ကောင်မလေးနဲ့ ချိန်းတွေ့တဲ့နေ့ (ဟိဟိ)
Vol. 3 Ch. 41
"နောက်ဆုံးတော့ငါ့အစ်ကိုကြီးလည်း အသိတရားလေးဝင်လာပြီပဲ"
ဖုန့်ယွင်ရေရွတ်လိုက်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်တွင် အဆင့်၂ဆေးလုံးများ မနားတမ်းဖော်စပ်သန့်စင်ရန် သူ့မှာ အပြင်းအထန်တွန်းအားပေးခံခဲ့ရလေ၏။
ဖုန့်ယွင်ကိုယ်တိုင်လည်း အပြင်ပန်းမှာ တတွတ်တွတ်ညည်းညူအထွန့်တက်နေပေမယ့် ဒီလိုပါဝင်ကူညီခွင့်ရတာကို သူအမှန်တကယ်စိတ်ချမ်းသာမိပါသည်။ အစ်ကိုကြီးမှာ မိသားစုတစ်ခုလုံး၏တာဝန်ကို နှစ်ပေါင်းများစွာ မနားမနေထမ်းရွက်ခဲ့ရသည်လေ။
မည်သို့ပင်ဆိုစေ သူ့ပိုက်ဆံသူရှာနိုင်ပြီး သုံးနိုင်ဖြုန်းနိုင်လာချိန်မှာ ဤသို့ရှားရှားပါးပါးရလာသည့်ပိတ်ရက်လေးကိုလည်း နှစ်ခြိုက်လှပါ၏။
ဆေးလုံးဖော်စပ်ခြင်းလုပ်ငန်းမှ ဖုန့်ယွင်အတွက်ပိုက်ဆံအတော်များများဝင်လာသည်လေ။ အစ်ကိုကြီးက သူဖော်စပ်သောဆေးလုံးများမှရသော အမြတ်အစွန်း ၅၀ရာခိုင်နှုန်းကို သူ့အတွက်သက်သက်ခွဲပေးခဲ့လေသည်။
အစပိုင်းတွင် ဖုန့်ယွင်ငြင်းဆန်ခဲ့ပါသည်။ ဖုန့်မိသားစုဝင်တစ်ဦးအနေနှင့် ကိုယ်တတ်သမျှပညာဖြင့် ကူညီပါဝင်ပေးရမည်မှာ တာဝန်တစ်ရပ်ဖြစ်သည်ဟု သူတွေးခဲ့သောကြောင့်ဖြစ်သည်။ သို့သော် အကြီးအကဲများကပါ သူ့အနေနှင့် လုပ်အားခကောင်းကောင်းရဖို့ထိုက်တန်သည်ဟု ဝင်ပြောလာကြသဖြင့် လက်ခံလိုက်ရတော့၏။
ဖုန့်ယွင်ဆေးလုံများ၏ပေါက်ရောက်မှုကြောင့် မိသားစု၏ အခြားစီးပွားရေးနယ်ပယ်များတွင်ပါ အမြတ်အစွန်းပိုရလာသေးသည်ဟု ဖုန့်ချန်းကပြောလာသဖြင့် ဖုန့်ယွင်လည်း ဆက်ပြီးတွ့န်ဆုတ်မနေတော့ပါချေ။
ယခု သူ့သိုလှောင်လက်စွပ်ထဲတွင် ရွှေဒင်္ဂါးငါးသောင်းအထိ စုမိနေပြီဖြစ်၏။
ထိုပမာဏသည် ဒုတိယအဆင့်ဂိုဏ်းတစ်ခု၏ တစ်နှစ်ဝင်ငွေပမာဏထက်ပင် သာလွန်သေးသည်။ ဆေးဆရာတစ်ယောက်ဖြစ်ဖို့ဆိုသည်မှာ ခက်ခဲလှသော်ငြား အကျိုးအမြတ်သည်လည်း အားထုတ်မှုနှင့်ထိုက်တန်လှပေသည်။
"အစ်ကိုယွင် အလုပ်တွေအရမ်းကြိုးစားထားတာပဲ"
ဖုန့်မေသည် ဖုန့်ယွင်၏လက်မောင်းကိုချိတ်တွဲရင်း တခစ်ခစ်ရယ်လျက်မြှောက်ပင့်လာသည်။
ဒီနေ့တွင် ဖုန့်မေမှာ အထူးတလည်ပျော်ရွှင်နေပုံရလေ၏။ ဖုန့်ယွင်တစ်ယောက် နေမအားညမအားအလုပ်ကြိုးစားနေရသောကြောင့် သူမသွားရောက်မနှောက်ယှက်ရသည်မှာ ရက်တော်တော်ကြာပင်ရှိနေလေပြီ။
အစ်ကိုယွင်သည် မိသားစုအတွက်အရေးကြီးကဏ္ဍတစ်ခုအဖြစ် ပါဝင်နေချိန်ဖြစ်သည့်အတွက် စိတ်အနှောင့်အယှက်မဖြစ်စေလိုသောကြောင့် အလွန်အမင်းလွမ်းဆွတ်လှသော်ငြား ထိန်းချုပ်ထားခဲ့ရခြင်းပင်။
"နောက်ဆုံးတော့ အစ်ကို ညီမလက်ထဲပြန်ရောက်လာပြီပေါ့၊ ဒီနေ့မှာ လွယ်လွယ်နဲ့ အလွတ်မပေးဘူးနော်" ဖုန့်မေက ညစ်ကျယ်ကျယ်ပြုံးရင်း စနောက်လာသည်။ ဖုန့်ယွင်၏လက်မောင်းကိုတွယ်ကပ်ထားသည်မှာလည်း ပက်ကျိလေးတစ်ကောင်အလား။
ဖုန့်ယွင်လည်း ခပ်သာသာရယ်မောလိုက်မိ၏။ နွေးထွေးကြင်နာသောအပြုံးမှာ မျက်နှာချောချောထက်တွင် လွှမ်းခြုံထားလျက်။
မြူခိုးချိုင့်ဝှမ်းမြို့တော်၏ ရှုပ်ထွေးစည်ကားလှသော လမ်းကြားများတစ်လျှောက် နှစ်ဦးသားအတူလျှောက်သွားကြရင်း သက်ဝင်လှုပ်ရှားနေသောပတ်ဝန်းကျင်နှင့်အတူ သူတို့နှစ်ဦး၏စိတ်နှလုံးများသည်လည်း ကြည်နူးရွှင်လန်းလို့နေသည်။
ဈေးတန်းတစ်လျှောက်လုံးတွင် အရောင်အသွေးစုံလင်လှသော အရောင်းစင်မြင့်များဖြင့် ပြည့်နှက်လို့နေပြီး နာမည်ပင်မကြားဖူးနိုင်သော ဟင်းခတ်အမွှေးအကြိုင်ထူးထူးဆန်းဆန်းများကအစ ပိုးထည်အကောင်းစားများအထိ အစုံအလင်တွေ့ရှိနိုင်သည်။ ဈေးတန်းတစ်လျှောက်တွင် ကြော်လှော်ချက်ပြုတ်နေကြသော လမ်းဘေးအစားအစာများ၏ရနံ့သည်လည်း မွှေးကြိုင်သင်းပျံ့ကာ အနံ့ရရုံမျှဖြင့် ဝမ်းဗိုက်ကိုဂလုံဂလွမ်မြည်လာစေသည်အထိ။
ဖုန့်မေသည် စူးစမ်းလိုစိတ်အပြည့်ဖြင့် အရောင်းစင်မြင့်များကိုလှည့်လည်ကြည့်ရှုရင်း ကျေနပ်လို့နေ၏။
ဖုန့်ယွင်သည်လည်း ပျော်ရွှင်တက်ကြွနေသောကလေးမလေးကိုကြည့်ရင်း မပြုံးမိဘဲမနေနိုင်တော့ပါ။ ဖုန့်မေ၏ဘေးနားတွင်ရှိရုံဖြင့် သူ့စိတ်နှလုံးမှာ ပီတိတို့ဖြင့်ချိုမြိန်လျက်ရှိတတ်သည်။
ကျောက်မျက်ရတနာဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားသခိုက်တွင် ဆိုင်ရှေ့မှာ ဦးစားပေးချိတ်ဆွဲပြသထားသော လည်ဆွဲလှလှလေးတစ်ကုံးကို ဖုန့်ယွင်သတိပြုလိုက်မိသည်။
သေးငယ်သောကျောက်စိမ်းရတနာလေးများကို အသေးစိတ်လှလှပပထွင်းထုထားသည့် ကျောက်စိမ်းဆွဲသီးလေးမှာ သိမ်မွေ့နူးညံ့လှသောခံစားချက်တစ်မျိုးဖြင့် နေရောင်အောက်တွင် တစ်လက်လက်တောက်ပနေမည့်ပုံပင်။ လက်ရာမြောက်လက်မှုပညာတစ်ခုဖြစ်ကာ ဖုန့်ယွင်၏အာရုံကို အမိအရဖမ်းစားလိုက်နိုင်လေသည်။
ဖုန့်ယွင်လည်း ဖုန့်မေလက်ကိုအသာဆွဲ၍ ထိုကျောက်မျက်ရတနာဆိုင်ဆီ ဦးတည်သွားလိုက်သည်။
"ဒီနားမှာခဏစောင့်နေ" ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်ထံသို့ လျှောက်သွားလေသည်။
"ကောင်းသောနေ့ပါ လူကြီးမင်း အဲ့ဒီနားကလည်ဆွဲလေးက ဘယ်လောက်လဲခင်ဗျ"
ကျောက်စိမ်းလည်ဆွဲလေးကို ညွှန်ပြရင်း ဖုန့်ယွင်မေးလိုက်သည်။
စီးပွားရေးအကွက်မြင်တတ်သည့် မျက်လုံးမျိုးဖြင့် ဆိုင်ရှင်ဦးလေးကြီးသည် နွေးထွေးစွာပြုံးလျက်ဆိုလာ၏။
"သခင်လေးက အမြင်ရှိတာပဲ အဲ့ဒီလည်ဆွဲကို အကောင်းဆုံအရည်အသွေးရှိတဲ့ကျောက်စိမ်းနဲ့ အထူးတလည်ခြယ်သထားတာပါ သခင်လေးယူမယ်ဆိုရင် သင့်တင့်တဲ့ဈေးတစ်ခုထားပေးပါ့မယ်"
ဆိုင်ရှင်နှင့် ဈေးအလျှော့အတင်းစကားဆိုပြီးသော် ဖုန့်ယွင်သည်လည်ဆွဲလေးကိုဝယ်လိုက်ပြီး အနောက်တွင်ရှိသောဖုန့်မေထံသို့ လှည့်ကြည့်လာသည်။ လှမ်းကြည့်လာသော မျက်ဝန်းများထဲတွင် ကြယ်ရောင်များလင်းလက်နေသကဲ့သို့ပင်။
"မေ့အာ အစ်ကို ညီမအတွက်တစ်ခုဝယ်လာတယ် ကြည့်ပါဦး"
ဖုန့်မေမှာ အံ့အားသင့်သွားဟန်လေးဖြင့် သူ့ကိုမော့ကြည့်လာသည်။
"ညီမအတွက် ဟုတ်လား"
ဖုန့်ယွင်မှခေါင်းညိတ်ပြလိုက်ပြီး လည်ဆွဲကိုကမ်းပေးလာသည်။
"ဒီလည်ဆွဲလေးက ညီမလေးနဲ့ဆို တော်တော်လိုက်ဖက်မယ့်ပုံပဲ"
ဖုန့်မေမှာ ရှက်ကိုးရှက်ကန်းဟန်လေးဖြစ်သွားတော့၏။
"လည်ဆွဲလေးကလှလိုက်တာ ကျေးဇူးပါ အစ်ကိုယွင်"
သူမက ရှက်ပြုံးလေးဖြင့်ပင် လည်ဆွဲကိုလှမ်းယူလိုက်ပြီး ဆိုလာသည်။
"ညီမကို တစ်ချက်ကူဝတ်ပေးလို့ရမလား"
ဖုန့်ယွင်လည်းခေါင်းညိတ်လိုက်ပြီး လည်ဆွဲကိုယူကာ ညင်သာစွာဖြင့် သူမလည်တိုင်ထက် ဆင်မြန်းပေးလိုက်တော့၏။
ဖုန့်ယွင်မှာ လည်ဆွဲကို သွက်လက်စွာပင်ဆွဲပေးလိုက်၍ သူ့လက်ချောင်းများမှာ ဖုန့်မေ၏လည်ပင်းသို့မတော်တဆထိမိသွားလေရာ ဖုန့်မေ၏ကိုယ်လေးမှာ မသိမသာပင်တုန်ယင်သွားရသည်။
လည်ဆွဲဆွဲပြီးသွားသည်နှင့် ဖုန့်မေသည်သူ့ဘက်သို့လှည့်၍ ပြုံးပျော်စွာမေးလာ၏။
"ကြည့်ရတာ ဘယ်လိုနေလဲဟင်" သူမအသံမှာ နူးညံ့ညင်သာလျက်။
ဖုန့်ယွင်သည် စွဲစွဲလန်းလန်းငေးကြည့်လာပြီးဆိုသည်။
"လှတယ်၊ သိပ်ကို လှတယ်"
ဖုန့်မေမှာ အရှက်သည်းစွာဖြင့် ခေါင်းကိုငုံ့လျက် လှပစွာပြုံးရယ်နေမိတော့၏။ ထို့နောက် ဈေးတန်းတစ်လျှောက် ဆက်လက်လည်ပတ်ကြရင်း ဖုန့်မေမှာ လည်ဆွဲလေးကို ရံဖန်ရံခါထိကြည့်မိနေတော့သည်။ မိန်းကလေးအား မကြာခဏသတိရနေစေမည့်လက်ဆောင်မျိုးကို အမြော်အမြင်ကြီးစွာရွေးချယ်တတ်သော ဖုန့်ယွင်ပါပေ။
နေဝင်စပြု၍ မြို့တော်တစ်ခုလုံးကို နွေးထွေးဖျော့တော့သောရွှေရောင်အလင်းဖြင့် လွှမ်းခြုံလာသည့်အချိန်တွင် ဖုန့်မိသားစုအိမ်တော်သို့ပြန်သင့်ပြီဖြစ်ကြောင်း ဖုန့်ယွင်ပြောလိုက်သည်။
ဖုန့်မေလည်းသဘောတူလိုက်ပြီး စည်ကားသိုက်မြိုက်ဆဲဖြစ်သော ဈေးတန်းလမ်းကြားများမှခွဲထွက်၍ လူခြေတိတ်သည့်လမ်းကြားတစ်ခုမှ အိမ်သို့ပြန်ရန်ရွေးချယ်လိုက်တော့၏။
လမ်းချိုးတစ်ခုသို့ကွေ့လိုက်သည်နှင့် ဖုန့်ယွင်အလိုလိုသိစိတ်မှ မူမမှန်မှုတစ်ခုကိုသတိပြုလိုက်မိသည်။ ခြေလှမ်းများကိုချက်ချင်းရပ်တန့်လိုက်ကာ ဖုန့်မေကိုနောက်ကျောဘက်သို့ ဆွဲသွင်းကာကွယ်လိုက်၏။
မျက်စိကိုလျင်လျင်ထား၍ ပတ်ဝန်းကျင်ကို စေ့စပ်စွာအကဲခတ်လိုက်သည်။ မူမမှန်သောတိတ်ဆိတ်မှုတွင် သစ်ရွက်များထက်ခြေဖွဖွနင်းထားသော အသံသဲ့သဲ့ကိုလည်း ကြားနေရသည်။
"အစ်ကိုယွင် ဘာဖြစ်လို့လဲ"
ဖုန့်မေလည်း ဖုန့်ယွင်၏စိုးရိမ်စိတ်ကိုခံစားမိဟန်ဖြင့် တိုးတိုးမေးလာ၏။
ဖုန့်ယွင်ပြန်မဖြေနိုင်ခင် လူအချို့သည် မှောင်ရိပ်ထဲမှခုန်ထွက်လာပြီး သူတို့နှစ်ယောက်ကိုဝိုင်းရံထားလိုက်ကြသည်။
အနက်ရောင်ဝတ်ရုံများကိုဝတ်ဆင်ထားကြပြီး မျက်နှာများကိုလည်းအဝတ်စည်းကာထားကြသည်။ အန္တရာယ်အငွေ့အသက်များကိုထုတ်လွှတ်နေပြီး သူတို့မျက်လုံးများမှတဆင့် သတ်ဖြတ်လိုစိတ်ကို ဖုန့်ယွင်ခံစားမိလိုက်၏။
"ချုံခိုတိုက်တာပဲ"
ဖုန့်ယွင်တိုးညင်းစွာရေရွတ်လိုက်မိသည်။ မျက်နှာထားမှာလည်း တင်းမာလို့လာ၏။
(ကြည့်ရတာအကုန်လုံး အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေပဲ)
လုပ်ကြံသူများထံမှ ခံစားမိသောအားအင်အငွေ့အသက်အရ ရိုးရိုးသာမန်ဓားပြတိုက်မှုတစ်ခုဟုတ်မနေဘဲ ကြိုတင်ကြံစည်ထားခြင်းဖြစ်မှာ သေချာသည်။
လုပ်ကြံသူခေါင်းဆောင်သည် ရှေ့တိုးလာပြီး မျက်နှာဖုံးအောက်တွင်ပင်သိသာနေသော လှောင်ပြောင်လိုဟန်ဖြင့်ပြောလာသည်။
"သက်သက်သာသာလေးသေချင်ရင်တော့ အရမ်းကြီးခံမတိုက်တာကောင်းမယ်နော် ကောင်လေး"
ယန်မိသားစုမှစေလွှတ်လိုက်သော လုပ်ကြံသူများဖြစ်မည်ဟု ဖုန့်ယွင်အတပ်သိလိုက်သည်။ ဤမြို့တော်တွင် ဖုန့်မိသားစုဝင်တစ်ဦးကို နေ့ခင်းကြောင်တောင်လုပ်ကြံသတ်ဖြတ်ရဲသူမှာ ယန်မိသားစုမှလွဲ၍ အခြားမရှိနိုင်။
ဖုန့်ယွင်၏မျက်လုံးများကျဥ်းမြောင်းသွား၏။ မျက်နှာဖုံးတပ်လုပ်ကြံသူများကို လေ့လာဆန်းစစ်နေသည့် သူ့မျက်နှာထားမှာ ရေခဲရိုက်ထားသည့်နှယ် အေးစက်လျက်။
"ယန်မိသားစုကို ဒီ့ထက်ပိုသတိထားခဲ့သင့်တာ"
ဖုန့်ယွင်သည် လှောင်ပြောင်ဟန်စွက်နေသောအသံဖြင့်ဆိုလာသည်။
"လုပ်ကြံဖို့အတွက်ကို ဒီလောက်စိတ်လောပြီး ကတိုက်ကရိုက်နိုင်နေတာဆိုတော့ ယန်မိသားစုပဲဖြစ်မှာပေါ့"
လုပ်ကြံသူခေါင်းဆောင်က ဖုန့်ယွင်၏စကားများကိုကြားသော် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပေမယ့် ငြင်းဆန်ခြင်းတော့မပြု။
"ငါတို့ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး" ခြိမ်းခြောက်သံဖြင့် ထိုသူကဆိုသည်။
"အရေးကြီးတာက မင်းတို့ဒီနေ့သေကိုသေရတော့မယ်ဆိုတာပဲ"
ဖုန့်ယွင်သည် ဖုန့်မေ၏လက်ကို ပို၍တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး နောက်ကျောဘက်တွင်ကွယ်ဝှက်ထားလိုက်၏။ ရန်သူများမှာ အင်အားကြီးရုံသာမက အရေအတွက်လည်းများနေသေးသည်။
(ကြည့်ရတာ ယန်မိသားစုက ငါ့ကိုအဆင့်၂ဆေးဆရာမှန်း သိသွားကြပုံပဲ ဒီတစ်ခေါက်ပစ်မှတ်က ငါတစ်ယောက်ပဲဖြစ်လောက်တယ်)
"မေ့အာ မင်းအခွင့်အရေးရတာနဲ့ အိမ်တော်ဆီချက်ချင်းပြေးတော့" ဖုန့်ယွင်က တည်ငြိမ်စွာညွှန်ကြားလာသည်။
"ငါသူတို့ကို တောင့်ခံထားလိုက်မယ်”