← Chapters

ဆေးလုံးဈေးကွက်ကို ပြန်လည်ရယူခြင်း (ဖုန့်မိသားစု၏ အောင်ပွဲ)

Vol. 3 Ch. 39

ဆေးလုံးဈေးကွက်ကို ပြန်လည်ရယူခြင်း (ဖုန့်မိသားစု၏ အောင်ပွဲ)

Vol. 3 Ch. 39

ဖုန့်မိသားစု၏ အဆင့်၂ဆေးလုံးများထွက်ပေါ်လာမှုသည် မြူခိုးချိုင့်ဝှမ်းတစ်မြို့လုံးကို မုန်တိုင်းပမာ မွှေနှောက်တိုက်ခတ်သွားခဲ့ပြီး ‌ဆေးလုံးဈေးကွက်၏ ရှယ်ယာ၅၀ရာခိုင်နှုန်းကျော်ကို လျင်မြန်စွာသိမ်းပိုက်သွားလေ၏။

သုံးရက်မျှသောအချိန်အတွင်းတွင် ဖုန့်မိသားစုဆေးဆိုင်များမှာ ပျားပန်းခတ်အလုပ်များလျက်ရှိနေကြပြီး ဖုန့်မိသားစု၏ဂုဏ်သတင်းသည်လည်း ပိုမိုကျော်ကြားမွှေးပျံ့လို့လာလေသည်။

ဖုန့်မိသားစုဆေးဆိုင်မှ ထိုဆေးလုံး၏ အစွမ်းထက်လှသောကုသခြင်းဇာတ်လမ်းအကြောင်းကို ကြားလိုက်ရပြီးနောက် ယန်မိသားစုဆေးဆိုင်မှ သစ္စာရှိရှိဝယ်ယူအားပေးခဲ့ကြသော ပင်တိုင်ဖောက်သည်များသည်ပင် ထိုဈေးကြီးဆေးလုံးများ၏အစွမ်းသတ္တိကို သံသယဝင်လာကြတော့၏။

ဖုန့်မိသားစု၏ဆေးလုံးများမှာ အခြားမြို့တော်မှဆေးလုံးများထက် ပိုအစွမ်းထက်ထိရောက်ရုံသာမက ဈေးနှုန်းလည်းချိုသာလှသဖြင့် နယ်ကျော်ကာလာရောက်အားပေးကြသော ဖောက်သည်များပင် ရှိလာလေသည်။

ယန်မိသားစုသည်လည်း အပြောင်းအလဲကိုမြင်သော် သူတို့ဆေးလုံးများကို ဖုန့်မိသားစုဆေးလုံးဈေးနှုန်းထက်ပင် ပို၍လျှော့ချလိုက်ပြီး ဝယ်သူများကို အမြန်ပြန်လည်ဆွဲဆောင်၏။

ဖုန့်မိသားစုကိုလိုက်ယှဥ်ပြီး ဈေးတွေဘယ်လောက်ထိပင်လျှော့ချကာ ဈေးကွက်အခြေအနေကိုပြန်လည်ထိန်းသိမ်းပါစေ ပြန်လည်တည်ဆောက်လို့က မရတော့ပြီ။

ဈေးနှုန်းများကိုမတန်မဆမြှင့်ပြီး မချေမငံဆက်ဆံခဲ့သည့်ကာလများမှာ ကျင့်ကြံသူတို့နှင့် သာမန်ပြည်သူတို့ကြားတွင် အတိတ်ဆိုးတစ်ခုဖြစ်ခဲ့ပြီး မည်မျှပင်ပြန်လည်ပြင်ဆင်ပါစေ အရောင်းအဝယ်နှုန်းမှာ သိသိသာသာပင် ထိုးကျနေဆဲဖြစ်လေ၏။

ဆေးဆိုင်များကို လုံးဝရပ်တန့်လိုက်ရခြင်းမရှိသေးသော်လည်း ဝယ်ယူနှုန်းမှာမူ ကြောက်စရာကောင်းလောက်အောင် ထိုးကျသွားခဲ့တာဖြစ်သည်။

ယန်မိသားစု၏ ဆေးအရောင်းအဝယ်နှုန်းမှာ ဖုန့်မိသားစု၏တန်ပြန်တိုက်ခိုက်မှုကို မကြုံရသေးချိန်နှင့်ယှဥ်လျှင် ၈၀ရာခိုင်နှုန်းအထိပင် လျော့ကျသွားခဲ့သည်။

ဖုန့်မိသားစု၏ တန်ပြန်တိုက်ခိုက်မှုကို သူတို့အမျိုးမျိုးကြိုတင်ခန့်မှန်းခဲ့ကြသော်လည်း အသာလွန်ဆုံးသောခန့်မှန်းချက်ထက်ပင် ကျော်လွန်သောအောင်မြင်မှုကို သူတို့အရယူနိုင်ခဲ့ကြ၏။

မနက်တိုင်းတွင် ဖုန့်မိသားစုဆေးဆိုင်များရှေ့တွင် အဆင့်၁နှင့်အဆင့်၂ဆေးလုံးများဝယ်ယူဖို့ အပြည့်အသိပ်စောင့်ဆိုင်းနေကြသောလူအုပ်ကြီးမှာ နေ့ခင်းအထိပင်လူစုမကွဲတတ်သေးပေ။

နေ့လည်ခင်းအရောက်တွင် အရောင်းစင်မြင့်များထက်မှ ဆေးပုလင်းအားလုံးလည်း ပြောင်သလင်းခါသွားပြီဖြစ်သဖြင့် နောက်ကျမှရောက်လာသူများမှာ အရည်အသွေးပိုင်းတွင် ဖုန့်မိသားစုကိုမမီလှသော ယန်မိသားစုဆေးဆိုင်မှ ဆေးလုံးဝယ်ရန် စိတ်ပျက်လက်ပျက်လှည့်ထွက်ရတော့လေသည်။

ယန်မိသားစုမှာ ဈေးကွက်ထဲတွင် ဆက်လက်ရပ်တည်နိုင်ရန်ကိုပင် မနည်းခြေကုပ်ယူနေရသည့် အခြေအနေပင်။

*************

"ဘာတွေဆက်ဖြစ်ဦးမလဲမသိသေးဘူး စောင့်ကြည့်တာပိုကောင်းမယ်"

အထက်တန်းဂိုဏ်းတစ်ခုမှ အကြီးအကဲတစ်ဦးသည် ဖုန့်မိသားစုနှင့် ယန်မိသားစုတို့ စီးပွား‌ရေးစစ်တလင်းခင်းနေကြပုံကို အကဲခတ်ရင်း ခပ်တိုးတိုးရေရွတ်လိုက်၏။

အခြားမိသားစုများမှာလည်း ဘယ်မိသားစုနှင့် မဟာမိတ်ဖွဲ့ရမည်ကို ကွဲကွဲပြားပြားမဆုံးဖြတ်နိုင်သေးသည့်အတွက် ဆက်လက်ဆင်ခြင်စဥ်းစားရုံသာ တတ်နိုင်လေသည်။

မသေချာမရေရာသောမှုများစွာ ရှိနေသေးသည့်အတွက် ဘက်ရွေးမှုမှားယွင်းသွားလျှင် ပြဿနာကိုမီးထွန်းရှာသည်နှင့် သိပ်မကွာလှချေ။

ရလဒ်တစ်ခုတည်းအပေါ် လောင်းကြေးထပ်ရန်လည်း မဝံ့ရဲကြသေးသလို သူတို့၏လက်ရှိအနေအထားလေးကို စွန့်စားပစ်လိုက်ဖို့ရန်လည်း အဆင်သင့်မဖြစ်လှသေးပေ။

တစ်ဖက်ဖက်ကို ပွင့်ပွင့်လင်းလင်းထောက်ခံလိုက်ဖို့ တွန့်ဆုတ်နေကြသေးသော်လည်း ဆေးလုံးအရည်အသွေးများကို သူတို့ကိုယ်တိုင်စမ်းသပ်စစ်ဆေးဖို့လိုသေးသည်။

"အမိန့်ချမှတ်တယ်" မိသားစုခေါင်းဆောင်တစ်ဦးမှ သူ့လက်ထောက်ထံလှည့်၍ညွှန်ကြားသည်။

"မိသားစုဝင်တွေကို ဖုန့်မိသားစုနဲ့ ယန်မိသားစုဆေးဆိုင်တွေဆီစေလွှတ်ပြီး အဆင့်၂ဆေးလုံးတွေဝယ်ခိုင်းလိုက်ကြ လူတန်းကြားမှာဝင်တန်းစီပြီးဝယ်ရမယ် ရွှေဒင်္ဂါးတစ်ထောင်ထက်မကျော်တဲ့ဆေးလုံးမှန်သမျှဝယ်ခဲ့လိုက်ကြ ဖုန့်မိသားစုဘက်ကို ပိုက်ဆံပိုယူသွားဖို့ မမေ့နဲ့"

ဖုန့်မိသားစုနှင့်ယန်မိသားစုမှရောင်းချသော ထိုအဆင့်၂ဆေးလုံးများသည် သူတို့အတွက်လည်းအကျိုးအမြတ်ဖြစ်စေသည်ပင်။ တစ်ဆင့်ဝယ်ယူပြီး အဆင့်၂ဆေးဆရာမရှိသောမြို့များတွင် ပြန်လည်ရောင်းချနိုင်လေ၏။

အခြားမိသားစုခေါင်းဆောင်များလည်း အလားတူအမိန့်များချမှတ်ပြီး အဆင့်၂ဆေးလုံးများကို ရသလောက်ဝယ်ယူဖို့ ကြိုးစားကြတော့သည်။

ဘက်လိုက်ရန် သေချာမရွေးချယ်ရသေးသော်လည်း အရည်အသွေးမြင့် အဆင့်၂ဆေးလုံးများကို ရနိုင်တုန်းအရယူထားသင့်ကြောင်းကိုတော့ သူတို့သဘောပေါက်ကြပေသည်။

ထို့အပြင် ရွှေဒင်္ဂါးတစ်ထောင်ပင်မပြည့်သောဈေးနှုန်းဖြင့် အဆင့်၂ဆေးလုံးတွေကို ဘယ်နှစ်ကြိမ်များတွေ့မြင်နိုင်မည်နည်း?

ယခင်က မြူခိုးချိုင့်ဝှမ်းမြို့တော်တွင် အဆင့်၂ဆေးဆရာတစ်ယောက်မျှမရှိသဖြင့် အဆင့်၂ဆေးလုံးလိုချင်လျှင် ပိုတိုးတက်သောမြို့ကြီးများထံသို့သွားရောက်ဝယ်ယူရပေသည်။ ဆိုလိုသည်မှာ ဆေးဖိုးတင်မက ခရီးစရိတ်ပင် ထပ်ကုန်ကျရ၏။

ခရီးစရိတ်ကလည်း မသက်သာသည့်အပြင် မြင်းရထားကို ဓားပြများ မကောင်းဆိုးဝါးများ ဝင်ရောက်တိုက်ခိုက်မည်စိုးရသေးသဖြင့် အကာအကွယ်ကြေးစားသမားများကိုလည်း ငှားရမ်းရသေးသည်။

အထွေထွေစရိတ်များကို တွက်ချက်လိုက်လျှင် ရွှေဒင်္ဂါး၂၀၀၀ သို့မဟုတ် ထိုထက်ပို၍ပင် ကုန်ကျနိုင်၏။

ထို့ကြောင့် ဖုန့်မိသားစုနှင့် ယန်မိသားစုမှ အပြိုင်အဆိုင်ဈေးနှုန်းလျှော့ချနေကြချိန်တွင် သူတို့အနေနှင့် သေချာပေါက်အခွင့်ကောင်းယူထားရမည်ဟု ဆုံးဖြတ်လိုက်ကြသည်။

ဆက်ပြီးမပြိုင်နိုင်တော့သည့် တစ်ဖက်ဖက်က ဈေးကွက်မှအရှုံးပေးနှုတ်ထွက်သွားချိန်တွင် ကျန်ခဲ့သည့်မိသားစုက ဈေးနှုန်းများရုတ်ချည်းမြှင့်တင်လိမ့်မည်ဟု အားလုံးကကြိုတင်တွက်ဆထားကြသည်။ ယန်မိသားစု၏လုပ်ရပ်ကား သာဓကပင်။

ထို့ကြောင့် ဆေးလုံးဈေးနှုန်းအပြိုင်လျှော့ချခြင်းဖြင့် တိုက်ပွဲပြင်းထန်နေချိန်တွင် သူတို့ဘက်က အဆင့်၂ဆေးလုံးများကို တတ်နိုင်သလောက်များများ ပုံအောဝယ်ထားရမည်ဖြစ်သည်။

ယန်မိသားစုမှာ အဆင့်၂ဆေးဆရာတစ်ဦးရှိနေခြင်းကြောင့် များမကြာမီကပင် မိသားစုအတော်များများက ယန်မိသားစုနှင့်ပူးပေါင်းဖို့ ဆန္ဒရှိခဲ့ကြသော်လည်း ဖုန့်မိသားစုကတစ်ဖန် အဆင့်၂ဆေးဆရာတစ်ဦးကို ခေါ်ထုတ်လာနိုင်ပြန်လေသည်။

ဤသို့ဖြင့် မိသားစုများမှာ ယန်မိသားစုကိုရော ဖုန့်မိသားစုကိုပါ လျှော့မတွက်ရဲတော့ပဲ ဝေဝေဝါးဝါးဖြင့်သာ ပွဲကိုဆက်လက်စောင့်ကြည့်နေရပါတော့၏။

ထိုင်ကြည့်နေရတော့မည့်အတူတူ ပြိုင်ဘက်နှစ်ဖွဲ့ကြားတွင် ကြားနေလုပ်ရင်း အကျိုးအမြတ်ထုတ်ဖို့အစီအစဥ်ကို အားလုံးလိုလို စတင်ကြတော့လေသည်။

***********

ဖုန့်အိမ်တော်ခန်းမကြီးတွင် ဖုန့်ချန်းသည် တည်ငြိမ်သောအသွင်အပြင်ဖြင့်ထိုင်နေပြီး အကြီးအကဲများ၏ကိုယ်စီတင်ပြချက်များကို နားထောင်လျက်ရှိ၏။

ခန်းမတွင်းရှိလူတိုင်း၏မျက်နှာထက်တွင် အပြုံးကိုယ်စီချိတ်ဆွဲထားပြီး လေထုမှာလည်း လှုပ်ရှားသက်ဝင်လို့နေပေသည်။ ဆေးဆိုင်များ၏ ထိုးတက်လာသောဝယ်လိုအားကြောင့် သူတို့ကံတရားမှာလည်း ပြောင်းပြန်လှန်လိုက်သလို အကောင်းဘက်ရောက်သွားပြန်ခဲ့လေ၏။

"ကျုပ်တို့ရဲ့ အဆင့်၂ဆေးလုံးသစ်တွေက ဒီလောက်ရောင်းအားကောင်းလိမ့်မယ်လို့ ဘယ်သူကများကြိုတွေးမိကြမှာလဲဗျာ"

အကြီးအကဲဖုန့်ပေါင်က စိတ်လှုပ်ရှားတက်ကြွနေသော မျက်လုံးများဖြင့် ပြုံးရွှင်စွာပြောကြားလာ၏။

"ဖုန့်ယွင်သာ ‌နောက်ထပ်ဆေးလုံးတွေကို အမြန်မ‌ဖော်စပ်နိုင်ခဲ့ရင် လုပ်ထားပြီးသမျှတွေ ရက်ပိုင်းအတွင်းရောင်းကုန်သွားလောက်တယ်"

"ဟုတ်တာပေါ့ ယွင်အာကမိသားစုအတွက် အတော်ကိုအကျိုးပြုခဲ့တာပဲ"

အကြီးအကဲဝေ့မှ ရွှင်မြူးနေသောလေသံဖြင့် လိုက်ပါထောက်ခံသည်။

"ကျုပ်တို့ဈေးတန်းကြီး ဒီလောက်အလုပ်ရှုပ်နေတာမျိုး အရင်ကတစ်ခါမှမမြင်ခဲ့ဖူးပေါင်ဗျာ အရင်နေ့တွေကနစ်နာခဲ့ရတဲ့အပေါက်အပြဲအားလုံးကိုလည်း ပြန်လည်ဖာထေးနိုင်ခဲ့ပြီးပြီ ဒါတင်မက ရက်နည်းနည်းလောက်အတွင်းရတဲ့အမြတ်က အရင်ကလနဲ့ချီတဲ့အမြတ်ငွေကိုတောင် မီလာပြီ"

ဖုန့်ချန်းက ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်နေသည်။ မိသားစုဝင်များစိတ်လှုပ်ရှားနေပုံကိုကြည့်ရင်း အပြုံးရေး‌ရေးသည် နှုတ်ခမ်းထက်ပေါ်လွင်လာ၏။

"လိုအပ်တဲ့ဆေးအမယ်တွေကို ရက်ပိုင်းအတွက်လိုက်ရှာလို့ရခဲ့တာ အတော်ကံကောင်းတာပဲ"

ဖုန့်ချန်းတစ်ယောက် စဥ်းစားခန်းဝင်နေရင်း သတိရှိစွာပြောကြားလာသည်။

"ဒါပေမယ့် ဆေးအမယ်တွေကိုဘယ်ကရလဲဆိုတာ ပေါက်ကြားသွားလို့မဖြစ်ဘူး သူတို့သိသွားရင် ဈေးတင်မှာမျိုး ‌ရောင်းမပေးတော့မှာမျိုး ပူရတယ်"

ဖုန့်ချန်း၏ ပညာသားပါသောသတိပေးချက်ကို ဂရုတစိုက်နားထောင်ရင်း အကြီးအကဲများခေါင်းညိတ်လိုက်ကြ၏။

လောလောဆယ်တွင် အသုံးများသောတစ်ချို့ဆေးအမယ်များမှအပ ဖုန့်ယွင်သုံးသော အဆင့်၂ဆေးအမယ်အချို့မှာ ပုံမှန်သုံးနေကျများထက်ဈေးနည်းကြလေသည်။

"ဟုတ်တယ် ဖုန့်ယွင်သုံးတဲ့ဆေးစပ်နည်းက အတော်လေးဟန်ကျတာပဲ ဆေးအမယ်တွေကအရည်အသွေးပိုကောင်းပြီး ပိုပြီးတော့လည်းဈေးပေါသေးတယ်"

အကြီးအကဲရှုမှ ချီးကျူးလာသည်။

ဆေးလုံးဈေးနှုန်းများကိုလျှော့ချထားသော်လည်း အမြတ်အစွန်းများများရနေခြင်းမှာ ထိုဆေးအမယ်များကြောင့်လည်းဖြစ်၏။

"ဟားဟား ဟိုငတုံးကောင်တွေက ငါတို့ကိုလိုက်ပြိုင်ပြီး ဈေးတွေလိုက်လျှော့နေကြတာ ငါတို့ဆေးလုံးထုတ်လုပ်နည်းက ဈေးသိပ်သက်သာတာကို ဘယ်သိကြမတုန်း ဒီကောင်တွေတော့ အကြွေးနွံနစ်တော့မှာပဲ"

အကြီးအကဲဝေ့မှ အားရစွာကြွေးကြော်လိုက်သည်။

ဖုန့်မိသားစုကိုအမီလိုက်နိုင်ရန် ယန်မိသားစုမှာ‌ လျှော့ဈေးများလိုက်ချထားရသော်လည်း နှစ်ဖက်လုံးဈေးအတူတူရောင်းလျှင်ပင် ယန်မိသားစုဘက်မှသာ ခွက်ခွက်လန်ရှုံရမည်ဖြစ်၏။

နံပါတ်တစ်ကွာခြားချက်သည် ဆေးအမယ်များ၏ဈေးနှုန်းဖြစ်သည်။

နံပါတ်နှစ်ကွာခြားချက်မှာ ဆေးလုံးဖော်စပ်သန့်စင်ခြင်း၏ အောင်မြင်မှုနှုန်းပင်။

သိမ်မွေ့အေးခဲမီးတောက်၏အကူအညီဖြင့် ဆေးလုံးဖော်စပ်ခြင်းမှာ ဖုန့်ယွင်အဖို့ လွန်စွာမှလွယ်ကူလာတော့၏။ ထုတ်လုပ်မှုအရေအတွက်မြင့်မားရုံသာမက အရည်အသွေးမှာလည်း ထိပ်တန်းပင်။

"ဒင်းတို့က ငါတို့ကိုလျှော့တွက်ထားတာကိုး"

"ဖုန့်ယွင်ကိုလျှော့တွက်ထားတာဆိုရင်ပိုမှန်မယ် ဟားဟားဟား"

"မင်းပြောတာဟုတ်တယ်ကွ ဟားဟားဟား"

ဖုန့်ချန်းသည် အကြီးအကဲများ၏ရွှင်လန်းသောအပြုံးများကို နှစ်ခြိုက်စွာ တစ်ချက်ဝေ့ကြည့်လိုက်သည်။

အဆင့်၂ဆေးဆရာတစ်ဦးပေါ်ထွက်လာခြင်းကြောင့် သူ့ဘက်မှပင်သိပ်လှုပ်စရာမလိုလိုက်ဘဲ ယန်မိသားစုပြဿနာကို ဖြေရှင်းလိုက်နိုင်လေပြီ။

သို့သော် ပေါ့ပြက်ပြက်နေရမည့်အချိန်မဟုတ်‌သေးပေ။

"ယန်မိသားစုက ကျွန်တော်တို့ကိုလျှော့တွက်ခဲ့တယ်ဆိုတိုင်း ကျွန်တော်တို့လည်း သူတို့ကိုလျှော့မတွက်သင့်သေးဘူး သူတို့တွေ အဆင့်၂ဆေးဆရာတစ်ယောက်ရဲ့အကူအညီကိုရနေတာက သတိထားစရာအချက်ပဲ"

ဖုန့်ချန်း၏ထောက်ပြချက်မှာ မှန်ကန်လှသောကြောင့် ခန်းမမှာတိတ်ဆိတ်သွားလျက်။

ဖုန့်ယွင်၏အကူအညီသာမရှိခဲ့လျှင် သူတို့မိသားစုမှာ ယန်မိသားစု၏ချေဖျက်ခြင်းကို အလူးအလဲခံခဲ့ရမည်မှာ အသေအချာပင်။

အကြီးအကဲဖုန့်ဝေ့မှ မျက်မှောင်တင်းတင်းကြုတ်ကာ ပြောလာ၏။

"ယန်မိသားစု အဆင့်၂ဆေးဆရာတစ်ယောက် ချက်ချင်းကောက်ရလိုက်တာ တကယ်သံသယဖြစ်စရာပဲ သူတို့မိသားစုဝင်မဟုတ်တာတော့သေချာတယ် ယန်မိသားစုဆေးဆရာတွေထဲမှာ အဆင့်မြင့်ဆုံးက အဆင့်၁ထိပ်ပိုင်းအထိပဲရှိတာ နေ့ချင်းညချင်းအဆင့်၂ဆေးဆရာဖြစ်သွားစရာအကြောင်းမရှိဘူး"

အကြီးအကဲရှုကလည်း သဘောတူကြောင်း ခေါင်းညိတ်၏။

"မှန်တယ် သူ့လက်ရှိပါရမီနဲ့ဆိုရင် အဆင့်တက်ဖို့ အဲ့လောက်ကြီးမမြန်နိုင်ဘူး တကယ်လို့ သူတို့မိသားစုဆေးဆရာထဲကမဟုတ်ရင် ဘယ်ကအဆင့်၂ဆေးဆရာများဖြစ်မလဲ"

ဖုန့်ချန်းသည် မျက်လုံးများကိုကျဥ်းမြောင်းလျက် စေ့စေ့စပ်စပ်တွေးကြည့်လိုက်သည်။

"ယန်မိသားစုဝင်မဟုတ်တဲ့တစ်ယောက်ယောက်ပဲဖြစ်ဖို့များတယ် အကြီးအကဲကျိုး မဟုတ်ရင် ဆန်းကြယ်မီးတောက်ဂိုဏ်းကတစ်ယောက်ယောက်ရဲ့စနက်ပဲဖြစ်မယ် သူတို့အနေအထားနဲ့ဆိုရင် အဆင့်၂ဆေးဆရာတွေနဲ့ အဆက်အသွယ်ရှိနိုင်တယ်"

အကြီးအကဲရှုမှာ နားထောင်ရင်း စိုးရိမ်လာပုံပေါ်၏။

"သေချာပေါက်ပဲ ဒီလိုလုပ်ရတဲ့အကြောင်းရင်းရော လုပ်နိုင်တဲ့အစွမ်းရောက သူတို့မှာပဲရှိတာ"

သူတို့၏ အင်အားကြီးရန်သူတော်ကြီးကို ယခုမှသတိရသွားကြဟန်ဖြင့် အကြီးအကဲများမှာ တစ်ဖန်ပြန်လည်လေးနက်လာကြတော့သည်။

"ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်က နိုးနိုးကြားကြားတော့ရှိနေရမယ် ယန်မိသားစုမှာ အပြင်အကူအညီတွေရှိနေတယ်ဆိုရင် ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်အင်အားရှိတယ် သူတို့ဘက်ကဘာနဲ့တိုက်ခိုက်လာလာ အသင့်ဖြစ်နေအောင် ကျွန်တော်တို့မနားတမ်းအားထုတ်ပြင်ဆင်ထားမှရတော့မယ်"

All Chapters