← Chapters

ချင်းနှင့် ညိုက ဖုန်းကို နင်းချေခြင်း(က)

Vol. 87 Ch. 1327

ချင်းနှင့် ညိုက ဖုန်းကို နင်းချေခြင်း(က)

Vol. 87 Ch. 1327

ကောင်းကင်ပေါ်တွင် သွေးမြူခိုးသည် တအိအိလှိုင်းထသွားပြီး ကီလိုမီတာ(၅၀၀)အထိ ပျံ့နှံ့သွားသည်။ လျှပ်စီးက သွေးမြူခိုးအတွင်းမှာ ဝေဝါးစွာ လင်းလက်နေလေရာ ရွေ့လျားကူးခတ်နေကြသော အနီရောင်မြွေများသဖွယ် အောက်မေ့ရသည်။

ကောင်းကင်ဘုံတာအို၏ ဟိန်းသံနှင့်တူသော မိုးခြိမ်းသံသည် ပေါက်ကွဲထွက်လာပြီး လောကကြီးကို တုန်လှုပ်သွားစေသည်။

ထိုသွေးမြူခိုးအောက်မှ ကမ္ဘာမြေသည်လည်း သက်ရောက်ခံလိုက်ရသည်။ ဘေးပတ်ဝန်းကျင်မှ တောင်တန်းများက လှုပ်ခါသွားကြပြီး လေထဲသို့ ဆွဲငင်ခံလိုက်ရသည်။

ဤသည်မှာ ကမ္ဘာတုန်ဟီးစေမည့် နတ်ဆိုးတစ်ကောင်က တိမ်တိုက်များထဲမှာ ပုန်းအောင်းနေပြီး သက်ရှိအားလုံးကို ထိန်းချုပ်ရန် အံ့ဖွယ်ကောင်းသော အတတ်ပညာတစ်ခုကို အသုံးပြုနေသည့်အလားပင်။

ရွှီချင်းနှင့် အားညိုရှိနေသော တောင်သည်ပင် သွေးမြူခိုး၏ လွှမ်းမိုးမှုအောက်မှာ တုန်လှုပ်သွားသည်။

ဤအခိုက်အတန့်မှာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် ကောင်းကင်ဘုံအရှင်သခင်များသဖွယ် သွေးမြူခိုးထဲမှ ထွက်လျှောက်လာကြသည်။ သူတို့၏ အရှိန်အဝါသည် လွှမ်းမိုးဖိနှိပ်ပြီး ချောက်ချားဖွယ်ကောင်းသည်။

အမျိုးသားသည် တောင်ကြီးတစ်တောင်နှယ် ထွားကြိုင်းသန်မာပြီး အလွန်အားကောင်းသော ဖိနှိပ်မှုကို ထုတ်လွှတ်နေသည်။ သူ၏ မျက်နှာပေါ်မှာ မထူးမခြားနား အမူအရာရှိသော်လည်း သူက ဆုံးဖြတ်ချက်ပြတ်သားကြောင်း ထင်ရှားသည်။ သူ၏ နက်ရှိုင်းသော မျက်လုံးသည် အေးစက်နေပြီး ဉာဏ်များသော အရိပ်အယောင်ကို ဖော်ပြနေသည်။

အမျိုးသမီးသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်မိမယ်သဖွယ် ချောမောလှပသည်။ သူ၏ ဆံပင်ရှည်သည် သွေးနံ့ကိန်းအောင်းနေသော လေပြေထဲမှာ လွင့်မျောနေသည်။ သူ၏ သေးသွယ်သော ခါးသည် မိုးမခကိုင်းသဖွယ် နူးညံ့ပြီး ဆွဲဆောင်မှုရှိသော သူ၏ ကိုယ်လုံးအလှကို ပေါ်လွင်စေသည်။ တစ်စုံတစ်ယောက်သည် သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိန်းချုပ်မရအောင် နှလုံးခုန်မြန်လာလိမ့်မည်။

သူတို့နှစ်ယောက်သည် လူသားများ မဟုတ်ကြပေ။ သူတို့နှစ်ယောက်စလုံးက ခန့်ညားပြီး ချောမောလှပသော်လည်း သူတို့၏ အနောက်မှာ အတောင်ပံတစ်စုံရှိပြီး သူတို့၏ နဖူးပေါ်မှာ တတိယမျက်လုံး ရှိသည်။

သူတို့သည် ရွှေရောင်အစင်းအကြောင်းများပါသော အနက်ရောင်ဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားကြသည်။ ဝတ်စုံပေါ်မှ ရွှေရောင်ချည်မျှင်များက အရောင်တလက်လက် တောက်ပနေသည်။ သူတို့က အရှေ့သို့ ရွေ့လျားသွားသည့်အခါတိုင်း ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က ဆုတ်ဖြဲခံရပြီး အက်ကွဲကြောင်းများ ဝေဝေဝါးဝါး ထွက်ပေါ်လာလိမ့်မည်။

သူတို့နှစ်ယောက်သည် ဖုန်းနှင့် လန်ယောင် ဖြစ်သည်။

သူတို့နှစ်ယောက်ထွက်ပေါ်လာပြီးနောက် လန်ယောင်သည် မူမမှန်စွာ ပြုံးလိုက်ပြီး မြေပြင်ပေါ်မှ ရွှီချင်းနှင့် အားညိုကို ကြည့်လိုက်သည်။

သို့သော်လည်း သူ၏ အကြည့်က ရွှီချင်းအပေါ်မှာ စက္ကန့်အနည်းငယ် ပိုကြာမြင့်ခဲ့သည်။

ဖုန်းသည်တော့ ကောင်းကင်ပေါ်မှ အထင်သေးရှုံ့ချစွာ ငုံ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်းတို့အင်းဆက်တွေ မပြေးတော့ဘူးလား ”

ရွှီချင်းနှင့် အားညို၏ အမူအရာသည် မည်းမှောင်သွားသည်။ သို့သော်လည်း သူတို့၏ နှလုံးသားထဲမှာ မည်သည့်လှိုင်းဂယက်မှ မထွက်ပေါ်လာပေ။ ယင်းအစား သူတို့၏ မျက်လုံးထဲမှာ တိုက်ပွဲစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။

တစ်ဖက်လူက သူတို့ကို အလွတ်မပေးချင်မှတော့ သူတို့ချင်း တစ်ခါမှ မတွေ့ဆုံဖူးဘဲ သူတို့ကြားမှာ မည်သည့်ရန်ငြိုးမှ မရှိသည့်တိုင်အောင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ထင်ရှားနေမှတော့ သူတို့က တန်ပြန်တိုက်ခိုက်ရလိမ့်မည်။

ရွှီချင်းနှင့် အားညိုသည် ထိုမြင်ကွင်းနှင့်ပတ်သက်ပြီး ထူးဆန်းသည်ဟု မခံစားမိပေ။ မည်သို့ဖြစ်ပါစေ ယင်းက ရက်စက်ကြမ်းကြုတ်သော ခေတ်ဖြစ်သည်။ အမုန်တရားနှင့် ပဋိပက္ခရှိမှသာ တိုက်ပွဲဖြစ်နိုင်ခြင်း မဟုတ်ပေ။ အကြောင်းအမျိုးမျိုးကြောင့်လည်း တိုက်ပွဲဖြစ်နိုင်ပေသည်။

တစ်ဖက်လူသည် ဤဒေသငယ်ထဲမှာ သွေးယဇ်ပူဇော်မှုတစ်ခုကို ပြုလုပ်နေပြီး သူတို့က ထိုထဲသို့ မတော်တဆ ဝင်ရောက်သွားခဲ့သည်။ တစ်ဖက်လူ သူတို့ကို သတ်ချင်နေရသည့် အကြောင်းအရင်းသည် ရှင်းလင်းသည်။

ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူ၏ အမူအကျင့်သည် ထိုအတိုင်းဖြစ်သည်။ စကားလုံးတိုက်ပွဲများမှာ သူပါဝင်လိမ့်မည် မဟုတ်ချေ။ သူ၏ လုပ်ဆောင်မှုအားလုံးက သတ်ဖြတ်ခြင်းကိုသာ အာရုံစိုက်လိမ့်မည်။

ဤအခိုက်အတန့်မှာ သူ၏ အကြည့်က လေထဲမှ မျိုးနွယ်ခြားနှစ်ယောက်ပေါ်သို့ ကျရောက်သွားသည်။ သူက တစ်ဖက်လူ၏ မျိုးနွယ်အကြောင်းကို စဉ်းစားနေရင်း သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အားနည်းချက်များကို ရှာဖွေနေသည်။ တစ်ချိန်တည်းမှာ သူ၏ အကြည့်က သူတို့နှစ်ယောက်၏ လည်ပင်းပေါ်သို့ ရံဖန်ရံခါ ကျရောက်သွားသည်။

သို့သော်လည်း ခေါင်းဆောင်သည်တော့ စကားလုံးတိုက်ပွဲမှာ မည်သို့ကြောင့် အရှုံးပေးနိုင်မည်နည်း။ သို့ဖြစ်၍ သူက နှာခေါင်းရှုံ့လိုက်သည်။

“ မင်းရဲ့ နောက်ကျောမှာ ကြက်တောင်ပံရှိရုံနဲ့ ကိုယ့်ကိုယ်ကို ငှက်လူသားဖြစ်ပြီလို့ အောက်မေ့နေတာလား… မျက်လုံးသုံးလုံးနဲ့ ကြက်ကလေးတွေ ဒီက ဖိုးဖိုးကို စကားကောင်းကောင်း ပြောကြစမ်း ”

ခေါင်းဆောင်က စကားပြောလိုက်သည်နှင့်ချက်ချင်း လန်ယောင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ မျက်လုံးသည်ပင် အေးစက်သွားသည်။ ဖုန်းသည်တော့ မျက်နှာမည်းမှောင်သွားသည်။ သူက ရွှီချင်းနှင့် ခေါင်းဆောင်၏ ဘေးပတ်ပတ်လည်ကို ရုတ်တရက် ကြည့်လိုက်သည်။

“ ဒီတော့ မင်းတို့က ဒီနေရာမှာ အတားအဆီးတချို့ကို ခင်းကျင်းထားတယ်ပေါ့… ဒါကြောင့်မို့လို့ မင်းက ဒီနေရာမှာ ဆက်နေပြီး ငါ့ကို ခံပြောရဲတာပေါ့ ”

ဖုန်းက တည်ငြိမ်စွာ ပြောသည်။

“ ဒါပေမဲ့ ဗလာနတ္ထိအဆင့် ကျင့်ကြံခြင်းလောက်နဲ့ မင်းရဲ့ လက်ထဲမှာ ဝှက်ဖဲကတ်တချို့ရှိမယ်ဆိုရင်တောင် မင်းတို့က ရေတွင်းထဲက ဖားသူငယ်ဖြစ်နေဦးမှာပဲ… ကောင်းကင်နဲ့မြေပြင်က ဘယ်လောက်ကျယ်ပြောလဲဆိုတာ မင်းတို့ သိမှာမဟုတ်ဘူး ”

ဖုန်းသည် စကားပြောနေရင်း ရွှီချင်းနှင့် အားညိုဆီသို့ လျှောက်သွားသည်။

သူက ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ ကောင်းကင်သည် ဝုန်းခနဲ မြည်သွားပြီး အောက်သို့ နိမ့်ဆင်းလာသည်။ မြေပြင်သည်တော့ ပိုပြီးပြင်းထန်စွာ တုန်ယင်လာသည်။ လေထဲမှာ လွင့်မျောနေသော ကျောက်တုံးများက တစ်ပြိုင်နက် အက်ကွဲသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်သည် အကျဉ်းချခံလိုက်ရဟန် ရ၏။ ဤနေရာမှ နိယာမအားလုံးနှင့် ဥပဒေသအားလုံးသည် အသိစိတ်ရှိလာကြသည်။

ယင်းက ဖုန်း၏ စိတ်ဆန္ဒဖြစ်သည်။

ဖိအားက ရွှီချင်းနှင့် ခေါင်းဆောင်ပေါ်သို့ ဆင်းသက်လာသည့်အခါ သူတို့၏ အမူအရာက ပြောင်းလဲသွားကြသည်။ သူတို့က ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး အစွမ်းကုန် အသုံးပြု၍ တောင့်ခံနေရသည့်ပုံ ဟန်ဆောင်လိုက်ကြသည်။

ဖုန်းသည် မထူးမခြားနား အမူအရာဖြင့် ရှိနေဆဲပင်။ သို့သော်လည်း သူ၏ ခြေလှမ်းက မရပ်တန့်သွားပေ။ ဒုတိယခြေလှမ်းကို လှမ်းလိုက်သည့်အခါ ကောင်းကင်သည် အက်ကွဲသွားတော့မည့်ဟန်ရပြီး မြေပြင်သည် ပျက်စီးသွားတော့မည့်ဟန် ရသည်။

ရွှီချင်းနှင့် အားညိုရှိနေသော တောင်အသေးလေးသည် ဖိအားကို မတောင့်ခံနိုင်သောကြောင့် တိုက်ရိုက် ပြိုကွဲပျက်စီးသွားသည်။

အပျက်အစီးများက လေထဲသို့ မြှောက်တတ်သွားသည့်အခါ ဖုန်းသည် ညာလက်ကို မြှောက်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။

ချက်ချင်းဆိုသလို ကြီးမားသော ဖိအားသည် ဘေးပတ်ဝန်းကျင်မှ စုဝေးသွားပြီး အရာအားလုံးကို ဖျစ်ညှစ်လိုက်သည်။ လေပြင်းသည် ကြမ်းတမ်းသော အရှိန်အဟုန်နှင့်အတူ တိုက်ခတ်လာပြီး ဤနေရာမှ အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေသည်။

အက်ကွဲသွားသော ကျောက်တုံးများက ဖုန်မှုန့်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ဟင်းလင်းပြင်သည်ပင် ထပ်ဆင့်လွှမ်းခြုံခံလိုက်ရဟန် ရ၏။ စက္ကန့်ပိုင်းအတွင်းမှာ ဤဧရိယာက အပျက်အစီးများဖြင့် ပြည့်နှက်သွားပြီး ရွှီချင်းနှင့် အားညိုပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။

ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားသည်။ ရွှီချင်းနှင့် အားညို၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ အက်ကွဲသွားပြီး အရပ်မျက်နှာအသီးသီးသို့ ပြန့်ကျဲသွားသည်။

ဖုန်း၏ အမူအရာသည် လုံးဝ မပြောင်းလဲသွားချေ။ ဤသည်မှာ ဗလာနတ္ထိအဆင့် ကျင့်ကြံသူနှစ်ယောက်ကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းက သူ့အတွက် သာမန်ဖြစ်ဟန် ရ၏။

သူက ထွက်သွားတော့မည့်အချိန် နောက်အခိုက်အတန့်မှာ သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အနောက်လှည့်လိုက်ပြီး စောစောတုန်းက သူတိုက်ခိုက်ခဲ့သော နေရာကို ကြည့်လိုက်သည်။

သူက ကြည့်လိုက်သည်နှင့်ချက်ချင်း မရေမတွက်နိုင်သော မှော်သင်္ကေတများက သူ၏ ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ မှော်သင်္ကေတများသည် အနည်းဆုံး တစ်ရာကျော်သည်။

မှော်သင်္ကေတများသည် လေထဲမှာ ဘွားခနဲ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ယင်းအစား အစောနက အက်ကွဲသွားခဲ့သော ကျောက်တုံးများ၏ ဖုန်မှုန့်များထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မှော်သင်္ကေတများက သူ့ကို ချက်ချင်း လွှမ်းခြုံသွားသည်။

ဤသည်မှာ စောစောတုန်းက ရွှီချင်း ခင်းကျင်းထားခဲ့သော အတားအဆီးဖြစ်သည်။

အတားအဆီးမှော်သင်္ကေတတစ်ရာကျော်သည် သုံးကြိမ်သုံးခါ အရောင်လင်းလက်သွားပြီးနောက် ရုတ်တရက် ပေါက်ကွဲသွားကြသည်။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အချုပ်အနှောင်စွမ်းအားသည် တစ်ဟုန်ထိုး ပေါ်လျှိုးလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အချုပ်အနှောင်စွမ်းအားက မုန်တိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ဖုန်းကို တိုက်ရိုက် ဝါးမျိုလိုက်သည်။

သို့သော်လည်း ဖုန်း၏ အမူအရာသည် မပြောင်းလဲသွားပေ။ သူ၏ အနက်ရောင်ဝတ်စုံသည် ရွှေရောင်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအင်လှိုင်းများက အပြင်သို့ ပျံ့နှံ့သွားပြီး အချုပ်အနှောင်စွမ်းအားကို တားဆီးလိုက်သည်။

သရော်လှောင်ပြောင်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လက်မြှောက်ရန် ပြင်လိုက်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ အမူအရာကို ပြောင်းလဲသွားစေမည့် အခြေအနေတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထူးဆန်းသော မျက်နှာတစ်ရာကျော်သည် မုန်တိုင်းတစ်ခုအသွင် ဖွဲ့စည်းထားသော အချုပ်အနှောင်များထဲမှ ပေါ်ထွက်လာကြသည်။

All Chapters