← Chapters

ဖုန့်ယွင်၏ ဆေးပညာစွမ်း

Vol. 3 Ch. 35

ဖုန့်ယွင်၏ ဆေးပညာစွမ်း

Vol. 3 Ch. 35

သူတို့အားလုံး ဆေးဖော်စပ်ခန်းထဲသို့ ဝင်သွားလိုက်သည်နှင့် ရင်းနှီးပြီးသားဖြစ်သော ဆေးဖက်ဝင်၊သစ်ပင်ပန်းမန်တို့နှင့် ဆေးဘက်ဆိုင်ရာပါဝင်ပစ္စည်းများ၏ ရနံ့ပေါင်းစုံက ခန်းလုံးပြည့်တို့းဝှေ့သင်းကြိုင်လျက် ကြိုဆိုနေသည်။

ထိုရနံ့များသာမက သက်ဆိုင်ရာနေရာများတွင် ခွဲဝေထားသောဆေးဖော်စပ်ခြင်းတာဝန်တို့ကို တစ်စိုက်မတ်မတ်ကျေပွန်စွာထမ်းဆောင်နေသော ဆေးဆရာအချို့ကိုလည်းတွေ့ရသည်။ လေးနက်တည်ကြည်နေသောမျက်နှာထားများမှတစ်ဆင့် သူတို့၏စိတ်ရင်းစေတနာနှင့် အာရုံစိုက်မှုတို့ကို ထင်ရှားစွာတွေ့မြင်နိုင်ပေသည်။

မိသားစုအကြီးအကဲများနှင့် ဖုန့်ချန်းတို့အတူ ဆေးဖော်စပ်ခန်းထဲဝင်ရောက်လာကြသည်ကိုတွေ့သောအခါ ဝါရင့်ဆေးဆရာတစ်ဦးဖြစ်သော အကြီးအကဲပင်းက အနားသို့လာရောက်ကြိုဆိုသည်။

စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာဖြင့် အကြီးအကဲပင်းသည် ရောက်ရှိလာသူများကို အလေးအနက်ဦးညွှတ်အရိုအသေပြုလာ၏။ "အ..အကြီးအကဲတို့နဲ့ မိသားစုခေါင်းဆောင်ဖုန့်ချန်းခင်ဗျာ" အကြီးအကဲပင်း၏နှုတ်ဆက်သံမှာ အနည်းငယ်ပင်တုန်ယင်နေရှာလေသည်။

"အဆင်မပြေရတာတွေအတွက် ကျွန်တော်အနူးအညွှတ်‌‌တောင်းပန်ပါရစေခင်ဗျာ လောလောဆယ်ဖြစ်နေတဲ့အခြေအနေကို ကျွန်တော်တို့လည်းရိပ်စားမိပါတယ် အဲ့ဒါကြောင့် အဆင့်တက်ဖို့ မနားမနေကြိုးစားပေမယ့် ကျွန်တော်တို့ရဲ့လုပ်နိုင်စွမ်းက အကန့်အသတ်တစ်ခုရှိနေလို့ပါ မိသားစုဆေးဆရာတွေအနေနဲ့ ဒီ့ထက်တော့ပိုအသုံးကျသင့်ပေမယ့် ထိထိရောက်ရောက်မကူညီနိုင်သေးတာကို စိတ်ရင်းနဲ့ နောင်တရမိပါတယ်ခင်ဗျာ"

ဖုန့်ချန်းက တည်ငြိမ်စွာခေါင်းညိတ်အသိအမှတ်ပြုလိုက်သည်။ မျက်နှာအမူအရာမှာ လှုပ်ခတ်သွားခြင်းမရှိ။

"တောင်းပန်စရာမလိုပါဘူး အကြီးအကဲပင်း ကျွန်တော်တို့ဒီကိုရောက်လာတာကလည်း ကျွန်တော်တို့ရဲ့ညီငယ်လေးဖုန့်ယွင်က ဒီအခြေအနေကိုပြောင်းပြန်လှန်ဖို့ အကူအညီပေးနိုင်မလားဆိုတာ စစ်ဆေးချင်လို့ပါပဲ သွားရမယ့်နေရာကိုလမ်းပြပါဦး"

အကြီးအကဲပင်းလည်း ဦးညွှတ်အရိုအသေပေးလိုက်ပြီး ဘေးဘက်သို့လမ်းဖယ်ကာ သွားရမည့်နေရာကိုညွှန်ပြလိုက်၏။ မိသားစုအကြီးအကဲများခြံရံသော သခင်ငယ်လေးဖုန့်ယွင်သည် ဆေးဖော်စပ်ခန်း၏အလည်ဗဟိုသို့ ဦးတည်လျှောက်လှမ်းသွားလေသည်။

အလုပ်လုပ်နေဆဲဖြစ်သော ဆေးဆရာများသည်လည်း အကြီးအကဲများရှိရာသို့ စူးစမ်းစွာဖြင့် မသိမသာအကဲခတ်နေကြ၏။ လာရောက်ရသည့်အကြောင်းရင်းကိုသိချင်စိတ်က မျက်နှာများထက်တွင် ပေါ်လွင်လို့နေသည်။

အကြီးအကဲများသည်လည်း အသီးသီးနေရာယူလိုက်ကြပြီဂ ဖုန့်ယွင်တစ်ယောက် ဆေးလုံးဖော်စပ်သန့်စင်ရန် အဆင့်ဆင့်ပြင်ဆင်နေသည်ကို စူးစိုက်စွာလေ့လာဆန်းစစ်နေကြ၏။

ဖုန့်ယွင်သည် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးနောက် ဆေးလုံးဖော်စပ်သည့်မီးဖိုအနားသို့ ချဥ်းကပ်လိုက်သည်။ လှုပ်ရှားမှုများမှာ တည်ငြိမ်သပ်ရပ်ပြီး စိတ်လှုပ်ရှားမှုအလျဥ်းမရှိ။ ပါဝင်ပစ္စည်းများကို နေရာတကျခင်းကျင်းရင်း လုပ်ငန်းစလိုက်သည်။ သူဖော်စပ်ရန်ရည်ရွယ်ထားသည်မှာ အဆင့်၁ဆေးလုံးဖြစ်သောကြောင့် ပါဝင်ပစ္စည်းများကိုလည်း အဆင့်၁ဆေးလုံးအတွက်သာ အထူးရွေးချယ်ထားခြင်းဖြစ်၏။

လက်ရှိအချိန်တွက် ဖုန့်မိသားစုမှာ အဆင့်၂ဆေးလုံးအတွက်လိုအပ်သောပါဝင်ပစ္စည်းများ ရှိမနေချေ။ သို့သော် သူ့အနေနှင့် အဆင့်၂ဆေးလုံးကို မဖြစ်မနေဖော်စပ်ပြရန်လည်း မလိုအပ်ပါ။

‌ဆေးဖော်စပ်ပြရခြင်းအကြောင်းရင်းမှာ သူသည် အမှန်တကယ်ပင်ဆေးဆရာတစ်ဦးဖြစ်ကြောင်း အကြီးအကဲတို့ စိတ်ချလက်ချယုံကြည်နိုင်စေရန် သက်သေပြရုံသာဖြစ်သည်။ ဖုန့်ယွင်ဖော်စပ်သန့်စင်ရန်ရည်ရွယ်ထားသောဆေးလုံးမှာလည်း အဆင့်၁ဆေးလုံးများထဲတွင် အခက်ခဲဆုံးနှင့် အရည်အသွေးအမြင့်ဆုံး ဆေးလုံးအမျိုးအစားဖြစ်သည်။ ဖုန့်မိသားစု၏ အဖိုးတန်ဆေးဖော်စပ်နည်းတစ်ခုဖြစ်ပြီး ဆေးလုံးအမည်မှာ စွမ်းအင်စုစည်းခြင်းဆေးလုံးဟု ဆို၏။

ထိုဆေးလုံးမှာ ချီစွမ်းအင်၂၀ရာခိုင်နှုန်းကို ချက်ချင်းစုစည်းပေးနိုင်သောစွမ်းအင်ရှိပြီး ကျင့်ကြံဆင့်သိပ်မကွာလှသောပြိုင်ဘက်များကြားက အနိုင်အရှုံးဆုံးဖြတ်ရန်အချိန်ယူရလောက်မည့် တိုက်ပွဲရှည်များတွင် သုံးစွဲတတ်ကြသည်။ ထိရောက်မှုအားကောင်းသဖြင့် အမြဲတစေ ရောင်းကုန်လုနီးပါးဖြစ်နေသော ဆေးလုံးမျိုးဖြစ်၏။

သို့သော် ထိုအဖိုးတန်ဆေးလုံးကိုဖော်စပ်နိုင်မည့်ဆေးဆရာကား ဖုန့်မိသားစုတွင် နှစ်ဦးသာရှိလေသည်။ အကန့်အသတ်ဖြင့်သာရနိုင်သောကြောင့် ပိုအဖိုးတန်လှသည်။

အကြီးအကဲများသည် အသံတစ်ချက်မျှမပြုဘဲ ဖုန့်ယွင်၏ကျွမ်းကျင်သပ်ရပ်သော လက်နှစ်ဖက်ကိုသာ အာရုံစိုက်စောင့်ကြည့်နေကြ၏။

အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်ပြီး ဖုန့်ယွင်လုပ်ငန်းစသည်။ မီးဖိုကို ကျွမ်းကျင်တိကျစွာဖြင့် အပူချိန်ညှိလိုက်သည်။

"ဒုတိယသခင်လေးက ဆေးလုံးဖော်စပ်သန့်စင်နေတာလား"

"အဲ့လိုဖြစ်မယ့်ပုံပဲ"

"သူကဆေးပညာကို ဘယ်ကနေသင်လာတာလဲ ဒါမှမဟုတ် အပျော်တမ်း လာစမ်းနေတာလား"

"အဲ့လိုဖြစ်မလားပဲ ဒါပေမယ့်ကြည့်ရသ‌လောက်တော့ မီးဖိုအပူချိန်ညှိတဲ့ပုံက တော်တော်ကျွမ်းတာနော် ဟာ ငါ့ထက်တောင်ပိုကျွမ်းနေသလားလို့"

အခန်းတွင်းရှိဆေးဆရာများသည်လည်း လုပ်လက်စများကိုရပ်လိုက်ကြကာ အကြီးအကဲများနှင့်အတူ ဖုန့်ယွင်ဆေးဖော်စပ်သည်ကို လာရောက်ကြည့်ရှုအားပေးကြတော့သည်။

အခန်းတွင်းရှိစိတ်လှုပ်ရှားမှုများ တင်းမာပြည့်ကျပ်လျက်ရှိသောကြောင့် မိနစ်အနည်းငယ်မျှသာကုန်လွန်သေးသော်လည်း နာရီပေါင်းများစွာကြာလေပြီဟု ထင်မှတ်မှားစရာပင်။ မပြီးဆုံးနိုင်တော့ဟုထင်ရသော ဆေးဖော်စပ်ခြင်းကို စိတ်ရှည်စွာစောင့်ဆိုင်းကြပြီးနောက် ဖုန့်ယွင်သည် နောက်ဆုံးအဆင့်ကိုအပြီးသတ်လိုက်ပြီဖြစ်သည်။

-ရွှီး

မီးညွှန့်မီးတောက်များကို ငြှိမ်းသတ်လိုက်သည်နှင့် မီးဖိုမှရွှီးခနဲအသံတစ်ခုထွက်လာပြီး အတွင်းမှ ‌ဖျော့တော့သောအလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။ ဖုန့်ယွင်သည် ဂရုတစိုက်ဖြင့် မီးဖိုကိုဖွင့်လိုက်သောအခါ ပြီးပြည့်စုံလှသော အသွင်အပြင်ဖြင့် စွမ်းအင်စုစည်းခြင်းဆေးလုံးတစ်ဆုပ်ကို အားလုံးတွေ့မြင်လိုက်ရတော့၏။

"ဒါကျွန်တော်သန့်စင်ဖော်စပ်ထားတဲ့ စွမ်းအင်စုစည်းခြင်းဆေးလုံးတွေပါ စမ်းသပ်စစ်ဆေးကြည့်ပေးကြပါဦး"

ဖုန့်ယွင်ကပြောပြောဆိုဆိုပင် ဆေးလုံးတစ်လုံးကို အကြီးအကဲဝေ့ဆီသို့ ကမ်းပေးလိုက်သည်။

အကြီးအကဲဝေ့လည်း ဆေးလုံးလေးကို အနီးကပ်ဆွဲယူစစ်ဆေးကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားလေသည်။ ထိုဆေးလုံး၏အရည်အသွေးမှာ အကြီးအကဲပင်းပြုလုပ်ခဲ့သောအရင်ဆေးလုံးများထက်ပင် ပိုသာနေပေ၏။

သူကိုယ်တိုင်လည်း သိပ်မသေချာလှသဖြင့် အကြီးအကဲပင်းကိုကမ်းပေးပြီး စစ်ဆေးကြည့်စေလိုက်သည်။

"အကြီးအကဲပင်း ယွင်အာဖော်စပ်ထားတဲ့ဆေးလုံးတွေကို မင်းဘယ်လိုထင်လဲ"

အကြီးအကဲဝေ့မှမေးလိုက်သည်။ ဖုန့်မိသားစုဆေးဆရာအသင်း၏ခေါင်းဆောင်ဖြစ်သော အကြီးအကဲပင်းမှာ သေချာပေါက် မိမိထက်ပို၍ အမြင်ရှိပေမည်။

အကြီးအကဲပင်းလည်း စက္ကန့်ပိုင်းမျှကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် အံ့အားသင့်သွားပြန်၏။

"မယုံနိုင်လောက်စရာပါပဲ ဒုတိယသခင်လေး ဒါတွေကတကယ်ကို စွမ်းအင်စုစည်းခြင်းဆေးလုံး အစစ်အမှန်တွေပါ နောက်ပြီး ကျွန်တော်လုပ်ခဲ့တာထက်တောင် အရည်အသွေးပိုမြင့်နေပါသေးတယ်"

အကြီးအကဲပင်း၏အပြောတွင် ‌ဆေးဆရာများသာမက အကြီးအကဲများလည်း အံ့သြတောင့်ခဲသွားရတော့သည်။

အကြီးအကဲပင်းသည် ဖုန့်မိသားစုတွင် အရည်အချင်းအရှိဆုံးဆေးဆရာဖြစ်၏။ ထိုသူမှ သူ့ထက်ပိုသာပါကြောင်းထောက်ခံနေလျှင် ငြင်းလောက်စရာမရှိချေ။

"ကျွန်တော်တို့အားလုံး ယွင်အာကိုလျှော့တွက်ခဲ့ကြတာပဲ သူကကျင့်ကြံရေးမှာပါရမီပါရုံမက ဆေးပညာမှာလည်း ဆရာတစ်ဆူဖြစ်နေပါကလား"

အကြီးအကဲကျင်းဟိုင်မှ စိတ်လှုပ်ရှားစွာပြောလာသည်။ ၁၆နှစ်အရွယ်သခင်ငယ်လေးသည် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦးကို အနိုင်ပိုင်းခဲ့ရုံသာမက ဆေးဆရာဖြစ်ဖို့ပါ ပါရမီပါနေသတဲ့လား?

မိုးပြာကောင်းကင်အင်ပါယာအတွင်း ဖုန့်ယွင်ကဲ့သို့ပါရမီရှင်နောက်တစ်ဦး ရှာ၍ပင်ရတော့မည်မထင်ပါ။

အကြီးအကဲများအားလုံး စိတ်ချလက်ချယုံကြည်သွားကြပြီးနောက်တွင် ဖုန့်ယွင်၏အရည်အချင်းကိုအသုံးပြု၍ ဈေးကွက်တွင်းသို့နေရာပြန်ယူရမည့် နည်းဗျူဟာများကို ခေါင်းချင်းဆိုင်ကာ စတင်ဆွေးနွေးကြတော့သည်။

"ဟားဟား ငါတို့မိသားစုမှာလည်း အဆင့်၂ဆေးဆရာရှိနေတဲ့အကြောင်း ယန်မိသားစုကြားသွားရင် ဖြစ်သွားမယ့်မျက်နှာတွေကို မြင်ချင်လှပြီ"

"သူတို့မိသားစုဂုဏ်ဆောင်ကို အနိုင်ပိုင်းခဲ့တဲ့ယွင်အာက ဆေးပညာမှာပါဒီလောက်ထူးချွန်နေတာ သိများသိသွားကြရင်တော့ မနာလိုလို့ရူးနှမ်းသွားကြမလားပဲ"

အခန်းတွင်းရှိ လေထုအခြေအနေမှာ လျင်မြန်စွာပင်ပြောင်းလဲသွားတော့သည်။ စိတ်ပျက်အားငယ်ခြင်းမှ စိတ်လှုပ်ရှားတက်ကြွခြင်းသို့။

"အဟမ်း အကြီးအကဲတို့ ယွင်အာရဲ့အရည်အချင်းကိုမျက်မြင်တွေ့လိုက်ရလို့ စိတ်လှုပ်ရှားနေကြမယ်ဆိုတာနားလည်ပါတယ် ဒါပေမယ့် သူတို့ကိုတန်ပြန်တိုက်ခိုက်မယ့်နည်းဗျူဟာတွေမဆွေးနွေးခင် အရင်ဆုံး အဆင့်၂ဆေးလုံးအတွက် ပါဝင်ပစ္စည်းဘယ်လိုရှာရမလဲဆိုတာကို အာရုံစိုက်ကြရအောင်လားဗျာ"

ယန်မိသားစုကိုလက်စားချေဖို့ စိတ်အားထက်သန်နေကြသော အကြီးအကဲများ၏ပျော်ရွှင်ဖွယ်စကားဝိုင်းကို ဖုန့်ချန်းကြားဖြတ်ပြောလိုက်ရသည်။

"ဟားဟား တောင်းပန်ပါတယ်ကွာ ငါတို့လည်း ယွင်အာရဲ့သာလွန်တဲ့အရည်အချင်းတွေကိုမြင်လိုက်ရတော့ မြောက်ကြွကြွဖြစ်သွားကြတာပါ"

"ဟုတ်ပါ့ဗျာ အဆင့်၂ဆေးလုံးအတွက် စီစဥ်ရဦးမှာတွေကိုတော့ ဘယ်မေ့လို့ရပါ့မလဲ" အကြီးအကဲများက ပြန်လည်၍ အရှက်ပြေဖုံးဖိကြတော့သည်။ အပျော်လွန်ပြီး ကလေးတွေလို အပြောအဆိုအပြုအမူမထိန်းလိုက်မိတာလည်း သူတို့ကိုယ်သူတို့သိပါ၏။

"ကျွန်တော်‌ အဆင့်၂ဆေးလုံးအတွက်ပါဝင်ပစ္စည်းတွေလိုချင်လို့ ဈေးတန်းထဲကိုမနေ့ကသွားမွှေသေးတယ် ဒါပေမယ့် ဆိုင်တိုင်းကပစ္စည်းပြတ်နေကြတာချည်းပဲ အခုမှတွေးမိတာ ယန်မိသားစုက မြူခိုးချိုင့်ဝှမ်းတစ်မြို့လုံးက ပါဝင်ပစ္စည်းတွေအားလုံး သိမ်းကျုံးဝယ်သွားကြတာဖြစ်မယ်"

ဖုန့်ယွင်က ဒေါသငွေ့ငွေ့ဖြင့်ပြောလာသည်။

သတင်းများကြားပြီးနောက် အကြီးအကဲများ၏တက်ကြွပျော်ရွှင်မှုသည်လည်း ဟုတ်ခနဲပြန်လည်ထိုးကျသွားတော့၏။ ထိုအတိုင်းဆိုလျှင် သူတို့၏တန်ပြန်လက်စားချေခန်းကြီးကို ရက်အနည်းငယ်ရွှေ့ဆိုင်းထားရမည့်ပုံပင်။

"အိုး ဒီလိုဆိုရင် ငါတို့သတိမထားမိခင်ကတည်းက ယန်မိသားစုက အစအဆုံးအကွက်ချထားခဲ့တာပဲ ဘာပဲဖြစ်ဖြစ် သိပ်တော့စိုးရိမ်စရာမလိုပါဘူး အလွန်ဆုံးရှိမှ အချိန်နည်းနည်းကျန့်ကြာရုံပေါ့"

ဖုန့်ချန်းက အေးအေးဆေးဆေးပင်ပြောလာသည်။

ယန်မိသားစုက ရက်နည်းနည်းလောက်အမြတ်ပိုထုတ်သွားလည်း သိပ်တော့ကိစ္စမရှိပေ။ ဘာပဲဖြစ်ဖြစ် အချိန်ကျလာရင် အကုန်ပြန်ဆုံးရှုံးရမှာပင်။

"အကြီးအကဲပင်း ရှိသမျှလူကုန်လွှတ်ပြီး ယွင်အာလိုအပ်တဲ့ပစ္စည်းမှန်သမျှကို ရ‌‌အောင်ရှာဝယ်ခိုင်းလိုက် ဒီသိုလှောင်လက်စွပ်ထဲကအသပြာတွေ အကုန်သုံးလိုက်လို့ရတယ်"

ဖုန့်ချန်းကညွှန်ကြားလိုက်ပြီး ယန်ကျန်းဆီမှအနိုင်ရထားသောလောင်းကြေးများကို အကုန်ပေးလိုက်တော့သည်။ ဤမျှပမာဏဖြင့်ဆိုလျှင် အဆင့်၂ဆေးလုံးရာချီထောင်ချီအတွက် လိုအပ်သောပါဝင်ပစ္စည်းများကို ရနိုင်ပေမည်။

"နားလည်ပါပြီ မိသားစုခေါင်းဆောင် အမြန်ဆုံးစီစဥ်ဆောင်ရွက်လိုက်ပါ့မယ်"

အကြီးအကဲပင်းမှ တက်ကြွစွာတုံ့ပြန်လိုက်သည်။ ဖုန့်ယွင်တစ်ယောက် ဆေးဆရာဖြစ်လာသည့်အပေါ် မည်သူစိတ်အလှုပ်ရှားဆုံးနည်းဟုမေးခွန်းထုတ်ရလျှင် ထိုသူမှာ အကြီးအကဲဖုန့်ပင်းပင်။

မိသားစုတွင်းမှာ အဆင့်၂ဆေးဆရာတစ်ဦးရှိနေလျှင် သူတို့ကဲ့သို့ဆေးဆရာများအဖို့ အဆင့်တက်ရန် လမ်းညွှန်သင်ပြမှုများ အနီးကပ်ရရှိနိုင်ပေပြီ။

ဘာမှမသင်ပြရသေးခင် သူ့ထက်ပိုတော်သောဆေးဆရာ၏ ဆေးလုံးဖော်စပ်သန့်စင်ပုံကို ကြည့်လိုက်ရရုံနှင့်ပင် ဒီ့ထက်ပိုတိုးတက်အောင် ဘာတွေပြင်ဆင်ရမည်ဖြစ်ကြောင်း သူအကြမ်းဖျင်းနားလည်လိုက်ရသည်။

ဖုန့်ယွင်တစ်ယောက် အဆင့်၂ဆေးလုံးများသန့်စင်ဖော်စပ်မည့်အချိန်ကို သူမစောင့်နိုင်တော့ပါချေ။

All Chapters