← Chapters

သိမ်မွေ့အေးခဲမီးတောက်

Vol. 3 Ch. 36

သိမ်မွေ့အေးခဲမီးတောက်

Vol. 3 Ch. 36

များမကြာမီတွင် ဖုန့်ချန်းသည် ဖုန့်ယွင်ကိုသီးသန့်ပြောစရာရှိနေ၍ အားလုံးကိုရှောင်ပေးဖို့တောင်းဆိုလိုက်သည်။

ဖုန့်ချန်းမှတောင်းဆိုလာသည်ဆိုလျှင် သူတို့မှာ တန်ပြန်မေးခွန်းထုတ်စရာမရှိပါလေ။ ဆေးဆရာများပါအပါအဝင် အားလုံး ဆေးဖော်စပ်ခန်းမှ အမြန်ဆုံးထွက်ခွာသွားကြတော့၏။

"အစ်ကိုကြီး ကျွန်တော့်ကိုတစ်ခုခုလုပ်စေချင်တာရှိလို့လား"

ဖုန့်ယွင်မှ နားမလည်နိုင်သလို မေးလာသည်။

ဖုန့်ချန်း၏မျက်လုံးများသည်ကား လျှို့ဝှက်ဆန်းကြယ်စွာနှင့် တလက်လက်တောက်ပလာပြီး ပြောလာ၏။

"ယွင်အာ ငါမင်းကိုပေးချင်တာတစ်ခုရှိတယ်"

ဖုန့်ယွင်သည်လည်း အံ့အားသင့်သွားပုံရလေသည်။ ဘယ်သူမှမြင်လို့မရလောက်အောင် သူ့အစ်ကိုပေးမှာကဘာပစ္စည်းမှန်း သူမှန်းဆမရနိုင်ပါ။

"ပါရမီရှင်ယှဥ်ပြိုင်ပွဲကိုအနိုင်ရပြီး မင်းကိုဘာဆုမှမချရသေးဘူးလေ အခုမင်းလည်းဆေးဆရာဘက်မှာပါရမီပါနေတာဆိုတော့ ဒီလက်ဆောင်က မင်းအတွက်ကွက်တိပဲ"

ပြောရင်းဆိုရင်း ဖုန့်ချန်းသည် သိုလှောင်လက်စွပ်ထဲသို့လက်လှမ်းလိုက်သည်။ ထိုခဏတွင်ပင် လေထုတစ်ဝိုက်၌ အမျိုးအမည်ခွဲခြားရခက်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

အခန်းတွင်းရှိအပူချိန်မှာ မသိမသာလျော့ကျသွားသလိုရှိပြီး ပါးလွှာသောဖိအားတစ်ခုသည် ပတ်ဝန်းကျင်သို့ပျံ့နှံ့လာ၏။ ဖုန့်ယွင်ပင် အလိုလိုတောင့်တင်းသွားလျက်။

ဖုန့်ယွင်သည် ပစ္စည်းကိုလက်ဖြင့် ဖြည်းညင်းစွာထုတ်ယူလိုက်သည်။ လက်တွင်းပါလာသည်ကား သေးငယ်၍အနုစိတ်သော သေတ္တာလေးတစ်လုံးပင်။ အသွင်အပြင်မှာ သာမန်ပင်ဖြစ်သော်လည်း အဖုံးဖွင့်လိုက်သည်နှင့် အပူချိန်မှာ ရုတ်တရတ်ထိုးဆင်းကျသွားလေ၏။

သေတ္တာထဲတွင် ပါရှိသောအရာမှာ သေးငယ်ယိမ်းနွဲ့ပြီး သိမ်မွေ့လှပသော မီးတောက်ငယ်လေးတစ်ခုပင်။ သို့သော် ခံစားချက်မှာတော့ အသွင်အပြင်နှင့် တစ်မျိုးတစ်မည်ကွဲပြား၏။ အန္တရာယ်အငွေ့အသက်တို့ကို ထုတ်လွှင့်နေသော အင်အားကြီးသည့် အရှိန်အဝါတစ်ခုပင်။

ယိမ်းနွဲ့နေသော မီးတောက်ငယ်လေးမှာ အသက်ဝင်နေသကဲ့သို့ပင်။ ကြည့်နေသောဖုန့်ယွင်၏မျက်လုံးများလည်း ပြူးကျယ်လို့လာသည်။

အသက်ရှူသံများမှာလည်း မတည်မငြိမ်ဖြစ်လို့လာသည်။ သူတစ်ခုခုပြောမည့်ဆဲဆဲတွင် သူ့စိတ်တွင်းမှပဲ့တင်ထပ်လာသော တုန်လှုပ်နေပုံပေါ်သည့် အသံတစ်သံကို ကြားလိုက်ရ၏။

(ဒါ..ဒါက.. မင်းအစ်ကိုဘာကိုင်ထားလဲဆိုတာ မင်းနားလည်ရဲ့လား)

ဆရာမင်းဟောင်က အံ့အားသင့်နေသောအသံဖြင့် မေးမြန်းလာသည်။

ဆရာမင်းဟောင် ဤသို့တုံ့ပြန်နေသည့်အပေါ် ဖုန့်ယွင်လည်း တစ်ပြန်အံ့အားသင့်ရလေ၏။

အရင်ကဆိုလျှင် ကောင်းကင်အဆင့်ကျင့်စဥ်များပါမက မည်သည့်ရှားပါးရတနာကိုပင် မြင်ရမြင်ရ ဤဆရာမင်းဟောင်သည်ကား စိတ်တောင်မဝင်စားသလိုပင်။

ထိုလူက ဤကဲ့သို့တုံ့ပြန်နေသည်ကို ကြည့်ရလျှင် သူ့အစ်ကိုကိုင်ထားသောပစ္စည်းမှာ သာမန်တော့မဟုတ်လေကြောင်း သဘောပေါက်လာ၏။

ဖုန့်ယွင်လည်း ခေတ္တမျှစဥ်းစားပြီး ဖြေလိုက်သည်။ "အဲ့ဒါ ဝိဉာဥ်မီးတောက်ဆိုတာလား ဆရာကျွန်တော့်ကိုရစေချင်တဲ့ဟာလေ"

ဆရာမင်းဟောင်တစ်ခါပြောဖူးသည်မှာ ဖုန့်ယွင်အနေနှင့် ဆေးပညာအဆင့်တိုးချင်လျှင် မီးတောက်တစ်ခုခုလိုလိမ့်မည် ဟူ၍ဖြစ်သည်။ ဆရာရွေးချယ်ပေးခဲ့သည့် အကောင်းဆုံးအမျိုးအစားကတော့ ဝိဉာဥ်မီးတောက်ပင်။

ထိုအကြောင်းကိုတွေးမိလိုက်သောအခါ အစ်ကိုကြီးပေးသည့်လက်ဆောင်ကို သဘောကျနှစ်ခြိုက်လှသဖြင့် ဖုန့်ယွင်စိတ်လှုပ်ရှားပျော်ရွှင်လာတော့သည်။

သို့သော် ဆရာမင်းဟောင်က ခေါင်းခါလိုက်ပြီး ဖြေဆိုလာ၏။

(ဒါကဝိဉာဥ်မီးတောက်မဟုတ်ဘူး ဒဏ္ဍာရီလာမီးတောက်တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ သိမ်မွေ့အေးခဲမီးတောက်ပဲ)

ဆရာမင်းဟောင်က တည်ငြိမ်မှုကိုပြန်လည်ထိန်းသိမ်းလိုက်ရင်း ရှင်းပြလိုက်သည်။

ထို့နောက် သိမ်မွေ့အေးခဲမီးတောက်ကို လက်ဝယ်ကိုင်ဆောင်ထားသော်ငြား တည်ငြိမ်နေလျက်ပင်ရှိသော ဖုန့်ချန်းကို အကဲခတ်လိုက်၏။ မီးတောက်၏ အလင်းတန်းက သူ၏ တည်ငြိမ်နေသော မျက်နှာကို အလင်းပြန်နေခဲ့သည်။

ဤကဲ့သို့ ဝေးလံခေါင်းပါးလာသော အရပ်ဒေသမှု ငမျောက်ငခြောက်လူငယ်လေးက ဤကဲ့သို့ ရှားပါးအဖိုးတန်လှသောမီးတောက်ကို ဘယ်ပုံဘယ်နည်းဖြင့်ရရှိလာမှန်း သူမစဥ်းစားတတ်တော့ပါ။

ဤလောကတွင် မီးတောက်အမျိုးအစားပေါင်း မရေမတွက်နိုင်အောင်ရှိပါပေသည်။ သူတို့၏သီးခြားဂုဏ်သတ္တိများနှင့် အသုံးပြုပုံတို့မှာလည်း အမျိုးအစားကိုလိုက်ပြီး ကွဲပြား၏။ သို့သော် ထူးကဲအဖိုးတန်လှသည်ဟု သတ်မှတ်ခံထားရသော မီးတောက်အမျိုးအစားတို့မှာ အနည်းငယ်မျှသာရှိသည်လေ။

ထိုရှားပါးမီးတောက်များကို စွမ်းအား၊ ရှားပါးမှုနှင့် အကျိုးပြုပုံတို့ကိုလိုက်၍ အဆင့်ထပ်မံခွဲခြားသတ်မှတ်ထား၏။

အဆင့်မြင့်လာလေလေ မီးတောက်များမှာ တွေ့ရရှားပါးလာပြီး ထိန်းချုပ်ဖို့ ကျွမ်းကျင်ဖို့ ခက်ခဲလာလေလေဖြစ်သည်။ ထို့အတူ ရရှိသည့်အကျိုးကျေးဇူးမှာလည်း ထိုက်တန်လှပေ၏။

အနိမ့်ဆုံးမှာ သေမျိုးမီးတောက်များဖြစ်ပြီး ကျင့်ကြံသူတိုင်းနီးပါးမှာ ရှိတတ်ကြသည်။

ကျင့်ကြံသူတစ်ဦးဖြစ်နေသရွေ့ ထိုမီးတောက်များကို လွယ်လွယ်ကူကူပင် ဝယ်ယူနိုင်ပါသည်။

နောက်တစ်ဆင့်တက်လိုက်သော် တန်ဖိုးအရာတွင် ကောင်းကင်အဆင့်ရတနာများနှင့်ယှဥ်နိုင်သည့် ဝိဉာဥ်မီးတောက်များဖြစ်သည်။ ထိုဝိဉာဥ်မီးတောက်များကို ပိုင်ဆိုင်ထားသူဟူ၍ မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံးတွင် လက်ငါးချောင်းစာပင်မပြည့်ချေ။

နောက်တစ်ဆင့်မှာရှိတာကတော့ ဒဏ္ဍာရီလာမီးတောက်များပင်။ အဆင့်၇ သို့မဟုတ် ၈လောက်ရှိမည့် အဆင့်မြင့်ဆေးဆရာများပင် ထိုအဖိုးတန်မီးတောက်မျိုးကိုရဖို့ ကြိုးစားရဦးမည်ဖြစ်၏။

နောက်ဆုံးအဆင့်တစ်ဖြစ်လဲ အဖိုးတန်ဆုံဖြစ်သည့် မီးတောက်အဆင့်ကမူ ကောင်းကင်မီးတောက်ဖြစ်သည်။ ဤလောကတွင် ကောင်းကင်မီးတောက်၁၂ခုသာရှိသည်ဟုဆိုကြပြီး တစ်ခုချင်းစီတိုင်းဟာလည်း အတိုင်းအဆမဲ့အင်အားကြီးသည်။ လွန်စွာမှရှားပါးပြီး စွမ်းအင်ကြီးလှသဖြင့် ပါရမီထူးကဲပြီး တစ်သိန်းမှာတစ်ယောက်မျှသာရှိနိုင်သော ဆေးဆရာမျိုးကသာ ထိုသို့သောမီးတောက်ကိုလက်ဝယ်ရပြီးထိန်းချုပ်နိုင်ဖို့ မျှော်လင့်ချက်ရှိပေ၏။ သမိုင်းမှတ်တမ်းများအရ ကောင်းကင်မီးတောက်ကိုပိုင်ဆိုင်ခဲ့ဖူးသော ဆေးဆရာတို့သည် ဒဏ္ဍာရီလာလူပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာလောကပေါ်တွင် အမှတ်အသားချန်ရစ်ခဲ့ကြလေသည်ဟူတည်း။

ထိုကောင်းကင်အဆင့်မီးတောက်ကို အရဖမ်းဆုပ်နိုင်သောဆေးဆရာများသာလျှင် ဆေးပညာလောက၏အထွဋ်အထိပ် အကြီးမြတ်ဆုံးသမားတော်များအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

(ဖုန့်ချန်းမှာ ဘယ်လိုလုပ်ပြီး အဲ့ပစ္စည်းရှိနေရတာလဲဟ ငါတောင် ဒဏ္ဍာရီလာမီးတောက်တစ်ခုရဖို့ခက်ခဲနေတာ ဝိဉာဥ်သန္ဓေအဆင့်ကောင်လေးက ဘယ်ကနေရလာခဲ့ပါလိမ့်)

ဆရာမင်းဟောင် တစ်ယောက်တည်းတွေးနေမိသည်။ သူ့လို လောကတစ်ခုလုံး နှံ့နှံ့စပ်စပ်လေ့လာသိမြင်ထားသူအဖို့ ဒီလိုအံ့သြရတဲ့ဖြစ်ရပ်တွေက မရှိသ‌လောက်ရှား၏။

ဒါပေမယ့် ဖုန့်ချန်းကတော့ ရှားရှားပါးပါး သူ့ကိုစပရိုက်တိုက်နိုင်ခဲ့လေသည်။

(အရင်တစ်ခေါက်လည်း ဆေးလုံးကောင်းတွေတစ်လှေကြီးရလာပြီး အခုကျတော့ ဒဏ္ဍာရီလာမီးတောက်ရလာပြန်ပြီ ဖြစ်နိုင်တာက အဆင့်၈ဆေးဆရာတစ်ယောက်ယောက်ထားခဲ့တဲ့ အမွေအနှစ်တွေကိုများ ပွပေါက်တိုးလာလို့လား ဒါပေမယ့် မိုးပြာကောင်းကင်အင်ပါယာမှာ အဆင့်၈ဆေးဆရာသေဆုံးဖူးတယ်လို့လည်း မကြားမိပါဘူး။ ဒီကောင်လေး တော်ဝင်မိသားစုကို ဓားပြသွားတိုက်လာပြန်တာလား)

ဒီလိုရှားပါးရတနာတွေကို ဖုန့်ချန်းဘယ်လိုရလာတာဖြစ်မလဲဟု ဆရာမင်းဟောင်စေ့စေ့ပေါက်ပေါက်တွေးတောကြည့်ရာ အဖြစ်နိုင်ဆုံးအဖြေမှာမူ အဆင့်၇ ဒါမှမဟုတ် အဆင့်၈ဆေးဆရာတစ်ယောက်ယောက်၏အုတ်ဂူကို တူးဖော်ရှာတွေ့ခဲ့ခြင်းပင်ဖြစ်မည် ဟူ၏။

ဖုန့်ယွင်သည် သေတ္တာငယ်လေးအတွင်းမှာ မီးတောက်တလှုပ်လှူပ်လေးကို မယုံကြည်နိုင်ခြင်းတစ်ဝက် အံ့သြဝမ်းသာခြင်းတစ်ဝက်ဖြင့် ငေးကြည့်နေဆဲဖြစ်သည်။

ရှားပါးဒဏ္ဍာရီလာမီးတောက်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် သိမ်မွေ့အေးခဲမီးတောက်သည် သူမျက်စိရှေ့တည့်တည့်သို့ ရောက်ရှိနေလေပြီ။ သူ့ဘဝတွင် ဤသို့သောကံကောင်းခြင်းကြီးမျိုးကို ဤမျှမြန်မြန်နှင့် ရုတ်တရတ်ဆန်ဆန်တွေ့နိုင်လိမ့်မည်ဟု ထင်မထားပေ။

ဖုန့်ချန်းက သေတ္တာငယ်လေးကို ဂရုတစိုက်ဖြင့် အဖုံးပြန်ပိတ်လိုက်သည်။ အခန်းတွင်းတွင်ပြန့်ကျဲနေသော အေးစက်စက်အရှိန်အဝါပါ တစ်ပါတည်းထုပ်သိမ်းသွားလျက်။

ထို့နောက် ဖုန့်ယွင်ကို ပြုံးစစဖြင့်ကြည့်ရင်းမေးသည်။

"အဲ့ဒါဘာလဲမင်းသိလား ယွင်အာ"

"ဒါ..ဒါကတကယ်ပဲ သိမ်မွေ့အေးခဲမီးတောက်ပေါ့နော်"

ဖုန့်ယွင်မှ အသံတုန်တုန်ဖြင့်ပြန်မေးလာ၏။

ဖုန့်ချန်းလည်း ခပ်သာသာရယ်မောလျက် ခေါင်းညိတ်အတည်ပြုပေးလိုက်သည်။

"မှန်တယ် သိမ်မွေ့အေးခဲမီးတောက်ပဲ"

ဖုန့်ယွင်၏မျက်လုံးများမှာ သာ၍ပြူးကျယ်လာသည်။

"အစ်ကိုကြီး အဲ့ဒါကိုဘယ်ကနေဘယ်လိုရလာတာလဲ"

"မင်းအစ်ကိုကြီးက ဒီပစ္စည်းလေးရဖို့အရေး တော်တော်လေးတော့ဖြုန်းတီးလိုက်ရတယ်လို့ ဆိုရမှာပေါ့ကွာ"

ဖုန့်ချန်းက မရေမရာဖြေလိုက်ပေမယ့် တကယ်လည်းအမှန်ပါပင်။

ဤဒဏ္ဍာရီလာမီးတောက်ကိုရဖို့ စနစ်ရမှတ်ငါးသောင်းလောက် သူအသုံးပြုခဲ့ရသည်လေ။ ပို၍အဆင့်မြင့်သော ကောင်းကင်မီးတောက်ကိုရှာကြည့်ခဲ့သေးပေမယ့် ဈေးအနည်းဆုံးတစ်ခုကပင် ရမှတ်တစ်သန်းတန်ဖြစ်နေသောကြောင့် ဖုန့်ချန်းတစ်ယောက် သွေးအန်ကာ လက်လျှော့ခဲ့ရခြင်းဖြစ်၏။

ဤဒဏ္ဍာရီလာမီးတောက်ကိုပင် လျှော့ဈေးစတိုးမှ ၅၀ရာခိုင်နှုန်းလျှော့ဈေးချထား၍သာ ရအောင်ဝယ်နိုင်ခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် သူ၏အဖိုးတန်စနစ်ရမှတ်တွေကို အဲ့လောက်လွယ်လွယ်သုံးမပစ်ရက်ပေ။ "ဘယ်လိုရခဲ့ရခဲ့ပါ အခုချိန်မှာအ‌ရေးကြီးတာက မင်းဒီမီးတောက်ကိုပိုင်ဆိုင်ဖို့အခွင့်အရေးရနေပြီ ဒီအကူအညီနဲ့ဆိုရင် ဆေးဆရာတစ်ယောက်အနေနဲ့ အကြီးမြတ်ဆုံးအောင်မြင်မှုတွေကိုလည်း ရယူနိုင်ပြီလေ"

ဖုန့်ယွင်သည် သေတ္တာလေးကိုငေးကြည့်နေဆဲပင်။ ခေါင်းထဲရှိပြေးလွှားနသောအတွေးများကိုလည်း မနည်းအမီလိုက်နေရသည်။ စိတ်ကူး၍ပင်မရလောက်အောင် တန်ဖိုးရှိသည့် ဤသိမ်မွေ့အေးခဲမီးတောက်ကို သူ့အစ်ကိုကြီးကလက်ဝယ်ရယူထားပြီး သူ့ကိုဆုတစ်ခုအဖြစ် ချီးမြှင့်နေလေပြီ။

"အစ်ကိုကြီး" ဖုန့်ယွင်မှ မဝံ့မရဲဖြင့်ဆိုလာ၏။ "ဒီမီးတောက်က အလွန်တန်ဖိုးကြီးတာပါ ကျွန်တော့်ထက် အစ်ကိုကြီးနဲ့ပိုသင့်တော်မယ်ထင်တယ် အစ်ကိုကြီးက ပိုလည်းစွမ်းအားကြီးတော့ ပိုပြီးထိုက်တန်မယ်လို့ထင်ပါတယ်"

ဖုန့်ချန်းက နွေးထွေးကြင်နာစွာပြုံးလျက် ခေါင်းကိုဖြည်းဖြည်းခါသည်။

"ယွင်အာ မင်းကဆေးဆရာဖြစ်ဖို့ပါရမီပါလာတာ ဒီပစ္စည်းက သေချာပေါက် ငါ့ထက်မင်းနဲ့ပိုထိုက်တန်တာပေါ့"

ဖုန့်ယွင်ဘက်မှ ထပ်ပြီးမငြင်းဆန်ရသေးခင် ဆရာမင်းဟောင်၏အသံက စိတ်တွင်းသို့လွင့်ပျံလာသည်။ ဒီတစ်ခေါက်တွင်မူ အလောတကြီးနိုင်လှသည့်လေသံနှင့်ပင်။

(ဖုန့်ယွင် လက်ဆောင်ကိုမြန်မြန်လက်ခံလိုက် မင်းအစ်ကိုပြောတာမှန်တယ်၊ သူ့အတွက် တကယ်ပဲ အသုံးမဝင်ဘူး။ ဒီပစ္စည်းကမင်းနဲ့အသင့်တော်ဆုံးပဲ ပစ္စည်းအကူအညီနဲ့ဆိုရင် မင်းဆေးပညာလည်းအမြင့်ကိုထိုးတက်ပြီး မိသားစုတစ်ခုလုံးအတွက် အုတ်မြစ်ခိုင်ခိုင်တစ်ခုချပေးလိုက်သလို အားကိုးရမှာ မင်းကိုယ်တိုင်ရဲ့အကျိုးအတွက်တင်မဟုတ်ဘူး မိသားစုကြီးတစ်ခုလုံးရဲ့ အကျိုးအတွက်ပြောနေတာ)

ဆရာမင်းဟောင်၏စကားလုံးများသည် တစ်ချက်မှတွန့်ဆုတ်နေခြင်းမရှိပဲ ခိုင်မာတိကျလှ၏။

ဆရာမင်းဟောင်၏အကြံဉာဏ်မှာ မှန်ကန်လှကြောင်း ဖုန့်ယွင်နားလည်သွားပြီး စိတ်ထဲရှိတွန့်ဆုတ်မှုများလည်း အရည်ပျော်သလိုပျောက်ကွယ်သွားလေသည်။

ထိုမီးတောက်ကိုရရှိဖို့ အစ်ကိုကြီးဘက်က မည်မျှပင်ကြိုးစားအားထုတ်ခဲ့ရသည်မသိ။ သူ့ဘက်ကဆက်လက်ငြင်းဆန်နေလျှင် အစ်ကိုကြီး၏စိတ်ရင်းစေတနာကို စော်ကားရာကျပေမည်။

သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဤကျေးဇူးတရားကို အနာဂတ်တွင်ပြန်လည်ပေးဆပ်ခြင်းပင်ဖြစ်သည်။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဖုန့်ယွင်ခေါင်းညိတ်လိုက်တော့၏။

"ကျေးဇူးပါအစ်ကိုကြီး အစ်ကိုကြီးကိုစိတ်မပျက်စေရအောင် အကောင်းဆုံးကြိုးစားပါ့မယ်"

ဖုန့်ချန်းလည်းနှစ်ခြိုက်စွာပြုံးရယ်မိသည်။

"ဒါငါကြားချင်တဲ့စကားပဲ ယွင်အာ ဒီမီးတောက်အကူအညီနဲ့ဆိုရင် အနာဂတ်မှာ အကြီးမြတ်ဆုံးဆိုတဲ့ဆေးဆရာတွေကိုတောင် မင်းကျော်တက်နိုင်မှာ မလွဲမသွေပဲ"

All Chapters