အပေါ်ယံအလွှာ
Vol. 87 Ch. 1337
လှိုဏ်ဂူထဲတွင် ရွှီချင်း၏ ပုံရိပ်က သက်တံ့အသွင်သို့ ပြောင်းလဲသွားပြီး ရွှေကြွက်ဆီသို့ တန်းမတ်စွာ ပြေးသွားသည်။ ဝိညာဉ်ချည်မျှင်သန်းလေးဆယ်သည် အပြင်ဘက်မှာ မဟာလောကတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ဖုန်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အစစ်အမှန်မဟာလောကနှစ်ခုနှင့် ပုံရိပ်ယောင်မဟာလောကသုံးခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ မဟာလောကတစ်ခုစီသည် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ရွှေကြွက်ကို တိုက်ခိုက်လိုက်သည်။
လန်ယောင်သည်တော့ သူ၏ ဘေးပတ်ဝန်းကျင်မှ ပွင့်ချပ်များက မုန်တိုင်းတစ်ခုအသွင် ဖွဲ့စည်းသွားပြီး ရှစ်ရောင်ခြယ်ဒေါင်းအသွင် ပြောင်းလဲသွားသည်။ ဒေါင်းသည် ကောင်းကင်ပေါ်သို့ မျက်နှာမူလိုက်ပြီး ကောင်းကင်နှင့် မြေပြင်ကြားမှ စွမ်းအားကို စုပ်ယူလိုက်သည်။ ထိုအခါ ၎င်းက ပေတစ်ထောင်အရွယ်အစားသို့ ကြီးထွားသွားပြီး ရွှေကြွက်ဆီသို့ ချက်ချင်း ခုန်အုပ်လိုက်သည်။
အလောင်းရုပ်သေးရုပ်သည်လည်း သေမှာမကြောက်ဘဲ အရှေ့သို့ ပြေးသွားသည်။
တိုက်ခိုက်မှုအားလုံးက ရွှေကြွက်ပေါ်သို့ အရပ်မျက်နှာအဘက်ဘက်မှ ဝင်ရောက်လာသည်။
သေဆုံးနိုင်သော ထိုတိုက်ခိုက်မှုများသည် အလွန်အံ့ဖွယ်ကောင်းသည်။
ဝုန်းခနဲ မြည်သံသည် တိုက်ပွဲမြေပြင်မှ ပျံ့လွင့်လာသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ ကျောက်နံရံများကို တုန်လှုပ်သွားစေပြီး ပြိုကျသွားစေသည်။ မြေပြင်ပေါ်မှ အဆောက်အဦးပျက်များသည် ပြိုကျပျက်စီးသွားကြသည်။ ခြောက်သွေ့နေသော သစ်ပင်အမြစ်များသည်လည်း ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။
သို့သော်လည်း ရွှေကြွက်သည် အလွန်ကြောက်စရာကောင်းသည်။ ၎င်း၏ ရုပ်ခန္ဓာကိုယ်ဖြစ်စေ သို့မဟုတ် ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအစွမ်းဖြစ်စေ ယင်းတို့က နတ်ဘုရားမီးတောက်ကို ထွန်းညှိရန် ခြေလှမ်းဝက်မျှသာ လိုအပ်တော့သည်။ တစ်နည်းဆိုရလျှင် ၎င်းက အထွတ်အထိပ် နတ်ဘုရားသက်ရှိတစ်ကောင် ဖြစ်သည်။
ရွှီချင်းနှင့် တခြားလူများ၏ အဖျက်စွမ်းအားက ကျဆင်းလာတော့မည့်အချိန် ရွှေကြွက်၏ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် ရွှေရောင်တောက်ပလာသည်။
လျှပ်တစ်ပြက်အတွင်း လှိုဏ်ဂူထဲမှ လောကသည် ရွှေရောင်သို့ ပြောင်းလဲသွားသည်။
အဖျက်စွမ်းအားသည် ရွှေရောင်အလင်းနှင့်အတူ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။
ရွှီချင်း၏ ဝိညာဉ်ချည်မျှင်သန်းလေးဆယ်ဖြင့် ဖွဲ့စည်းထားသော မဟာလောကသည် ချက်ချင်း ပြိုကွဲထွက်သွားသည်။ ရွှေရောင်အလင်းသည် လွှမ်းမိုးဖိနှိပ်သော အင်အားအဖြစ် ပြောင်းလဲသွားပြီး ရွှီချင်း၏ ရင်ဘက်ပေါ်သို့ ရိုက်ခတ်သွားသည်။ ယင်းက ရွှီချင်းကို သွေးအန်သွားစေပြီး အဝေးသို့ လွင့်စင်သွားစေသည်။
ဖုန်းသည်လည်း ထို့အတူပင်။ သူ၏ မဟာလောကအားလုံးက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်က မရပ်တန့်နိုင်သော ရွှေရောင်အလင်းအောက်မှာ လွင့်စင်သွားသည်။
လန်ယောင်၏ ရှစ်ရောင်ခြယ်ဒေါင်းသည် ရွှေရောင်အလင်းကြောင့် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံလိုက်ရသည်။ သူ၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သူက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေရင်း အနောက်ဆုတ်သွားသည်။
အလောင်းရုပ်သေးရုပ်သည်တော့…
ရွှေရောင်အလင်းက ရုပ်သေးရုပ်ပေါ်သို့ ကျရောက်သွားသည့်အခါ ၎င်းက တုန်ယင်သွားသည်။ နောက်အခိုက်အတန့်မှာ ရွှေကြွက်က ရုပ်သေးရုပ်၏ အရှေ့မှာ ထွက်ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်စွာ ကိုက်ဝါးစားလိုက်သည်။
တဂျွတ်ဂျွတ်မြည်သံက ထွက်ပေါ်လာသည်။
အလောင်းရုပ်သေးရုပ်၏ ခန္ဓာကိုယ်တစ်ဝက်သည် ရွှေကြွက်၏ ဝါးမျိုခံလိုက်ရသည်။ ကျန်ခန္ဓာကိုယ်တစ်ဝက်သည်တော့ ရွှေကြွက်၏ ဦးခေါင်းလွှဲယမ်းမှုအောက်မှာ ဘေးမှ ကျောက်နံရံဖြင့် ဝင်ဆောင့်မိသွားပြီး ဖျက်ဆီးခံလိုက်ရသည်။
ထိုမြင်ကွင်းက ရွှီချင်းနှင့် တခြားနှစ်ယောက်ကို အပြင်းအထန် နှလုံးတုန်သွားစေသည်။
သို့သော်လည်း ရွှေကြွက်သည် ရုပ်သေးရုပ်ကို သတ်ဖြတ်ပြီးနောက် ရွှီချင်းနှင့် တခြားနှစ်ယောက်အနောက်သို့ လိုက်မဖမ်းခဲ့ပေ။ ယင်းအစား ၎င်းက ဥမင်လှိုဏ်ခေါင်း၏ ဘေးသို့ လျှောက်သွားပြီး ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် သူတို့ကို ကြည့်လိုက်သည်။
“ တကယ်လို့ မင်းတို့နှစ်ယောက်ဆီမှာ တခြားနည်းလမ်းမရှိတော့ဘူးဆိုရင် ဒီခရီးစဉ်ကို ငါလက်လျော့လိုက်ပြီ ”
ရွှီချင်းက အနောက်ဆုတ်သွားနေရင်း ပြောသည်။ သူ၏ အမူအရာက မည်းမှောင်နေသည်။ ဤရွှေကြွက်၏ အဖျက်စွမ်းအားသည် သူခုခံနိုင်သောအရာ မဟုတ်ပေ။
အကယ်၍ ထိုအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူ၏ အသက်ရှင်နိုင်ခြေက နည်းပါးသွားလိမ့်မည်။
မည်သို့ဖြစ်ပါစေ သူ၏ မဟာလောကက ရွှေရောင်အလင်းတစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရသည်မဟုတ်ပါလော။ အကယ်၍ သူသာ ရုပ်သေးရုပ်ကို ဖျက်ဆီးခဲ့သော ရွှေကြွက်၏ တိုက်ခိုက်မှုဖြင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင် တန်ဖိုးကြီးတစ်ခုကို ပေးချေရလိမ့်မည်။
“ တာအိုရောင်းရင်းရွှမ်မီးလျှံ ခဏစောင့်ပါဦး… ဒီရွှေကြွက်က တစ်ခုခုမူမမှန်ဘူး… သူက ဥမင်လှိုဏ်ခေါင်းရဲ့ အပေါက်ဝကိုပဲ စောင့်ကြပ်နေတယ်… ဖြစ်နိုင်တာက ငါ့ဘိုးဘေး အစီအစဉ်ချမှတ်ခဲ့တဲ့ လျောင်ရွှမ်းရေကန်ထဲမှာ ဒီရွှေကြွက်အတွက် အရေးကြီးတဲ့ တစ်စုံတစ်ခု ရှိနေတာများလား ”
“ ဒါမှမဟုတ် သူ့ရဲ့ ရည်ရွယ်ချက်ကလည်း လျောင်ရွှမ်းအရည်ဖြစ်နေမလား ”
ဖုန်း၏ အမူအရာသည် အရုပ်ဆိုးသွားသည်။ သူက ဥမင်လှိုဏ်ခေါင်းကို စောင့်ကြပ်နေသော ရွှေကြွက်ကို ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောသည်။
ရွှီချင်းသည် ဖုန်း၏ စကားကို ကြားသောအခါ ရပ်တန့်လိုက်သည်။
ထိုအခိုက်အတန့်မှာ လန်ယောင်၏ အသက်ရှူသံက မြန်ဆန်လာသည်။ ရုတ်တရက် ရှစ်ရောင်ခြယ်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ရွှေကြွက်ကို စစ်ဆေးကြည့်လိုက်ပြီး အမြန်ပြောသည်။
“ အဲ့ဒါပဲ မူမမှန်တာ မဟုတ်ဘူး… ဒီသားရဲရဲ့ နတ်ဘုရားအစွမ်းက အထွတ်အထိပ်ကို ရောက်နေပြီး နတ်ဘုရားမီးတောက်ကို ထွန်းညှိနိုင်ဖို့ သိပ်မလိုတော့ဘူး… သူက ပြီးပြည့်စုံတဲ့ ဝိညာဉ်စုစည်းခြင်းအဆင့် နတ်ဘုရားသက်ရှိတစ်ကောင်နဲ့ အများကြီး မခြားနားဘူး… ”
“ သူ့ရဲ့ တိုက်ပွဲစွမ်းအားက အရမ်းသန်မာတယ်ဆိုပေမဲ့ ဝိညာဉ်စုစည်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့တော့ အများကြီး လိုနေသေးတယ်… ”
“ ငါနားလည်ပြီ… ဒီသားရဲက တစ်ခါက နတ်ဘုရားဖြစ်ဖူးတယ်… ဒါပေမဲ့ သူ့ရဲ့ နတ်ဘုရားမီးတောက်က ငြိမ်းသတ်သွားတယ်… ဒါ့အပြင် သူက ဒဏ်ရာအပြင်းအထန်ရရှိထားတယ်… အဲ့ဒါက သူ့ရဲ့ အခြေခံအုတ်မြစ်ကို ယိုင်နဲ့သွားစေတယ်… အဲ့ဒီဒဏ်ရာတွေက နတ်ဘုရားမီးတောက် ငြိမ်းသတ်သွားရတဲ့ တိုက်ပွဲမှာ ကျန်ရစ်ခဲ့တာဖြစ်မယ် ”
“ ဒဏ်ရာတွေက အရမ်းပြင်းထန်ပြီး မသက်သာသေးဘူး… ဒါ့အပြင် အဲ့ဒီသားရဲက ကလေးမီးဖွားထားတာ သိပ်မကြာသေးလောက်ဘူး… ဒါကြောင့် သူက အခု အရမ်းအားနည်းနေတယ်… ”
လန်ယောင်၏ မျက်လုံးထဲမှ ရှစ်ရောင်ခြယ်အလင်းသည် အံ့ဖွယ်ကောင်းသော စူးစမ်းလေ့လာနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သူက လျှပ်တစ်ပြက်အတွင်းမှာ အဓိကသော့ချက်များကို ရှာတွေ့သွားသည်။
ယင်းကို ရွှီချင်းကြားသောအခါ သူက နက်နဲစွာ တွေးတောလိုက်သည်။ ထိုသတင်းအချက်အလက်သည် သူ၏ ခန့်မှန်းမှုအတွင်းမှာ ရှိသည်။ အရိပ်လေး၏ အမြင်အာရုံဝေမျှမှုမှတဆင့် ဥမင်လှိုဏ်ခေါင်းထဲမှာ ဥနှစ်လုံးရှိကြောင်း သူမြင်တွေ့ခဲ့သည်။
“ အဲ့လိုဆိုရင်တောင် ဒီသားရဲက ငါတို့တိုက်ခိုက်နိုင်တဲ့အရာ မဟုတ်ဘူး ”
“ ဒါပေမဲ့ ငါ့မှာ ဒီသားရဲကို အချိန်တစ်ခဏ ချုပ်နှောင်ထားနိုင်မယ့် လက်နက်တစ်ခု ရှိတယ် ”
လန်ယောင်သည် မြန်ဆန်စွာ စကားပြောနေရင်း ရွှေကြွက်ကို သတိကြီးစွာ ထားလိုက်သည်။
“ ဒါပေမဲ့ အဲ့ဒီလက်နက်ကို အသက်သွင်းဖို့အတွက် အချိန်တစ်ခဏ လိုအပ်လိမ့်မယ်… ဒါကြောင့် တာအိုရောင်းရင်းဖုန်းနဲ့ တာအိုရောင်းရင်းရွှမ်မီးလျှံက ငါ့ကို အဲ့ဒီအတောအတွင်း ကာကွယ်ပေးရလိမ့်မယ် ”
ဖုန်းက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ရွှီချင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူက အားညို၏ လည်ပင်းကို အားထည့်၍ ဖျစ်ညှစ်လိုက်လေရာ အက်ကွဲသံတချို့ပင် ပဲ့တင်ထပ်လာသည်။
ခြိမ်းခြောက်ရန် စကားပြောနေစရာ မလိုပေ။ သူ၏ အပြုအမူက ယင်းကို ဖော်ပြပြီးပြီ ဖြစ်သည်။
ရွှီချင်း၏ အမူအရာသည် အရုပ်ဆိုးသွားသည်။ အသက်ရှူချိန်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် သူက သက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ ငါ ဆယ့်ငါးမိနစ်ပဲ စောင့်ကြပ်ပေးနိုင်မယ်… တကယ်လို့ အဲ့ဒီသားရဲကို ငါတို့ထောင်ချောက်မဆင်နိုင်ဘူးဆိုရင် ချက်ချင်း ငါလက်လျော့မယ်… ဒီကိစ္စမှာ ဆက်ပြီး ငါမပါဝင်တော့ဘူး… ပြီးတော့ ငါထွက်သွားတဲ့အချိန်မှာ တာအိုရောင်းရင်းဖုန်းက ငါ့ရဲ့ စီနီယာအကိုကြီးကို ပြန်လွှတ်ပေးရမယ် ”
ဖုန်းက စိတ်ဓာတ်ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။ ရွှီချင်းက အားညိုကို ယခု မလွှတ်ပေးခိုင်းသရွေ့ သူက လက်ခံနိုင်သည်။
ရွှီချင်းနှင့် ဖုန်းက သူ၏ အစီအစဉ်ကို သဘောတူညီကြောင်း မြင်သောအခါ လန်ယောင်သည် ဆက်ပြီး မတုံ့ဆိုင်းတော့ပေ။ သူက အနောက်သို့ နည်းနည်း ထပ်ဆုတ်သွားပြီး အဝေးတစ်နေရာမှာ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ထို့နောက် သူက ကြေးမုံတစ်ချပ်ကို ထုတ်လိုက်ပြီး သူ၏ အရှေ့မှာ ချထားလိုက်သည်။
သူက ချိပ်တံဆိပ်လက်ဟန်များစွာကို လက်နှစ်ဖက်စလုံးဖြင့် ဖွဲ့စည်းလိုက်ပြီး ကြေးမုံဆီသို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို ကြေးမုံသည် အရောင်လင်းလက်လာပြီး ကြေးမုံ၏ မျက်နှာပြင်ပေါ်မှာ မှိတ်ထားသော မျက်လုံးကိုးလုံး ထွက်ပေါ်လာကြသည်။
ထိုမျက်လုံးကိုးလုံးသည် ထူးခြားဆန်းကြယ်သည်။ ယင်းတို့၏ အရှိန်အဝါက တစ်ဟုန်ထိုး စတင်မြင့်တတ်သွားသည်။
“ မျက်လုံးကိုးလုံးရွှမ်မှော်ဝင်ကြေးမုံ ”
ဖုန်း၏ အကြည့်သည် တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ သူက အနည်းငယ် စိတ်လှုပ်ရှားသွားပြီး လန်ယောင်၏ စကားကို ပိုပြီးယုံကြည်သွားသည်။
ထူးဆန်းသော အလင်းရောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
‘ အဲ့ဒီကြေးမုံက ချီယွဲ့ထုံဂိုဏ်းက ဓမ္မရတနာနဲ့ နည်းနည်း ဆင်တူတယ်… ’
တစ်ချိန်တည်းမှာ ကြေးမုံ၏ အရှိန်အဝါက ပျံ့လွင့်ထွက်လာသည်နှင့်ချက်ချင်း ဥမင်လှိုဏ်ခေါင်း၏ အပေါက်ဝကို စောင့်ကြပ်နေသော ရွှေကြွက်သည် လန်ယောင်၏ ဦးတည်ရာဆီသို့ ရုတ်တရက် ကြည့်လိုက်သည်။ ၎င်း၏ မျက်လုံးထဲမှ ရက်စက်ကြမ်းကြုတ်မှုက ပိုပြီးအားကောင်းလာသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အလင်းက တဖျပ်ဖျပ် လင်းလက်သွားသည့်အခါ ၎င်းက နေရာမှ ပျောက်ကွယ်သွားသည်။
နောက်အခိုက်အတန့်မှာ လေခွင်းသံနှင့်အတူ ရွှေကြွက်သည် လန်ယောင်ဆီသို့ တန်းမတ်စွာ ပြေးထွက်သွားသည်။
ဖုန်းသည် တုံ့ဆိုင်းမနေပေ။ သူက အစွမ်းကုန်သုံး၍ ရွှေကြွက်ကို တားဆီးလိုက်သည်။ ရွှီချင်းသည်လည်း အံတင်းတင်းကြိတ်လိုက်ပြီး ပူးပေါင်းဆောင်ရွက်လိုက်သည်။
ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်လာပြီး ရွှီချင်း၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ ရွှေရောင်အလင်းက သူ၏ အမြင်အာရုံတစ်ခုလုံးကို လွှမ်းခြုံသွားသည်ဟု သူခံစားမိသွားသည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားပြီး သူက သွေးအန်လိုက်ရသည်။
မရေမတွက်နိုင်သော အက်ကွဲကြောင်းများက မဟာရွှမ်ထျန်းစစ်ချပ်ဝတ်နှင့် ဂမ္ဘီရမှော်ဝင်စစ်ချပ်ဝတ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ နတ်ဘုရားခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက အပြင်းအထန် လှုပ်ခါသွားသည်။
ဖုန်းသည်လည်း မလွယ်ကူပေ။ သူက ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။ သို့သော်လည်း အရေးကြီးအခိုက်အတန့်မှာ သူက ခရမ်းရောင်စက်ကွင်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ယင်းကို အကာအကွယ်အလွှာတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
အကာအကွယ်အလွှာ၏ ခုခံနိုင်စွမ်းသည် အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက အက်ကွဲသွားသော်လည်း ရွှေကြွက်၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့သည်။
“ တာအိုရောင်းရင်းရွှမ်မီးလျှံ… မင်းရဲ့ စွမ်းအင်ကို ဒီစက်ကွင်းထဲ ထည့်သွင်းပါ ”
ဖုန်းက အမြန်ပြောလိုက်သည်။ သူ၏ မျက်နှာက ယခုအချိန်မှာ ဖြူဖျော့နေသည်။ တစ်ချိန်တည်းမှာ သူက ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး ခရမ်းစက်ကွင်းထဲသို့ ထည့်သွင်းလိုက်သည်။ ထိုအခါ အက်ကွဲသွားသော အကာအကွယ်အလွှာက မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။
ထိုခရမ်းစက်ကွင်းက ဤခရီးစဉ်အတွက် သူပြင်ဆင်ထားသော ဝှက်ဖဲကတ်တစ်ခု ဖြစ်သည်။ အစက သူသည် ယင်းကို နောက်ပိုင်းမှ အသုံးပြုရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ယခု သူ့မှာ ယင်းကို စောစီးစွာ အသုံးပြုရန်မှတပါး တခြားရွေးချယ်စရာ မရှိတော့ပေ။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူ၏ အကြည့်က ခရမ်းစက်ကွင်းပေါ်သို့ ကျရောက်သွားသည်။ ထိုပစ္စည်းက ထူးခြားသာလွန်ကြောင်း သူပြောနိုင်သည်။ သူက ဖုန်း၏ စကားကို ကြားသောအခါ အနည်းငယ် တုံ့ဆိုင်းသွားသည်။ သို့သော်လည်း သူက ချက်ချင်း စိတ်ဆုံးဖြတ်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ပေါ်လျှိုးထွက်လာပြီး ခရမ်းစက်ကွင်း၏ အကာအကွယ်အလွှာဖြင့် ပေါင်းစပ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ခရမ်းစက်ကွင်း၏ စွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ရွှေကြွက်သည် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။ ရွှေရောင်အလင်း၏ အစွမ်းတိုးမြှင့်ပေးမှုအောက်မှာ ၎င်းက ကြီးမားသော အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ဗုန်းဟူသော ပေါက်ကွဲသံနှင့်အတူ ခရမ်းစက်ကွင်း၏ အကာအကွယ်အလွှာက တဖျပ်ဖျပ်လှုပ်ခတ်သွားပြီး အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ ရွှီချင်းနှင့် ဖုန်းသည် တစ်ပြိုင်နက် သွေးအန်လိုက်ကြသည်။ သို့သော်လည်း သူတို့နှစ်ယောက်က ရွှေကြွက်ကို နောက်တစ်ကြိမ် ရပ်တန့်နိုင်သွားသည်။
သို့သော်လည်း ရွှေကြွက်က ပိုပြီးရူးသွပ်သွားဟန် ရသည်။ ရုတ်တရက် ၎င်း၏ ခန္ဓာကိုယ်က လေထဲမှာ ရပ်တန့်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်အမွှေးအားလုံးက ထောင်မတ်သွားပြီး မရေမတွက်နိုင်သော ရွှေအပ်များအသွင် ပြောင်းလဲသွားကာ ရွှီချင်းနှင့် ဖုန်းဆီသို့ ပျံသန်းသွားကြသည်။
ရွှေအပ်များသည် အလွန်စူးရှပြီး ယင်းတို့၏ အလျင်က အလွန်အံ့ဖွယ်ကောင်းသည်။ သို့ဖြစ်၍ ရွှေအပ်များက ပျံသန်းထွက်သွားကြစဉ် ရွှေရောင်မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။
ဝုန်းခနဲ မြည်သံများကြားတွင် ခရမ်းစက်ကွင်း၏ အကာအကွယ်အလွှာသည် မပြိုကွဲသွားခင် အသက်တစ်ခါရှူချိန်မျှသာ တောင့်ခံနိုင်ခဲ့သည်။ ခရမ်းစက်ကွင်းသည်လည်း အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
ရွှီချင်းနှင့် ဖုန်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူတို့မှာ ဆက်လက် တိုက်ခိုက်ရန် အင်အားမရှိတော့သည့်အလား သူတို့က အမြန်အနောက်ဆုတ်သွားကြသည်။
ဤအခိုက်အတန့်မှာ အခြေအနေကို မည်သို့ကြည့်ပါစေ လန်ယောင်ကို ဆက်ပြီး စောင့်ကြပ်ပေးရန် သူတို့အတွက် အလွန်ခက်ခဲနေဟန် ရသည်။
သို့ဖြစ်၍ ရွှေအပ်အားလုံးက လန်ယောင်ဆီသို့ ပျံသန်းသွားကြသည်။
ရွှေအပ်များက ချဉ်းကပ်လာကြောင်း အာရုံခံမိသွားသောအခါ လန်ယောင်၏ မှိတ်ထားသော မျက်လုံးက ရုတ်တရက် ပွင့်သွားသည်။ သူက စက္ကန့်ပိုင်းမျှ ဒေါသထွက်သွားပြီးနောက် လက်မြှောက်လိုက်သည်။ သူ့အရှေ့မှ ကြေးမုံ၏ မျက်လုံးကိုးလုံးသည်လည်း တစ်ချိန်တည်းမှာ မျက်လုံးဖွင့်လိုက်ကြသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ လှုပ်ရှားနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် လက်နက်ကို အသက်သွင်းရန် အချိန်လိုအပ်သည်ဟု လန်ယောင်ပြောခဲ့ခြင်းက အစစ်အမှန်လော အလိမ်အညာလော ခွဲခြားနိုင်ပေသည်။
ကြေးမုံပေါ်မှ မျက်လုံးကိုးလုံးက ပွင့်သွားသည်နှင့်ချက်ချင်း အကြည့်ကိုးခုထံမှ အနက်ရောင်အလင်းတန်းကိုးခု ပျံသန်းထွက်လာကြသည်။
ယင်းတို့ထဲမှာ အလွန်ကျယ်ပြောသော အင်အားက ကိန်းအောင်းနေသည်။ ယင်းတို့က ပျံသန်းထွက်လာသည့်အခါ ရွှေရောင်အပ်များသည် လေထဲမှာ ရပ်တန့်သွားကြသည်။
ရွှေကြွက်သည်လည်း အကြည့်ကိုးခုဖြင့် စိုက်ကြည့်ခံလိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ၎င်းက လေထဲမှာ ရပ်တန့်သွားသည်။ သို့သော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ပရမ်းပတာ လှုပ်ယမ်းနေလေရာ ၎င်းက ရုန်းကန်နေကြောင်း ထင်ရှားပေသည်။
“ အဲ့ဒီကောင်ကို ဆယ့်ငါးမိနစ်ပဲ ငါချုပ်နှောင်ထားနိုင်တယ်… အဲ့ဒီအတောအတွင်း ဘယ်ထိတွေ့မှုမဆို သူ့ကို ချက်ချင်း လွတ်မြောက်သွားစေလိမ့်မယ် ”
လန်ယောင်သည် ကြေးမုံပေါ်သို့ သွေးတစ်ပွက် အန်ချလိုက်သည်။ ယင်းက ကြေးမုံပေါ်မှ မျက်လုံးကိုးလုံးကို နီရဲသွားစေပြီး ပိုပြီးမိစ္ဆာဆန်လာစေသည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူက လေထဲမှာ လွင့်မျောနေသော ကြေးမုံကို လျစ်လျူရှုလျက် ဥမင်လှိုဏ်ခေါင်းဆီသို့ တန်းမတ်စွာ ပြေးသွားသည်။
ဖုန်းသည်လည်း မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။
ရွှီချင်းသည်လည်း ချက်ချင်း အနောက်မှ လိုက်သွားသည်။
ထိုသို့ဖြင့် သူတို့သုံးယောက်သည် ဥမင်လှိုဏ်ခေါင်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်သွားကြသည်။
ရွှေကြွက်၏ တားဆီးမှုမရှိတော့သော်လည်း အချိန်က အကန့်အသတ်ရှိသောကြောင့် ဖုန်းနှင့် လန်ယောင်သည် မည်သည့်ဉာဏ်များမှုကိုမှ မပြုလုပ်ကြချေ။ သို့ဖြစ်၍ ဥမင်လှိုဏ်ခေါင်းထဲမှာ သူတို့၏ ခရီးစဉ်က အဆင်ပြေချောမွေ့သည်။
မကြာမီ သူတို့သုံးယောက်က ဥမင်လှိုဏ်ခေါင်း၏ အဆုံးသို့ ရောက်ရှိသွားကြသည်။
ထိုနေရာသည် လှိုဏ်ဂူတစ်ခု ဖြစ်သည်။ သို့သော်လည်း သိပ်မကျယ်ဝန်းပေ။ ပေတစ်ထောင်မျှသာ ကျယ်ဝန်းသည်။ ဤနေရာမှာ အပျက်အစီးအမှတ်အသားများရှိလေရာ အတိတ်တွင် တစ်စုံတစ်ယောက်က ဤနေရာကို အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ထင်ရှားပေသည်။
လှိုဏ်ဂူ၏ အလယ်ဗဟိုတွင် ငါးပေခန့်ကျယ်ဝန်းသော ရေကန်တစ်ကန် ရှိသည်။ အစိမ်းရောင်သစ်ကိုင်းတစ်ကိုင်းသည် လှိုဏ်ဂူ၏ မျက်နှာကြက်ပေါ်မှာ တန်းလန်းတည်ရှိနေသည်။ သူတို့သုံးယောက် ရောက်ရှိလာသောအခါ ကြည်လင်သော အရည်တစ်စက်သည် သစ်ကိုင်းပေါ်မှ စီးကျလာသည်။
တုံဟူသော မြည်သံနှင့်အတူ ရေစက်က ရေကန်၏ မျက်နှာပြင်ပေါ်သို့ ကျဆင်းသွားသည်။
တစ်ချိန်တည်းမှာ ယင်းက ရွှီချင်းနှင့် တခြားနှစ်ယောက်၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
ရေကန်ထဲတွင် ဥတစ်လုံးရှိသည်။ တစ်ချိန်တည်းမှာ ပြင်းထန်သော အမွှေးနံ့က ရေကန်ထဲမှ မြှောက်တတ်လာပြီး ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။
ရွှီချင်းက အမွှေးနံ့ကို ရှူရှိုက်လိုက်လေရာ သူ၏ အတွေးများက ကြည်လင်ရှင်းလင်းသွားသည်။ သူ၏ ဗလာနတ္ထိကုန်းမြေပေါ်မှ ပုံရိပ်ယောင်နတ်ဘုရားအခွင့်အာဏာများသည်ပင် ခပ်မှိန်မှိန် လင်းလက်လာကြသည်။
နတ်ဘုရားအခွင့်အာဏာများ၏ မရေမတွက်နိုင်သော ဥပဒေသများက သူ၏ စိတ်ထဲမှာ စီးဆင်းလာသည်။
ရွှီချင်းက စိတ်လှုပ်ရှားသွားသည်။
“ လျောင်ရွှမ်းသူတော်စင်အရည် ”
ဖုန်းနှင့် လန်ယောင်၏ အသက်ရှူသံသည် မြန်ဆန်လာသည်။
သို့သော်လည်း သူတို့က ရေကန်ထဲမှ ရေပမာဏကို မြင်သွားသောအခါ အမူအရာပျက်ယွင်းသွားကြသည်။ ရေကန်ထဲမှ လျောင်ရွှမ်းသူတော်စင်အရည်သည် အလွန်အမင်း နည်းပါးသည်။
ယင်းက အပေါ်ယံအလွှာသာ ကျန်ရှိတော့သည်။