ဖုန့်မိသားစု၏လျှို့ဝှက်ချက် ပေါက်ကြားလေပြီ။
Vol. 3 Ch. 40
ယန်မိသားစုအစည်းအဝေးခန်းမတွင် လေထုအခြေအနေမှာ ပေါက်ကွဲတော့မည့်ဆဲဆဲကဲ့သို့ တင်းမာနေပြီး စုဝေးနေသောလူတိုင်း၏မျက်နှာထားများသည်လည်း မသာမယာဖြစ်လို့နေ၏။
ကြီးမားကျယ်ပြန့်သော မှိုင်းညို့ညို့စားပွဲရှည်ကြီး၏ထိပ်တွင် ယန်မိသားစုခေါင်းဆောင်ယန်ကျန်းသည် မည်းမှောင်ညိုမှိုင်းနေသောမျက်နှာထားဖြင့် ထိုင်လျက်ရှိသည်။
ဘေးတစ်ဖက်တစ်ချက်တွင် ယန်မိသားစုအကြီးအကဲများစုဝေးလျက်ရှိကြပြီး အာလုံး၏မျက်နှာထားမှာလည်း မကွဲပြားစွာ မှုန်ကုပ်ကုပ်ပင်။
အပြင်ဘက်တွင် သည်းထန်စွာရွာသွန်းနေသောမိုးသည် အခန်းတွင်းရှိကသိကအောက်အခြေအနေကို ပုံဖော်အားဖြည့်နေသကဲ့သို့ ထင်ရလေ၏။
-ဘန်း
ယန်ကျန်းမှာ သစ်သားစားပွဲကို လက်သီးဖြင့်တစ်ချက်ထုလိုက်ရာ တောင့်တင်းခိုင်မာသောသစ်သားမျက်နှာပြင်ပင် ဒေါသတကြီးပစ်ဝင်လာသောအားမာန်ကြောင့် ကျိုးပျက်သွားရသည်အထိ။
"ဒါတွေက ဘယ်လိုဖြစ်ရတာလဲကွ"
ဒေါသမီးများတောက်လောက်နေသော မျက်လုံးအစုံဖြင့် ယန်ကျန်းအော်ဟစ်လိုက်သည်။
"ဘာလို့အဲ့ဒီဖုန့်မိသားစုက အဆင့်၂ဆေးလုံးတွေကို အဲ့လောက်ဈေးနည်းနည်းလေးနဲ့ အကြာကြီးဆက်ရောင်းနေနိုင်ရတာလဲ အဓိပ္ပာယ်မရှိတာ"
အကြီးအကဲများသည် စိုးရိမ်ပူပန်နေသောမျက်လုံးများဖြင့် တစ်ယောက်မျက်နှာတစ်ယောက်သာ ကြည့်နေနိုင်လေ၏။ ယန်ကျန်းတစ်ယောက် ဒေါသအိုးပေါက်ကွဲနေပြီမှန်း အားလုံးခံစားမိပေသည်။
သူတို့ကိုယ်သူတို့ ဖုန့်မိသားစုကိုအပြတ်အသတ်လွှမ်းမိုးလိုက်နိုင်ပြီဟု ယုံကြည်ထားကြသော်လည်း မကြာခင်ကဖြစ်ပွားခဲ့သော တန်ပြန်ရိုက်ချက်ကား သင့်တော်သည့်ဖြေရှင်းနည်းကို ချက်ချင်းမစဥ်းစားနိုင်သည်အထိ ပြင်းထန်လှသည်။
"ခေါင်းဆောင် ဒီပြဿနာကိုတော့ တကယ်ပဲမစဥ်းစားတတ်တော့ပါဘူး ဗျူဟာသုံးတယ်ဆိုလည်း ဒီလောက်အကြာကြီးဆွဲထားနိုင်စရာအကြောင်းမရှိပါဘူး ခုတော့ သူတို့ဘက်က ဈေးနှုန်းမြှင့်မယ့်အရိပ်အယောင် တစ်ခုမှမတွေ့သေးပါဘူး ဒီတိုင်းသာဆက်သွားနေရင် ကျွန်တော်တို့မိသားစုတော့ မကြာခင်ကြွေးမြီထူထပ်လာပါတော့မယ်"
ဖုန့်မိသားစုအနေနဲ့ သိပ်မကြာခင်မှာပဲ နောက်ဆုတ်သွားလိမ့်မည်ဟု သူတို့တွက်ဆထားခဲ့တာဖြစ်သည်။ အပြိုင်အဆိုင်လျှော့နေကြသည့်ဈေးနှုန်းများကို တောင့်ခံပြီးဆက်ထားနေလျှင် သူတို့စီးပွားရေးလည်း အတော်အထိနာမည်ပင်။
သို့ပေမယ့် ခန့်မှန်းထားသည်နှင့် ဆန့်ကျင်ဘက်ကြီးဖြစ်နေလိမ့်မည်ဟု သူတို့ထင်မထားခဲ့ပါ။
ထိုဖုန့်မိသားစုသည် သူတို့ထက်ပင်နည်းသော ချိုသာသည့်ဈေးနှုန်းများဖြင့်သာ ဆက်လက်ရောင်းချလျက်ရှိပြီး ငွေရေးကြေးရေးထိခိုက်ပုံလည်း နည်းနည်းမှမပြပေ။ သူတို့ယန်မိသားစုမှာမူ အရှုံးခံထားရသည့်ငွေကြေးပမာဏများ သာ၍ပင်တိုးပွားလာလေပြီ။
"တွက်ချက်ကြည့်ထားသလောက်ဆိုရင်တော့ ဒီဈေးနှုန်းအတိုင်းဆက်ထားမယ်ဆိုရင် ကျွန်တော်တို့ဆက်ပြီးအရှုံးခံရဦးမှာပါပဲ ဒါတောင် သက်သက်ဖယ်ထားတဲ့ ထောက်ပံ့ငွေတွေရှိနေသေးလို့ ဒီလောက်တောင့်ခံနိုင်တာပါ ဒါပေမယ့် ဖုန့်မိသားစု ဘယ်လိုလုပ်ပြီး ကျွန်တော်တို့နဲ့အပြိုင်လိုက်ယှဥ်နေနိုင်တာပါလဲ ဘယ်လိုတွေးတွေး မဖြစ်နိုင်ပါဘူး"
အကြီးအကဲများ၏ သုံးသပ်ချက်များကိုနားထောင်ရင်း ယန်ကျန်း၏မျက်နှာမှာ ပို၍ပင်မည်းမှောင်လာတော့သည်။
တစ်နေ့ပြီးတစ်နေ့ ဆက်တိုက်အရှုံးခံနေရသည့် အခြေအနေတွင် သူတို့အတွက်တစ်ခုတည်းသောမျှော်လင့်ချက်မှာ ဖုန့်မိသားစုဘက်ကလက်လျှော့ပြီး ဆေးလုံးဈေးနှုန်းများပြန်တင်ရန်ပင်ဖြစ်၏။
သို့သော် ရက်ပေါင်းများစွာကုန်လွန်သာသည်အထိ ဖုန့်မိသားစုဆေးလုံးဈေးနှုန်းများမှာ တုတ်တုတ်ပင်မလှုပ်ချေ။ ဖုန့်မိသားစုမှာ သူတို့မိသားစုကဲ့သို့ ဆုံးရှုံးခြင်းမရှိလောက်ဟု ယန်ကျန်းတွက်ဆမိသည်။
"မဟုတ်မှလွဲရော ဖုန့်မိသားစုက ဆေးလုံးဖော်စပ်ရာမှာ ကျွန်တော်တို့ဆေးဖော်နည်းထက်ပိုသက်သာတဲ့နည်းလမ်းများ ရှာတွေ့ထားလို့လား"
"အဲ့လိုတွေးကြည့်ရရင် ဈေးပိုသက်သာတဲ့ဆေးအမယ်အမျိုးအစားတွေရှာတွေ့ထားပြီး ဆေးဖော်ရာမှာလည်း ပိုထိရောက်တဲ့နည်းကို အသုံးပြုနိုင်လို့ဖြစ်မယ်"
အကြီးအကဲများသည် ဖြစ်နိုင်ချေပေါင်းစုံကို ဆွေးနွေးသုံးသပ်နေကြ၏။
ဖုန့်မိသားစု၏အခြေအနေနှင့် သူတို့လိုတူညီသောဆုံးရှုံးမှုကို နေ့တိုင်းခံနေရလျှင် စီးပွားပျက်သွားသည်မှာ ကြာပေရော့မည်။
"မဖြစ်နိုင်တာတွေ"
အကြီးအကဲကျိုးထျန်းဟွာမှ စိတ်ဆိုးမာန်ဆိုးဖြင့် ကြားဖြတ်ပြောလာ၏။ ထိုခန့်မှန်းချက်များကား သူ့မာနကို တိုက်ရိုက်ထိခိုက်လာသည်လေ။
ဖုန့်မိသားစုလို ငမျောက်ငခြောက်အုပ်စုလေးမှာ သူ့ထက်ပိုသာသည့်ဆေးဆရာရှိနေနိုင်သည့်ခန့်မှန်းချေကို သူ့မာနက လက်မခံနိုင်ပါချေ။
"အကြီးအကဲကျိုးထျန်းဟွာပြောတာမှန်ပါတယ် သူတို့ဆေးဆရာက ဘယ့်နှယ့်လုပ် ကျုပ်တို့ဆေးဆရာထက်ပိုသာနိုင်မှာလဲ တကယ်သာတယ်ဆို အဆင့်၃ဆေးလုံးတွေ ထုတ်ရောင်းနေရောပေါ့"
ယန်ကျန်းမှာ လျင်မြန်စွာဝင်ဖျန်ဖြေလိုက်ရင်း အကြီးအကဲများထံသို့ အဓိပ္ပာယ်ပါပါဖြင့် တစ်ချက်လှမ်းကြည့်လိုက်၏။
ဆေးဆရာတို့၏ မာန်မာနကြီးမားပုံကို သူနားလည်သည်။ တစ်ဖက်ဆေးဆရာက ကိုယ့်ထက်သိသိသာသာပိုတော်နေပါစေဦး သူတို့၏မာနကိုတော့ ဘယ်တော့မျှလျှော့လိမ့်မည်မဟုတ်ပေ။
ထို့အပြင် ယန်ကျန်းပြောသလိုပင် ဖုန့်မိသားစုထံမှ အဆင့်၃ဆေးလုံးထွက်မလာခင်အထိ ဆေးဆရာများ၏အဆင့်နှင့် ကျွမ်းကျင်မှုကို ခွဲလို့မရနိုင်သေးပေ။
နောက်ပြီး သူ့အနေနှင့် ဖုန့်မိသားစု၏ ထိုလျှို့ဝှက်ဆေးဆရာအကြောင်း သတင်းရထားပြီးဖြစ်လေ၏။ သိပ်တော့ယုံချင်စရာမကောင်းလှပေ။
"အဟမ်း အားလုံးပဲနားထောင်ပါ အကုန်အကျတော်တော်ခံပြီး စစ်စစ်ပေါက်ပေါက်စုံစမ်းထားတဲ့အတွက် ဖုန့်မိသားစုအဆင့်၂ဆေးဆရာရဲ့သရုပ်မှန်ကို ကျုပ်သတင်းရထားပြီးပါပြီ"
ယန်ကျန်းကြေငြာလိုက်သည်။
"ဘာရယ်"
"တကယ်ကြီးလား"
"ဘယ်သူတဲ့လဲ"
ပြိုင်ဘက်ဖြစ်သူကို အတိအကျသိရတော့မည်ဖြစ်သည့် အရေးကြီးသတင်းစကားကြောင့် အကြီးအကဲများအားလုံးမှာ ခေါင်းမော့လို့လာကြလေသည်။
ယန်ကျန်းသည် အဖြေမပြောမီ ခဏမျှစဥ်းစားနေလိုက်သေးသည်။ ရလာတဲ့သတင်းကို သူကိုယ်တိုင်လည်း သိပ်ယုံချင်သေးတာမဟုတ်ပေ။
"အဲ့ဆေးဆရာက ဖုန့်ယွင်ပဲ"
ယန်အိမ်တော်အစည်းအဝေးခန်းမတစ်ခုလုံးမှာ အံ့သြတုန်လှုပ်စွာဖြင့် ငြိမ်ကျသွားတော့၏။ အကြီးအကဲများမှာ စိတ်ရှုပ်ထွေးကာ အံ့အားသင့်နေသော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ခုလေးတင်ကြားလိုက်ရသောစကားကို အပြည့်အဝနားလည်ဖို့ ခွဲခြမ်းစိတ်ဖြာနေကြပုံပင်။
"ဟမ်"
"ဒါကြီးက"
ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ခေါင်းထဲမှာမေးခွန်းကိုယ်စီနှင့် အကြီးအကဲများ တိတ်ဆိတ်သွားကြတော့သည်။ ဖုန့်ယွင်တစ်ယောက် အဆင့်၂ဆေးဆရာဖြစ်သွားလိမ့်မည်ဟု သူတို့မှာ ယောင်၍ပင်အိပ်မက်မမက်ဖူးခဲ့ပါ။
"ဖုန့်ယွင်ဟုတ်လား အဲ့တစ်ယောက်က လင်းမေယုနဲ့စေ့စပ်ဖူးတဲ့ ဖုန့်ချန်းရဲ့ အမှိုက်ကောင်ညီ မဟုတ်လား"
အကြီးအကဲကျိုးထျန်းဟွာမှ မေးလာည်။
ဖုန့်မိသားစုအကြောင်းကို သူစိတ်မဝင်စားသော်လည်း ဖုန့်ယွင်ကိုတော့ သူသိလေသည်။
ဆန်းကြယ်မီးတောက်ဂိုဏ်းမှ သူ့ညီလေး အရှက်ခွဲခံခဲ့ရသည့် အဓိကအကြောင်းရင်းမှာ လင်းမေယုဆိုသည့်မိန်းကလေးက ဖုန့်ယွင်နှင့်စေ့စပ်ပွဲကိုဖျက်သိမ်းချင်၍ ဖုန့်မိသားစုထံ သွားရောက်ခဲ့ခြင်းကြောင့်ဖြစ်သည်။
"ဟုတ်တယ် အဲ့ကောင်ပဲ"
အကြီးအကဲကျိုးမှ အံကြိတ်သံဖြင့်ဖြေလာ၏။
(အဲ့လိုအမှိုက်ကောင်က ဘယ်လိုလုပ် အဆင့်၂ဆေးဆရာဖြစ်နိုင်မှာလဲ မဟုတ်တရုတ်တွေ)
"ခေါင်းဆောင်ယန် ဖုန့်ယွင်က ဖုန့်မိသားစုရဲ့အဆင့်၂ဆေးဆရာဆိုတာ ခင်ဗျားဘက်ကသေချာရဲ့လား"
အကြီးအကဲကျိုးမှမေးလိုက်သည်။ အမှိုက်ကောင်ဟု ဝိုင်းဝန်းသမုတ်ခံရသည့်အပြင် မိန်းကလေးဘက်မှကွာရှင်းစွန့်ပစ်ခြင်းကိုတောင်ခံခဲ့ရသည့် ထိုသူငယ်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို အနိုင်ပိုင်းနိုင်ခဲ့သည့် ပါရမီရှင်ဖြစ်နေရုံသာမက အဆင့်၂ဆေးဆရာပါ ဖြစ်နေသေးသည်တဲ့လား? လက်ခံရခက်ခဲလွန်းလှသည့်အချက်ပင်။
ယန်ကျန်းလည်း အောင့်သက်သက်ဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။ အံကြိတ်ထားသည်မှာပင် မေးရိုးတစ်ခုလုံးပင် ထင်းထွက်နေပေပြီ။
"သတင်းကသေချာပါတယ်အကြီးအကဲကျိုး ကျုပ်တို့အတွက်လည်း ယုံဖို့ခက်ခဲတာပါပဲ ဒါပေမယ့် စုံစမ်းလို့ရလာတဲ့အချက်အလက်တွေကိုတိုက်ကြည့်လိုက်ရင် ဖုန့်ယွင်ကအဖြစ်နိုင်ဆုံးပါပဲ"
"မဖြစ်နိုင်ပါဘူးကွာ အဲ့ကောင်လေးက၁၆နှစ်ပဲရှိသေးတာမလား ဘယ်လိုလုပ်ပြီး အဆင့်၂ဆေးဆရာဖြစ်လာနိုင်မှာလဲ တစ်စက်မှကိုအဓိပ္ပာယ်မရှိတာ"
အကြီးအကဲကျိုးကဆက်ပြောသည်။ "ဒီလိုဉာဏ်ကြီးရှင်မျိုးဆိုတာရှားပါးလွန်းလို့ ကျုပ်တို့ဂိုဏ်းတောင်မှ တော်တော်လေးရှာဖွေစုဆောင်းနေရတာမျိုး ဒါကြီးကတော့..."
အကြီးအကဲကျိုးမှာ ဘယ်လိုပင်ဦးနှောက်ခြောက်အောင်စဥ်းစားစဥ်းစား နားမလည်နိုင်သေးပါချေ။
ထိုကဲ့သို့သောပါရမီမျိုးဖြင့်ဆိုလျှင် လက်ရှိ မိုးပြာကောင်းကင်အင်ပါယာ၏ ထိပ်သီးဆေးဆရာဖြစ်သော အဆင့်ခြောက်ဆေးဆရာကိုပင် ကျော်တက်နိုင်စွမ်းရှိပေမည်။
အဆင့်ခြောက်ဆေးဆရာဟူသော ထိုပုဂ္ဂိုလ်သည်ပင်လျှင် ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် တော်ဝင်မိသားစု၏ လေးစားရိုသေမှုကို အပိုင်စားရထားခြင်းဖြစ်သည်။
"အဲ့ဒါကိုထားပါဦး အခုစိုးရိမ်ရမှာက အဲ့ဖုန့်ယွင်မှာ အဆင့်မြင့်ဆေးဆရာ ဆရာသခင်တစ်ယောက်ယောက်ရှိနေမှာကိုပဲ သူတို့ဘက်မှာ အဲ့လိုစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်ရှိနေရင် ပြဿနာကပိုကြီးပြီ"
အကြီးအကဲလော်မှ စိုးရိမ်တကြီးဝင်ပြော၏။
ဖုန်ယွင်သာ အဆင့်၃ ဒါမှမဟုတ် ၄လောက်ရှိသော ဆေးဆရာတစ်ဦးဦးကို ဆရာသခင်အဖြစ်ရထားပြီး ထိုသို့သောပုဂ္ဂိုလ်မျိုးကိုစော်ကားမိလျှင် ဖြစ်လာမည့်အကျိုးဆက်ကို သူတို့ခံနိုင်စွမ်းမရှိပါချေ။
ဘယ်လိုပဲတွေးတွေး ဖုန့်မိသားစုက အပြင်အကူအညီရနိုင်စရာအကြောင်းမရှိဘူး ဖုန့်ယွင်မှာဆရာသခင်တကယ်ရှိတယ်ဆိုရင်တောင် လောလောဆယ်တော့ဒီမှာရှိမနေနိုင်ဘူး ဖုန့်ယွင်ကဆေးပညာကို သူ့ဘာသာသင်ယူခဲ့တာလည်း ဖြစ်နိုင်တာပဲ"
ယန်ကျန်းမှခန့်မှန်းကြည့်နေသည်။
ထိုသို့ပြောလိုက်တော့မှ အကြီးအကဲတို့၏မျက်နှာထားမှာ အနည်းငယ်စိတ်ချလက်ချဖြစ်သွားသယောင်။
"ဘာပဲဖြစ်ဖြစ် ကျုပ်တို့ဘက်ကနှောင့်နှေးနေလို့မဖြစ်တော့ဘူး ဖုန့်မိသားစုကို ဒီ့ထက်ပိုပြီး နယ်ချဲ့ခွင့်မပေးနိုင်ဘူး ဖုန့်ယွင်ဒီ့ထက်ပိုပြီး အင်အားကြီးမလာခင် မြန်မြန်ရှင်းထုတ်ရမယ်"
အကြီးအကဲကျိုး၏စကားလုံးများမှာ ဦးတည်ချက်ခိုင်မာပြီး အားပြင်းလှ၏။
(ပြဿနာပိုကြီးမလာခင် မြန်မြန်အမြစ်ဖြတ်ပစ်တာအကောင်းဆုံးပဲ)
ဖုန့်မိသားစုနှင့်ထိပ်တိုက်ရင်ဆိုင်ဖို့မှာ မလွှဲသာမရှောင်သာအခြေအနေ ဖြစ်လို့နေပေပြီ။
တော်ဝင်မိသားစုထံမှ အပြစ်ပေးခံရနိုင်သည်ဆိုလျှင်တောင် သူ့အတွက်လက်စားချေနိုင်မည်ဆိုပါက စွန့်စားရတာတန်သည်ဟုဆိုနိုင်သည်။ သူ့ဘက်မှလည်း ဘယ်လိုအကျိုးဆက်ပဲလာလာ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားရပေမည်။
ထို့အပြင် ဖုန့်ယွင်၏အစွမ်းအစက သူ့ကိုတုန်လှုပ်စေသည်။ ဤကဲ့သို့သောလူမျိုးကို လွှတ်ထားပေးလိုက်ပါက နောင်တစ်ချိန်တွင် မည်မျှထိပြဿနာတက်လေမည်နည်း သူတွေးပင်မတွေးရဲပါ။
"အကြီးအကဲကျိုးရော တစ်ခုခုစဥ်းစားမိတာများရှိသလား"
အကြီးအကဲကျိုး၏အမူအရာပြောင်းလဲမှုကို ယန်ကျန်းသတိထားလိုက်မိသဖြင့် လှမ်းမေးလိုက်၏။
"ရှိပါတယ် အစ်ကိုကြီး သူတို့ကိုပြလိုက်တော့"
အကြီးအကဲကျိုးမှ ပြောလိုက်သည်။
အကြီးအကဲကျိုးထျန်းဟွာသည် ခေါင်းတစ်ချက်ဆတ်ပြလိုက်ပြီး အနုစိတ်ခြယ်မှုန်းအလှဆင်ထားသော သစ်သားသေတ္တာငယ်လေးတစ်လုံးကို သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်တော့သည်။
ထိုသေတ္တာလေးကိုဖွင့်လိုက်သော် ဖျော့တော့တော့ရွှေရောင်အလင်းများဖြာထွက်လာပြီး ခန်းမတွင်းရှိလူတိုင်း၏အကြည့်ကို ဆွဲဆောင်လိုက်တော့၏။
"ဒါကျုပ်တို့ရဲ့ အစီအစဥ်ပါပဲ" သေတ္တာတွင်းမှ ပုလင်းငယ်လေးတစ်လုံးကိုထုတ်ပြပြီး အကြီးကဲကျိုးထျန်းဟွာပြောလိုက်သည်။
"ဒါကို စွမ်းအားတိုးဆေးလုံးလို့ခေါ်ပါတယ် လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို ယာယီအားဖြင့် နောက်တစ်ဆင့်တိုးပေးထားနိုင်တဲ့ ထိပ်တန်းအဆင့်၂ဆေးလုံးအမျိုးအစားပါ ဒါပေမယ့် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကိုမရောက်သေးတဲ့ ကျင့်ကြံသူအတွက်သာ အသုံးဝင်ပါတယ်။
ယန်ကျန်း၏မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ တလက်လက်တောက်ပလာသည်။
"ဒီဆေးလုံးကို နည်းလမ်းကျကျအသုံးပြုမယ်ဆိုရင် ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူတွေကို ဓာတ်ကြီးသုံးပါးနတ်အဆင့်ထိရောက်အောင် တိုးပေးနိုင်တယ် အကြီးအကဲကျိုးထျန်းဟွာရဲ့ဓာတ်ကြီးသုံးပါးနတ်အဆင့်နဲ့ ကျုပ်တို့ရဲ့တိုးမြင့်လာတဲ့အင်အားတွေကိုပေါင်းလိုက်မယ်ဆိုရင် ဖုန့်မိသားစုဘက်က တောင့်ခံနိုင်စရာအကြောင်းမရှိဘူး"
အကြီးအကဲကျိုးထျန်းဟွာမှ ခေါင်းညိတ်လိုက်သည်။ သူ့အကြည့်မှာ တည်ငြိမ်နေသည်။
"ဟုတ်တာပေါ့ ဒီဆေးလုံးတွေကအစွမ်းထက်သလို ကိုယ့်ဘက်ကပြန်ပေးဆပ်ရမှာလည်း နည်းနည်းပြင်းထန်တယ် အသုံးပြုသူအတွက် သက်ရောက်မှုပြင်းအားကြီးသလို အစွမ်းပျယ်သွားချိန်မှာ ကျင့်ကြံဆင့်ယာယီကျသွားတာမျိုးလည်း ရှိတတ်တယ် ဒါပေမယ့် အရေးပေါ်တိုက်ပွဲတွေမှာဆိုရင် အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်တဲ့ ဆေးလုံးတွေပဲ"
ဘေးထွက်ဆိုးကျိုးရှိသော်လည်း ဖုန့်မိသားစုကိုဖြုတ်ချနိုင်သရွေ့ သူတို့နည်းနည်းမှတွန့်ဆုတ်နေမည်မဟုတ်ပါ။
"နောက်ပြီး ကျောက်မိသားစုနဲ့ လျိုမိသားစုကိုပါ လာပေါင်းခိုင်းလိုက် ရန်သူကိုအထင်သေးမိလို့ ရှုံးနိမ့်သွားရမယ့်အဖြစ်မျိုး ထပ်မလိုချင်တော့ဘူး"
အကြီးအကဲကျိုးမှ ညွှန်ကြားလိုက်သည်။
ယန်ကျန်းသည် ကောက်ကျစ်စွာပြုံးလိုက်ပြီး တုံ့ပြန်လိုက်သည်။
"သေချာပေါက်ပေါ့"