← Chapters

ဖုန့်အိမ်က ပြန်ဆော်ပြီ

Vol. 3 Ch. 38

ဖုန့်အိမ်က ပြန်ဆော်ပြီ

Vol. 3 Ch. 38

ယန်မိသားစုဆေးဆိုင်တွင် လူများတိုးဝှေ့နေစဥ် ကျင့်ကြံသူနှစ်ဦးသည် ဆိုင်နားသို့အမြန်ချဥ်းကပ်လာကြသည်။

တစ်ဦးမှာ ပြင်းစွာဒဏ်ရာရထားပုံပေါ်ပြီး သူ့မိတ်ဆွေမှ ထမ်းပိုးသယ်ဆောင်လာရ၏။ မျက်နှာမှာဖြူ‌ဖျော့အားနည်းလို့နေပြီး ရင်ဘတ်တစ်ဝိုက်တွင် သွေးများရွှဲနစ်စွန်းထင်းနေလေသည်။ တိုက်ပွဲတစ်ခုခုမှ အသက်ကိုအနိုင်နိုင်လု၍ ပြေးလာခဲ့ရပုံပင်။

"ဆိုင်ရှင် ကျွန်တော်တို့ကိုအဆင့်၂ဆေးလုံးတစ်လုံးပေးပါဦး အခုပေးပါ"

ကျင့်ကြံသူတစ်ယောက်မှ အလောတကြီးတောင်းဆိုလာသည်။

ယန်မိသားစုဆိုင်ရှင်က မျက်လုံးတစ်ချက်ပင့်ကြည့်လိုက်သည်။ မျက်နှာထားမှာ မပြောင်းမလဲပင်။

"အဆင့်၂ဆေးလုံးလား ရွှေဒင်္ဂါး၃၀၀၀ကျမယ်"

"ရွှေဒင်္ဂါး၃၀၀၀ဟုတ်လား"

ဈေးနှုန်းမှာ သူတို့ခန့်မှန်းထားသည်ထက် အဆမတန်ပိုများနေပေသည်။ ကျင့်ကြံသူသည် မျှော်လင့်ချက်မဲ့နေသော သနားစဖွယ်မျက်လုံးများဖြင့် ရှေ့တိုးလာ၏။

"ဈေးလေးနည်းနည်းပါးပါးလျှော့ပေးလို့ရမလားဗျာ မြင်တဲ့အတိုင်း ကျွန်တော်တို့ခေါင်းဆောင်ကအသည်းအသန်ဖြစ်နေ.."

ဆိုင်ရှင်က ခပ်နှိမ်နှိမ်ပြုံးသည်။

"မတတ်နိုင်တော့လည်း တစ်ခြားနေရာရှာပေါ့ကွာ ဒါယန်မိသားစုဆေးဆိုင်ပဲ အလှူပေးနေတာများထင်လို့လား အရည်အသွေးမြင့်တာမှလိုချင်ရင် တန်ကြေးတော့ပေးနိုင်ရမှာပဲ"

ကျင့်ကြံသူနှစ်ဦးသည် ဝေခွဲမရဖြစ်စွာဖြင့် စတင်ဆွေးနွေးကြသည်။ သို့သော် သူတို့တွင် ရွေးချယ်စရာမရှိသလောက်ပင်။

"ရန်ရှု ငါ့အတွက်နဲ့ပိုက်ဆံမဖြုန်းချင်နဲ့ မြူခိုးချိုင့်ဝှမ်းမြို့တော်ထဲက ဘယ်ဆေးနဲ့ပဲကုကု ဒီဒဏ်ရာကမပျောက်နိုင်လောက်တော့ဘူး ချွေတာစမ်းပါကွာ"

ဒဏ်ရာရနေသောခေါင်းဆောင်ဆိုသူသည့် သူ့ကံကြမ္မာကိုလက်ခံလိုက်ဟန်ဖြင့် ဆိုလာသည်။

"မဖြစ်ဘူး ခေါင်းဆောင်ကကျွန်တော်တို့ကိုကာကွယ်ရင်းနဲ့ထိခိုက်သွားရတာ ဒီလောက်နဲ့တော့လက်မလျှော့နိုင်ဘူး"

သူတို့ပြောဆိုနေချိန်တွင် လူတစ်ယောက်သည် တံခါးကိုဝုန်းခနဲတွန်းဖွင့်လျက်ပြေးဝင်လာသည်။ အလောတကြီးပြေးလာရာ လွန်စွာမှဟောဟဲလိုက်နေရှာ၏။ ထိုသူမှာ သူတို့ညီနောင်များထဲမှတစ်ဦးဖြစ်ပြီး မသေမသပ်ဖြစ်နေသောအဝတ်အစားများနှင့် မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ထိန်းမနိုင်သိမ်းမရရှိနေ၏။

"ကျွန်တော် အဆင့်၂ဆေးလုံးရခဲ့ပြီ"

ထိုသူကအော်ပြောလိုက်သည်။ လက်ထဲတွင်လည်း တောက်ပပြောင်လက်နေသော ဆေးလုံးလေးတစ်လုံးကို ကိုင်ထားလျက်။

ဒဏ်ရာရနေသောခေါင်းဆောင်သည် ညီနောင်ဖြစ်သူကို အားနည်းသောမျက်လုံးများဖြင့် မယုံနိုင်စွာလှမ်းကြည့်လိုက်သည်။

"အဆင့်၂ဆေးလုံးလား ဘယ်လိုရလာတာလဲ"

ရန်ရှုက ထိုလူလက်ထဲမှဆေးလုံးကို အမြန်ပြေးယူလိုက်သည်။ သူ့မျက်လုံးများမှာ မျှော်လင့်ချက်ရောင်ခြည်များ တစ်ဖန်ယှက်သန်းလာတော့၏။

"ခေါင်းဆောင် ဒါကိုသောက်လိုက်ပါ အကူအညီဖြစ်လောက်မှာပါ"

"ဒါပေမယ့်.. မင်းဒါကိုဝယ်နိုင်လို့လား ပြီးတော့ ဘယ်ကရှာတွေ့လာခဲ့တာလဲ"

"ထားလိုက်ပါခေါင်းဆောင်ရာ အမြန်သောက်လိုက်ပါ ကျွန်တော်တို့အချိန်ဖြုန်းနေလို့မရဘူးနော်"

ခေါင်းဆောင်သည် တုန်ယင်နေသောလက်များဖြင့် ဆေးလုံးကိုလှမ်းယူပြီး မြိုချသောက်သုံးလိုက်သည်။ ချက်ချင်းဆိုသလိုပင် နွေးထွေးသောစွမ်းအင်လှိုင်းတစ်ခုသည် ခန္ဓာကိုယ်အနှံ့စီးဝင်သွားခဲ့ပြီး စုတ်ပြဲနေသောကြွက်သားများကို ပြန်လည်စုစည်းကာ ကွဲအက်နေသောအရိုးများကို ပြန်လည်ပြုပင်လေတော့၏။

သွေး‌ဆုတ်ဖြူ‌‌ဖျော့နေသော အသားအရည်သည် ပြန်လည်သွေးရောင်လွှမ်းလာပြီး တောက်ပသက်ဝင်လာတော့သည်။

ခေါင်းဆောင်ဖြစ်သူ၏အသက်ရှူသံများ တစ်ဖြည်းဖြည်းတည်ငြိမ်လာသည်ကို ဆေးဝယ်သူလူအုပ်ကြီးမှာ အံ့အားသင့်စွာငေးကြည့်နေမိကြတော့၏။ ဆုံးရှုံးသွားသောအင်အားများကို ဆေးတစ်လုံးသောက်ရုံမျှဖြင့် တမုဟုတ်ချင်းပြန်လည်ရရှိလာသည်မှာ အားလုံးအမြင်ပင်။

တစ်ခဏအကြာတွင် ခေါင်း‌ဆောင်မှာ သူ့ဘာသာသူ မတ်တပ်ထရပ်နိုင်သွားလေပြီ။ ရင်ဘတ်ပေါ်ရှိ သွေးစိုနေသောပတ်တီးစသည်သာ ဒဏ်ရာရခဲ့သောအမှတ်အသားတစ်ခုအဖြစ် ကျန်ရှိခဲ့တော့၏။

"မိုက်လှချည်လားဟ"

ပွဲကြည့်များထဲမှတစ်ယောက်က အံ့အားသင့်စွာရေရွတ်ရင်း ထိုခေါင်းဆောင်ကိုစစ်ဆေးလိုဟန်ဖြင့် အနားပင်ကပ်လာသေးသည်။

"ဆေးတစ်လုံးက ဒီလောက်မြန်မြန်ထိရောက်တာမျိုး ငါ့တစ်သက် တစ်ခါမှမမြင်ဖူးဘူး မင်းဘယ်ကရလာတာလဲ"

ခေါင်းဆောင်ဖြစ်သူ ချက်ချင်းထူထူထောင်ထောင်ဖြစ်လာသည်ကို မင်သက်မိနေခဲ့သော ရန်ရှုသည် ဆေးဝယ်လာသောညီနောင်ဘက်သို့ လှည့်မေးလာ၏။

"ဟုတ်ပါတယ် ပြောပါဦး အဲ့လောက်အစွမ်းထက်တဲ့ဆေးလုံးကိုဘယ်ကရလာတာလဲ ပြီးတော့ ဘယ်လောက်ပေးလိုက်ရလဲ"

ထိုလူမှာ အသက်ဝဝရှူရင်း ခဏမျှအားယူလိုက်ပြီးနောက် အပြုံးကြီးကြီးဖြင့်ပြောလာသည်။

"ခင်ဗျားတို့ယုံမှာတောင်မဟုတ်ဘူး ကျွန်တော်အဲ့ဆေးကိုဖုန့်မိသားစုဆေးဆိုင်ကနေရခဲ့တာ ပြီးတော့ဈေးကဘယ်လောက်လို့ထင်သလဲ ရွှေဒင်္ဂါး၈၀၀ပဲတဲ့ဗျ"

"ရွှေဒင်္ဂါး၈၀၀??"

လူအုပ်ကြီးမှာ ပြိုင်တူအာမေဋိတ်ပြုလိုက်မိကြသည်။ သေခါနီးလူတစ်ယောက်ကို ကယ်တင်နိုင်ခဲ့သော ဤနတ်အစွမ်းတမျှဆေးလုံးသည် ရွှေဒင်္ဂါး၈၀၀သာကျသင့်သည်တဲ့။

အပြည့်အဝပြန်လည်ကောင်းမွန်လာပြီဖြစ်သော ခေါင်းဆောင်မှာလည်း သူ့ညီနောင်ကို တအံ့တသြကြည့်လာ၏။

"ခုလေးတင်ငါ့အသက်ကိုကယ်လိုက်တဲ့ အဲ့ဒီဆေးလုံးကို ဖုန့်မိသားစုဆီကရလာတာပေါ့ ပြီးတော့ ရွှေဒင်္ဂါး၈၀၀ပဲပေးရတယ်တဲ့လား"

ညီနောင်မှာ စိတ်ပါလက်ပါပင် ခေါင်းညိတ်ထောက်ခံလာ၏။

"ဟုတ်ပါတယ်ဆိုဗျာ ကျွန်တော်လည်းအစကသံသယဝင်နေသေးတာ ဒါပေမယ့်သူတို့ကအပြည့်အဝအာမခံပေးကြတယ် ဖုန့်မိသားစုကိုယုံကြည်လိုက်ဖို့ကလွဲပြီး တစ်ခြား‌ရွေးချယ်စရာလည်းမရှိဘူးလေဗျာ ဒါပေမယ့်ဒီလောက်ကြီးအစွမ်းထက်လိမ့်မယ်လို့တော့ ကျွန်တော်လည်းထင်မထားဘူး"

နားထောင်နေကြသောလူအုပ်ကြီးထဲတွင် တီးတိုးသံများ မယုံကြည်နိုင်မှုများ စူးစမ်းလိုစိတ်များမှာ တောမီးကဲ့သို့ပျံ့နှံ့ကူးစက်သွားတော့သည်။

အများစုမှာ ယန်မိသားစုဆီသို့ပေးခဲ့ရသော မတန်တဆဈေးနှုန်းများအား ပြန်လည်ဆင်ခြင်စပြုလာ၏။

အစအဆုံးစောင့်ကြည့်နေခဲ့သော ယန်မိသားစုဆိုင်ရှင်မှာ အတော်လေးစိတ်ကသိကအောက်ဖြစ်လာပြီး ငြိမ်မနေနိုင်တော့ပေ။

"ဟမ့် ဈေးပေါတဲ့အတုအယောင်တွေကြား နားမယောင်လိုက်မိစေနဲ့ ယန်မိသားစုဆိုင်ရဲ့ဆေးလုံးတွေက အဆင့်၂ဆေးဆရာကိုယ်တိုင်ဖော်စပ်ထားတဲ့ အဖိုးတန်မျိုးမှန်တွေပဲ ပေးရတဲ့ဈေးနှုန်းနဲ့တန်တာကို သေချာပေါက်ပြန်ရစေ့မယ်"

သူဘာတွေပဲ ထပြောနေပါစေ ဆေးလုံးသစ်၏ထိရောက်မှုကို မျက်မြင်တွေ့လိုက်ရသော လူအပေါင်းသည် အဘယ်မှာယုံကြည်ပါတော့မည်နည်း?

ဈေးဝယ်သူများထဲမှ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးသည် ဟန်ပါပါလက်ပိုက်လျက် ဆိုင်ရှင်ကိုပမာမခန့်ကြည့်လာသည်။

"ဖုန့်မိသားစုရဲ့ဆေးလုံးတွေက လူနာကိုဒီလောက်တောင်မြန်မြန်ကုပေးနိုင်တာ ရှင်တို့ဆေးလုံးတွေကို ဘာကိစ္စသုံးဆပေးပြီးဝယ်နေရမတဲ့တုန်း"

လူအုပ်ထဲမှထောက်ခံသံများထွက်ပေါ်လာသည်။ မကြာမီတွင် တန်းစီစောင့်ဆိုင်းနေကြသော လူတန်းထဲမှအချို့သည် စိတ်ပိုင်းဖြတ်လိုက်ပုံဖြင့် ဖုန့်မိသားစုဆေးဆိုင်ရှိရာသို့ ဦးတည်ထွက်ခွာကုန်ကြလေ၏။

ဆိုင်ရှင်၏မျက်နှာမှာ‌ ဒေါသများဖြင့်နီရဲလာသည်။ သို့သော် ထွက်ခွာစွန့်ပစ်သွားကြသောဝယ်သူတွေ ပိုပိုများလာသည့်အခိုက်တွင် သူလုပ်နိုင်တာဘာမျှမရှိတော့ချေ။

မားမားမတ်မတ်ရပ်တည်နိုင်နေပြီဖြစ်သော ခေါင်းဆောင်သည် ညီနောင်နှစ်ဦးကို ပြုံးရွှင်စွာကြည့်လိုက်သည်။

"ကျေးဇူးပါပဲကွာ ဖုန့်မိသားစုဆေးလုံးက ငါ့အသက်ကိုကယ်ခဲ့တာဆိုတော့ ငါတို့လည်း ရတုန်းထပ်သွားဝယ်ထားတာကောင်းမယ်ထင်တယ်နော"

လူအုပ်ကြီးလည်း ခေါင်းဆောင်၏စကားကို ခေါင်းတညိတ်ညိတ်ဖြင့်ထောက်ခံလိုက်ကြပြီး ယန်မိသားစုဆေးဆိုင်မှ အလျိုလျိုထွက်ခွာလာကြတော့သည်။ ဖုန့်မိသားစု၏အစွမ်းထက်ဆေးလုံးအကြောင်းမှာ လူတွေကြားထဲပိုလို့ပျံ့နှံ့လာသည်နှင့်အမျှ ဝယ်ယူသူများပြည့်ကျပ်နေခဲ့သော ယန်မိသားစုဆေးဆိုင်သည်လည်း လူပါးသည်ထက်ပါးလာကာ ပြောင်ရှင်းလုနီးပါးပင်ဖြစ်နေပေပြီ။ ဆိုင်ရှင်မှာလည်း ထွက်ခွာသွားကြသောလူများကို ခြေမကိုင်မိလက်မကိုင်မိဖြင့်သာ ကြည့်နေနိုင်ခဲ့ပြီး မိမိတို့ယန်မိသားစု၏ဈေးကွက်သည် ဖြည်းဖြည်းချင်းရှင်းထုတ်ခံနေရပြီဖြစ်ကြောင်း လက်ခံလိုက်ရတော့၏။

All Chapters