ဒဏ်ရာပြန်လည်ကုသခြင်း၏ တန်ကြေး
Vol. 3 Ch. 37
ယန်မိသားစု၏ ဆေးဆိုင်အသစ်ကို နာမည်ကြီး အဆင့်၂ဆေးဆရာတစ်ဦးဖြစ်သော ကျိုးထျန်းဟွာမှ ထောက်ပံ့ပေးထားသည် ဟူသောသတင်းမှာ မြူခိုးချိုင့်ဝှမ်းတစ်မြို့လုံးသို့ တောမီးပမာ ပျံ့နှံ့သွားတော့သည်။
မနက်ခင်းမိုးသောက်ချိန်ပင်ရှိသေးသော်ငြား ယန်မိသားစုဆေးဆိုင်ရှေ့ရှိလူတန်းကြီးမှာ အဆုံးမရှိရှည်လျားနေပေပြီ။ စိတ်အားထက်သန်နေကြသော ဝယ်ယူသူများမှာ ထိုလူတန်းထဲတွင် နေရာရဖို့အရေး သူ့ထက်ငါအလျင်လုယက်တိုးဝှေ့နေကြပြီး အသစ်သန့်စင်ဖော်စပ်သောဆေးလုံးများကိုအရဝယ်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေကြတော့၏။
"အစ်ကိုလင်း ခင်ဗျားလည်းရောက်နေတာလား စောစောစီးစီးဆေးလာဝယ်ရမယ့်ကိစ္စမျိုးကို ခင်ဗျားစိတ်မဝင်စားလောက်ဘူးထင်နေတာ"
"ဒီလိုအခွင့်အရေးမျိုးကို ဘယ်လိုလုပ်ပြီးလက်လွှတ်ခံနိုင်မလဲကွ အဆင့်၂ဆေးဆရာတစ်ယောက်ပြုလုပ်ထားတဲ့ဆေးလုံးတွေဆိုတာ ဒီအရပ်မှာတော့ပြိုင်ဘက်ကင်းပဲ ဝယ်နိုင်တုန်းဝယ်ထားရမှာပဲဟေ့"
"ဒါပေမယ့် ခင်ဗျားသတိထားမိလား မနေ့ကစပြီးဈေးတွေပြန်တက်လာတယ်နော် နည်းနည်းများလာတယ်မထင်ဘူးလား"
"ဟုတ်တော့ဟုတ်တယ် ဒါပေမယ့် အဆင့်၂ဆေးဆရာဖော်စပ်ထားတဲ့ဆေးလုံးတွေပဲလေ ရွှေဒင်္ဂါးပေးရမယ်ဆိုရင်တောင်ပေးနိုင်တယ် ရှင်းရှင်းပြောရရင် ဈေးတွေဒီ့ထက်ပိုမတက်ခင် များများရအောင်သာဝယ်ထားရမှာပဲ"
ဝယ်လိုအားတွေ ဆက်တိုက်မြင့်တက်လာခြင်းကြောင့် အစပိုင်းကဖုန့်မိသားစုထက် အနည်းငယ်လျှော့ပေးထားသောဈေးနှုန်းများကို ပြန်တင်ဖို့ ယန်ကျန်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူတို့ဆိုင်တစ်ခုတည်းမှာပဲရနိုင်သော အဆင့်၂ဆေးလုံးများကို အဓိကထား၍ဈေးတင်ထား၏။
ဈေးနှုန်းမည်မျှတင်တင် ဝယ်ယူသူများမှာ အရည်အသွေးမြင့်အဆင့်၂ဆေးလုံးများအရယူနိုင်မည့် ရှားပါးအခွင့်အရေးကို ဘယ်နည်းနှင့်မျှ လက်လျှော့ကြလိမ့်မည်မဟုတ်ပေ။
ယန်မိသားစုဆေးဆိုင်မှ အဆင့်၂ဆေးလုံးများကိုစတင်ရောင်းချသည်မှာ သုံးရက်မျှသာရှိသေးသော်လည်း အမြတ်ငွေမှာမူ ယန်အိမ်တော်၏ တစ်လစာအကျိုးအမြတ်ကိုပင် ယှဥ်လို့ရနေပြီဖြစ်၏။
ယန်ကျန်းတစ်ယောက် မထိန်းနိုင်စွာ တဟားဟားအော်ရယ်မိတော့သည်။
အကြီးအကဲကျိုး၏ ညီနောင်ဆိုသူမှာ ဓာတ်ကြီးသုံးပါးအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်နေရုံသာမက အဆင့်၂ဆေးဆရာတစ်ဦးပင်ဖြစ်နေဦးမည်ဟု မည်သူကကြိုတွေးနိုင်ခဲ့ပါမည်နည်း?
"ဟားဟား အကြီးအကဲကျိုးထျန်းဟွာရေ ဒီတစ်ခေါက် ကျုပ်တို့ယန်မိသားစု ဈေးကွက်ကိုလက်ဝါးကြီးအုပ်နိုင်သွားတာ ခင်ဗျားကျေးဇူးတွေပါပဲ"
ယန်ကျန်းမှ စိတ်လှုပ်ရှားစွာ ကျေးဇူးတင်စကားဆိုလိုက်သည်။ သူ့မျက်လုံးများမှာ ရည်မှန်းချက်အပြည့်ဖြင့် တလက်လက်တောက်ပလို့နေ၏။
ကျိုးထျန်းဟွာသည် အားနာပါးနာဟန်ဖြင့် လက်ကိုဝှေ့ယမ်းပြလိုက်သည်။ သို့သော် မျက်နှာထက်တွင်တော့ ဂုဏ်ယူဝင့်ကြွားသည့်အပြုံးကို ချိတ်ဆွဲထားလျက်ပင်။
"ဒါဖြစ်နေကျကိစ္စပါပဲ ခေါင်းဆောင်ယန် ဈေးကွက်ထဲမှာ ကျုပ်ဆေးလုံးတွေများဖြန့်လိုက်ပြီဆိုရင် တစ်ခြားမိသားစုတွေ ဝင်တိုးလို့ကိုမရနိုင်ဘူးလေ ဖု့န်မိသားစုရဲ့ကျော်ကြားမှုလည်း အနှေးနဲ့အမြန် လုံးပါးပါးတော့မှာပါ"
ယန်ကျန်းမှ တဟင်းဟင်းရယ်မောလိုက်သည်။ လက်ရှိဖြစ်နေသောအခြေအနေကို စိတ်ကျေနပ်နေသံဖြင့်။
"မှန်တာပေါ့ဗျာ သူတို့ဖောက်သည်တွေအကုန် ကျုပ်တို့ဆိုင်ကိုပဲ စုပြုံတိုးလာကြတာလေ ဟိုကောင်ဖုန့်ချန်းလည်း အကြာကြီးတောင့်မခံနိုင်ပါဘူး ဒီတိုင်းသာဆက်သွားနေရင် တစ်လတောင်ခံမယ်မထင်ဘူးဗျို့"
"ဟမ့် တော်ဝင်မိသားစုအရိပ်အခြေသာ ကြည့်မနေရဘူးဆိုရင် ဖုန့်မိသားစုကို တစ်ညတည်းနဲ့အမြတ်ဖြုတ်လိုက်လို့ရတယ် ဖြစ်ချင်တော့ ထိပ်တိုက်တွေ့ဖို့ကိုအကြာကြီးစောင့်ရဦးမှာပဲ"
ကျိုးထျန်းဟွာမှာ မခံချိမခံသာဖြင့်ပြောလာ၏။
အခြေအနေသာပေးလျှင် ဤဈေးကွက်ကစားနည်းကိုသုံးနေစရာမလိုပဲ ဖုန့်မိသားစုကို သူ့စိတ်ကြိုက် တိုက်ရိုက်သွားဖြိုလိုက်လို့ရပေသည်။
သို့သော် သူထင်ရာမစိုင်းရဲပါပေ။ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် သူကမည်မျှပင်အင်အားကြီးလှသည်ဆိုဆို တော်ဝင်မိသားစုနှင့်ယှဥ်လျှင် ပါမွှားမျှသာပင်။
ဝမ်မိသားစုကလည်း ဤမြို့တော်တွင်အခြေချထားကြသဖြင့် သူ့ဘက်မှ ဖုန့်မိသားစုကို အကြောင်းရင်းရေရေရာရာမရှိဘဲ စတင်တိုက်ခိုက်ပါက သူကောင်းကောင်းကြီးအပြစ်ပေးခံရပေမည်။
ထို့ကြောင့် အရင်ဆုံး သွယ်ဝိုက်သောနည်းကိုအသုံးပြု၍ ဖုန့်မိသားစုကို အလောတကြီးဖြစ်လာအောင် စိတ်ဆွပေးပြီးမှ သူတို့ဘက်ကအရင် စတိုက်ခိုက်လာစေမည်။ ထိုအချိန်ရောက်လျှင် ကိုယ့်ဘက်ကအဆင်သင့်တန်ပြန်တိုက်ခိုက်လိုက်ရုံပင်။ ဤသည်မှာ ခုခံကာကွယ်ခြင်းသာမည်ပေ၏။
ဒီတိုင်းဆက်သွားနေလျှင်လည်း ဖုန့်မိသားစု၏ဈေးကွက်မှာ အငွေ့ပျံပျောက်ကွယ်သွားတော့မည်ဖြစ်ပြီး အတိုက်ခိုက်ခံရသည်နှင့် ဘာမှမခြားပါချေ။ သို့သော် သူ့ဆေးပညာကိုအသုံးပြု၍ ယန်မိသားစုကိုကူညီနေခြင်းသည် ဤအကြောင်းရင်းတစ်ခုတည်းကြောင့်တော့မဟုတ်။
"ခေါင်းဆောင်ယန် ကျုပ်တို့သဘောတူညီချက်ကိုတော့မမေ့ပါဘူးနော် ဖုန့်မိသားစုနဲ့ တစ်ခြားမိသားစုကြီးတွေကို ကိစ္စဖြတ်ပြီးရင် အမြတ်ငွေ၅၀ရာခိုင်နှုန်းကို ပြန်ခွဲပေးရပါမယ်"
ကျိုးထျန်းဟွာက ယန်ကျန်းအား သူတို့၏အဓိကသဘောတူညီချက်အကြောင်းကို ပြန်လည်သတိပေးလာ၏။
"ဟားဟား ဒါပေါ့ဗျာ ဒါပေါ့ အကြီးအကဲကျိုးထျန်းဟွာက ဒီလောက်ထိလုပ်ပေးထားတာ သေချာပေါက်ကျေးဇူးပြန်ဆပ်ရမှာပေါ့"
ယန်ကျန်းသည်လည်း တွန့်ဆုတ်ခြင်းမရှိစွာပင် တုံ့ပြန်လာသည်။
သူသာ မြူခိုးချိုင့်ဝှမ်းမြို့တော်ကို လွှမ်းမိုးချုပ်ကိုင်နိုင်မည်ဆိုလျှင် မည်သည့်သဘောတူညီချက်ကိုမှ ငြင်းပယ်ရန်အကြောင်းမရှိ။ သူ့အတွက်အရှုံးမရှိဟု ယန်ကျန်းတွက်ဆလေသည်။
အကြီးအကဲကျိုးထျန်းဟွာဖော်စပ်သောဆေးလုံးများ၏ အကူအညီကြောင့် ယန်မိသားစုဈေးကွက်မှာ အမြဲတမ်းစည်ကားစိုပြေနေပြီး အခြားမိသားစုများ၏နေရာများတွင်တော့ ခြောက်ကပ်တိတ်ဆိတ်လို့နေပေသည်။
ယန်မိသားစုဈေးကွက်တွင် ဝယ်ယူသူများတိုးမြင့်မှုနှုန်းသည် ၃၀၀ရာခိုင်နှုန်းမျှပင်ရှိလေပြီ။ မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် ယန်မိသားစုကြီးစိုးရန် အချိန်တစ်ခုသာလိုတော့ပေသည်။
*********
မနက်ခင်းတစ်ခုတွင် ထုံးစံအတိုင်း ယန်မိသားစုဆေးဆိုင်များမှာ ပြည့်ကျပ်စည်ကားလို့နေပေပြီ။ ဆေးလုံးများအကုန်ရောင်းမထွက်ခင် အလျင်အမြန်ဝယ်ယူနိုင်ဖို့ လူတိုင်းအကြိတ်အနယ်ကြိုးစားနေကြသည်ပင်။
သို့သော် ဝယ်ယူသူများ၏မျက်နှာထက်တွင် အရင်နေ့များနှင့်မတူသောအရိပ်အယောင်တစ်မျိုး ယှက်သန်းလို့နေ၏။
စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသော ဝယ်ယူသူတစ်အုပ်သည် ဆေးဆိုင်အရောင်းကောင်တာတွင် ဒေါသတကြီးအော်ဟစ်နေကြသည်။
"ဈေးတွေကဘာလို့ အဲ့လောက်တောင်ထိုးတက်သွားရတာတုန်း" ဝယ်ယူသူတစ်ဦးမှ မကျေမနပ်ပြောလာ၏။
"ဒါကြီးကတော့ တော်တော်လွန်တယ်လေ လွန်ခဲ့တဲ့သုံးရက်ကမှ အဆင့်၁ဆေးလုံးတွေရဲ့ဈေးက ရွှေဒင်္ဂါး၁၀၀ပဲရှိသေးတာ အခု၃၀၀တဲ့လား နောက်ပြီး အဆင့်၂ဆေးလုံးတွေရဲ့ဈေးက ရွှေဒင်္ဂါး၂၀၀၀တောင်တဲ့"
"ဈေးတက်တဲ့နှုန်းကြီးက မတန်တဆကြီးဖြစ်နေပြီ ဆိုင်ရှင်တွေ အသိစိတ်ရောရှိကြသေးရဲ့လား"
မထီမဲ့မြင်ဆန်သော မျက်နှာထားဖြင့် ဆိုင်ရှင်လူထွားကြီးသည် ဆူညံပွက်လောရိုက်နေသော ဈေးဝယ်သူလူအုပ်ကြီးကို အထက်စီးဆန်ဆန်ဖြင့် စိတ်ရှုပ်သလိုတစ်ချက်ကြည့်လိုက်သည်။
ထိုလူသည် ပန်းပွင့်ချည်များထိုးထားသော အပေါ်လွှာဝတ်ရုံကို တစ်ချက်ညှိလိုက်ပြီး လည်ချောင်းတစ်ချက်ရှင်းကာ လူအုပ်ကြီးထံကြေငြာလိုက်သည်။
"အားလုံးနားထောင်ကြ" လေသံမှာ မာဆတ်ဆတ်ဖြင့်။
"ဒီဆေးလုံးတွေက အဆင့်၂ဆေးဆရာတစ်ယောက်က ဖော်စပ်သန့်စင်ထားတာတွေပဲ အရည်အသွေးနဲ့ထိရောက်မှုက သေချာပေါက်ထူးကဲသာလွန်တယ် အရင်နေ့ကဈေးတွေက ဖွင့်ပွဲလျှော့ဈေးသက်သက်ပဲ"
ထိုဆိုင်ရှင်သည် လူအုပ်ကြီးကိုအပေါ်စီးမှကြည့်လိုက်ပြီး ဝတ်ရုံလက်စကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။
"မတတ်နိုင်ရင်လည်း မဝယ်ကြနဲ့ပေါ့ကွာ ဒီဆေးလုံးတွေက မင်းတို့နဲ့မတန်လို့ဖြစ်မှာပေါ့ ငါတို့ရောင်းကုန်တွေက တန်ဖိုးကိုနားလည်တဲ့ဝယ်သူတွေအတွက် သီးသန့်ပဲ"
မခံချိမခံသာဖြစ်သွားသော ဝယ်သူတစ်ဦးမှ ရုတ်ချည်းတုံ့ပြန်ပြောဆိုလာသည်။
"ဒါပေမယ့် ဈေးကသုံးဆမကခုန်တက်သွားတာလေကွာ ဒါကိုမျှတတယ်လို့သတ်မှတ်သလား"
ဆိုင်ရှင်၏မျက်နှာထားသည် ပို၍ပင်တင်းမာလာသည်။
"အဆင့်၂ဆေးဆရာတစ်ယောက်ရဲ့ အားထုတ်မှုဆိုတာ ရွှေဒင်္ဂါးများစွာတန်ဖိုးရှိတယ်ကွ နောက်ပြီး မြူခိုးချိုင့်ဝှမ်းမြို့တော်မှာ အဆင့်၂ဆေးလုံးရောင်းတဲ့ဆိုင်ဆိုလို့ ဒီတစ်ဆိုင်ပဲရှိတာ အရည်အသွေးကောင်းတာမှလိုချင်ရင် တန်ကြေးတော့ပေးနိုင်ရမှာပဲ" လူအုပ်ကြီးထဲတွင် ကန့်ကွက်လိုသောတီးတိုးသံများထွက်လာသည်။ သို့သော်အများစုမှာမူ မတတ်သာစွာပင် လက်ခံလိုက်ရတော့၏။
နဂိုကမှ ဂုဏ်သတင်းမွှေးကြူလှသော ထိုရှားပါးအဆင့်၂ဆေးလုံးများကို အထက်တန်းစားအဆင့်၂ဆေးဆရာတစ်ဦးမှ ဖော်စပ်ထားခြင်းဖြစ်သည်။ နှစ်ထပ်ကွမ်းဆွဲဆောင်မှုမှာ အားပြင်းလှပေ၏။
ဈေးနှုန်းနှင့် မောက်မာသောဆိုင်ရှင်ကို စိတ်အလိုမကျဖြစ်မိသော်ငြား မြူခိုးချိုင့်ဝှမ်းမြို့တော်တစ်လွှားတွင် အဆင့်၂ဆေးလုံးရနိုင်မည့်ဆိုင်ကား ဤတစ်ခုသာရှိလေသည်။
ဆိုင်ရှင်မှာ မထီတရီအပြုံးဖြင့်ပင် အရောင်းအဝယ်ဆက်လုပ်လေသည်။ ဆေးဝယ်မည့်လူတန်းကြီးမှာလည်း လက်တွေ့ကိုလက်ခံလိုက်ရပြီး စိတ်တွင်းမှသာ မကျေမနပ်ငြီးတွားရဲကြတော့၏။