ဂျူနီယာညီလေး ငါ့ကို ဂရုမစိုက်နဲ့ မြန်မြန်ပြေး
Vol. 87 Ch. 1332
ကျောက်စိမ်းပုလင်းသည် ဆူဖြိုးသော သိုးတစ်ကောင်ကဲ့သို့ ဖြူဖွေးပြီး ချောမွေ့သည်။ ရောင်ခြည်တန်းတစ်ခုသည် ပုလင်း၏ အပြင်ဘက်တွင် ရစ်ဝဲနေသည်။ ရှင်းလင်းစွာပင် ထိုပုလင်းက သာမန်ပစ္စည်းတစ်ခု မဟုတ်ပေ။
ဖုန်းသည် ပုလင်းကို ယူဆောင်လိုက်သည်။ ပုလင်းထဲသို့ သူ၏ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်ပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
“ သူတော်စင်အင်ပါယာအချုပ်အနှောင်က ငါ့မျိုးနွယ်ရဲ့ တိုက်ရိုက် မျိုးဆက်တွေပဲ သင်ယူခွင့်ရှိတဲ့ လျှို့ဝှက်အတတ်ပညာတစ်ခုပဲ… အဲ့ဒါကို အစွမ်းကုန် ထုတ်သုံးမယ်ဆိုရင် နတ်ဘုရားတွေကိုတောင် သန့်စင်ပစ်နိုင်တယ်… ဒီလူသားနှစ်ယောက်က မရိုးရှင်းဘူးဆိုပေမဲ့ ငါ့မှာ အချိန်မရှိတော့ဘူး… ဒီဟာက တစ်ခုတည်းသော နည်းလမ်းပဲ ”
လန်ယောင်က တည်ငြိမ်စွာ ပြောသည်။
“ အဲ့ဒါက ကောလဟာလပဲ မဟုတ်ဘူး… နင်က သွေးနှောဖြစ်လို့ တချို့ကိစ္စတွေကို မသိထားဘူး… တကယ်တော့ သူတော်စင်ဘိုးဘေးက ဝမ်ကူးကုန်းမြေကနေ ငါ့မျိုးနွယ်စုနဲ့ မထွက်ခွာခင်မှာ ရှေးဦးအပျက်အစီးက မရောက်လာသေးပေမဲ့ နတ်ဘုရားတချို့က ရောက်လာကြတယ် ”
“ သူတော်စင်ဘိုးဘေးက ဒီအချုပ်အနှောင်ကို အသုံးပြုပြီး အဆင့်မြင့်နတ်ဘုရားတွေ အများကြီးကို သန့်စင်ပစ်ခဲ့တယ် ”
ဖုန်း၏ အမူအရာသည် ပြောင်းလဲသွားပြီး သူက ခေါင်းညိတ်လိုက်သည်။
“ အခုလို ငါ့ကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းလန်… အဲ့ဒီလူသားနှစ်ယောက်က အချိန်တစ်ခဏကြာအောင် ထွက်ပြေးလိမ့်မယ်… အခု အဲ့ဒီမန္တန်ကို ငါအသုံးပြုနိုင်ပြီ ”
ထိုသို့ပြောပြီးနောက် ဖုန်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည်။ ကျောက်စိမ်းပုလင်းကို လှုပ်ခါလိုက်သည့်အခါ အထဲမှ အဖြူရောင်အရည်တစ်စက်သည် ပုလင်းအပြင်သို့ ပျံသန်းထွက်လာသည်။
ထိုအရည်စက် ထွက်ပေါ်လာပြီးနောက် မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ မပျံ့လွင့်လာပေ။ သို့သော်လည်း စက္ကန့်ပိုင်းအတွင်းမှာ ဘေးပတ်ဝန်းကျင်သည် ခြောက်သွေ့သွားသည်။ ဤသည်မှာ အစိုဓာတ်အားလုံးက ပျောက်ကွယ်သွားသည့်အလားပင်။
ထိုအရည်စက်၏ တည်ရှိမှုကြောင့် မည်သည့်ရေမှ ဤနေရာမှာ ဆက်ပြီး မတည်ရှိနိုင်တော့ဟန် ရ၏။
ဖုန်းနှင့် လန်ယောင်သည်ပင် သူတို့၏ ခန္ဓာကိုယ်ထဲမှ ရေဓာတ်မကုန်ဆုံးသွားအောင် သူတော်စင်ကုန်းမြေ၏ အလင်းကို အသုံးပြုလိုက်ကြသည်။
ဖုန်း၏ အမူအရာသည် တည်ကြည်လေးနက်သွားသည်။ သူက သူ့အရှေ့မှ အဖြူရောင်အရည်စက်ကို ကြည့်လိုက်ပြီး လက်နှစ်ဖက်စလုံးဖြင့် ချိပ်တံဆိပ်လက်ဟန်များစွာကို ဖွဲ့စည်းလိုက်သည်။ ထိုအခါ တာအိုမှော်သင်္ကေတများက မြန်ဆန်စွာ ပျံသန်းထွက်လာကြပြီး အရည်စက်ဆီသို့ ဦးတည်သွားကြသည်။
ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ မှော်သင်္ကေတများက အရည်စက်ကို ဖြတ်သန်းသွားသည့်အခါ ယင်းတို့က ပေတစ်ထောင်အရွယ်အစားသို့ စတင်ကြီးမားလာကြသည်။ ထို့နောက် ယင်းတို့က ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြပြီး ပျောက်ကွယ်သွားကြသည်။
မှော်သင်္ကေတများသည် စုစုပေါင်း (၁၀၈)ခု ရှိသည်။
ယင်းက ဖုန်း၏ အကန့်အသတ်ဖြစ်ဟန် ရသည်။
နောက်ဆုံးမှော်သင်္ကေတက ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည့်အခါ အဖြူရောင်အရည်စက်သည် ကြည်လင်လာပြီး ဘေးပတ်ဝန်းကျင်မှ ခြောက်သွေ့မှုသည် ပျောက်ကွယ်သွားသည်။
“ ဟုတ်ပြီ… အဲ့ဒီနှစ်ယောက်က မလွတ်မြောက်နိုင်ဘူးဆိုပေမဲ့ တစ်ချက်သွားကြည့်ရအောင် ”
ဖုန်းသည် လန်ယောင်ကို ကြည့်လိုက်သည်။
လန်ယောင်သည် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပျောက်ကွယ်သွားကြသည်။
ထိုအခိုက်အတန့်မှာ သူတို့နှစ်ယောက်နှင့် ကီလိုမီတာတစ်ထောင်အကွာအဝေးတွင် ရွှီချင်းနှင့် ခေါင်းဆောင်သည် မြန်ဆန်စွာ ပျံသန်းနေကြသည်။ ဤအတောအတွင်း သူတို့က တစ်ယောက်နှင့်တစ်ယောက် လုံးဝ မဆက်သွယ်ခဲ့ပေ။ ဤသည်မှာ သူတို့က ထွက်ပြေးရန် အကောင်းဆုံး ကြိုးစားနေပုံပေါ်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ကောင်းကင်သည် ရုတ်တရက် ပြောင်းလဲသွားသည်။ ပေတစ်ထောင်ရှည်လျားသော မှော်သင်္ကေတတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။
ချက်ချင်းဆိုသလို မှော်သင်္ကေတက ရွှီချင်းနှင့် ခေါင်းဆောင်၏ အရှေ့သို့ ဆင်းသက်လာသည်။
ထို့နောက် ဟင်းလင်းပြင်သည် ပြိုကွဲသွားပြီး မရေမတွက်နိုင်သော လေဟာနယ်အပိုင်းအစများသို့ ပြောင်းလဲသွားကာ အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားကြသည်။ အဝေးမှကြည့်လျှင် လေဟာနယ်ပန်းတစ်ပွင့်က ပွင့်လန်းလာသည့်အလားပင်။
ယင်းက အမှန်တကယ် ပန်းတစ်ပွင့်ဖြစ်သည်။
ယင်းက ကြာပန်းကဲ့သို့ ဖြူဖွေးပြီး လှည့်ပတ်နေသည်။
ရွှီချင်းနှင့် ခေါင်းဆောင်၏ အမူအရာသည် မည်းမှောင်သွားပြီး တုံ့ဆိုင်းမနေဘဲ တခြားဦးတည်ရာဆီသို့ ပြောင်းလဲလိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ကောင်းကင်သည် နောက်တစ်ကြိမ် တုန်လှုပ်သွားသည်။ ဒုတိယမှော်သင်္ကေတ၊ တတိယမှော်သင်္ကေတနှင့် စတုတ္ထမှော်သင်္ကေတများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
စက္ကန့်ပိုင်းအတွင်းမှာ မှော်သင်္ကေတ(၃၀)ကျော်သည် တရစပ် ဆင်းသက်လာကြသည်။
ဝုန်းခနဲ မြည်သံသည် ဆက်လက် ပဲ့တင်ထပ်သွားပြီး ဟင်းလင်းပြင်၏ အစိတ်အပိုင်းများစွာက ပြိုကွဲသွားကာ လေဟာနယ်မုန်တိုင်းတစ်ခု အစပျိုးလာသည်။
လေဟာနယ်မုန်တိုင်းထဲမှ အဖြူရောင်ကြာပွင့်များသည် ရွှီချင်းနှင့် ခေါင်းဆောင်ကို လွှမ်းခြုံသွားကြပြီး တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းသွားကြသည်။
ထို့ပြင် ပေတစ်ထောင်ရှည်လျားသော မှော်သင်္ကေတများက ကောင်းကင်ပေါ်မှာ ဆက်လက် ထွက်ပေါ်လာနေဆဲပင်။
မျက်စိတစ်မှိတ်အတွင်းမှာ အဖြူရောင်ကြာပွင့်(၁၀၈)ပွင့်သည် ကီလိုမီတာ(၅၀)အချင်းဝက်ကို ဝိုင်းရံသွားကြသည်။ ကြာပွင့်တစ်ခုစီသည် မြန်ဆန်စွာ လှည့်ပတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ချိပ်တံဆိပ်စွမ်းအားကို ထုတ်လွှတ်နေသည်။
ပိုပြီးအံ့ဖွယ်ကောင်းသည်မှာ ကြာပွင့်များက လှည့်ပတ်နေစဉ် အစိမ်းရောင်ချည်မျှင်များက ထွက်ပေါ်လာသည်။
အစိမ်းရောင်ချည်မျှင်များသည် အပူဓာတ်နှင့် ကမ္ဘာဖျက်ဆီးနိုင်သော စွမ်းအားကို သယ်ဆောင်လျက် ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ ဦးတည်သွားကြသည်။
ချက်ချင်းဆိုသလို မရေမတွက်နိုင်သော အစိမ်းရောင်ချည်မျှင်များက ရွှီချင်းနှင့် ခေါင်းဆောင်ကို ဝန်းရံသွားကြသည်။ ထို့ပြင် ကြာပွင့်များက ပိုပြီးလှည့်ပတ်လေ အစိမ်းရောင်ချည်မျှင်များက ပိုပြီးထွက်ပေါ်လာလေ ဖြစ်သည်။
ထိုအစိမ်းရောင်ချည်မျှင်များသည် ကီလိုမီတာ(၅၀)ကျယ်ဝန်းသော အစိမ်းရောင်ဧရာမကြာပွင့်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ဘေးပတ်ဝန်းကျင်မှ အစိုဓာတ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး ပြင်းထန်သော အပူဓာတ်ဖြင့် အစားထိုးခံလိုက်ရသည်။
သန့်စင်ခံနေရသော စိတ်ဆန္ဒက ထွက်ပေါ်လာသည်။ ဤသည်မှာ ချိပ်တံဆိပ်က ဆေးမီးဖိုတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလားပင်။
ရွှီချင်းနှင့် ခေါင်းဆောင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ပြင်းထန်သော အန္တရာယ်သတိပေးမှုက သူတို့နှစ်ယောက်၏ နှလုံးသားထဲမှာ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။ သူတို့က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အချုပ်အနှောင်ကို ချိုးဖောက်ရန် သက်ဆိုင်ရာနည်းလမ်းများကို ကိုယ်စီထုတ်သုံးလိုက်ကြသည်။
ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် လှုပ်ယမ်းသွားပြီး မရေမတွက်နိုင်သော အပြာရောင်ပိုးကောင်များက ထွက်ပေါ်လာကြသည်။ ပိုးကောင်များသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အေးစက်စက် လေကို မှုတ်ထုတ်လိုက်ကြသည်။ အပြာရောင်ကျောရိုးနှင့် အရိုးခြောက်လက်က အေးစက်စက် လေထဲမှာ တလက်လက် တောက်ပသွားသည်နှင့် သူက အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားသည်။
ဝုန်းခနဲမြည်သံသည် ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်လာသည်။ သို့သော်လည်း ဆေးမီးဖိုနှင့်ဆင်တူသော အစိမ်းရောင်ဧရာမကြာပွင့်သည် အနည်းငယ် တုန်ခါသွားသည်။ ၎င်းက မအက်ကွဲသွားပေ။
ရွှီချင်းသည်လည်း ထို့အတူပင်။ သူ၏ ဝိညာဉ်ဝါးမျိုဓားက ဥပဒေသများကို ချိုးဖြတ်နိုင်သော်လည်း ဤနေရာမှ သန့်စင်ခြင်းတံတိုင်းကို မချိုးဖြတ်နိုင်ပေ။ ယင်းက အနည်းငယ်သာ တုန်ယင်သွားသည်။
ဤသည်ကိုမြင်သောအခါ ရွှီချင်းက ခေါင်းဆောင်ကို ကြည့်လိုက်သည်။
သူတို့နှစ်ယောက်သည် အကြည့်ချင်း တွေ့ဆုံသွားသည်။ သူတို့က အသံမပို့လွှတ်ဘဲ တစ်ဖက်လူ၏ အတွေးများကို နားလည်နိုင်ကြသည်။
“ မင်းသေချာလား ”
ရွှီချင်းက တိုးညင်းစွာ ပြောသည်။
“ ငါသေချာတယ် ”
ခေါင်းဆောင်သည် နှုတ်ခမ်းသပ်လိုက်ပြီး မျက်တောင်ခတ်လိုက်သည်။ အပြာရောင်ပိုးကောင်တစ်ကောင်သည် ရွှီချင်း၏ လက်ပေါ်မှာ တိတ်တဆိတ် ထွက်ပေါ်လာသည်။ ရွှီချင်းသည် အပြာရောင်ပိုးကောင်ကို သိမ်းဆည်းလိုက်သည်။
ထို့နောက် ရွှီချင်းက သူ၏ နဖူးကို ရိုက်ချလိုက်သည်။
ထိုရိုက်ချက်ကြောင့် သူ၏ ခန္ဓာကိုယ်က ဝုန်းခနဲ မြည်သွားပြီး သူ၏ နတ်ဝိညာဉ်က ခန္ဓာကိုယ်အပြင်ဘက်သို့ ပျံသန်းထွက်လာသည်။ နတ်ဝိညာဉ်သည် ပါးစပ်ဟလိုက်ပြီး ရုပ်ခန္ဓာကိုယ်ကို မျိုချလိုက်သည်။
ခေါင်းဆောင်သည်လည်း ထိုအတိုင်း လုပ်ဆောင်သည်။ သူ၏ ဝိညာဉ်က ပျံသန်းထွက်လာပြီး ရုပ်ခန္ဓာကိုယ်၏ အသွင်ပြောင်းပုံစံဖြစ်သော အပြာရောင်ပိုးကောင်များကို ဝါးမျိုလိုက်သည်။
ထို့နောက် ရွှီချင်း၏ နတ်ဝိညာဉ်သည် လက်မြှောက်လိုက်ပြီး အရှေ့သို့ တွန်းထုတ်လိုက်သည်။
ထိုလက်ဝါးချက်နှင့်အတူ လှိုင်းဂယက်များက ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။ ရေသည် အစိုဓာတ်ခမ်းခြောက်နေသော လေထဲမှာ အမှန်တကယ် ထွက်ပေါ်လာသည်။
ရေလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့ပွားသွားသည်။
သို့သော်လည်း သူတော်စင်အင်ပါယာအချုပ်အနှောင်သည် အလွန်ကြောက်စရာကောင်းပြီး အစွမ်းထက်သည်။ ရေတွင်းထဲမှ လကို မျှားခြင်းကို မည်သည့်နေရာမှာမဆို အသုံးပြုနိုင်သော်လည်း ဤနေရာတွင် ယင်းက သူတော်စင်အင်ပါယာအချုပ်အနှောင်၏ သက်ရောက်ခံလိုက်ရသည်။
ရေလှိုင်းများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းတို့က ချက်ချင်း အငွေ့ပျံသွားကြသည်။
သို့သော်လည်း ရေတွင်းထဲမှ လကို မျှားခြင်း၏ နတ်ဘုရားစွမ်းရည်က မပျောက်ကွယ်သွားသေးပေ။ ရွှီချင်း၏ ဝိညာဉ်သည် လက်မြှောက်လိုက်ပြီး ရေပြင်ကို ဆည်ယူလိုက်သည်။
သူဆည်ယူလိုက်သော အရာက အစိမ်းရောင်ဧရာမကြာပွင့် မဟုတ်ပေ။ သူနှင့် ခေါင်းဆောင်၏ ဝိညာဉ်များသာ ဖြစ်သည်။
နောက်အခိုက်အတန့်မှာ ဧရာမလက်သည် အစိမ်းရောင်ဧရာမကြာပွင့်၏ အပြင်ဘက်မှာ ဒြပ်ထည်ဖြစ်ပေါ်လာသည်။ ထိုလက်က စကြာဝဠာကြီးမှ ဖြစ်တည်လာသည့်အလား အဆုံးမဲ့သော စွမ်းအားနှင့်အတူ အစိမ်းရောင်ဧရာမကြာပွင့်ဆီသို့ ဦးတည်သွားသည်။
ဧရာမကြာပွင့်နှင့် ဧရာမလက်တို့ တွေ့ဆုံသွားသည်နှင့်ချက်ချင်း ဧရာမလက်သည် တုန်ယင်သွားပြီး အစိမ်းရောင်ဧရာမကြာပွင့်သည် အရောင်တောက်ပလာသည်။
သို့သော်လည်း အဆုံးမှာတော့ ရေတွင်းထဲမှ လကို မျှားခြင်း၏ ပုံရိပ်ယောင်အစွမ်းက ပိုပြီးအားကောင်းကြောင်း ထင်ရှားပေသည်။ အထူးသဖြင့် ရေတွင်းထဲမှ လကို မျှားခြင်း၏ ဇစ်မြစ်က ရွှီချင်းဖြစ်လာသောကြောင့် ထိုနတ်ဘုရားစွမ်းရည်၏ အဆင့်သည် အလွန်မြင့်မားသည်။
သို့ဖြစ်၍ ပုံရိပ်ယောင်လက်သည် အစိမ်းရောင်ဧရာမကြာပွင့်ကို ဖောက်ထွင်းသွားသည်။
နောက်အခိုက်အတန့်မှာ ဧရာမလက်သည် ရေပြင်ပေါ်သို့ ကျရောက်သွားသည်။ ၎င်းက လက်ကို ကွေးလိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်၏ ဝိညာဉ်များကို ဆည်ယူလိုက်ကာ အမြန်အနောက်ဆုတ်သွားသည်။
ရွှီချင်းက မယုံကြည်နိုင်စရာကောင်းသော ထိုနည်းလမ်းကို အသုံးပြု၍ ချိပ်ပိတ်မှုထဲမှ လွတ်မြောက်ရန် ကြိုးစားနေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အေးစက်စက် နှာခေါင်းရှုံ့သံက ထွက်ပေါ်လာသည်။ ထို့နောက်တွင် မရေမတွက်နိုင်သော ပွင့်ချပ်များက ထွက်ပေါ်လာကြပြီး ရွှီချင်း၏ ပုံရိပ်ယောင်လက်ပေါ်သို့ ကျဆင်းသွားကြသည်။
အေးစက်စက် နှာခေါင်းရှုံ့သံသည် ဖုန်းထံမှ ဖြစ်သည်။
ပွင့်ချပ်များသည်တော့ လန်ယောင်ထံမှ ဖြစ်သည်။
သူတို့နှစ်ယောက်သည် အံ့ဩသွားကြပြီး တည်ကြည်လေးနက်နေသည်။
ရှင်းလင်းစွာပင် ရွှီချင်းဆီမှာ ထိုသို့နတ်ဘုရားစွမ်းရည်မျိုး ရှိလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။
ဖုန်းသည် လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်မုန်တိုင်းများသည် အနက်ရောင်ဦးချိုနှင့် ငါးရောင်ခြယ်ဒေါင်းတစ်ကောင်သို့ အသွင်ပြောင်းလဲသွားသည်။ ဒေါင်းသည် အတောင်ပံတဖျပ်ဖျပ်ခတ်၍ ဧရာမလက်ဆီသို့ ပျံသန်းသွားသည်။
လန်ယောင်၏ ပွင့်ချပ်များသည်လည်း တစ်နေရာတည်းမှာ စုဝေးသွားပြီး ကောင်းကင်သုတ်သင်ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားကာ ဧရာမလက်ဆီသို့ ခုတ်ပိုင်းလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်း၏ ဧရာမလက်သည် ပြင်းထန်စွာ တုန်ယင်သွားပြီး ပြိုကွဲတော့မည့် လက္ခဏာများ ပြလာသည်။ ဤသည်မှာ ၎င်းက ဆက်ပြီး မတောင့်ခံနိုင်တော့ဟန် ရ၏။ ထိုသို့အရေးကြီးအခိုက်အတန့်မှာ အော်သံသည် ဧရာမလက်၏ လက်ဖဝါးထဲမှ မြည်ဟိန်းထွက်လာသည်။
ခေါင်းဆောင်၏ ဝိညာဉ်သည် ပျံသန်းထွက်လာပြီး သူ၏ ရုပ်ခန္ဓာကိုယ်ကို ထွေးထုတ်လိုက်ကာ ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်ကို အတူတကွ ပြန်ပေါင်းစည်းလိုက်သည်။
“ ဂျူနီယာညီလေး… ငါ့ကို ဂရုမစိုက်နဲ့… မြန်မြန် ဂိုဏ်းကို သွားအကြောင်းကြား ”
သူ၏ စကားဆုံးသည်နှင့် ခေါင်းဆောင်၏ မျက်လုံးထဲမှာ သေခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။ သူက သေရမည်ကို မကြောက်သည့်အလား ရူးမိုက်သော ဟန်အမူအရာဖြင့် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ထွန်းလင်းတောက်ပသော အပြာရောင်အလင်းနှင့် မရေမတွက်နိုင်သော အပြာရောင်ပိုးကောင်များက အရှေ့သို့ တစ်ဟုန်ထိုး ထွက်ပေါ်လာကြသည်။ သူက အပြာရောင်ကျောရိုးနှင့် အရိုးခြောက်လက်ကိုပင် ထုတ်လွှတ်လိုက်ပြီး ယင်းတို့အားလုံးကို လူသားပုံသဏ္ဍာန် အကာအကွယ်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။
အကာအကွယ်သည် ငါးရောင်ခြယ်ဒေါင်းနှင့် ကောင်းကင်သုတ်သင်ဓားကို တားဆီးပေးလိုက်သည်။
“ စီနီယာအကိုကြီး ”
ရွှီချင်း၏ အမူအရာမှာ ဝမ်းနည်းပူဆွေးခြင်း၊ ခံပြင်းဒေါသထွက်ခြင်းဖြင့် ပြည့်နှက်သွားသည်။ နောက်ဆုံးမှာတော့ သူက မခံစားနိုင်တော့သည့်အလား ဒေါသတကြီး အော်ပြောလိုက်သည်။ သို့သော်လည်း အဆုံးမှာတော့ သူက ကိုယ့်ကိုယ်ကို ချုပ်ထိန်းလိုက်သည်။ သူက ခေါင်းဆောင်ဖန်တီးပေးသော အခွင့်အရေးကို မြန်ဆန်စွာ အသုံးချလိုက်သည်။ မြန်ဆန်သော လှုပ်ရှားမှုနှင့်အတူ ဧရာမလက်သည် ရွှီချင်း၏ ဝိညာဉ်ကို ဖမ်းဆုပ်လိုက်ပြီး ချိပ်ပိတ်မှုထဲမှ လွတ်မြောက်သွားသည်။
နောက်အခိုက်အတန့်မှာ အစိမ်းရောင်ဧရာမကြာပွင့်၏ အပြင်ဘက်တွင် ပုံရိပ်ယောင်လက်က လွင့်ပြယ်သွားပြီး ရွှီချင်း၏ ဝိညာဉ်က ပြန်ပေါ်လာသည်။ နတ်ဝိညာဉ်သည် ပြန်ပေါ်လာသည်နှင့်ချက်ချင်း ရုပ်ခန္ဓာကိုယ်ကို ထွေးထုတ်လိုက်ပြီး ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်ကို တစ်ခုတည်းအဖြစ် ပြန်ပေါင်းစည်းသွားစေသည်။ ထို့နောက် ရွှီချင်းက ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားလိုက်သည်။
ထိုအခိုက်အတန့်မှာ အေးစက်စက် စကားသံသည် အစိမ်းရောင်ဧရာမကြာပွင့်ထဲမှ ပျံ့လွင့်လာသည်။
“ မင်းထွက်သွားမယ်ဆိုရင် မင်းရဲ့ စီနီယာအကိုကြီးရဲ့ ဝိညာဉ်က ချက်ချင်း ဖျက်ဆီးခံရမယ် ”
“ သူက မင်းအတွက် အခုလို လုပ်ဆောင်ပေးခဲ့တာ မလား ”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း အစိမ်းရောင်ဧရာမကြာပွင့်သည် ချက်ချင်း ကြည်လင်လာပြီး ဖုန်းနှင့် လန်ယောင်၏ ပုံရိပ်များက ထွက်ပေါ်လာကြသည်။
ခေါင်းဆောင်၏ ခန္ဓာကိုယ်သည်တော့ ဖုန်း၏ ဖမ်းဆုပ်ခြင်း ခံထားရသည်။
သူက မျက်လုံးမှိတ်ထားပြီး လှုပ်ရှားမှုကင်းမဲ့နေလေရာ သတိမေ့နေပုံပေါ်သည်။
သူ၏ ခြေလက်များနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းအများစုသည် ဆိုးဝါးစွာ ဒဏ်ရာရရှိထားသည်။ ရှင်းလင်းစွာပင် သူ၏ ဒဏ်ရာများသည် အလွန်အခြေအနေဆိုးဝါးသည်။
ဤသည်ကို မြင်သောအခါ ဝမ်းနည်းခြင်းနှင့် ခံပြင်းခြင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်ယောင်က ထွက်ပေါ်လာသည့်အခါ နတ်ဘုရားအခွင့်အာဏာများ၏ အလင်းရောင်များက သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှာ ထွက်ပေါ်လာကြသည်။
ချက်ချင်းဆိုသလို ခရမ်းလက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး မင်ဖေးက ဒြပ်ထည်ဖွဲ့စည်းလာကာ ကံကြမ္မာဆိုးစွမ်းအားက ပေါ်လျှိုးလာသည်။
ထိုမျှသာ မကသေးပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ ဧကရာဇ်ဓားသည် အင်ပါယာဝိညာဉ်ကောင်းကင်ဘုံတာအို၏ ကိုင်ဆောင်မှုအောက်မှာ ဓားဟိန်းသံကို စူးရှကျယ်လောင်စွာ ထုတ်လွှတ်လိုက်သည်။ ၎င်းက ရွှမ်မီးလျှံနှင့် တိုက်ပွဲမှာတုန်းကကဲ့သို့ ကြောက်စရာကောင်းသော ဓားပုံရိပ်ကို မထုတ်လွှတ်သေးသော်လည်း ထိုသို့ဖြစ်လာရန် တာဆူနေပြီ ဖြစ်သည်။
မဟာရွှမ်ထျန်းစစ်ချပ်ဝတ်သည်လည်း တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ထိုလုပ်ဆောင်မှုအားလုံးသည် ရွှီချင်းက ဤတိုက်ပွဲမှာ အစွမ်းကုန် ထုတ်သုံးတော့မည်ဖြစ်ကြောင်း ဖော်ပြနေသည်။ သူက အသက်သေဆုံးရမည်ဆိုလျှင်ပင် လုံးဝ အနောက်မဆုတ်မည့်သဘော ရှိသည်။
တစ်ချိန်တည်းမှာ ကင်းခြေများထောင်သောင်းချီက ပေါ်ထွက်လာကြသည်။ ဤအခိုက်အတန့်မှာ ၎င်းတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်တော့မည့် လက္ခဏာများ ပြလာသည်။
ရွှီချင်း၏ ရူးမိုက်သော လုပ်ဆောင်မှုများက ဖုန်းနှင့် လန်ယောင်၏ မျက်နှာကို မည်းမှောင်သွားစေသည်။
သူတို့ဆီမှာ နည်းလမ်းများစွာ ရှိသော်လည်း သူတို့အချင်းချင်းသည် စည်းလုံးမညီညွတ်ပေ။ သူတို့က တစ်ယောက်အပေါ်တစ်ယောက် စောင့်ကြည့်လေ့လာနေကြသည်။ သို့ဖြစ်၍ သူတို့က ဝှက်ဖဲကတ်များကို မဆင်မခြင် ထုတ်မပြချင်ကြပေ။
သူတို့အရှေ့မှ လူသားသည်တော့ ဗလာနတ္ထိအဆင့်မှာသာ ရှိသေးသော်လည်း အစောနက သူထုတ်ဖော်ပြခဲ့သော အတတ်ပညာများသည် သူတို့ကို အံ့အားသင့်စေခဲ့သည်။ အထူးသဖြင့် စောစောက ပုံရိပ်ယောင်လက်ထဲမှာ တာအို၏ အငွေ့အသက်ပင် ကိန်းအောင်းနေသည်။
ထို့ကြောင့် တစ်ဖက်လူကို ဖမ်းဆီးရန် သူတို့အတွက် မလွယ်ကူပေ။
ထို့ပြင် ယခု သူက မဆင်မခြင် လုပ်ဆောင်တော့မည်ဖြစ်လေရာ ပိုပြီး ခက်ခဲသွားသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအရှိန်အဝါသည် အလွန်ကြောက်စရာကောင်းသည်။ ယင်းက သူ၏ နောက်ဆုံးဝှက်ဖဲကတ်ဖြစ်ရမည်ဟု သူတို့ခန့်မှန်းလိုက်ကြသည်။
ထို့ပြင် ဓားစိတ်ဆန္ဒလည်း ရှိသေးသည်။ ဖုန်းနှင့် လန်ယောင်သည် ထိုဓားစိတ်ဆန္ဒထဲမှ မဟာဧကရာဇ်တစ်ပါး၏ အငွေ့အသက်ကို အာရုံခံနိုင်ကြသည်။
“ သူ့ခန္ဓာကိုယ်ထဲမှာ ဧကရာဇ်ဓားရှိတယ် ”
သူတို့နှစ်ယောက်သည် အသက်ရှူမြန်လာပြီး သူတို့၏ အမူအရာက ပိုပြီးမည်းမှောင်သွားသည်။
သူတို့၏ အတွေ့အကြုံအရ ဤအခိုက်အတန့်မှာ ရွှီချင်း၏ တိုက်ပွဲစွမ်းအားကို ချက်ချင်း အကဲဖြတ်နိုင်ကြသည်။ အကယ်၍ သူတို့က တစ်ဖက်လူကို ဖိနှိပ်ချင်သည်ဆိုလျှင် ကြီးမားသော စွန့်စားမှုကို ပြုလုပ်ရလိမ့်မည်။ ထို့ပြင် သူတို့ထဲမှ တစ်ယောက်ယောက်က သေချာပေါက် ဒဏ်ရာအပြင်းထန် ရသွားလိမ့်မည်။
မည်သည့်တစ်ယောက်က ဒဏ်ရာအပြင်းအထန် ရသွားမလဲဆိုသည်မှာ ပြောရခက်သည်။
သို့ဖြစ်၍ စိုးရိမ်စိတ်က သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထို့ကြောင့် သူတို့က ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို မချမှတ်နိုင်ကြပေ။
သူတို့က ရွှီချင်းကို ထွက်သွားခွင့် မပြုနိုင်သလို ဤနေရာမှာလည်း အပြတ်မရှင်းပစ်နိုင်ပေ။ ယင်းက ဘေးကျပ်နံကျပ်အခြေအနေ ဖြစ်သည်။
ကံကောင်းစွာဖြင့် သူတော်စင်အင်ပါယာအချုပ်အနှောင်သည် တစ်ဖက်လူ၏ စီနီယာအကိုကြီးကို အသက်ရှင်လျက် ဖမ်းဆီးမိခဲ့သည်။
သို့တိုင်အောင် အခြေအနေက ခက်ခဲနေဆဲပင်။
ဖုန်းသည် မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ ဘေးမှ လန်ယောင်သည် ရွှီချင်းကို အကြိမ်ရေအနည်းငယ် စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။
“ တာအိုရောင်းရင်း… ငါတို့က ဒီအခြေအနေထိ တိုက်ခိုက်ပြီးမှတော့ မင်းတို့ရဲ့ စွမ်းအားကို ငါတို့မြင်ပြီးသွားသလို ငါတို့ရဲ့ လုပ်နိုင်စွမ်းကိုလည်း မင်းတို့သိပြီးလောက်ပြီ… အခု မင်းရဲ့ စီနီယာအကိုကြီးက ငါတို့ရဲ့ လက်ထဲမှာ… ငါတို့ မင်းကို တကယ်ပဲ ထွက်သွားခွင့် မပြုနိုင်ဘူး ”
“ အခု အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေမှတော့… အသေခံပြီး တိုက်ခိုက်နေမယ့်အစား မင်းဘာလို့ ငါတို့အစီအစဉ်မှာ မပါဝင်တာလဲ ”