သံသယကြီးသော တာအိုရောင်းရင်းဖုန်းနှင့် အရူးနှစ်ယောက်(က)
Vol. 87 Ch. 1325
“ တစ်ခုခုတော့ မူမမှန်ဘူး ”
လျောင်ရွှမ်းဒေသငယ်၏ ကောင်းကင်ပေါ်တွင် ရွှီချင်း၏ မဟာအတောင်ပံက ဒေသငယ်၏ နယ်နိမိတ်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ ဘေးမှာ စိတ်အေးလက်အေး ရှိနေသော အားညိုသည်လည်း အမူအရာပြောင်းလဲသွားသည်။ သူက တီးတိုးရေရွတ်လိုက်သည်။
“ သွေးနံ့က အရမ်းပြင်းတယ်… သက်ရှိတစ်သန်းကျော်ရဲ့ သေဆုံးမှုကပဲ ဒီလောက်များပြားတဲ့ သွေးနံ့ကို ဖြစ်ပေါ်စေနိုင်တယ် ”
“ တစ်သန်းလား ”
ရွှီချင်းသည် သတိကြီးစွာထားလိုက်ပြီး အဝေးသို့ မကြည့်ခင် သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
အတိတ်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ဆီသို့ သူတို့သွားရောက်ခဲ့စဉ် ထိုလမ်းကြောင်းအတိုင်း မသွားခဲ့ပေ။ အပြန်မှာ ဤလမ်းကြောင်းကို သူတို့ရွေးချယ်ခဲ့ခြင်းသည် သတိထားရန် လိုအပ်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူတို့က လွန်ခဲ့သောရက်အနည်းငယ်ခန့်က ယင်းကို ဆုံးဖြတ်ချက်ချခဲ့ကြသည်။
ထိုအကြောင်းအရင်းကြောင့် ရွှီချင်းနှင့် ခေါင်းဆောင်သည် လျောင်ရွှမ်းဒေသငယ်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စုဆောင်းခဲ့ကြသည်။
သို့ဖြစ်၍ သူတို့က လျောင်ရွှမ်းဒေသငယ်အကြောင်းနှင့် ဒေသငယ်၏ အစွန်းအဖျားနားမှာ ဒေသခံမျိုးနွယ်စုတချို့ လှည့်လည်နေထိုင်ကြကြောင်း သိထားသည်။
ထိုမျိုးနွယ်စုများက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နှင့် လူသားမျိုးနွယ်ကြားတွင် နေထိုင်ရသောကြောင့် အလွန်သတိထားကြသည်။ ထို့ပြင် သူတို့က နှစ်စဉ်နှစ်တိုင်း မျိုးနွယ်စုနှစ်ခုဆီသို့ လက်ဆောင်ပဏ္ဍာများ ဆက်သလေ့ ရှိသည်။
သို့သော်လည်း ယခု ဤနေရာမှာ ပျံ့လွင့်နေသော သွေးမြူက သူတို့၏ အမူအရာကို တည်ကြည်သွားစေသည်။
“ သားရဲတွေရဲ့ လက်ချက်ကြောင့်လား ဒါမှမဟုတ် ဒီက မျိုးနွယ်စုတွေ အချင်းချင်း စစ်ဖြစ်ကြတာလား စိတ်ဝင်စားစရာပဲ ”
ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး စဉ်းစားလိုက်သည်။ ထို့နောက် သူက ခေါင်းဆောင်ကို တည်ကြည်လေးနက်စွာ လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်လေရာ တစ်ဖက်လူ၏ မျက်လုံးထဲမှ အဓိပ္ပာယ်ကို နားလည်သွားကြသည်။
သားရဲများကြောင့်ဖြစ်စေ သို့မဟုတ် မျိုးနွယ်စုများ၏ လက်ချက်ကြောင့်ဖြစ်စေ ဤနေရာမှ သွေးအရှိန်အဝါက လတ်တလောတွင် လျောင်ရွှမ်ဒေသကြီးထဲမှာ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေကြောင်း ဖော်ပြနေသည်။ ယခု ဤနေရာသည် မလုံခြုံတော့ပေ။
“ မဟုတ်မှလွဲရော နတ်ဘုရားတချို့ ဒါမှမဟုတ် မွန်းစတားအိုကြီးတချို့က ငါတို့နောက်ကို တိတ်တိတ်ကလေး လိုက်လာပြီး ဒီနေရာမှာ လုယက်ဖို့ ကြံစည်နေတာများလား ”
ခေါင်းဆောင်သည် သတိကြီးစွာထားလိုက်သည်။
“ တကယ်လို့ အဲ့လိုသာဆိုရင် ဒီနေရာမှာ ဒီလောက်ပြင်းတဲ့ သွေးနံ့ရှိနေတာက မဖြစ်သင့်ဘူးလေ… ရန်သူကို ကြိုတင်အသိပေးတာက နတ်ဘုရားတွေရဲ့ လုပ်ပုံကိုင်ပုံမဟုတ်ဘူး ”
ရွှီချင်းက တိုးညင်းစွာ ပြောသည်။
အကယ်၍ သူတို့ကို ချုံခိုတိုက်ခိုက်မည်ဆိုလျှင် ဖုံးကွယ်ခြင်းတချို့ သို့မဟုတ် အတားအဆီးတချို့က ဤနေရာမှာ ရှိသင့်ပေသည်။
သို့သော်လည်း ယခု ပြင်းထန်သော သွေးနံ့မှလွဲ၍ အရာအားလုံးက ပုံမှန်ဖြစ်သည်။
ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။
“ ဒီဟာက မွန်းစတားအိုကြီးတွေရဲ့ လုပ်ရပ်တော့ မဟုတ်လောက်ဘူး… ဒီဟာက အရမ်းရက်စက်လွန်းတယ် ”
သူတို့နှစ်ယောက် အပြန်အလှန် ဆွေးနွေးပြီးနောက် ခေါင်းဆောင်က သူတို့အရှေ့ဆက်သွားနိုင်သည်ဟု အကြံပေးသည်။ သို့သော်လည်း ဂရုတစိုက် စဉ်းစားပြီးနောက် ရွှီချင်းက ဤဒေသငယ်ကို ကွေ့ပတ်ရှောင်တိမ်းသွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ဤနေရာထိ ရောက်လာပြီးနောက် သူတို့က လမ်းကြောင်းပြောင်းလဲမည်ဆိုလျှင် အချိန်ပိုကြန့်ကြာလိမ့်မည်။ ထို့ပြင် အချိန်ကြာသည်နှင့်အမျှ အန္တရာယ်များဖြင့် တွေ့ကြုံနိုင်သော အခွင့်အရေးက ပိုများလာလိမ့်မည်။
ထို့ပြင် ဤနေရာသည် လူသားမျိုးနွယ်၏ ပိုင်နက်ဖြင့် သိပ်မကွာဝေးပေ။ သူတို့၏ လက်ရှိအမြန်နှုန်းဖြင့်ဆိုလျှင် သူတို့က အများဆုံး ခုနစ်ရက်အတွင်းမှာ လူသားမျိုးနွယ်၏ ပိုင်နက်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။
သို့သော်လည်း ဤနေရာမှာ တစ်စုံတစ်ခု လွဲမှားနေကြောင်း ရှာတွေ့သွားမှတော့ ရွှီချင်း၏ သတိကြီးသော အကျင့်စရိုက်အရ သူက အန္တရာယ်ထဲသို့ ဝင်ရောက်လိမ့်မည် မဟုတ်ချေ။
သူတို့၏ အခြေအနေကို ထည့်စဉ်းစားပြီးနောက် သူတို့နှစ်ယောက်က လျောင်ရွှမ်းဒေသငယ်ထဲမှ မြန်ဆန်စွာ ဆုတ်ခွာသွားကြသည်။ ထို့နောက် သူတို့က ဒေသငယ်၏ အပြင်ဘက်ရှိ တခြားလမ်းကြောင်းမှတဆင့် သတိကြီးစွာထား၍ ခရီးဆက်ကြလိမ့်မည်။ ထိုသို့လမ်းလွှဲသွားခြင်းသည် ပုံမှန်ထက် နှစ်ဆသုံးဆခန့် အချိန်ပိုကြာလိမ့်မည်။
ရွှီချင်းနှင့် ခေါင်းဆောင်က ထွက်သွားရန် ရွေးချယ်လိုက်စဉ် သူတို့၏ လက်ရှိတည်နေရာနှင့် မနီးမဝေးမှာ မျိုးနွယ်ခြားတစ်ခု၏ မြို့တစ်မြို့ရှိသည်။
ထိုမြို့ကို မျိုးနွယ်စုငယ်တစ်ခုက ပိုင်ဆိုင်ပြီး လက်ရှိအချိန်မှာ မြို့သည် ချိပ်ပိတ်ခံထားရသည်။ မြို့ထဲမှာလည်း အလောင်းများနှင့် သွေးဖြင့် ပြည့်နှက်နေသည်။
လေထဲတွင် ထိုမျိုးနွယ်မှ ပညာရှင်ကျင့်ကြံသူများ၏ အမူအရာသည် ချောက်ချားမှုနှင့် စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေကြသည်။
သူတို့ရင်ဆိုင်တိုက်ခိုက်နေသော အရာသည် အနက်ရောင်ကင်းခြေများများ ဖြစ်သည်။ ကင်းခြေများသည် လက်မောင်းတစ်လုံး၏ အရွယ်အစားခန့်ရှိပြီး ၎င်းတို့၏ ကျောပေါ်မှာ တစ္ဆေမျက်နှာများ ရှိသည်။ ၎င်းတို့က အရေအတွက် အလွန်များပြားလေရာ တိမ်တိုက်အစုအဝေးတစ်ခုသဖွယ် အောက်မေ့ရသည်။
ကင်းခြေများများ၏ အော်သံသည် အလွန်စူးရှပြီး ချောက်ချားဖွယ်ကောင်းသည်။
၎င်းတို့၏ အရေအတွက်သည် တစ်သိန်းထက် မနည်းပေ။
၎င်းတို့၏ ကျူးကျော်ဝင်ရောက်မှုအောက်မှာ မျိုးနွယ်စုထဲမှ ဗလာနတ္ထိအဆင့် အကြီးအကဲများသည် အချိန်ကြာကြာ တောင့်မထားနိုင်တော့ပေ။ မကြာမီ သူတို့ထဲမှ တစ်ယောက်က စွမ်းအင်ကုန်ခမ်းသွားလေရာ အဆိပ်ပိုးကောင်အုပ်စု၏ ဝါးမျိုခံလိုက်ရသည်။ ထိုအကြီးအကဲသည် နှလုံးနာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။
အဆိပ်ပိုးကောင်များ၏ ကောင်းကင်ပေါ်တွင် ပုံရိပ်နှစ်ခုက မတ်တတ်ရပ်နေသည်။
ထိုနှစ်ယောက်သည် ဖုန်းအမည်ရသော လူငယ်နှင့် လန်ယောင်ဟု ခေါ်ဆိုသော အမျိုးသမီး ဖြစ်သည်။
“ တာအိုရောင်းရင်းဖုန်း မွေးမြူထားတဲ့ တစ္ဆေဝိညာဉ်နက်ကင်းခြေများတွေက တကယ်ပဲ အရမ်းသန်မာပါတယ်… ကြည့်ရတာ အဲ့ဒီကောင်တွေက ကောင်းကင်ဘုံကင်းခြေများအဖြစ် ဆင့်ကဲပြောင်းလဲဖို့ သိပ်မလိုတော့ဘူးထင်တယ် ”
လန်ယောင်က တည်ငြိမ်စွာ ပြောသည်။
ဖုန်းက ပြုံးလိုက်သည်။
“ တာအိုရောင်းရင်းလန်… မင်းက ကျုပ်ကို အရမ်းအမွှမ်းတင်နေတာပဲ… ဒီအနက်ရောင်ကင်းခြေများတွေက ဆင့်ကဲပြောင်းလဲဖို့ အနည်းဆုံး နှစ်တစ်ရာလောက် ကြာလိမ့်မယ်… တကယ်လို့ အဲ့ဒီကောင်တွေက… ဟမ် ”
ဖုန်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။
လန်ယောင်က စကားပြောလိုက်သည့်အခါ အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ တာအိုရောင်းရင်းဖုန်း… မင်း တစ်ခုခုရှာတွေ့လို့လား ”
“ ဘာမှမဟုတ်ပါဘူး… တာအိုရောင်းရင်းလန်လည်း အဲ့ဒါကို အာရုံခံမိလိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်… စောစောတုန်းက မမျှော်လင့်ထားတဲ့ ပြဿနာတွေကို ကြိုရှောင်ရှားနိုင်ဖို့အတွက် သူတော်စင်ကုန်းမြေကနေ ကျုပ်သယ်ဆောင်လာတဲ့ ဟင်းလင်းပြင်မျက်စိတချို့ကို ဒီဒေသငယ်ထဲမှာ ဖြန့်ကြဲခဲ့တယ်… ဟင်းလင်းပြင်မျက်စိက ကျုပ်မျိုးနွယ်စုရဲ့ လျှို့ဝှက်ရတနာတစ်ခုပဲ… အဲ့ဒါရဲ့ တခြားအကျိုးသက်ရောက်မှုတွေက သာမန်ပဲဆိုပေမဲ့ ဖုန်းကွယ်တဲ့နေရာမှာ အထူးကောင်းမွန်တယ်… အဲ့ဒါရဲ့ ဇစ်မြစ်က ရှေးခေတ်တုန်းက ဟင်းလင်းပြင်သားရဲတစ်ကောင်ဆီကပဲ… အဲ့ဒါက ဒီလောကရဲ့ နိယာမတွေအတွင်းမှာ မတည်ရှိတာကြောင့် ဒီက ဒေသခံလူတွေက ဟင်းလင်းပြင်မျက်စိကို အာရုံမခံနိုင်ကြဘူး ”
“ စောစောတုန်းက အဆင့်နိမ့်ကျင့်ကြံခြင်းနဲ့ ဒေသခံနှစ်ယောက်က ဟင်းလင်းပြင်မျက်စိရဲ့ နယ်နိမိတ်အတွင်းမှာ ထွက်ပေါ်လာတယ် ”
ဖုန်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ဒါပေမဲ့ သူတို့နှစ်ယောက်က အရမ်းသတိကြီးတဲ့ပုံပဲ… သူတို့က အရှေ့ဆက်သွားဖို့အစား ထွက်သွားဖို့ ရွေးချယ်ခဲ့ကြတယ်… ဒီလိုဆိုမှတော့ သူတို့ကို ငါအာရုံစိုက်နေဖို့ မလိုတော့ဘူး… အခု လက်ရှိကိစ္စကိုပဲ ဦးစားပေးဆောင်ရွက်တာ ပိုကောင်းမယ်… ဒင်းတို့ ကံကောင်းသွားတယ်လို့ပဲ မှတ်ရမယ် ”
လန်ယောင်က နူးညံ့စွာ ပြုံးလိုက်သည်။
“ တာအိုရောင်းရင်းဖုန်းက အရမ်းသတိကြီးတာပဲ… စောစောတုန်းက ယွဲ့တုန်ကို မောင်းထုတ်ဖို့အတွက် မင်းပြောခဲ့တဲ့စကားတွေက တကယ် မမှန်ကန်ဘူးပဲ… မင်းက ဒီနေရာကို တကယ်ကြီး အလေးအနက်ထားနေတယ် ”
ဖုန်းသည် မည်သည့်မှတ်ချက်မှ မပေးပေ။ လန်ယောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူက နောက်ထပ် ဆက်မပြောတော့ပေ။
…..
ရွှီချင်းနှင့် အားညိုသည်တော့ လျောင်ရွှမ်းဒေသငယ်ထဲမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။ ကျန်ခရီးတစ်လျှောက်တွင် အဖွားအိုအသွင်သဏ္ဍာန်နှင့် မဟာအတောင်ပံသည် ရွှီချင်း၏ မန္တန်အောက်မှာ ဝေဝါးစွာ ရွေ့လျားနေသည်။ သူက မဟာအတောင်ပံ၏ ဖုံးကွယ်မှုအစွမ်းကို ထုတ်လွှတ်လိုက်ပြီး မဟာအတောင်ပံ၏ အမြန်နှုန်းကို ယခင်ကထက် နည်းနည်း ပိုမြန်စေသည်။
၎င်းက ကောင်းကင်ပေါ်မှာ တိတ်တဆိတ် ပျံသန်းနေသည်။
မျှော်လင့်ထားသကဲ့သို့ပင် သွေးနံ့သည် ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူတို့နှစ်ယောက်က သတိထားနေကြဆဲပင်။ ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားသည်။ ထိုအတောအတွင်းမှာ သူတို့၏ ခရီးစဉ်သည် ငြိမ်းချမ်းခဲ့သည်။ ယခု သူတို့က လူသားမျိုးနွယ်၏ ပိုင်နက်ထဲသို့ ရောက်ရန် သုံးရက်သာ လိုအပ်တော့သည်။