အရူးများနှင့် ခရီးသွားရန် တိုက်တွန်းပြောဆိုခြင်း
Vol. 87 Ch. 1333
“ မင်းရဲ့ စီနီယာအကိုကြီးကိုတော့… ငါတို့ကိစ္စ ပြီးသွားတာနဲ့ချက်ချင်း သူ့ကို မင်းဆီ လွှဲပြောင်းပေးမယ် ”
လန်ယောင်က နူးညံ့စွာ ပြောသည်။ သူ၏ အသံက နူးညံ့သော်လည်း သူ၏ စကားများက ထိတ်လန့်ဖွယ်ကောင်းသည်။ ယင်းက ဖုန်းနှင့် ရွှီချင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။
ဖုန်းက ချက်ချင်း ငြင်းဆန်လိုက်သည်။
“ မဖြစ်နိုင်ဘူး ”
“ အို… တာအိုရောင်းရင်းဖုန်းဆီမှာ ပိုကောင်းတဲ့နည်းလမ်း ရှိလို့လား… ဒါမှမဟုတ် ဒီလူကို ဒဏ်ရာမရဘဲ သတ်ပစ်နိုင်မယ်လို့ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုရှိလို့လား ”
“ တကယ်လို့ နင်လုပ်နိုင်မယ်ဆိုရင် ငါ့မှာ ကန့်ကွက်စရာမရှိဘူး ”
လန်ယောင်က ချိုမြိန်စွာ ရယ်မောလိုက်သည်။
ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူ၏ အကြည့်က တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။
ဖုန်းသည် ယင်းကို ကြားသောအခါ တုံ့ဆိုင်းသွားသည်။ မရေမတွက်နိုင်သော အတွေးများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ လန်ယောင်၏ အကြံက လက်ရှိအခြေအနေအတွက် အသင့်တော်ဆုံးဖြစ်ကြောင်း သူဝန်ခံရလိမ့်မည်။
သူက ပြဿနာအားလုံးကို ပြီးပြည့်စုံလုနီးပါး ဖြေရှင်းသွားသည်ဟု ပြောရမည်။
သူတို့က ရွှီချင်း၏ ဝှက်ဖဲကတ်များနှင့် ရွှီချင်းလွတ်မြောက်သွားမည်ကို စိုးရိမ်သည်။ သို့သော်လည်း သူ့ကို ဖမ်းချုပ်ရန် သို့မဟုတ် သတ်ပစ်ရန်ဆိုလျှင်လည်း သူတို့က ကြီးမားသော တန်ဖိုးတစ်ခုကို ပေးချေရလိမ့်မည်။
ယင်းအစား သူတို့က အတူတကွ ပူးပေါင်းလိုက်မည်ဆိုလျှင် လက်ရှိအခြေအနေကို ဖြေရှင်းနိုင်သွားလိမ့်မည်။
နောက်ဆက်တွဲအခြေအနေကိုတော့ သူတို့က မီးစင်ကြည့်ကရလိမ့်မည်။
သူ့ကို စိုးရိမ်စိတ်ဖြစ်စေသည်မှာ ဤကိစ္စနှင့်ပတ်သက်ပြီး လန်ယောင်ဆီမှာ တခြားရည်ရွယ်ချက်ရှိနိုင်သည်ဟု သူသံသယဖြစ်မိသည်။ သို့သော်လည်း ယခုအခြေအနေမှာ တခြားနည်းလမ်းမရှိပေ။ ထို့ပြင် အရေးကြီးဆုံးမှာ ထိုလူသား၏ စီနီယာအကိုကြီးက သူ့လက်ထဲမှာ ရှိသည်။
ထိုအတိုင်းဆိုလျှင် လက်ဦးမှုက သူ့ဆီမှာ ရှိသည်။
တစ်ခဏတွေးတောပြီးနောက် ဖုန်း၏ မည်းမှောင်မှုက ရုတ်တရက် ပျောက်ကွယ်သွားပြီး အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“ တာအိုရောင်းရင်းလန်ရဲ့ စကားက အဓိပ္ပာယ်ရှိတယ်… ဒီလူရဲ့ တိုက်ပွဲစွမ်းအားနဲ့ဆိုရင် သူက ငါတို့နဲ့ အတူပူးပေါင်းဖို့ အရည်အချင်းပြည့်မီတယ်… ဘယ်လိုလဲ လူသားမျိုးနွယ်က တာအိုရောင်းရင်း…. မင်း ပါဝင်ဖို့ ဆန္ဒရှိလား… အဲ့ဒါက ကြီးမားတဲ့ ကံကြမ္မာနော် ”
သူက စကားပြောပြီးနောက် အားညို၏ လည်ပင်းကို အနည်းငယ် အားထည့်၍ ဖျစ်ညှစ်လိုက်သည်။ အားညို၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူက မျက်မှောင်ကြုတ်သွားသည်။ သူက သတိလစ်နေသည့်တိုင် နာကျင်မှုကို ခံစားမိနေဆဲအလားပင်။
ရွှီချင်းသည် ခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ အကယ်၍ သူက ခေါင်းဆောင်ကို ကောင်းမွန်စွာ နားလည်ထားပြီး ခေါင်းဆောင်၏ သရုပ်ဆောင်ပညာကို အလွန်ယုံကြည်မှုမရှိလျှင် ခေါင်းဆောင်က ဤအခိုက်အတန့်မှာ အမှန်တကယ် အသက်အန္တရာယ်ရှိနေပြီဟု ယုံကြည်မိလိမ့်မည်။
သို့သော်လည်း ထိုအတွေးကို သူ၏ မျက်နှာပေါ်မှာ မဖော်ပြပေ။
ထို့ပြင် လက်ရှိအခြေအနေသည်…
ရွှီချင်းသည် စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း အပြင်ပန်းတွင်တော့ သူ၏ အမူအရာက စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ ဤသည်မှာ သူက တစ်ဖက်လူ၏ အစီအစဉ်တွင် မပါဝင်ချင်သော်လည်း သူ့စီနီယာအကိုကြီး၏ အသက်အန္တရာယ်ကို စိုးရိမ်နေဟန် ရသည်။
“ ကိစ္စပြီးသွားတဲ့အခါ မင်းတို့နှစ်ယောက်က ငါ့စီနီယာအကိုကြီးကို ပြန်လွှတ်ပေးမယ်လို့ ငါဘယ်လိုယုံရမလဲ ”
ရွှီချင်းက တိုးညင်းစွာ ပြောသည်။
“ အဲ့ဒါက ရိုးရှင်းပါတယ်… တာအိုရောင်းရင်းဖုန်းက နှလုံးသားကျိန်ဆိုမှုကို ပြုလုပ်လိမ့်မယ် ”
လန်ယောင်က ဖုန်းကို ကြည့်လိုက်သည်။
ဖုန်းသည် နှုတ်ဆိတ်သွားသည်။ သူက မည်သည့်အရာကို စဉ်းစားနေကြောင်း မည်သူမှ မသိနိုင်ပေ။ သူက ရွှီချင်း၏ အရှေ့တွင် နှလုံးသားကျိန်ဆိုမှုတစ်ခုကို ပြုလုပ်လိုက်သည်။ အကယ်၍ သူက ယင်းကို ချိုးဖောက်မိလျှင် ကြီးမားသော တန်ပြန်ဆိုးကျိုးကို ခံစားရလိမ့်မည်။
ထိုသို့ကျိန်ဆိုမှုသည် ပြင်းထန်သော အကျိုးသက်ရောက်မှု ရှိသည်။ ရွှီချင်းက သဘောတူလိုက်သည်နှင့် ယင်းက အသက်ဝင်လာလိမ့်မည်။
သို့သော်လည်း ရွှီချင်းက တုံ့ဆိုင်းနေဆဲပင်။
“ မင်းတို့ဆီမှာ နှလုံးသားကျိန်ဆိုမှုရဲ့ တန်ပြန်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်မယ့် တခြားနည်းလမ်းတွေရှိနေရင် ဘယ်လိုလုပ်မလဲ ”
လန်ယောင်က မျက်မှောင်ကြုတ်လိုက်သည်။
ဖုန်းသည်လည်း ထို့အတူပင်။ သို့သော်လည်း သူက ရွှီချင်း၏ စကားကို မအံ့ဩပေ။ ဆန့်ကျင်ဘက်အနေဖြင့် တစ်ဖက်လူက သူ၏ စကားကို အလွယ်တကူ ယုံကြည်သွားမည်ဆိုမှသာ တစ်စုံတစ်ခုလွဲမှားနေကြောင်း သူခံစားမိလိမ့်မည်။
မည်သို့ဖြစ်ပါစေ အကယ်၍ တစ်ဖက်လူနေရာမှာ သူဆိုလျှင်လည်း ထိုသို့ပြောလိမ့်မည်။
သို့သော်လည်း အပြင်ပန်းတွင်တော့ သူက စိတ်မကျေနပ်သော အမူအရာကို ထုတ်ဖော်ထားသည်။ သူက ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ မင်းမလွန်လာနဲ့… ငါတို့က ခြေတစ်လှမ်း နောက်ဆုတ်ပေးပြီးပြီ… မင်းအဲ့လို ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် မင်းရဲ့ စီနီယာအကိုကြီးကို ငါအရင်သတ်ပစ်လိုက်မယ်… မင်းကတော့… ငါ ဒဏ်ရာအပြင်းအထန်ရသွားမှာကို စိုးရိမ်တာကြောင့် မဟုတ်ရင် ဘယ်လိုလုပ် မင်းကို ငါတို့ကိစ္စထဲမှာ ဝင်ပါခိုင်းမှာလဲ ”
“ ဒါပေမဲ့ မင်းက ကံကြမ္မာကောင်းကို ဆက်ပြီး ငြင်းဆန်နေမယ်ဆိုရင်တော့ ငါ ဒဏ်ရာအပြင်းအထန်ရသွားမယ်ဆိုရင်တောင် မင်းကို သတ်ပစ်မယ် ”
ဖုန်း၏ အသံသည် အေးစက်နေပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ထပ်မံ ပေါ်ထွက်လာသည်။
လန်ယောင်သည် စကားမပြောပေ။ သို့သော်လည်း သူ၏ မျက်လုံးက အေးစက်နေလေရာ သူ၏ သဘောထားကို ဖော်ပြပြီးပြီ ဖြစ်၏။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ တစ်ခဏကြာပြီးနောက် သူက ဖြည်းညင်းစွာ ပြောသည်။
“ အဲ့လိုဆိုမှတော့ ကျုပ်မှာ တခြားရွေးချယ်စရာ မရှိတော့ပါဘူး… ဒီက တာအိုရောင်းရင်းနှစ်ယောက်က ဘာကိုစီစဉ်နေတာလဲ ကျုပ်သိပါရစေ ”
ရွှီချင်းက နှလုံးသားကျိန်ဆိုမှုကို သဘောတူလိုက်ကြောင်း ကြားသောအခါ ဖုန်း၏ အမူအရာသည် အနည်းငယ် ပျော့ပျောင်းသွားသည်။ လန်ယောင်သည် ပြုံးလိုက်သည်။
“ ကောင်းပြီ… အခု ငါတို့က အဖွဲ့ဖြစ်သွားပြီ… ဒါပေမဲ့ တာအိုရောင်းရင်းရဲ့ နာမည်ကို အခုထိ မသိရသေးဘူး ”
“ ကျုပ်ကို ရွှမ်မီးလျှံလို့ ခေါ်ပါတယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
“ တာအိုရောင်းရင်းရွှမ်မီးလျှံ… ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာ မဟုတ်ဘူး… ငါတို့တွေ ခရီးဆက်ရင်း စကားပြောကြတာပေါ့ ”
လန်ယောင်က ပြုံးလိုက်သည့်အခါ သူ၏ မျက်တောင်က လှုပ်ခတ်သွားသည်။
ရွှီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
မကြာမီ သူတို့သုံးယောက်က အလင်းတန်းများအသွင် ပြောင်းလဲသွားကြပြီး အဝေးမှ မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းသွားကြသည်။
သို့သော်လည်း သူတို့သုံးယောက်က တစ်ယောက်နှင့်တစ်ယောက် အကွာအဝေးတစ်ခု ခြားထားကြသည်။
လမ်းတစ်လျှောက်တွင် လန်ယောင်သည် ရွှီချင်းဆီသို့ အသံပို့လွှတ်ပြီး သူတို့လုပ်ဆောင်မည့်အရာကို ပြောပြသည်။ ယင်းထဲမှာ အမှန်တရားက မည်မျှပါဝင်ကြောင်းကိုတော့ မသိရပေ။
ထိုသို့ဖြင့် ရက်အနည်းငယ်ကြာပြီးနောက် သူတို့သုံးယောက်က လျောင်ရွှမ်းဒေသငယ်၏ အနောက်တောင်ဘက်ပိုင်းရှိ တောင်ကြားတစ်ခုဆီသို့ ရောက်ရှိသွားကြသည်။
တောင်ကြားသည် အလွန်ကြီးမားပြီး ကမ္ဘာမြေပေါ်မှ ဧရာမအမှတ်အသားတစ်ခုနှင့် ဆင်တူသည်။ အမှောင်ထုက တောင်ကြားထဲမှာ ပြည့်နှက်နေလေရာ ယင်းက ဖော်မပြနိုင်အောင် အလွန်နက်ရှိုင်းပုံပေါ်သည်။
မြူခိုးသည် တောင်ကြားထဲမှာ ရွေ့လျားစီးဆင်းနေပြီး ဒြပ်နှောများသည် အလွန်သိပ်သည်းသည်။ ယင်းက ထိုနေရာမှ အသက်ဓာတ်များကို ခြောက်သွေ့သွားစေသည်။ ရံဖန်ရံခါ ချောက်ချားဖွယ်ကောင်းသော အော်သံများက တောင်ကြားထဲမှ ပဲ့တင်ထပ်လာသည်။ ထိုအော်သံများက တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို အေးခဲသွားစေနိုင်ဟန် ရ၏။
ဖုန်းသည် အားညိုကို သယ်ဆောင်ထားဆဲပင်။ သူက လမ်းတစ်လျှောက်လုံး အားညိုကို လုံးဝမလွှတ်ခဲ့ပေ။ ဤအခိုက်အတန့်မှာ သူ၏ အကြည့်က တောင်ကြားပေါ်သို့ ကျရောက်သွားလေရာ စိတ်လှုပ်ရှားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ ဒီနေရာပဲ ”
လန်ယောင်သည် အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်လိုက်ပြီး တောင်ကြား၏ အစွန်းအဖျားမှာ ရပ်လိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး အောက်သို့ တစ်ချက်ကြည့်လိုက်သည်။
ရွှီချင်းသည်တော့ သူတို့နှစ်ယောက်နှင့် ပေတစ်ရာအကွာမှာ ရပ်နေသည်။ သူက တောင်ကြားကို ကြည့်လိုက်ပြီး လမ်းတစ်လျှောက်မှာ ထိုနှစ်ယောက်ပြောခဲ့သော အလိမ်အညာဇာတ်လမ်းကို စဉ်းစားလိုက်သည်။
“ လျောင်ရွှမ်းအရည်လား ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ဤမတိုင်ခင် ထိုပစ္စည်းအကြောင်းကို တစ်ခါမှ သူမကြားဖူးချေ။
သူတို့နှစ်ယောက်၏ ပြောပုံအရ လျောင်ရွှမ်းအရည်သည် လျောင်ရွှမ်းသစ်သီးပင်၏ အဆီအနှစ်ဖြစ်သည်။
နတ်ဘုရားမျက်နှာပျက်ကြီးမရောက်လာခင် ယင်းက အထွတ်အမြတ်ရတနာတစ်ခု ဖြစ်သည်။ ယင်း၏ အကျိုးသက်ရောက်မှုသည် လျောင်ရွှမ်းသစ်သီးများထက် ကျော်လွန်ပြီး ယင်းက လျောင်ရွှမ်းမျိုးနွယ်၏ သူတော်စင်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။
အတိတ်တွင် လျောင်ရွှမ်းမျိုးနွယ်သည် လျောင်ရွှမ်းသစ်သီးပင်အောက်တွင် မြေအောက်နန်းတော်တစ်ခုကို လျှို့ဝှက်စွာ တည်ဆောက်ခဲ့သည်။ သူတို့က သစ်ပင်၏ အမြစ်အားလုံးကို စုစည်းပြီး လျောင်ရွှမ်းရေကန်တစ်ခုကို ဖွဲ့စည်းခဲ့သည်။
နှစ်ပေါင်းတစ်ရာကြာသည့်အခါတိုင်း ထိုရေကန်ကို ဖွင့်လှစ်ပြီး အထဲမှ လျောင်ရွှမ်းအရည်အားလုံးကို အဝေးသို့ ယူဆောင်လိမ့်မည်။ ထို့ပြင် လျောင်ရွှမ်းအရည်သည် အများကြီး မရှိပေ။ အရည်စက်တစ်ရာကျော်မျှသာ ရှိသည်။
အရည်စက်၏ အသုံးဝင်ပုံသည် လျောင်ရွှမ်းသစ်သီးနှင့် အတူတူသာ ဖြစ်သည်။ သို့သော်လည်း အကျိုးသက်ရောက်မှုသည် အဆပေါင်းတစ်ရာ ပိုပြီးကောင်းမွန်သည်။ ယင်းက ဥပဒေသများအပေါ် တစ်စုံတစ်ယောက်၏ ဆင်ခြင်နားလည်နိုင်စွမ်းကို ကြောက်မခန်းလိလိ မြန်ဆန်စေလိမ့်မည်။
အတိတ်တွင် လူအများအပြားသည် လျောင်ရွှမ်းအရည်တစ်စက်ကို ရရှိရန် ကြီးမားသော တန်ဖိုးကို ပေးချေခဲ့ရသည်။
ယခု လျောင်ရွှမ်းသစ်သီးပင်က ဖျက်ဆီးခံလိုက်ရသည့်အခါ လျောင်ရွှမ်းအရည်စက်က ပိုပြီးရှားပါးလာသည်။
“ အတိတ်မှာ ဒီလျောင်ရွှမ်းဒေသငယ်က လျောင်ရွှမ်းသစ်သီးအများကြီးကို ထုတ်လုပ်ပေးခဲ့တယ်… ”
ရွှီချင်းက တွေးတောနေစဉ် လန်ယောင်၏ အသံက ပျံ့လွင့်လာသည်။
“ တာအိုရောင်းရင်းဖုန်းက သွေးမျိုးဆက်အမွေအနှစ် ရှေးဟောင်းမှတ်တမ်းကို ထုတ်ပြခဲ့တာကြောင့်မဟုတ်ရင် ဒီလိုအထွတ်အမြတ်ရတနာက တကယ်ပဲ တည်ရှိနေလိမ့်မယ်လို့ ငါယုံကြည်မှာ မဟုတ်ဘူး ”
ဖုန်းက တည်ငြိမ်စွာ ပြောသည်။
“ အတိတ်မှာ လျောင်ရွှမ်းမျိုးနွယ်က ဝမ်ကူးကုန်းမြေကနေ မထွက်သွားခင်မှာ သူတို့က လျောင်ရွှမ်းအရည်အားလုံးကို ယူဆောင်သွားပြီး လျောင်ရွှမ်းသစ်ပင်တွေကို ဖျက်ဆီးပစ်လိုက်တယ်… အဲ့ဒါကြောင့် ဝမ်ကူးကုန်းမြေမှာ လျောင်ရွှမ်းသစ်သီးတွေနဲ့ လျောင်ရွှမ်းအရည်တွေက မျိုးတုန်းသွားခဲ့တယ်… သူတို့က သူတော်စင်ကုန်းမြေမှာ ပြန်စိုက်ဖို့အတွက် လျောင်ရွှမ်းသစ်သီးပင်ရဲ့ သစ်ကိုင်းတချို့ကိုပဲ ယူဆောင်သွားခဲ့တယ် ”
“ ဒါပေမဲ့ အပင်စိုက်တာက ကျရှုံးသွားခဲ့တယ်… လျောင်ရွှမ်းသစ်ပင်က ဝမ်ကူးကုန်းမြေရဲ့ အပြင်ဘက်မှာ မရှင်သန်နိုင်ဘူး ”
“ အဲ့ဒီနောက် လျောင်ရွှမ်းသူတော်စင်ဘိုးဘေးရဲ့ သေဆုံးမှုက လျောင်ရွှမ်းသူတော်စင်ကုန်းမြေကို ပြိုကွဲပျက်စီးသွားစေပြီး မျိုးနွယ်စုက အင်အားစုငယ်တွေအဖြစ် ခွဲထွက်သွားတယ်… လျောင်ရွှမ်းမျိုးနွယ်ရဲ့ သွေးတစ်ဝက်နှောတဲ့ ငါက ကံကောင်းထောက်မစွာပဲ ငါ့အဖိုးနဲ့အတူ အဲ့ဒီကပ်ဘေးကနေ လွတ်မြောက်သွားခဲ့တယ်… ငါ့ကိုယ်ထဲက မိစ္ဆာငှက်မွှေးသွေးမျိုးဆက်တစ်ဝက်ရဲ့ လှုံ့ဆော်မှုကြောင့် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေဆီ ငါရောက်သွားခဲ့တယ် ”
“ ဒါပေမဲ့ ငါ့သွေးမျိုးဆက်ရဲ့ ဘိုးဘေးက လျောင်ရွှမ်းသစ်ပင်ကို ဖျက်ဆီးတဲ့နေရာမှာ တာဝန်ယူခဲ့တဲ့လူဆိုတာ ဘယ်သူမှ မသိကြဘူး… အတိတ်မှာ သူက ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ဖျက်ဆီးမခံရသေးတဲ့ အစိတ်အပိုင်းတစ်ခုကို လျှို့ဝှက်စွာ ချန်ထားခဲ့တယ်… ”
“ အဲ့ဒါကို ငါတစ်ယောက်တည်းပဲ သိတယ် ”
ရွှီချင်းသည် နှုတ်ဆိတ်နေသည်။ သူက ထိုနှစ်ယောက်၏ စကားကို နားထောင်နေရင်း ထိုစကားများထဲမှ အစစ်အမှန်ဖြစ်နိုင်ခြေကို စဉ်းစားချင့်ချိန်လိုက်သည်။
လန်ယောင်သည် ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ မျှော်လင့်သော အရိပ်အယောင်က ထွက်ပေါ်လာသည်။
“ သာမန်လျောင်ရွှမ်းအရည်ကို ထားလိုက်ပါတော့… တာအိုရောင်းရင်းဖုန်းပြောဖူးတဲ့ ထွက်ပေါ်လာနိုင်ခြေရှိတဲ့ လျောင်ရွှမ်းသူတော်စင်အရည်ကို ငါပိုပြီးတော့ စိတ်ဝင်စားတယ် ”
ဖုန်းက ပြုံးလိုက်သည်။
“ အဲ့ဒါက ထွက်ပေါ်လာဖို့ ဖြစ်နိုင်ခြေများတယ် ”
“ ဘာပဲဖြစ်ဖြစ် အဲ့ဒီအမြစ်ကို ငါ့ဘိုးဘေး ဖွက်ထားခဲ့တဲ့ နေရာက အရမ်းလျှို့ဝှက်ပြီး အခုဆိုရင် နှစ်ပေါင်းများစွာကြာအောင် ကုန်ဆုံးသွားခဲ့ပြီ… ဒါကြောင့် ဒီအတောအတွင်းမှာ မျှော်လင့်မထားတဲ့ မတော်တဆမှုတစ်ခု မဖြစ်ပေါ်ခဲ့ဘူးဆိုရင် လျောင်ရွှမ်းအရည်တွေက စုပုံသွားဖို့ အရမ်းရာခိုင်နှုန်းများတယ်… လျောင်ရွှမ်းအရည်တွေက နှစ်တွေအကြာပြီး စုပုံသွားတာနဲ့ လျောင်ရွှမ်းသူတော်စင်အရည် ဖြစ်လာလိမ့်မယ် ”
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။
ထိုသို့ပြောပြီးနောက် ဖုန်းသည် လန်ယောင်ကို မကြည့်ခင် ရွှီချင်းကို အရင်ကြည့်လိုက်သည်။
“ ခဏနေ ငါအောက်ဆင်းပြီး အတားအဆီးကို ချိုးဖြတ်ဖို့ မန္တန်တစ်ခုကို အသုံးပြုမယ်… အဲ့ဒီအခါကျရင် တာအိုရောင်းရင်းလန်ရဲ့ ကာကွယ်ပေးမှုကိုပဲ ငါအားကိုးရလိမ့်မယ်… ပြီးတော့ ဒီကိစ္စပြီးသွားရင် ငါတို့ကြားက သဘောတူညီမှုကို ပြန်မရုပ်သိမ်းဖို့ မျှော်လင့်ပါတယ် ”
လန်ယောင်သည် ပြုံးလိုက်သည်။ သူက စကားပြောလိုက်သည့်အခါ သူ၏ ဆံပင်က လေထဲမှာ တဖျပ်ဖျပ် လွင့်မျောသွားသည်။
“ တာအိုရောင်းရင်းဖုန်း… ဘာမှစိတ်မပူပါနဲ့… နင် ငါ့ကို ပူးပေါင်းဖို့ လာပြောတာ ငါ့ယောင်္ကျားရဲ့ ရတနာကြောင့်မဟုတ်လား… ငါ နင့်ကို ကတိပေးပါတယ်… ငါ့စကားကို ပြန်မရုပ်သိမ်းပါဘူး ”
ဖုန်းသည် ခေါင်းညိတ်လိုက်ပြီး ဆက်မပြောတော့ပေ။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ပျံ့နှံ့ထွက်လာပြီး ငါးရောင်ခြယ်ဒေါင်းပုံရိပ်အသွင် ပြောင်းလဲသွားကာ တောင်ကြားပေါ်သို့ ဆင်းသက်သွားသည်။
တောင်ကြားသည် ချက်ချင်း တုန်ယင်သွားသည်။ ထို့နောက် အနက်ရောင်မြူခိုးက လှုပ်ရှားထကြွလာပြီး အပြင်သို့ ပျံ့နှံ့သွားသည်။
မကြာမီ လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ဖုန်းသည် လမ်းကြောင်းအတိုင်း တန်းမတ်စွာ လျှောက်သွားပြီး အထဲသို့ ဝင်သွားသည်။
“ တာအိုရောင်းရင်းရွှမ်မီးလျှံ… ကျေးဇူးပြုပြီး အထဲဝင်ပါ ”
လန်ယောင်၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။
ရွှီချင်းသည် မည်သည့်စကားမှ မပြောဘဲ မြူခိုးထဲမှ လမ်းကြောင်းထဲသို့ ခပ်သွက်သွက် လျှောက်သွားသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
ရွှီချင်းက မည်မျှသတိကြီးကြောင်း လန်ယောင်မြင်သောအခါ သူ၏ မျက်တောင်က တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ ထို့နောက် သူက အဝေးသို့ တစ်ချက်ကြည့်လိုက်ပြီး လမ်းကြောင်းထဲသို့ ခြေချလိုက်သည်။
သူတို့သုံးယောက် ပျောက်ကွယ်သွားသည်နှင့် လမ်းကြောင်းသည် ဘေးပတ်ဝန်းကျင်မှ မြူခိုးဖြင့် ပြန်ပြည့်နှက်သွားသည်။ ထို့နောက် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။
နှလုံးကွဲကြေသော အော်သံများသည်သာ မြူခိုးထဲမှ ပိုပြီးကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။ သို့သော်လည်း ထိုအော်သံများက မြန်ဆန်စွာ တိတ်ဆိတ်သွားပြီး အရာအားလုံးကို သီးခြားခွဲထုတ်လိုက်သည်။
နာရီပေါင်းများစွာကြာပြီးနောက် တောင်ကြား၏ အပြင်ဘက်တွင် ပုံရိပ်တစ်ခုက မိုးကုပ်စက်ဝိုင်းထံမှ တိတ်တဆိတ် ချဉ်းကပ်လာသည်။
ယင်းက အမျိုးသမီးတစ်ယောက် ဖြစ်သည်။
ထိုအမျိုးသမီးသည် ပြိုင်ဘက်ကင်းအောင် ချောမောလှပပြီး သိမ်မွေ့ညင်သာသော အရှိန်အဝါရှိသည်။ အထူးသဖြင့် သူ၏ အသားအရေက နှင်းကဲ့သို့ ဖြူဖွေးပြီး ပြစ်ချက်မဲ့သည်။ ထူးခြားချက်အနေဖြင့် သူ၏ ကျော့ရှင်းလှပသော ခန္ဓာကိုယ်၏ အနောက်တွင် ငွေရောင်အတောင်ပံတစ်စုံ ရှိသည်။
သူ၏ ဝတ်စုံသည်တော့ လန်ယောင်နှင့် ဖုန်း၏ ဝတ်စုံနှင့် အတူတူသာ ဖြစ်သည်။ ယင်းက ရွှေရောင်အစင်းအကြောင်းများရှိသော အနက်ရောင်ဝတ်စုံ ဖြစ်သည်။ အနက်ရောင်ကိုယ်ကျပ်ဝတ်စုံ၏ ပံ့ပိုးမှုအောက်မှာ သူ၏ ကြော့ရှင်းတင့်တယ်မှုက ပိုပြီးမြင်သာလာသည်။
သူ၏ မျက်လုံးသည် ကြည်လင်ပြီး အရောင်တောက်ပသည်။ ယခုအချိန်မှာ ထိုမျက်လုံးများက ဘေးပတ်ဝန်းကျင်ဆီသို့ ဖြတ်သန်းသွားသည်။
“ အဲ့ဒီဖုန်းက အရမ်းသံသယကြီးတာပဲ… သူက ဒီနေရာမှာ ဟင်းလင်းပြင်မျက်စိတွေကို ခင်းကျင်းထားရုံတင်မကဘူး လေဟာနယ်အက်ကွဲနေတဲ့ စိတ်ဆန္ဒနဲ့ သူတော်စင်အင်ပါယာရဲ့ အရှိန်အဝါတစ်စွန်းတစ်စကိုတောင် ချန်ထားသေးတယ်… သူက တစ်ယောက်ယောက် တိတ်တဆိတ် ရောက်လာမှာကို စစ်ဆေးဖို့အတွက် အဲ့ဒါတွေအားလုံးကို ပြင်ဆင်ထားခဲ့တယ် ”
“ ဒါပေမဲ့… ငါကြိုပြင်ဆင်ထားတဲ့အခါမှာ အဲ့ဒါတွေက ဘာအသုံးဝင်မှာလဲ ”
ထိုအမျိုးသမီးသည် ဖုန်း၊ လန်ယောင်နှင့်အတူ ဤနေရာသို့ ဆင်းသက်လာခဲ့သော ယွဲ့တုန်မှလွဲ၍ တခြားလူမဟုတ်ပေ။
ဤအခိုက်အတန့်မှာ သူ၏ အကြည့်က တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး တောင်ကြားအတွင်းမှ မြူခိုးထဲသို့ ခြေချလိုက်သည်။ နောက်အခိုက်အတန့်မှာ သူက မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားသည်။