ချင်းနှင့် ညိုက ဖုန်းကို နင်းချေခြင်း(ဂ)
Vol. 87 Ch. 1329
ဖုန်းသည် သူ့အဖော်ဆီသို့ ပြန်သွားသည်။ သို့သော်လည်း သူက အနားမကပ်သွားခဲ့ပေ။ ယင်းအစား သူက ပေတစ်ရာအဝေးမှာ ရပ်လိုက်သည်။ သူ၏ ကိုယ်တွင်းအင်္ဂါများက ဗြောင်းဆန်သွားသည်နှင့် သူက သွေးတစ်ပွက်ကို အန်လိုက်ရသည်။
သူ၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ အမူအရာက မည်းမှောင်နေသည်။ သူ၏ သက်စောင့်ချီက ဒဏ်ရာရသွားကြောင်း ထင်ရှားပေသည်။
“ တာအိုရောင်းရင်းဖုန်း… ဗလာနတ္ထိအဆင့် ကျင့်ကြံသူနှစ်ယောက်ကိုတောင် နင်မဖိနှိပ်နိုင်ဘူးလား ”
ပေတစ်ရာအကွာမှာ ရှိနေသော လန်ယောင်သည် လှုပ်ရှားမှု မပြုလုပ်သေးပေ။ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူသည်လည်း ထိတ်လန့်သွားသော်လည်း ယင်းကို ဖိနှိပ်လိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။
“ ဟွန့်… တာအိုရောင်းရင်းလန်… အဖြေကို မင်းသိပြီးနေမှတော့ ဘာလို့မေးနေသေးလဲ… ဒီနှစ်ကောင်ရဲ့ တိုက်ခိုက်မှုတွေကို မင်းလည်း မြင်တာပဲ… သူတို့က သာမန်ကျင့်ကြံသူတွေမဟုတ်ဘူး… သူတို့က ပူးပေါင်းတိုက်ခိုက်တဲ့နေရာမှာ အထူးကျွမ်းကျင်တယ် ”
“ ပြီးတော့ မင်းရဲ့ စကားက ငါ့စိတ်ကို ဆွပေးပြီးတော့ ငါ့ရဲ့ ဝှက်ဖဲကတ်တွေကို မြင်ချင်နေတာမလား… မင်း ငါ့အပေါ် အဲ့လိုလှည့်ကွက်မျိုး သုံးစရာမလိုဘူး ”
ဖုန်းက မကျေနပ်စွာ ပြန်ပြောသည်။
လန်ယောင်က တခစ်ခစ် ရယ်မောလိုက်သည်။
“ တာအိုရောင်းရင်းဖုန်း… နင်က အရမ်းသံသယကြီးတာပဲ… ငါက သာမန်ကာလျှံကာပဲ ပြောလိုက်တာပါ… ငါတို့ရဲ့ အလုပ်က ပြီးမှမပြီးသေးတာ… ဘယ်လိုလုပ် အဲ့လိုကိစ္စကို ငါလုပ်မှာလဲ ”
ဖုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက ပြန်မပြောပေ။
အစောနက လန်ယောင်က သူ့အား ဝင်မကူညီပေးခြင်းကို သူမအံ့ဩပေ။
သူတို့၏ ဆက်ဆံရေးသည် အလုပ်သဘောမျှသာ ရှိ၏။
သို့သော်လည်း ယခု သူက ထိုမျှအခြေအနေဆိုးဝါးနေသည့်တိုင် တစ်ဖက်လူက သူ့ကို သရော်လှောင်ပြောင်နေလေရာ မည်သို့ကြောင့် ယဉ်ကျေးနိုင်မည်နည်း။
မည်သို့ဖြစ်ပါစေ ယခုအချိန်မှစ၍ သူက ရွှီချင်းနှင့် အားညိုကို ပိုပြီးအလေးအနက်ထားတော့မည်။
သူက သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဝိညာဉ်စုစည်းခြင်းအဆင့်ကို ရောက်ရှိနေသော်လည်း ဤနေရာသို့ ဆင်းသက်လာပြီးနောက် သူ၏ ကျင့်ကြံခြင်းက ချိပ်ပိတ်ခံလိုက်ရပြီး မဟာလောကနှစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့် တိုက်ပွဲစွမ်းအားကိုသာ ထုတ်ဖော်နိုင်တော့သည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာတော့ အကယ်၍ ဗလာနတ္ထိအဆင့် ကျင့်ကြံသူဆီမှာ ဝှက်ဖဲကတ်တချို့ရှိမည်ဆိုလျှင်ပင် သူက ယင်းတို့အားလုံးကို လက်တစ်ဖက်ဝှေ့ယမ်းရုံဖြင့် ဖျက်ဆီးပစ်နိုင်ဆဲပင်။
သို့သော်လည်း ယခုတော့ ခြားနားသွားသည်။
ထိုအတွေးများက အစောနတုန်းက သူ၏ အဖော်ဆီမှာလည်း ရှိခဲ့သည်။ ထို့ကြောင့် သူစတင်တိုက်ခိုက်လိုက်စဉ် လန်ယောင်က ရပ်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူက ဝင်မတိုက်ခိုက်ခဲ့ပေ။
ရှင်းလင်းစွာပင် ဖုန်းက သူတို့နှစ်ယောက်ကို အလွယ်တကူ ဖိနှိပ်နိုင်လိမ့်မည်ဟု လန်ယောင်က တွေးထားခဲ့သည်။
သူတို့နှစ်ယောက်က ထိုသို့တွေးခြင်းသည် မထူးဆန်းပေ။ အကယ်၍ သူတို့က ဝမ်ကူးကုန်းမြေ၏ ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူများဖြင့် ရင်ဆိုင်နေရခြင်းဖြစ်မည်ဆိုလျှင် သူတို့နှစ်ယောက်က တစ်ဖက်လူကို အများကြီး လျော့တွက်ဝံ့လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း မည်သို့ကြည့်ပါစေ ရွှီချင်းနှင့် ခေါင်းဆောင်၏ ကျင့်ကြံခြင်းအခြေခံသည် ဗလာနတ္ထိပထမအဆင့်မှာသာ ရှိသေး၏။
ထိုအဆင့်သည် သူတို့က သတိပေါ့ဆမည်ဆိုလျှင်ပင် သူတို့၏ အသက်အန္တရာယ်ကို မခြိမ်းခြောက်နိုင်ပေ။
သို့သော်လည်း ယခု သူတို့အရှေ့မှာ ဖြစ်ပျက်သွားသော အရာက သူတို့ကို နှလုံးတုန်သွားစေသည်။
“ ဒီလူနှစ်ယောက်က ဝမ်ကူးကုန်းမြေမှာ သာမန်မဖြစ်နိုင်ဘူး… သူတော်စင်ကုန်းမြေထဲမှာတောင် သူတို့က ကောင်းကင်အရွေးချယ်ခံအဖြစ် သတ်မှတ်ခံရလိမ့်မယ်… တာအိုရောင်းရင်းလန်က ကောင်းကင်အရွေးချယ်ခံတွေကို သတ်ရတာ သဘောကျတယ်မလား… ဘာလို့ ငါတို့အတူတူ မတိုက်ခိုက်ကြတာလဲ ”
ဖုန်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူက ရွှီချင်းနှင့် အားညိုကို ကြည့်ပြီး လန်ယောင်ဆီသို့ အသံပို့လွှတ်လိုက်သည်။
“ သူတို့က လူသားတွေ… လူသားမျိုးနွယ်ထဲမှာ ဒီလိုကောင်းကင်အရွေးချယ်ခံတွေ ရှိတာက မထူးဆန်းပါဘူး ”
လန်ယောင်က ပြုံးလိုက်သည်။
“ အတူတူ တိုက်ခိုက်ဖို့ကျတော့… သူတို့ကို တာအိုရောင်းရင်းဖုန်းက အရင်သွားတိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလား… အဲ့ဒါက ငါနဲ့ ဘာမှမဆိုင်ဘူး… ဒါပေမဲ့ ငါတို့ရဲ့ သဘောတူညီမှုကို ထောက်ထားပြီးတော့ အချိန်ကျလာတဲ့အခါ ငါမင်းကို ကူညီပေးမယ် ”
ဖုန်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရွှီချင်းနှင့် အားညိုကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို တဝီဝီဟူသော မြည်သံက သူ့အနောက်မှာ ပဲ့တင်ထပ်လာပြီး အနက်ရောင်တိမ်တိုက်များက ထွက်ပေါ်လာသည်။
ထိုအနက်ရောင်တိမ်တိုက်များက လက်မောင်းလုံးခန့်ရှိသော အနက်ရောင်ကင်းခြေများများထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုကင်းခြေများ၏ ကျောပေါ်တွင် တစ္ဆေမျက်နှာတိုတမ်များ ရှိသည်။
စူးရှသော အော်မြည်သံများက အတူတကွ စုဝေးသွားသည်။ ထိုအော်သံများက နားကွဲလုမတတ် စူးရှကျယ်လောင်သည်။
၎င်းတို့၏ အရေအတွက်သည် တစ်သိန်းထက် မနည်းပေ။
၎င်းတို့ထွက်ပေါ်လာပြီးနောက် ဖုန်း၏ လက်ဝှေ့ယမ်းမှုအောက်မှာ ၎င်းတို့က အုပ်စုကြီးတစ်စုကို ဖွဲ့စည်းလိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ ဦးတည်သွားကြသည်။
၎င်းတို့၏ အရိပ်များက ကုန်းမြေ၏ ကြီးမားသော ဧရိယာကို ဖုံးအုပ်သွားပြီး ဖိနှိပ်သော စိတ်ခံစားမှုကို ထုတ်လွှတ်လိုက်သည်။
၎င်းတို့၏ အရှိန်အဟုန်သည် အံ့ဖွယ်ကောင်းပြီး ချောက်ချားဖွယ်ကောင်းသည်။
သို့သော်လည်း ၎င်းတို့က ပျံသန်းလာသည်နှင့်ချက်ချင်း ခေါင်းဆောင်က ရုတ်တရက် လက်မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှာ သူဖုံးကွယ်ထားခဲ့သော အပြာရောင်အလင်းက အရပ်မျက်နှာအဘက်ဘက်မှာ လင်းလက်တောက်ပလာပြီး လေထဲသို့ မြှောက်တတ်သွားသည်။
အလင်းရောင်ဖြတ်သန်းသွားသည့်နေရာတိုင်း ရေခဲစွမ်းအားက ပေါ်လျှိုးလာလိမ့်မည်။ ယင်းက လောကကြီးနှင့် အရာအားလုံးကို အေးခဲသွားစေသည်။
အရှေ့ဆုံးမှ တစ္ဆေကင်းခြေများများသည် ရေခဲစွမ်းအားကို အရင်ဦးစွာ ခံစားလိုက်ရသည်။ သို့ဖြစ်၍ ၎င်းတို့၏ အလျင်က သိသာစွာ ကျဆင်းသွားသည်။ သို့သော်လည်း ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုသည်တော့ လုံးဝမကျဆင်းသွားပေ။ ယင်းအစား ပိုပြီးအားကောင်းလာသည်။ ၎င်းတို့က တရှဲရှဲမြည်သံကို ထုတ်ဖော်လိုက်ပြီး မီးတောက်များကို အရပ်မျက်နှာအသီးသီးဆီသို့ မှုတ်ထုတ်လိုက်သည်။
ရေခဲစွမ်းအားက သန်မာသော်လည်း ၎င်းမှာ အရေအတွက် အကန့်အသတ်ရှိနေဆဲပင်။ တစ်ဖက်မှာတော့ တစ္ဆေကင်းခြေများများ၏ အရေအတွက်က အလွန်များပြားသည်။ သို့ဖြစ်၍ ၎င်းတို့က မီးမှုတ်ထုတ်လိုက်သည့်အခါ မီးတောက်ပင်လယ်သည် ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာသည်။
သို့သော်လည်း ရေခဲနှင့် မီးက ထိပ်တိုက်တွေ့ဆုံသွားစဉ် အဆုံးမဲ့သော အရိပ်က မြေကြီးထဲမှ ထွက်ပေါ်လာသည်။ ၎င်း၏ ပစ်မှတ်သည် ကင်းခြေများများမှ ဖြစ်ပေါ်လာသော အရိပ်များ ဖြစ်သည်။
ခန္ဓာကိုယ်သိမ်းပိုက်ခြင်းအတတ်ပညာက ထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်မှာ ရွှီချင်းနှင့် ခေါင်းဆောင်သည် ဖုန်းဆီသို့ ဘယ်ဘက်နှင့် ညာဘက်မှ တစ်ဟုန်ထိုး ပျံသန်းသွားကြသည်။
ဖုန်းသည် အစောနက ဆိုးဝါးစွာ ရှုံးနိမ့်သွားပြီးနောက် ရွှီချင်းနှင့် အားညိုကို အဆင့်တူသော ကျင့်ကြံသူများအဖြစ် သဘောထားလိုက်သည်။
သို့ဖြစ်၍ တစ္ဆေကင်းခြေများများကို ဆင့်ခေါ်ပြီးသည်နှင့် ကျင့်ကြံခြင်းအခြေခံက သူ၏ ခန္ဓာကိုယ်ထဲမှာ ထွက်ပေါ်လာသည်။
အနက်ရောင်မီးဘောလုံးနှစ်လုံးသည် သူ၏ ပခုံးနှစ်ဖက်ပေါ်မှာ ထွက်ပေါ်လာသည်။
မီးဘောလုံးတစ်လုံးစီတွင် မဟာလောကတစ်ခုရှိပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ပြင်းထန်သော ဖိအားသည် ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
ပိုပြီးအံ့ဖွယ်ကောင်းသည့်အရာမှာ သူ၏ လက်မောင်းနှစ်ဖက်နှင့် ဦးခေါင်းပေါ်မှာ အနက်ရောင်မီးဘောလုံးသုံးလုံး ထပ်ရှိသေးသည်။
သို့သော်လည်း ထိုမီးဘောလုံးသုံးလုံးက အရောင်မှေးမှိန်နေသည်။ ဤသည်မှာ မြူခိုးအလွှာတစ်ခုက ၎င်းတို့ကို ဖုံးအုပ်ထားသည့်အလားပင်။
မီးဘောလုံးထဲမှ မဟာလောကများသည်လည်း ထို့အတူပင်။
“ မဟာလောကငါးခု ဝိညာဉ်စုစည်းခြင်းအဆင့် ”
ရွှီချင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
“ ဘာလို့ မဟာလောကသုံးခုက ချိပ်ပိတ်ခံထားရတာလဲ ”
ခေါင်းဆောင်သည်လည်း နှလုံးတုန်သွားသည်။ သို့သော်လည်း သံသယက မြန်ဆန်စွာ ထွက်ပေါ်လာသည်။ သူက ရွှီချင်းနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး သူတို့၏ အလျင်ကို မနှေးသွားစေပေ။
သူတို့က အရှေ့သို့ ပျံသန်းသွားနေစဉ် သက်ဆိုင်ရာ နတ်ဘုရားအတတ်ပညာများကို ထုတ်ဖော်လိုက်ကြသည်။
ခေါင်းဆောင်၏ တစ်ကိုယ်လုံးသည် ဖော်မပြနိုင်သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ယင်းက ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။ ယင်းက မဟာလောကတစ်ခုဖြစ်ကြောင်း မည်သူမဆို ဝေဝါးစွာ မြင်နိုင်လိမ့်မည်။
ရွှီချင်းသည်တော့ ဝိညာဉ်ချည်မျှင်သန်းလေးဆယ်ဖြင့် မဟာလောကတစ်ခုကို မြန်ဆန်စွာ ဖွဲ့စည်းလိုက်သည်။ ထိုမဟာလောကသည် ရွှမ်မီးလျှံဖြင့် သူတိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့သော မဟာလောကဖြစ်သည်။
ထိုမဟာလောကသည် ကြီးကျယ်မြင့်မြတ်ပြီး မဟာလောကထဲမှာ ကောင်းကင်ကို ထမ်းပိုးထားသော ပုံရိပ်ယောင်နတ်ဘုရားထောင့်တိုင် (၁၀၀)ကျော်လည်း ရှိသည်။ မဟာလောကနှင့်အတူ နတ်ဘုရားအခွင့်အာဏာသုံးခု၏ စွမ်းအားက ကြောက်မခန်းလိလိ ထွက်ပေါ်လာသည်။ သူက ခေါင်းဆောင်နှင့် အတူပူးပေါင်းလိုက်ပြီး ဖုန်းကို တိုက်ခိုက်လိုက်သည်။