← Chapters

ဖုန့်မိသားစုရဲ့ အဆင့်၂ဆေးဆရာလေး

Vol. 3 Ch. 34

ဖုန့်မိသားစုရဲ့ အဆင့်၂ဆေးဆရာလေး

Vol. 3 Ch. 34

ဖုန့်အိမ်တော်ခန်းမတွင် လူစုံလျက်ရှိလေပြီ။ ယန်မိသားစုဘက်မှလှုပ်ရှားလာသည့် ဆေးဆိုင်တိုက်ကွက်အပြင်းစားရဲ့ဖိအားကြောင့် မိသားစုအကြီးအကဲများစုဝေးလာသည်ဖြစ်ရာ လေထုအခြေအနေမှာ လေးလံလို့နေပေ၏။

"ဒီကောင်ယန်ကျန်းကတော့ ငါတို့စီးပွားရေးကိုတောင် မျက်နှာပြောင်တိုက်ပြီးဝင်လုရဲနေပြီ သူတို့မိသားစုမှာ အဆင့်၂ဆေးဆရာကို ဘယ်လိုနည်းနဲ့အရယူထားနိုင်မှာမလို့လဲ"

အကြီးအကဲဝေ့မှ စားပွဲကိုလက်သီးဖြင့်အုန်းခနဲထုရင်း ‌ဒေါသတကြီးပြောသည်။

"ကျုပ်တို့ဆေးဆိုင်ကိုတင်ပို့တဲ့ကုန်လမ်းကြောင်းတွေကိုလည်း အတော်များများဆုံးရှုံးလိုက်ရပြီ" အကြီးအကဲကျင်းဟိုင်မှလည်း မျက်နှာမသာမယာဖြင့် သတင်းပေး၏။

စိတ်အလိုမကျသည့်လေသံဖြင့် သူဆက်ပြောသည်။ "တစ်ချို့ကုန်သည်တွေက စိတ်ပူနေကြပြီး ဒီရက်ပိုင်းဝယ်သူအရေအတွက် ၅၀ရာခိုင်နှုန်းထိတောင်လျော့သွားတယ်လေ ဒီတိုင်းသာဆက်သွားနေရင်တော့ ဈေးကွက်ထဲမှာနေရာပျောက်တော့မယ်ထင်ပါတယ်"

ယန်ကျန်းက ဆေးဆိုင်များကိုသာဦးတည်ပစ်မှတ်ထားပြီး ကြံစည်ခဲ့ပေမယ့် ဂယက်ရိုက်သွားသည်က ဆေးဆိုင်များပင်မကပေ။ လူအများစုမှာ ဖုန့်မိသားစုဈေးတန်းကို အရည်အသွေးမြင့်ဆေးဆိုင်များရှိသောကြောင့်လာ မပြတ်လာရောက်နေကြခြင်းဖြစ်သည်။ ဈေးတန်းတစ်ခုလုံး၏ အချက်အချာနေရာကိုဆုံးရှုံးသွားသောကြောင့် သက်ရောက်မှုမှာ မြင်မကောင်းအောင်သိသာနေလေပြီ။

အခုတော့ ယန်ကျန်း၏ဆေးဆိုင်က အရည်အသွေးမြင့် ရှားပါးဆေးလုံးများကို လွန်စွာသက်သာသောဈေးနှုန်းနှင့် ရောင်းချပေးနေသဖြင့် ဖောက်သည်အများစုမှာ ဦးတည်ချက်အလိုအလျောက်ပြောင်းသွားကြတော့သည်။ ဈေးဝယ်သူရှားပါးသည့်အခါ ဆေးဆိုင်များကိုမှီတင်းရောင်းချနေရသော စားသောက်ဆိုင်များ အဝတ်အထည်ဆိုင်များပါ အကျိုးအမြတ်ထိခိုက်လာကြတော့၏။

အကြီးအကဲဝေ့က ခန္ဓာကိုယ်ကို‌ရှေ့သို့ကိုင်းညွှတ်လိုက်ပြီး အသံတိုးတိုးဖြင့် အရေးတကြီးပြောလာသည်။

"ကျုပ်တို့အရင်ဆုံး တစ်ခုခုတော့ထလုပ်မှဖြစ်မယ် ဒီတိုင်းလွှတ်ထားလိုက်ရင် ဈေးတန်းတစ်ခုလုံးပြိုလဲသွားမှာစိုးရတယ် ကျုပ်တို့လည်း လျှော့ဈေးများများချပေးရင်ရော ယာယီပဲလေ"

အကြီးအကဲကျင်းဟိုင်က ခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းလိုက်၏။ "လျှော့ဈေးချပေးတာက ခဏတာအတွက်တော့အဆင်ပြေလိမ့်မယ် ဒါပေမယ့် ငါတို့မှာအဆင့်၂ဆေးဆရာမရှိဘူး ဆိုတော့ သူတို့ဘက်ကဆေးလုံးတွေရဲ့အရည်အသွေးကိုရော အရေအတွက်ကိုရော လိုက်မီမှာမဟုတ်ဘူး ဒီလိုပုံနဲ့ဆို ဈေးချလည်း ဖောက်သည်တွေကိုရေရှည်ဆွဲခေါ်ထားနိုင်မှာမဟုတ်ဘူး သူတို့ကပိုသာတဲ့ဆီကိုသွားဖို့ပဲ ရွေးချယ်ကြလိမ့်မယ်"

တစ်ချိန်လုံးငြိမ်သက်စွာနားထောင်နေခဲ့သော အကြီးအကဲရှုက ဝင်ပြောလာသည်။

"ငါတို့ဘက်က အဆင့်၂ဆေးဆရာတစ်ယောက်ကို အပိုင်မရနိုင်သရွေ့ ယန်မိသားစုနဲ့သွားယှဥ်လို့မရနိုင်ဘူး ဒီလိုပြောလို့ ငါတို့မိသားစုကဆေးဆရာတွေလည်း မကျွမ်းကျင်တာမဟုတ်ဘူး ဒါပေမယ့် သူတို့လည်းအဆင့်၁ဆေးလုံးကိုပဲဖော်စပ်နိုင်သေးတာ ရှင်းရှင်းပြောရရင် ငါတို့ဈေးကွက်နာမည်ကျသွားရတဲ့အကြောင်းရင်းက အရည်အသွေးမြင့်ထုတ်ကုန်မရှိလို့ပဲ"

အကြီးအကဲများလည်း လေးလံထိုင်းမှိုင်းစွာဖြင့်သာ ခေါင်းညိတ်ထောက်ခံလိုက်ရလေ၏။

အခြေအနေတွေက ထိန်းမရအောင်ဆိုးရွားနေသော်လည်း မိသားစုခေါင်းဆောင် ဖုန့်ချန်းကမူ စိုးရိမ်စိတ်မြူမှုန်မျှပင် ရှိမနေ။

အဆင့်၂ဆေးလုံးတဲ့လား? သူ့လက်ရှိစနစ်ရမှတ်များဖြင့်ဆိုလျှင် အဆင့်၂ဆေးလုံးပေါင်းတစ်သောင်းလောက်ကို အသာလေးထုတ်ယူနိုင်သည်လေ။ ဒါပေမယ့် အဖိုးတန်လှသောထိုစနစ်ရမှတ်များကို ဤသို့ပြဿနာအသေးအဖွဲလေးအတွက်နှင့် မဖြုန်းတီးကောင်းပေ။

စနစ်ရမှတ်များကို ဖုန့်မိသားစုဆေးဆရာများအား အဆင့်တိုးမြှင့်ပေးရန်အသုံးချပြီး ဆေးလုံးများမပြတ်ဖော်စပ်ခိုင်းပါက ပိုမကောင်းပေဘူးလား?

ထိုနည်းလမ်းကိုအသုံးပြုရာတွင် စနစ်ဘက်မှအရင်းအမြစ်မည်မျှပင်ထုတ်ပေးပါစေ အချိန်တစ်ခုတော့ ကြာဦးမည်ပင်။ သို့သော် ရေရှည်အတွက်အသင့်တော်ဆုံး အကျိုးရှိဆုံးနည်းလမ်းဖြစ်၏။

ထို့အပြင် လွန်ခဲ့သောရက်အနည်းငယ်က စနစ်၏လျှော့ဈေးစတိုးဆိုင်မှ ဆေးဆရာများအတွက် လွန်စွာအထောက်အကူဖြစ်စေမည့် ပစ္စည်းကောင်းတစ်ခုကို သူရရှိထားသေးသည်။

(စနစ်ရမှတ်ငါးသောင်းကြီးတောင်ဆိုပေမယ့် ပေးရတာနဲ့တော့တန်မယ့်ပုံပါပဲ)

ဖုန့်ချန်းက စိတ်ထဲမှတွက်ချက်ကြံစည်နေစဥ် ဆွေးနွေးမှုများကို တစ်ချိန်လုံးငြိမ်သက်စွာနားထောင်နေခဲ့သော ဖုန့်ယွင်မှ ရုတ်တရတ်လက်မြှောက်လိုက်သည်။

အကြီးအကဲများအားလုံး သူ့ထံသို့ ပြိုင်တူလှည့်ကြည့်လာကြသည်။ အကြိတ်အနယ်ဆွေးနွေးနေစဥ် ဒီလူငယ်လေးက ဘာကိစ္စလက်ထမြှောက်ရတာပါလိမ့်?

"အကြီးအကဲများခင်ဗျာ" ဖုန့်ယွင်က လေးနက်တည်ငြိမ်သောလေသံဖြင့် စကားစလိုက်သည်။

"ဒီကမောက်ကမအခြေအနေကို ပြန်လည်တည့်မတ်ဖို့ နည်းလမ်းတစ်ခုတော့ရှိလောက်မယ်လို့ ကျွန်တော်ပြောရဲပါတယ်"

အတွေးထဲတွင်နစ်မြုပ်နေသော ဖုန့်ချန်းသည်လည်း ဖုန့်ယွင်၏အသံကြောင့် စိတ်နှင့်လူပြန်ကပ်လာတော့သည်။ ဖုန့်ယွင်၏စကားလုံးများကိုကြားသောအခါ သူ့စိတ်ထဲတွင် ခန့်မှန်းချက်အချို့ထွက်ပေါ်လာတော့သည်။

(မဟုတ်မှလွဲရော..)

"ပြောပါ ယွင်အာ ငါတို့အားလုံးနားထောင်နေတယ်"

ဖုန့်ချန်းစကားထောက်ပေးလိုက်သည်။ ဖုန့်ယွင်ဘာပြောမည်ဆိုတာကို သူသိပ်မသေချာသေးပေမယ့် ကြိုတင်ခန့်မှန်းထားလို့တော့ ရနေပေပြီ။

စကားမဆက်ခင် ဖုန့်ယွင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်သည်။

"ဖုန့်မိသားစုမှာ အဆင့်၂ဆေးလုံးထုတ်လုပ်နိုင်တဲ့ဆေးဆရာတစ်ယောက် ရှိနေပြီလို့ပြောရင် ယုံကြမလား"

ခန်းမတစ်ခုလုံးမင်သက်စွာငြိမ်ကျသွားခဲ့ပြီး အကြီးအကဲများမှာ ပဟေဠိဖြစ်စွာဖြင့် အကြည့်ချင်းဆုံလိုက်ကြသည်။ သူတို့အားလုံး၏အကြည့်များ နောက်ဆုံးဦးတည်ရာကတော့ ပ‌‌ဟေဠိဝှက်သူဖုန့်ယွင်ပင်။ အကြီးအကဲရှုမှ တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်၏။

"ယွင်အာ မင်းဘာကိုဆိုလိုချင်တာလဲ ငါတို့ထဲမှာ အဆင့်၂ဆေးဆရာတစ်ယောက်ရှိနေတယ်လို့ ပြောချင်တာလား"

ဖုန့်ယွင်သည် ယုံကြည်မှုအပြည့်ဖြင့်ခေါင်းညိတ်ပြလိုက်၏။ "ဟုတ်ပါတယ် အဲ့ဒီဆေးဆရာကတော့ကျွန်တော်ပါ"

ခန်းမထဲရှိလူတိုင်း၏မျက်နှာမှာ အံ့သြသွားဟန်အပြည့်ဖြင့်။ ဖုန့်ယွင်ကိုကလေးဘဝကတည်းကသိကျွမ်းလာသော အကြီးအကဲများအနေဖြင့် ထိုစကားကိုယုံကြည်ဖို့ရာ ခက်ခဲနေကြဆဲပင်။

အကြီးအကဲကျင်းဟိုင်က မျက်လုံးများကိုကျဥ်းမြောင်းလျက် ဖုန့်ယွင်ကို စုံချည်ဆန်ချည်အကဲခတ်လာသည်။ "ဆိုတော့ ပြောချင်တာက ဖုန့်ယွင်ဆိုတဲ့မင်းက ဆေးပညာကိုလေ့လာတတ်ကျွမ်းထားပြီး အဆင့်၂ဆေးဆရာပါဖြစ်နေပြီဆိုတဲ့သဘောပေါ့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲကွ"

ဖုန့်ယွင်က ခပ်ရေး‌ရေးမျှပြုံးလိုက်သည်။ "ကျွန်တော်ဒီကြားထဲ စိတ်ပိုင်းဖြတ်ပြီး ဆေးပညာကိုလျှို့ဝှက်လေ့လာနေခဲ့တာပါ လျှို့ဝှက်ရတဲ့အကြောင်းရင်းကလည်း ကိုယ့်ဘက်ကမသေချာသေးခင် အားလုံးကိုထုတ်မပြချင်သေးလို့ပါ အခြေအနေတွေကဒီလိုဖြစ်လာမှတော့ ကျွန်‌တော့်အရည်အချင်းတွေကို မိသားစုအတွက်အသုံးပြုချိန်ရောက်ပြီလို့ထင်ပါတယ်"

အံ့အားသင့်သွားဟန်ဖြင့် ခန်းမတစ်ခုလုံး ငြိမ်ကျသွားပြန်၏။ အကြီးအကဲများ၏ မျက်နှာထားအရ သူတို့ခမျာ ဖုန့်ယွင်ပြောသွားသည့်စကားများကို အကုန်အစင်နားလည်အောင် မနည်းလိုက်စဥ်းစားနေရပုံပင်။ အချက်အလက်သည်ကား မျှော်မှန်းထားသည်ထက် ကြီးကျယ်နေပေသည်။

အဆင့်၂ဆေးဆရာတစ်ယောက်တောင်မရှိရသည့် ဖြစ်ရပ်ကြောင့် ဖုန့်မိသားစုတစ်ခုလုံးစိတ်ပျက်ဝမ်းနည်းနေရချိန်တွင် သူတို့၏မိသားစုဝင်တစ်ဦးဖြစ်သော ဤဖုန့်ယွင်သည် ၎င်းလိုအပ်ချက်ကြီးကို ဖြည့်ဆည်းပေးနိုင်လောက်သည်ဟု ဆိုလာလေပြီ။

အကြီးအကဲတို့၏မျက်နှာအမူအရာသည် မယုံကြည်နိုင်သေးသည့်အရိပ်အယောင်များကျန်နေသေးသလို မျှော်လင့်ချက်ရောင်ခြည်များလည်း ယှက်သန်းလျက်ရှိသည်။ ဖုန့်ယွင်၏အလန့်တကြားကြေငြာချက်ကား ရေနစ်နေသူတို့အတွက် ကောက်ရိုးတစ်မျှင်ကဲ့သို့ပင်။

အကြီးအကဲကျင်းဟိုင်တစ်ယောက် အလောတကြီးဖြင့် ‌ရှေ့သို့ကိုင်းလာ၏။ မျက်လုံးများကိုမူ မှေးစင်းလျက် ဖုန့်ယွင်ကိုလေ့လာစစ်ဆေးနေဆဲဖြစ်သည်။

"ဒါအရေးကြီးကိစ္စနော် ယွင်အာ မင်းသာအဆင့်၂ဆေးလုံးတွေသန့်စင်ဖော်စပ်နိုင်တယ်ဆိုရင် အခြေအနေကိုပြောင်းပြန်လှန်နိုင်လိမ့်မယ် ဒါပေမယ့် လုပ်နိုင်တာတကယ်သေချာရဲ့လား"

အကြီးအကဲကျင်းဟိုင်လည်း တူတော်မောင်ကိုယုံကြည်ချင်ပေမယ့် ဖြစ်စဥ်က သူလက်ခံနိုင်သည့်အနေအထားကိုကျော်လွန်သွားသည့်အတွက် ဤသို့မေးမြန်းရခြင်းဖြစ်ပါသည်။

ဖုန့်ယွင်က ယုံကြည်မှုအပြည့်နှင့်ပင်ခေါင်းညိတ်၏။ "သေချာပါတယ် အကြီးအကဲကျန်းဟိုင် ဒီလိုအခြေအနေမှာ ကျွန်တော်လည်းမသေချာဘဲမပြောပါဘူး"

အများစုမှာ ဖုန့်ယွင်၏စကားများကို ဆန်းစစ်လေ့လာနေကြဆဲဖြစ်သည်။ ဖုန့်ယွင်က လိမ်လည်တတ်သည့်သူမျိုးမဟုတ်မှန်း သူတို့သေချာသိသော်လည်း ချက်ချင်းလက်ငင်းယုံကြည်ဖို့ရာကျ ခက်ခဲနေသေးသည်လေ။

"အားလုံးလည်း ဒီကိစ္စကို ချက်ချင်းကြီးမယုံနိုင်ကြလောက်သေးဘူးဆိုတာ ကျွန်တော်သိပါတယ် ဒါကြောင့် ကျွန်တော့်ဘက်ကလက်တွေ့လုပ်ပြပြီး အကြီးအကဲတို့ကြည့်ရှုဆုံးဖြတ်ပေးကြမယ်ဆိုရင်ရော"

ဖုန့်ယွင်အကြံပြုလိုက်သည်။ ရုတ်တရတ်လက်ခံလိုက်ဖို့ ခက်ခဲတဲ့ကိစ္စမှန်းသူသိသောကြောင့် လွယ်လွယ်ကူကူယုံမပေးနိုင်ကြတာကိုလည်း အပြစ်မတင်လိုပါ။

တစ်ချိန်လုံးတိတ်ဆိတ်စွာ အကဲခတ်နေခဲ့သောဖုန့်ချန်းမှာ ဂုဏ်ယူဝင့်ကြွားမှုများနှင့် စူးစမ်းလိုစိတ်တို့ ရောယှက်နေသောအသံဖြင့် ဝင်ပြောလာ၏။

"ထိုင်တွေးနေတာအချိန်ကုန်ပါတယ် ယွင်အာကသာလုပ်နိုင်တယ်လို့အာမခံရင် ကျွန်တော်တော့ယုံတယ် ဆေးဖော်စပ်တဲ့အခန်းကို အခုပဲသွားပြီး မျက်မြင်ကြည့်လိုက်ကြရအောင် ဒါကအကောင်းဆုံးနည်းပဲ"

(သူ့ကို လမ်းပြနေတဲ့ ဝိဉာဉ်ဘိုးတော်က ဝတ္ထုတွေထဲကအတိုင်း ဆေးနတ်ဘုရားတို့၊ ဆေးသူတော်စင်တို့ပဲ ထင်တယ်။ အဟက် ဟိုစာစဉ်ထဲကလိုပေါ့၊ လက်စွပ်ထဲမှာ ပုန်းနေမယ့် အဘိုးကြီးပေါ့)

ဖုန့်ချန်းက မေးစေ့ပွတ်ကာ ထိုသို့တွေးနေမိသည်။ အရာရာသာ သူခန့်မှန်းထားသလိုအဆင်ပြေခဲ့လျှင် ယခုကြုံတွေ့နေရသော အခက်အခဲအကျပ်အတည်းများကို ဖုန့်ယွင်၏အကူအညီဖြင့် ဖြေရှင်းနိုင်တော့မည်ဖြစ်သည်။

အကြီးအကဲများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာထက်တွင် မျှော်လင့်ချက်အပြည့်ဖြင့်။

အကြီးအကဲဝေ့က ခေါင်းညိတ်ထောက်ခံလိုက်သည်။ "တွေးကြည့်တာထက် ပြေးကြည့်တာက ပိုမြန်ပေမပေါ့ ဖုန့်ယွင်သာ အဆင့်၂ဆေးလုံးကို သန့်စင်ဖော်စပ်နိုင်မယ်ဆိုရင် အရာအားလုံးပြောင်းလဲသွားမှာပဲ"

အားလုံးသဘောတူညီလိုက်ကြပြီး ချက်ချင်းပင်ထိုင်ရာမှထကာ ဖုန့်မိသားစုဆေးဆရာများ ဆေးလုံးဖော်စပ်သန့်စင်ရာအခန်းသို့ အမြန်ချီတက်ကုန်ကြတော့၏။ အခြေအနေများက အလျင်စလိုနိုင်လှသော်လည်း လေထုမှာမျှော်လင့်ချက်အရိပ်အငွေ့များဖြင့် လန်းဆန်းတက်ကြွလို့နေပေသည်။

All Chapters