← Chapters

လုပ်ကြံသူ၏ အရဲစွန့်မှု

Vol. 3 Ch. 42

လုပ်ကြံသူ၏ အရဲစွန့်မှု

Vol. 3 Ch. 42

ဖုန့်မေသည် ဖုန့်ယွင်၏ညွှန်ကြားချက်ကိုလိုက်နာရန် တွန့်ဆုတ်နေခဲ့သည်။ မျက်လုံးများမှာလည်း စိုးရိမ်ပူပန်စိတ်တို့ဖြင့် ပြူးကျယ်လျက်။

"အစ်ကိုယွင့်ကို ဒီမှာတစ်ယောက်တည်းထားမသွားနိုင်ပါဘူး ညီမရောကူတိုက်မယ်"

ဖုန့်ယွင်သည် သူမကိုစိတ်အေးစေရန် ယုံကြည်မှုရှိစွာပြုံးပြလိုက်သည်။ မျက်လုံးများကတော့ အပြုံးနှင့်ဆန့်ကျင်စွာ စူးရှထက်မြက်လျက်။

"အစ်ကို့ကိုစိတ်မပူပါနဲ့ အဆင်ပြေသွားပါလိမ့်မယ် ညီမလေးကအိမ်တော်ဆီအမြန်ပြန်ပြီး အသိပေးဖို့လိုတယ်လေ"

ဖုန့်မေပြန်လည်မငြင်းဆန်နိုင်သေးခင်မှာပင် လုပ်ကြံသူခေါင်းဆောင်သည် လက်တစ်ဖက်မြှောက်၍ သူ့လူများကို စတင်လှုပ်ရှားရန်အချက်ပြလိုက်တော့၏။

"စကားတွေပြောတာတော်လောက်ပြီ အပြီးသတ်လိုက်ကြတော့"

သူကအမိန့်ပေးလိုက်သည်။

အနက်ဝတ်ရုံဝတ်လုပ်ကြံသူများသည် ‌ရှေ့သို့တိုးလာကြပြီး လက်နက်များကိုဆွဲထုတ်လိုက်ကြသည်။ ဖုန့်ယွင်လည်း သွက်လက်စွာလှုပ်ရှားလျက် ဓားသွားကိုရွှပ်ခနဲဆွဲထုတ်လိုက်တော့၏။

ပထမဆုံးတိုက်ခိုက်လာသူ၏ဓားချက်ကို ဓားသွားဖြင့်ကန့်လန့်ဖြတ်ခုခံလိုက်သော် လမ်းကြားငယ်လေးထဲတွင် သံမဏိချင်းရိုက်ခတ်သံ ချွင်ခနဲမြည်ဟိန်းသွားသည်။

အချိန်အနည်းငယ်ပင်မနှောင့်နှေးစေဘဲ နောက်တိုက်ကွက်တစ်ခုကို တစ်ပတ်လှည့်၍တန်ပြန်တိုက်ခိုက်ရသည်။ လှုပ်ရှားမှုများမှာတိကျလျက် ဟာကွက်မရှိ။

"အခြေတည်ထောင်ခြင်းအထွဋ်အထိပ်အဆင့်လား ဒီကောင်သေချာလျှို့ဝှက်ထားနိုင်တာပဲ"

လုပ်ကြံသူခေါင်းဆောင်သည် သူတို့ရထားသောသတင်းမှားယွင်းနေခဲ့သည်ကို အံ့အားသင့်စွာသိရှိလိုက်ရသည်။

ဖုန့်ယွင်တစ်ယောက် အခြေတည်ထောင်ခြင်းအလယ်အလတ်ဆင့်သို့ ရောက်ရှိနေပြီးဖြစ်တာကို ပါရမီရှင်ယှဥ်ပြိုင်ပွဲမှတစ်ဆင့် သိကြရပေမယ့် အခုရင်ဆိုင်ရချိန်မှာတော့ အခြေတည်ထောင်ခြင်းအထွဋ်အထိပ်ဆင့်သို့ အသေအချာပင်ရောက်ရှိနေလေပြီ။

-ဝှစ်

လုပ်ကြံသူများ နီးကပ်လာသည်ကိုမြင်သည်နှင့် ဖုန့်မေလည်း ပါဝင်တိုက်ခိုက်လာတော့သည်။ ဖုန့်ယွင်မှမည်သို့ပင်အမိန့်ပေးထားထား သူမမျက်လုံးများမှာ ဆုံးဖြတ်ချက်ကိုမပြောင်းလဲမည့်ပုံပေါ်၏။ ချက်ချင်းပင် ရှေ့ထွက်ကာတိုက်ခိုက်တော့သည်။

"ညီမထွက်သွားမှာမဟုတ်ဘူး" သူမခေါင်းမာမာဖြင့်ပင်ပြောလာသည်။ "ညီမလည်းအတူတူတိုက်မယ်"

အရင်ရှေ့ထွက်လာသောလုပ်ကြံသူနှစ်ဦးမှာ ဖုန့်ယွင်ကိုဦးတည်တိုက်ခိုက်လာကြသော်လည်း ဖုန့်မေ၏ကြားဖြတ်ဝင်မှုကြောင့် တိုက်ကွက်များပရမ်းပတာဖြစ်ကုန်ရ၏။ သူမသည် ဓားကိုထုတ်လျက် အသေအချာတိုက်ခိုက်နေလေပြီ။

ဖုန့်မေတစ်ယောက် သတ္တိရှိရှိဖြင့် တန်ပြန်တိုက်ခိုက်နိုင်သည်ကိုကြည့်ရင်း ဖုန့်ယွင်၏မျက်လုံးများမှာ သဘောတကျချီးကျူးနေပုံပင်။

ဤမိန်းကလေးသန်မာထက်မြက်သည်ကို အရင်ကတည်းကသိထားသော်လည်း အမြုတေဖွဲ့စည်းခြင်းအဆင့်ရန်သူကို ကိုယ်တိုင်ကိုယ်ကျဖြေရှင်းနေသည်ကိုမြင်သော် သူ့စိတ်ထဲတွင် ဆန်းသစ်သည့် ယုံကြည်မှုခံစာချက်တစ်ခု ပေါ်ထွက်လာခဲ့လေသည်။

သူမတားတော့ပါချေ။ လုပ်ကြံသူများကလည်း အနီးကပ်တိုက်ခိုက်လာသည်ဖြစ်ရာ ထွက်ပြေးရန်ကြိုးစားခြင်းက သူမအတွက်ပိုလို့အန္တရာယ်များနိုင်ပေသည်။

ဖုန့်မေသည် ရန်သူ၏ဓားချက်ကို ခုခံတွန်းလှန်လိုက်ပြီး တစ်ဖက်လူဟန်ချက်ပျက်သွားချိန်တွင် တိုက်စစ်ကိုတစ်ပါတည်းထုတ်သုံးလေသည်။ ဓားသွားသည် လေထုကိုခုတ်ပိုင်းလိုက်သကဲ့သို့ သေစေလောက်သည့်အရှိန်အဝါဖြင့် ရှေ့တက်သွားလျက်။

"ကောင်းကင်အင်ပါယာဓားသိုင်း"

မိန်းမငယ်လေး၏ ထင်မထားလောက်သည့်အားအင်ကို ကိုယ်တွေ့ကြုံလိုက်ရသောအခါ လုပ်ကြံသူမှာ ခြေလှမ်းမှားလျက် နောက်သို့ဆုတ်သွားခဲ့ရ၏။

ဖုန့်မေသည် ဟန်ချက်ကိုထိန်းလျက် နောက်ရန်သူတစ်ဦးနှင့်ဆက်လက်တိုက်ခိုက်သည်။ ဓားချက်များမှာ လျင်မြန်တိကျလှ၏။

ထိုအချိန်တွင် ဖုန့်ယွင်မှာလည်း လုပ်ကြံသူခေါင်းဆောင်နှင့် အခြားနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ပြိုင်တူဖြေရှင်းနေရသည်ပင်။

-ချွင် -ချွင်

အင်အားကြီး၍ရက်စက်ကြမ်းတမ်းသော ဓားချက်များကို မပြတ်ခုခံရင်း သူ့ဓားသွားမှာလည်း တုန်ဟီးလို့နေသည်။

လုပ်ကြံသူခေါင်းဆောင်၏ ထူးကဲသာလွန်သောအင်အားကို ဓားချက်များမှတစ်ဆင့်သူခံစားမိ၏။ လမ်းကျဥ်းလေးထဲတွင် ပြင်းထန်သောတိုက်ပွဲ၏ရိုက်ခတ်မှုမှာ ပျံ့နှံ့လွှမ်းခြုံနေလျက်။

ကျန်နှစ်ယောက်ကို ဖုန့်မေမှကိုင်တွယ်နိုင်သဖြင့် ဖုန့်ယွင်သည်လည်း တိုက်ခိုက်ရာတွင်ပို၍အာရုံစိုက်လို့ရလာသည်။

"တစ္ဆေအရိပ်လှည့်စားမှု"

ဖုန့်ယွင်သည် တစ်ဖက်ရန်သူ၏ဟာကွက်တိုင်းကို သွက်လက်လျင်မြန်စွာအသုံးချနိုင်သည်။ တစ္ဆေအရိပ်လှည့်စားမှုသိုင်းကွက်၏ လှုပ်ရှားမှုများမှာ တစ်နေရာနှင့်တစ်နေရာအကူးအပြောင်း လွန်စွာမြန်လှသဖြင့် သာမန်မျက်စိဖြင့်ဖမ်းမရနိုင်ပေ။ ဖုန့်ယွင်သည် အခွင့်အရေးကိုအရယူ၍ လုပ်ကြံသူခေါင်းဆောင်၏ခုခံမှုများကို ထိုးဖောက်တိုက်ခိုက်ဖို့ကြိုးစားတော့၏။

လုပ်ကြံသူခေါင်းဆောင်မှာလည်း ဖုန့်ယွင်၏ အလစ်မပေးသောတိုက်ကွက်များကို ခုခံဖို့အတော်ကြိုးစားနေရပုံပေါ်သည်။

ရင်ဘတ်သို့ တစ်ချက်ဆောင့်တွန်းခံရသည်ကို သတိပြုမိချိန်တွင် ဟန်ချက်ထိန်း၍ တိုက်ပွဲပြန်ဝင်ရန်အမြန်ကြိုးစားသော်လည်း ဖုန့်ယွင်၏ကြမ်းတမ်းလျင်မြန်ပြီး ခန့်မှန်းရခက်သောထိုးစစ်များက သူ့ကို တန်ပြန်ရင်ဆိုင်ခွင့်မပေးခဲ့ပေ။

ဖုန့်ယွင်မှာ အခွင့်အရေးကိုလက်လွတ်မခံစတမ်းတိုက်ဖို့ဆုံးဖြတ်လိုက်ပြီး လုပ်ကြံသူခေါင်းဆောင်နှင့်တိုက်ပွဲကိုအာရုံအပြည့်စိုက်လျက် ခန္ဓာတွင်းရှိစွမ်းအားအကုန်အစင်ကို တစ်ဖက်လူ၏ခုခံမှုများချိုးဖျက်ရန် ပုံအောအသုံးချလိုက်တော့၏။

ပြင်းထန်သောအာရုံစိုက်မှုကြောင့် တစ်ဖက်မှဝင်လာသောအန္တရာယ်ကို သတိမမူမိခဲ့ပေ။

ဟာကွက်ကိုအမိအရမြင်လိုက်သောလုပ်ကြံသူတစ်ဦးသည် ဖုန့်မေ၏အကာအကွယ်ကိုကျော်ဖြတ်ပြီး ဖုန့်ယွင်အနောက်ဘက်သို့‌ရောက်ရှိလာသည်။ ဓားသွားကိုမြှောက်လျက် ခုတ်ချရန်အသင့်ပြင်လိုက်၏။

လုပ်ကြံသူတစ်ဦး ဖုန့်ယွင်ကိုအငိုက်ဖမ်းရန်ကြိုးစားနေသည်ကို ဖုန့်မေမြင်သော် မျက်လုံးများပြူးကျယ်သည်အထိတုန်လှုပ်သွားခဲ့သည်။ အန္တရာယ်ကိုချက်ချင်းမြင်လိုက်ပြီး သူမအနေနှင့် ကာကွယ်ရန်တတ်နိုင်သမျှအားထုတ်ရပေတော့မည်။ "အနောက်ကိုသတိထား" ဖုန့်မေအော်လိုက်၏။ ဝရုန်းသုန်းကားအခြေအနေ၌ပင် သူမအသံသည်ကား တည်ငြိမ်လျက်။

ထို့နောက် သူမသည်တစ်ပတ်လှည့်လိုက်ပြီး ဖုန့်ယွင်ထံဦးတည်နေသော ထိုလုပ်ကြံသူဆီသို့ တိုက်ကွက်တစ်ကွက်ပစ်လွှတ်လိုက်သည်။

ဖုန့်ယွင်လည်း ကာကွယ်ပေးမှုကိုကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်၏။

သူသည် ဓားသွားကိုကျွမ်းကျင်စွာလှည့်ပတ်ရင်း အကာအကွယ်မဲ့နေဆဲဖြစ်သော လုပ်ကြံသူခေါင်းဆောင်ကို နောက်ဆုတ်သည်ထက်ဆုတ်အောင်လိုက်တိုက်သည်။ ထိုအခိုက် အားပြင်းသောစွမ်းအင်လုံးတစ်ခုကို ဖြိုခွဲဖြန့်ကျက်လိုက်သကဲ့သို့ စွမ်းအင်လှိုင်းများဖြာထွက်လာပြီး လုပ်ကြံသူခေါင်းဆောင်ကို အလဲလဲအပြိုပြိုဖြစ်စေတော့၏။

လုပ်ကြံသူခေါင်းဆောင်၏မျက်နှာမှာ ဒေါသနှင့် ကြံရာမရဖြစ်ခြင်းများရောယှက်နေပြီး သူ့လူများကိုတစ်ချက်အကဲခတ်လိုက်ရာ အားလုံးမှာလည်း ဖုန့်ယွင်နှင့်ဖုန့်မေ၏ပူးပေါင်းတိုက်ခိုက်မှုကို အနိုင်နိုင်တွန်းလှန်နေရဆဲဖြစ်ကြောင်း တွေ့လိုက်ရပြန်သည်။

တိုက်ပွဲချိန်ကြာလာသည်နှင့်အမျှ ဖုန့်မေနှင့်ဖုန့်ယွင်လည်း ထိခိုက်ဒဏ်ရာအချို့ရထားလေပြီ။ ဖုန့်ယွင်သည် ဓားချက်တစ်ခုကို သီသီလေးရှောင်နိုင်လိုက်သော်ငြား ဓားသွား၏လျှပ်ထိမှုကြောင့် လက်မောင်းထက် သွေးလွှာပါးပါးလွှမ်းလျက်ရှိ၏။

နာကျင်မှုကြောင့် စိတ်ပျံ့လွင့်မခံဘဲ သူအံကြိတ်ရင်းသာ ဆက်လက်တိုက်ခိုက်သည်။ ထိုအချိန်တွင် ဖုန့်မေ၏ပုခုံးမှာလည်း ရန်သူတစ်ဦး၏ဓားမြှောင်ကြောင့် ပြတ်ရှရာတစ်ခုရသွားခဲ့ပြန်၏။ သို့သော်ငြား သူမကားတစ်ချက်ပင်တွန့်မသွား။

နှစ်ယောက်လုံးသည် ဒဏ်ရာများကိုလျစ်လျူရှု၍ သန်မာသောစိတ်ဓာတ်ဖြင့် တိုက်ပွဲကိုဆက်လက်ဆင်နွှဲကြသည်။ ပစ်ဝင်လာသောတိုက်ကွက်များကို တစ်ခုပြီးတစ်ခု ဖြေရှင်းနေရင်း ရန်သူ၏တိုက်ခိုက်မှုပုံစံကိုလည်း ပို၍အထာနပ်လာကြ၏။

တစ်ဖက်လူအသုံးပြုမည့်လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းလာနိုင်ကြပြီး တွက်ချက်တိုက်ခိုက်ကြရင်း အနာတရမရအောင် ရှောင်နိုင်လာကြသည်။

ရန်သူ၏တိုက်ကွက်များဖြင့် အသားကျလာသည်နှင့် အစောပိုင်းကဒဏ်ရာရသည်အထိပြင်းထန်ခဲ့သောတိုက်ကွက်များမှာလည်း ထိရောက်မှုမရှိတော့။

နှစ်ဦးသား၏တိုက်ခိုက်မှုမှာ ပို၍စည်းချက်ညီလာခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် ဟာကွက်မရှိအောင်ကာကွယ်ပေးနိုင်ကြသဖြင့် တစ်ဖက်ရန်သူများမှာ တိုး၍ပင်မပေါက်နိုင်တော့ချေ။

မိနစ်များကြာလာသည်နှင့်အမျှ ဓားမောင်နှံနှစ်ဦး၏ တိုက်ပွဲမှာ ကြိုတင်အစီအစဥ်ချထားသည့် ပြဇာတ်တစ်ခုကဲ့သို့ စည်းချက်ညီလို့လာတော့သည်။

ဒဏ်ရာများကြောင့် သွက်လက်မှုအနည်းငယ်လျော့ကျသွားသော်ငြား ထက်ရှသောဓားချက်များနှင့် ဗျူဟာကျကျနေရာချတိုက်ခိုက်ရင်း တစ်ဖက်ရန်သူလူများစုကို တစ်ဖန်ပြန်ဖိနှိပ်လာနိုင်လေ၏။

(ဟိုးဟိုး မဆိုးဘူး အတော်လေးကိုမဆိုးဘူး)

ဆရာသခင်မင်းဟောင်သည် ဖုန့်မျိုးရိုး ယွင်၊မေ မောင်နှမ?(REALLY? )နှစ်ဦး၏တိုက်ပွဲကို စိတ်ကျေနပ်စွာစောင့်ကြည့်လို့နေ၏။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူငါးယောက်ကို ဤမျှကြာသည်အထိခံတိုက်နိုင်သည့်အဆင့်မှာ ပါရမီရှင်များဟု သေချာပေါက်ခေါ်ထိုက်ပါပေသည်။

သို့သော် ကောင်းကင်အင်ပါယာဓားသိုင်းကွက်များကို အသုံးပြုရာ၌ သုံးရသည့်ချီစွမ်းအင်ပမာဏမှာ နည်းနည်းနောနောမဟုတ်လေရာ အချိန်ကြာလျှင် ဤကလေးနှစ်ဦးသာရှုံးနိမ့်ရမည်ကို သူကြိုသိပါ၏။

သို့သော်ငြား ဖုန့်ယွင်တစ်ယောက် တကယ်တမ်းအသက်ဘေးမနီးခင်အချိန်ထိ သူဝင်ကူညီဖို့စိတ်ကူးမရှိပါပေ။

ထို့အပြင် တိုက်ပွဲကိုစောင့်ကြည့်ရှုစားနေသော ရန်သူနောက်တစ်ဖွဲ့ကိုလည်း သူခြေရာခံမိထားသေးသည်။

(ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူနည်းနည်းနဲ့ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးပဲ တိုက်ပွဲထဲဝင်မပါဖို့မျှော်လင့်တယ်ငါ့ကောင်တို့ရာ မဟုတ်ရင်တော့ ငါဝင်ကြမ်းပြီး မင်းတို့မသေမချင်းဆော်ပြီပဲ)

ထိုရန်သူများကိုသတိထားနေရသေး၍ သူ့ဘက်က လက်လွတ်စပယ် လူလုံးထွက်ပြလို့မဖြစ်သေးပါ။ အချိန်တစ်ခုကြာအောင်ထိတော့ စောင့်ကြည့်ရပေဦးမည်။

ဆရာသခင်မင်းဟောင်မှ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေသော်ငြား ပုန်းအောင်းနေသည့် ယန်ကျန်းတို့အုပ်စုကတော့ ‌မဆုတ်သာမတိုးသာဖြစ်နေသည့် တိုက်ပွဲအခြေအနေကို ဆက်ပြီးစိတ်မရှည်နိုင်တော့ချေ။

မူရင်းအစီအစဥ်မှာ ဖုန့်ယွင်ကို ထိုကျင့်ကြံသူအုပ်စုဖြင့် အပြတ်ရှင်းလိုက်ပြီးမှ သူတို့ကအယောင်ဆောင်ဝင်ဖမ်းကာ မိစ္ဆာနတ်ဆိုးကျင့်ကြံသူများမှလုပ်ကြံခြင်းဖြစ်သည်ဟု ဇာတ်လမ်းခင်းလိုက်ရုံပင်။

ဖုန့်ချန်းဘက်မှ သူတို့ကိုသံသယဝင်မည်မှာမလွဲပေ။ ဤသို့ဖြင့် ဖုန့်ချန်းကသူတို့ကိုလက်စားချေလာပါက အကြီးအကဲကျိုးတို့ဘက်မှ ခုခံသည့်သဘောနှင့်အလိုက်သင့်ပြန်တိုက်လိုက်ရုံပင်။ တော်ဝင်မိသားစု၏အပြစ်ပေးခြင်းကိုလည်း စိတ်ပူစရာမလိုတော့။

ဖုန့်ချန်းဘက်က လက်စားချေမလာလျှင်လည်း အဆင့်၂ဆေးဆရာမရှိတော့သောဖုန့်မိသားစု၏ ရှုံးနိမ့်မှုကို ရက်သတ္တပတ်အနည်းငယ်မျှ အရသာခံထိုင်ကြည့်နေရုံပင်။

"ချီးပဲ ဖုန့်ယွင်ကဘယ်လိုလုပ်အဲ့လောက်အားကြီးနေရတာ‌လဲ ဟိုကလေးမပေါက်စလေးကတောင် နှစ်ယောက်ယှဥ်တိုက်နေနိုင်သေးတယ်"

ယန်ကျန်းသည် ဒေါသတကြီးထအော်လေတော့၏။

ဖုန့်ယွင်ဆိုသော ထိုအမှိုက်ကောင်လေးသည် အဆင့်၂ဆေးဆရာဖြစ်နေရုံသာမက သူတို့ခန့်မှန်းထားသည်ထက်ပင် တိုက်ရည်ခိုက်ရည်ပိုကောင်းနေပြန်သေးသည်။ တိုက်ပွဲကို ဒီလောက်ကြာအောင်အချိန်ဆွဲထားနိုင်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

"မိသားစုခေါင်းဆောင် ကျုပ်ဝင်လိုက်တော့မယ်"

အကြီးအကဲလော့မှ ဝင်ပြောလာသည်။

ဒီအချိန်ထိရောက်နေမှတော့ ဒုတိယအစီအစဥ်အတိုင်း ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးကိုထည့်လိုက်ဖို့သာရှိတော့သည်။

ထိုအတိုင်းဆိုလျှင် ဝမ်မိသားစု ဒါမှမဟုတ် ဖုန့်မိသားစုတို့ဘက်မှ သတိထားမိသွားနိုင်ချေရှိသော်လည်း ထိုမကောင်းဆိုးရွားလေးကြီးပြင်းလာသည်ကို တုန်လှုပ်စွာထိုင်ကြည့်နေရမည်ထက်စာလျှင်တော့ တော်ပေသေးသည်။

"အင်း ဝင်လိုက်တော့"

အနည်းငယ်မျှစဥ်းစားလိုက်ပြီး ယန်ကျန်းခွင့်ပြုလိုက်တော့၏။

လုပ်ကြံမှုပေါ်သွားမယ်ဆိုရင်တောင် အဲ့ဖုန့်ယွင်ကိုအသေသတ်လိုက်နိုင်ရင်တော်ပြီ။

ယနေ့တိုက်ပွဲမှ ယန်ကျန်းသိလိုက်ရသည်ကား ဖုန့်ယွင်ကိုအလွတ်ပေးလိုက်လို့လုံးဝမဖြစ်။ ထိုဘိုးဘေးလေးသည် လက်ရှိဖုန့်မိသားစုထက်ပိုသာသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမည်မှာ အသေအချာပင်။

All Chapters