကျင့်ကြံသူအမျိုးအစားကိုလိုက်၍ ကန့်သတ်ထားရခြင်းဖြစ်သည်။
ဈေးဆိုင်များစီစဥ်နေရာချထားပုံကအစ စနစ်တကျရှိလှသည်မှာ ဖုန့်မိသားစု၏ ထိရောက်သောအုပ်ချုပ်ညွှန်ကြားပုံကို မီးမောင်းထိုးပြထားသကဲ့သို့ပင်။ ဝယ်ယူသူများမှာလည်း ကုန်ပစ္စည်းအရည်အသွေးစစ်မှန်မှုကို ယုံကြည်စိတ်ချစွာ မေးခွန်းပင်ထုတ်မနေတတ်ကြ။
ဖုန့်မိသားစုဆေးဆိုင်များ လူဝင်လူထွက်မပြတ်လပ်စွာရှုပ်ထွေးနေကြစဥ်တွင် ဆေးဆိုင်တံခါးမှာ ဝုန်းခနဲကန်ဖွင့်ခံလိုက်ရတော့သည်။ အရည်အသွေးမြင့်ဝတ်ရုံကိုဆင်မြန်းထားသော ယောကျ်ားသားတစ်ဦးသည် တံခါးမှတစ်ဆင့် ဝင့်ထည်စွာ လှမ်းဝင်လာ၏။
မာန်တက်ဝင့်ကြွားနေသောမျက်နှာထားကို သိသာရှင်းလင်းစွာဖော်ပြထားသည်မှာ ပုံမှန် သူလိုကိုယ်လိုဝယ်ယူသူမျိုးမဟုတ်ကြောင်း တမင်ကြေညာနေသကဲ့သို့ပင်။ ကွဲပြားနေသောအသွင်အပြင်ကြောင့် ပတ်ဝန်းကျင်၏အာရုံစိုက်မှုကို ခဏချင်းပင် ရရှိသွားတော့၏။
ထိုယောက်ျားသည် ဆိုင်တွင်းရှိဝယ်ယူသူများကို မျက်လွှာတစ်ချက်ဝင့်ကြည့်လိုက်သည်။ အဓိပ္ပာယ်များစွာပါဝင်နေသော မဲ့ပြုံးတစ်ပွင့်ကို နှုတ်ခမ်းထက်ချိတ်ဆွဲထားလျက်။
ထိုလူသည် သတင်းထူသတင်းဦးတစ်ခုကို ဖြန့်ဝေချင်သကဲ့သို့ ရှေ့သို့အနည်းလမ်းကိုင်းလာပြီး လူတိုင်းကြားလောက်နိုင်သော အသံကျယ်ကျယ်ရှင်းရှင်းဖြင့် စကားစသည်။
"အားလုံးပဲ ကြားပြီးကြပြီလား" အသံသည် သြဇာအပြည့်ဖြင့်။
"ယန်မိသားစုက အရည်အသွေးမြင့် အဆင့်၁နဲ့ အဆင့်၂ဆေးလုံးတွေကို ရောင်းချပေးနေတယ်တဲ့ ဈေးနှုန်းကိုကြားလိုက်ရရင် မင်းတို့ယုံကြမှာတောင်မဟုတ်ဘူး ဆိုင်ကဒီနားလေးတင်မှာပဲ ရွှေဒင်္ဂါးတွေပိုခြွေတာချင်ပြီး အရည်အသွေးမြင့်တာမျိုးမှလိုချင်ရင် အခုအမြန်ပြေးမှမီမယ်နော် ရောင်းကုန်သွားဖို့သိပ်မကြာလောက်ဘူး"
ဆေးဆိုင်တစ်ခုလုံး တိတ်ကျသွားခဲ့ပြီး လူတိုင်းဟာ ထိုအမျိုးသားရဲ့စကားလုံးတွေမှာ စီးမျောသွားခဲ့ကြသည်။
တီးတိုးသံများလည်း ချက်ချင်းဆိုသလို ထွက်ကျလာတော့၏။
"အဆင့်၂ဆေးလုံးဟုတ်လား ဒီလောက်ရှားပါးပြီးအဖိုးတန်တာကို"
"အဆင့်၁ဆေးလုံးတွေကို ဈေးချရောင်းနေတယ်ပေါ့ အဲ့ယန်မိသားစုက သူတို့ဆေးလုံးတွေအရည်အသွေးမြင့်လွန်းလို့ ဈေးလုံးဝလျှော့မရောင်းနိုင်ဘူးလို့ အမြဲကြွေးကြော်နေတာကိုလေ"
"ဒါပေမယ့် ဒီသတင်းသာအမှန်ဆိုရင် ငါတို့အမြန်ပြေးဝယ်သင့်တယ် ငါတို့လိုအဆက်အသွယ်မရှိတဲ့ကျင့်ကြံသူတွေအတွက် အဆင့်၂ဆေးလုံးရဖို့က လွယ်တာမဟုတ်ဘူး"
အရည်အသွေးမြင့်ဆေးလုံးများကို ဈေးချိုချိုနှင့်ရောင်းချနေသည် ဆိုသော မက်လုံးကြီးကား ငြင်းဆန်ရန်ခက်ခဲလွန်းလှပေ၏။ စကားဝိုင်းများတိတ်ကျသွားပြီး ခြေသံတရှပ်ရှပ်များသာ အလျင်စလိုထွက်ပေါ်လာတော့သည်။
များမကြာမီ ဆိုင်တွင်းသို့စိတ်လှုပ်ရှားနေသောမျက်နှာဖြင့် လူတစ်ယောက်ဝင်လာပြီး အော်ပြောလာသည်။
"အဟုတ်ပဲဟေ့ ယန်မိသားစုက ဆေးလုံးတွေအများကြီးကို ဈေးချိုချိုနဲ့ အဟုတ်ရောင်းပေးနေတာ အားလုံပဲမြန်မြန်သွားကြတော့ နောက်ကျရင်အပေါက်ဝကလှည့်ပြန်ရလိမ့်မယ်"
ဆိုင်တွင်းရှိဝယ်ယူသူများအားလုံး အံ့အားသင့်ကုန်ကြတော့သည်။ အဆင့်၂ဆေးလုံးများမှာ နဂိုကတည်းက အလွန်ရှားပါးလှသည့်အပြင် အခုချိန် မြူခိုးချိုင့်ဝှမ်းမြို့တော်တွင်း ရှိသမျှအဆင့်၂ဆေးလုံးအားလုံး ရောင်းထွက်ကုန်ကြပြီးဖြစ်၏။
ဝယ်ယူသူများမှာ တစ်ယောက်ပြီးတစ်ယောက် ဆိုင်တံခါးဆီဦးတည်၍ ထွက်ခွာကုန်ကြတော့သည်။ မပြီးပြတ်သေးသော အရောင်းအဝယ်ကိစ္စများ ငွေမချေရသေးသောဆေးလုံးများ အားလုံးကိုတို့လို့တန်းလန်းပစ်ထားခဲ့ပြီး ယန်မိသားစုဆေးဆိုင်များကိုစပ်စုရန် သုတ်ခြေတင်ကြတော့၏။
မိနစ်ပိုင်းအတွင်းပင် လူပင်လယ်ကြီးလျှံကျနေခဲ့သော ဖုန့်မိသားစုဆေးဆိုင်များမှာ ရှင်းလင်းသွားခဲ့သည်။ ဆိုင်ရှင်များနှင့် ပုံမှန်ဖောက်သည်များသာ အူလည်လည်ကျန်ရစ်ခဲ့တော့လေ၏။
သတင်းသယ်လာပေးခဲ့သော လူနှစ်ယောက်မှာမူ တာဝန်ပြီးမြောက်ခဲ့ပြီဖြစ်သောကြောင့် အပြုံးကိုယ်စီနှင့်ပင်။ ဈေးတန်းတစ်ခုလုံးကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ကြသည်မဟုတ်လော။
လူအုပ်ကြီးရှင်းလင်းသွားသည်နှင့် ဆိုင်ရှင်ဖုန့်ပေါင်သည် နေရစ်ခဲ့ရန်ရွေးချယ်ခဲ့ကြသော သစ္စာရှိဖောက်သည်အနည်းငယ်ထံ မျက်နှာမူလိုက်သည်။
နွေးထွေးသောအပြုံးတစ်ပွင့်ကိုတပ်ဆင်လျက် သူပြောလိုက်သည်။ "ဖုန့်မိသားစုကို ဆက်လက်ယုံကြည်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ စိတ်ရင်းကိုအသိအမှတ်ပြုတဲ့အနေနဲ့ ဒီနေ့ဝယ်ယူကြမယ့်ကုန်ပစ္စည်းတိုင်းအတွက် အထူးလျှော့ဈေးတစ်ခုပေးပါ့မယ် အချိန်ယူပြီးရွေးချယ်ကြပါ တစ်ခုခုလိုအပ်တာရှိရင်လည်း အသိပေးကြပါခင်ဗျ"
ဖောက်သည်များလည်း နေရစ်ခဲ့ရန်ဆုံးဖြတ်ချက်မှာ မှန်ကန်သွားသဖြင့် စိတ်ကျေနပ်စွာ ခေါင်းတညိတ်ညိတ်ဖြစ်နေကြသည်။
ပြောစရာရှိတာပြောပြီးသည်နှင့် ဆိုင်ရှင်ဖုန့်ပေါင်၏မျက်နှာမှာ အလေးအနက်ဖြစ်သွားတော့သည်။ ဆိုင်နောက်ဘက်သို့ လှစ်ခနဲဝင်သွားပြီး စာရင်းအင်းပြုစုနေသော သူ၏လူယုံလက်ထောက်တစ်ဦးထံအပြေးသွားလိုက်၏။
"ဖုန့်ဟန်" ဖုန့်ပေါင်က အသံတိုးတိုးဖြင့် အလျင်စလိုပြောသည်။
"မိသားစုခေါင်းဆောင်ဆီအကြောင်းကြားရမယ့်သတင်းရှိတယ် ယန်မိသားစုကစတင်လှုပ်ရှားနေပြီ ငါတို့ဘက်ကလည်း အမြန်တုံ့ပြန်မှရမယ် မြန်မြန်သွားတော့"
"မစိုးရိမ်ပါနဲ့ ဦးလေး ကျွန်တော်အခုချက်ချင်းအရောက်သွားလိုက်ပါ့မယ်"
ဖုန့်ဟန်အာမခံလိုက်ပြီး ဆိုင်တွင်းမှ အမြန်ပြေးထွက်သွားတော့သည်။
ဖုန့်ဟန်တစ်ယောက် မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေရင်း ဖုန့်ပေါင်၏မျက်နှာထက်မှစိုးရိမ်ဟန်များသည် ဒီရေလိုတရိပ်ရိပ်တိုးလာပေတော့၏။