လူတိုင်း အတူတကွ တိုက်ခိုက်ကြ
Vol. 87 Ch. 1339
လှိုဏ်ဂူတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
လန်ယောင်သည် ဆွံ့အသွားသည်။ ယွဲ့တုန်၏ စိတ်သည် တဝီဝီမြည်သွားပြီး စိတ်ရှုပ်ထွေးမှုကို ခံစားမိသွားသည်။
“ မျို… မျိုချလိုက်တယ် ”
သူတို့၏ အရှေ့မှာ ဖြစ်ပျက်သွားသော မြင်ကွင်းက ယုတ္တိမရှိဟန် ရ၏။ ယင်းကို သူတို့၏ မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့သော်လည်း သူတို့၏ မျက်စိကို မယုံကြည်နိုင်ဖြစ်နေဆဲပင်။
စောစောက ဖုန်းထုတ်ခဲ့သော ပစ္စည်းသည် အလွန်ကြောက်စရာကောင်းသည်။ ယင်းက သူတို့ကို ဖော်မပြနိုင်သော အန္တရာယ်အငွေ့အသက်အား ခံစားမိစေသည်။ သူတို့သည် ဤနေရာမှ ရတနာကို လက်လျော့ပြီး ထွက်ပြေးရန်ပင် စဉ်းစားခဲ့သေးသည်။
ယင်းက ကောင်းကင်ဘုံသူတော်စင်နွယ်ပင် ဖြစ်သည်။
အရွယ်ရောက်ပြီးသား ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က သူတော်စင်ကုန်းမြေတစ်ခုကို ဖျက်ဆီးပစ်နိုင်ရုံသာမက ၎င်း၏ ကြောက်စရာကောင်းသော ဒဏ္ဍာရီများသည်လည်း ယနေ့ထိတိုင် သူတော်စင်ကုန်းမြေအများအပြားမှာ ပျံ့နှံ့နေဆဲပင်။ မည်သူမှ ၎င်းကို လျစ်လျူမရှုဝံ့ချေ။
သို့သော်လည်း ထိုသို့ကြောက်စရာကောင်းသော အရာက တစ်စုံတစ်ယောက်၏ တစ်လုပ်တည်း ဝါးမျိုခံလိုက်ရသည်။
ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က ပျိုးပင်အရွယ်သာရှိသေးသော်လည်း ၎င်းကို အလွယ်တကူ ဝါးမျိုပစ်ခြင်းသည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။ ဖုန်းက အတုအယောင် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကို ထုတ်ပြခဲ့ခြင်းဖြစ်မည်ဟုပင် သူတို့က သံသယဝင်လာကြသည်။
အကယ်၍ သူတို့ပင် ထိုမျှဖြစ်နေလျှင် ဖုန်းကိုတော့ ပြောနေစရာမလိုတော့ပေ။
ဖုန်းသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ၏ မျက်လုံးက ပြူးကျယ်နေသည်။ မိုးခြိမ်းသံက သူ၏ စိတ်ထဲမှာ မြည်ဟိန်းသွားသည့်အလား အတွေးအားလုံးကို ဖယ်ရှားပစ်လိုက်သည်။
သူ၏ အသိစိတ်က ဟာလာဟင်းလင်းဖြစ်သွားသည်။
သူက ဆွံ့အသွားပြီး အားညို၏ ပါးစပ်ကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။
သူ့ကဲ့သို့ သံသယများသည့်လူအတွက် ဥပဒေသများကို ဆင်ခြင်နားလည်သည့်အချိန်မှသာလျှင် ထိုသို့အတွေးကင်းမဲ့သော စိတ်အခြေအနေဆီသို့ ဝင်ရောက်နိုင်ပေသည်။
ထို့ပြင် ထိုသို့စိတ်အခြေအနေဆီသို့ ဝင်ရောက်ရန် သူက ကြီးမားသော အခွင့်အရေးတချို့ကို လိုအပ်လိမ့်မည်။ သို့ဆိုလျှင်ပင် သူ၏ စိတ်ထဲမှာ ကြုံရာကျပန်းအတွေးတချို့ ရှိနေနိုင်သေးသည်။
ယခုကဲ့သို့ လုံးဝအတွေးကင်းမဲ့သော စိတ်အခြေအနေဆီသို့ ဝင်ရောက်ရန်တော့ ပိုပြီးကြီးမားသော မဟာကံကောင်းခြင်းကို လိုအပ်လိမ့်မည်။ အနည်းဆုံးတော့ ဤတစ်ကြိမ်သည် သူ့ဘဝတစ်လျှောက်လုံးမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ကံကောင်းစွာဖြင့် ထိုသို့စိတ်အခြေအနေသည် မြန်ဆန်စွာ ပြောင်းပြန်ဖြစ်သွားသည်။ အတွေးအားလုံးသည် ပထမအခိုက်အတန့်မှာ ပျောက်ကွယ်သွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ အတွေးမျိုးစုံက သူ၏ စိတ်ထဲမှာ တစ်ပြိုင်နက် ပေါ်ထွက်လာသည်။
မရေမတွက်နိုင်သော စိတ်ရှုပ်ထွေးစရာ အတွေးများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ရလဒ်အနေဖြင့် သူ၏ အသက်ရှူသံက မြန်ဆန်လာပြီး သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ထိုအတွေးများက သူ၏ စိတ်ဝိညာဉ်ဖြင့် ပေါင်းစပ်သွားသည့်အခါ သူက မှားယွင်းသော ပစ္စည်းကို ထုတ်ယူမိခဲ့သည်ဟု တွေးမိသွားသည်။
သို့ဖြစ်၍ သူက ချက်ချင်း သိုလှောင်အိတ်ကိုဖွင့်ပြီး ရှာဖွေလိုက်သည်။
“ အဟန့်… ဖုန်းဖုန်းလေး ရှာမနေနဲ့တော့… မင်းထုတ်လိုက်တဲ့ ပစ္စည်းက မမှားဘူးဆိုတာ ငါအတည်ပြုပေးနိုင်တယ်… သူ့ရဲ့ အရသာက အရမ်းသန့်စင်တယ် ”
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး အသံမြှင့်၍ ပြောသည်။ သူ၏ လေသံက တစ်စုံတစ်ယောက်ကို ဒေါသထွက်၍ သေဆုံးစေနိုင်သည်။
ခန္ဓာကိုယ်ကို သတ်ပြီး နှလုံးသားကို ဖျက်ဆီးခြင်း…
ခေါင်းဆောင်က မည်မျှလျှာစောင်းထက်ကြောင်း ဤအခိုက်အတန့်မှာ ထင်ရှားပေသည်။ သူ၏ စကားများက နတ်ဘုရားအပြစ်ဒဏ်နှင့် မခြားပေ။
သူ့စကားကို ဖုန်းကြားသောအခါ သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး စိတ်ခံစားချက်မျိုးစုံက သူ၏ နှလုံးသားထဲမှာ ပေါ်ထွက်လာသည်။
ဒေါသ၊ နောင်တ၊ စိုးရိမ်ခြင်း၊ ခါးသီးခြင်း၊ မနာလိုခြင်းနှင့် ဖိနှိပ်ခြင်း အစရှိသော စိတ်ခံစားချက်များက သူ၏ စိတ်နှင့် နှလုံးသားထဲမှာ ပြည့်နှက်သွားသည်။
ပြင်းထန်သော နာကျင်မှုက သူ၏ အသိစိတ်ကို ထိုးဖောက်နေသည့်အလား သူခံစားမိသွားသည်။ သူ၏ နဖူးပေါ်မှ သွေးကြောများက ဖောင်းကားလာသည်။ ဖိအားက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး သူ၏ ဦးခေါင်းက မီးလောင်ကျွမ်းနေဟန် ရ၏။
သူ၏ နှလုံးသားထဲမှာ အရာအားလုံးကို ဝါးမျိုပစ်နိုင်သော တွင်းပေါက်တစ်ခုရှိနေဟန် ရ၏။
သူ၏ ဖြူဖျော့နေသော မျက်နှာက ချက်ချင်း နီမြန်းသွားသည်။ ထို့နောက် အစိမ်းရောင်သို့ ပြောင်းလဲသွားသည်။ နောက်ဆုံးမှာတော့ အနက်ရောင်အရှိန်အဝါက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
လူတစ်ယောက်၏ မျက်နှာက အရောင်အမျိုးမျိုး ပြောင်းလဲနေလေရာ သူက မည်မျှပြင်းထန်သော စိတ်ခံစားချက်များကို ခံစားနေရကြောင်း ပြောရန် ခက်ခဲပေသည်။
နောက်အခိုက်အတန့်မှာ ဖုန်းသည် သွေးတစ်ပွက် အန်လိုက်ရပြီး ကမ္ဘာတုန်ဟီးသွားစေမည့် အော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။
သူ၏ မကျေနပ်မှုနှင့် ရူးသွပ်မှုက ကောင်းကင်တစ်ခွင် ပြည့်နှက်သွားပြီး လောကကို တုန်လှုပ်သွားစေသည်။
“ ငါမင်းကို သတ်မယ် ”
ထိုအော်သံသည် ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်သွားစေသည်။ ဖုန်းသည် လုံးဝရူးသွပ်သွားပြီး သူ၏ အရှိန်အဝါက ပရမ်းပတာ လှုပ်ခတ်လာသည်။ အမှန်မှာ ချိပ်ပိတ်ခံထားရသော ပုံရိပ်ယောင်မဟာလောကသုံးခုသည်ပင် ချိပ်တံဆိပ်ဖြေလျော့သွားတော့မည့် လက္ခဏာများ ပြလာသည်။
သူက အဆုံးမဲ့သော အရှိန်အဟုန်နှင့်အတူ အားညိုဆီသို့ ပျံသန်းသွားသည်။
ရူးသွပ်သွားသော ဖုန်းနှင့် ရင်ဆိုင်ရသောအခါ ရွှီချင်း၏ မျက်လုံးထဲတွင် အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ သူက ညာလက်သီးကို ဆုပ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူက အရှိန်အဟုန်ကို အသုံးပြု၍ အရှေ့သို့ ရက်စက်ကြမ်းကြုတ်စွာ ထိုးလွှတ်လိုက်သည်။
မဖျက်ဆီးနိုင်သော အင်ပါယာလက်သီးသည် ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ဧကရာဇ်ဓား၏ ပုံရိပ်သည် လင်းလက်သွားပြီး ဖုန်းဆီသို့ အကြမ်းပတမ်း လွှဲခုတ်လိုက်သည်။
တစ်ချိန်တည်းမှာ ခေါင်းဆောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက ဦးခေါင်းကို လှုပ်ယမ်းလိုက်လေရာ အစိမ်းရောင်နွယ်ပင်က သူ၏ ဦးခေါင်းပေါ်မှ မြန်ဆန်စွာ ကြီးထွားလာသည်။ နွယ်ပင်သည် လျှပ်တစ်ပြက်အတွင်း ပေပေါင်းဒါဇင်ခန့် ရှည်လျားသွားသည်။ နွယ်ပင်သည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ကြာပွတ်သဖွယ် အကြမ်းပတမ်း လွှဲယမ်းလိုက်သည်။
နောက်အခိုက်အတန့်မှာ ရွှီချင်း၏ လက်သီးက ဖုန်းအပေါ်သို့ ကျရောက်သွားသည်။ ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားသည်နှင့် ရွှီချင်းက ညည်းညူလိုက်ရပြီး အတင်းအကျပ် အနောက်ဆုတ်သွားရသည်။ ဖုန်းသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို လျစ်လျူရှုထားပြီး အရှေ့သို့ ဆက်လက် ပြေးသွားသည်။
သို့သော်လည်း ဧကရာဇ်ဓားပုံရိပ်က အရောင်တောက်ပသွားပြီး ဓားအလင်းက ပျံသန်းထွက်သွားသည်။ သွေးသည် ဖုန်း၏ ခန္ဓာကိုယ်ထဲမှ ပန်းထွက်လာပြီး သူ၏ လက်မောင်းတစ်ဝက်က ချက်ချင်း ဖြတ်တောက်ခံလိုက်ရသည်။ တစ်ချိန်တည်းမှာ ခေါင်းဆောင်၏ ဦးခေါင်းပေါ်မှ နွယ်ပင်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားနှင့်အတူ လွှဲယမ်းသွားပြီး ဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။
ကြာပွတ်ရိုက်ချက်ကြောင့် ဝုန်းခနဲ မြည်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
ဖုန်းသည် နောက်ထပ် သွေးတစ်ပွက် အန်လိုက်ရပြီး အနောက်သို့ လွင့်စင်သွားသည်။
“ ဟဲ ဟဲ… တောင်းပန်ပါတယ်… နွယ်ပင်ကို ခုနကမှ ငါဝါးမျိုခဲ့တာဖြစ်လို့ ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး ”
ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး ပြုံးသည်။
သူ့ကို ကြည့်ရသည်မှာ အမှန်ကို ပြောနေပုံထင်ရသော်လည်း သရော်လှောင်ပြောင်လိုသော အရိပ်အမြွက်တချို့ ပါရှိသည်။
တစ်ချိန်တည်းမှာ လန်ယောင်နှင့် ယွဲ့တုန်သည် အစောနက အားညို၏ လုပ်ရက်ကြောင့် ထိတ်လန့်သွားကြသော်လည်း သူတို့သည် သာမန်ကျင့်ကြံသူများ မဟုတ်ကြပေ။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူတို့က ထိတ်လန့်မှုကို ဖိနှိပ်လိုက်ကြသည်။ ရှားပါးသော ဤအခွင့်အရေးကို မြင်သောအခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့ဆီမှာ ပေါ်လျှိုးထွက်လာသည်။
သူတို့က ဖုန်းနှင့် ဤအခြေအနေထိ ရောက်ရှိနေမှတော့ တစ်ဖက်လူကို မဖြစ်ဖြစ်သည့်နည်းနှင့် သတ်ပစ်ရလိမ့်မည်။
ဤအခိုက်အတန့်မှာ ရှစ်ရောင်ခြယ်ဒေါင်းသည် အရောင်ရှစ်ရောင်ရှိသော လေကြမ်းများ၊ အရောင်ရှစ်ရောင်ရှိသော မိုးစက်များနှင့် အရောင်ရှစ်ရောင်ရှိသော တိမ်တိုက်များဖြင့် ဝန်းရံခံထားရသည်။ ၎င်းက အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး ဖုန်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ယွဲ့တုန်၏ ရေခဲလှံသည် ကြောက်စရာကောင်းသော နှင်းမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ နှင်းမုန်တိုင်းသည် မရပ်တန့်နိုင်သော အင်အားနှင့်အတူ ဖုန်းဆီသို့ ဦးတည်သွားသည်။
ထိုသို့အစွမ်းထက် တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ရသောအခါ ဖုန်း၏ နှလုံးသားထဲမှာ သေခြင်းရှင်ခြင်းကပ်ဘေးခံစားမှုက ထွက်ပေါ်လာသည်။ ပြင်းထန်သော အန္တရာယ်သတိပေးမှုသည် ခေါင်းဆောင်၏ လုပ်ရက်ကြောင့် ဖြစ်ပေါ်လာသော သူ၏ ဖရိုဖရဲစိတ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သူက သတိပြန်ဝင်လာသည်နှင့်ချက်ချင်း စိတ်ရှုပ်ထွေးစေမည့် အတွေးအားလုံးကို အတင်းအကျပ် ဖိနှိပ်ပစ်လိုက်သည်။ သူက မည်မျှရူးသွပ်နေပါစေ မည်မျှဒေါသထွက်နေပါစေ ထိုစိတ်ခံစားချက်များအောက်မှာ မနစ်မွန်းသွားနိုင်ပေ။
ယင်းက သေခြင်းရှင်ခြင်းကပ်ဘေး ဖြစ်သည်။ သေခြင်းရှင်ခြင်းနှင့် နှိုင်းယှဉ်လျှင် တခြားကိစ္စအားလုံးကို ယခုအချိန်မှာ ဘေးချိတ်ထားရမည်။
အကယ်၍ တခြားတစ်ယောက်သာဆိုလျှင် သူတို့က ထိုသို့လုပ်ဆောင်ရမည်ဟု နားလည်ထားလျှင်ပင် အချိန်တိုလေးအတွင်းမှာ အမှန်တကယ် ထိုသို့လုပ်ဆောင်နိုင်ရန် ခက်ခဲလိမ့်မည်။ မည်သို့ဖြစ်ပါစေ အသိစိတ်လွတ်သွားခြင်းနှင့် စိတ်ခံစားချက်များ ရောထွေးသွားခြင်းသည် ထိန်းချုပ်ရန် အလွန်ခက်ခဲသည်။
သို့သော်လည်း ဖုန်းသည် မွေးရာပါ သံသယများသော အကျင့်စရိုက်ရှိသည်။ ထို့ကြောင့် သူ၏ အသိစိတ်က သာမန်ကျင့်ကြံသူများထက် သာလွန်ထူးခြားသည်။ သို့ဖြစ်၍ သူက အချိန်တိုလေးအတွင်းမှာ အသိစိတ်ပြန်ဝင်လာပြီး စိတ်ခံစားချက်များကို ပြန်လည်ထိန်းချုပ်နိုင်သွားသည်။
သူ၏ မျက်လုံးက အေးစက်သွားသည်။ သူက တုံ့ဆိုင်းမနေဘဲ လက်မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို အမြန်ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလို ပုံရိပ်ယောင်မဟာလောကသုံးခုထဲမှ မဟာလောကတစ်ခုက ပိုပြီးဝေဝါးလာပြီး ချက်ချင်း ပြိုကွဲထွက်သွားသည်။
မဟာလောကက ပြိုကွဲထွက်သွားသည့်အခါ ကြောက်စရာကောင်းသော အင်အားက ပေါ်လျှိုးလာပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားသည်။
သူက ချိပ်ပိတ်ထားသော မဟာလောကတစ်ခုကို ဖောက်ခွဲပစ်ရန် ရွေးချယ်ခဲ့သည်။
ယင်းက အလွန်ကြီးမားသော စတေးမှုတစ်ခု ဖြစ်သည်။ မဟာလောကက ချိပ်ပိတ်ခံထားရသောကြောင့် ၎င်း၏ ကိုယ့်ဘာသာဖောက်ခွဲမှုက (၁၀၀)ရာခိုင်နှုန်း မပြင်းထန်သော်လည်း နတ်ဘုရားတစ်ပါး၏ စွမ်းအင်တစ်ဝက်ကိုတော့ ထုတ်လွှတ်နိုင်သေးသည်။
ထို့ပြင် ချိပ်တံဆိပ်၏ တည်ရှိမှုကြောင့် မဟာလောက၏ ဖောက်ခွဲမှုစွမ်းအားက သူ၏ ရုပ်ခန္ဓာကိုယ်ကို အစွမ်းမတိုးမြှင့်ပေးနိုင်ပေ။ ယင်းကို တစ်ခါသုံးဓမ္မရတနာအဖြစ်သာ သတ်မှတ်နိုင်သည်။
ထို့ပြင် ယခုကဲ့သို့ ဖောက်ခွဲပစ်လိုက်သောကြောင့် သူက မဟာလောကတစ်ခုကို ဆုံးရှုံးသွားလိမ့်မည်။ သူ၏ အစစ်အမှန် ကျင့်ကြံခြင်းအခြေခံသည်လည်း ကျဆင်းသွားလိမ့်မည်။ မဟာလောကတစ်ခုကို နောက်တစ်ကြိမ် သူပြန်ဖန်တီးရန် အလွန်ခက်ခဲသွားလိမ့်မည်။
ယင်းက မည်သည့်အခါမှ ပြန်မကောင်းမွန်တော့ရန် ဖြစ်နိုင်ခြေပင် ရှိသေးသည်။
သို့ဖြစ်၍ ဤရွေးချယ်မှုကို စိတ်ဓာတ်ပြတ်သားပြီး ရက်စက်သည်ဟု ဆိုနိုင်ပေသည်။
အနည်းဆုံးတော့ လန်ယောင်နှင့် ယွဲ့တုန်ဆိုလျှင်ပင် သူတို့က သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် တွေ့ကြုံရသည့်အခါ ထိုသို့ဆုံးဖြတ်ချက်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ချမှတ်နိုင်လိမ့်မည် မဟုတ်ချေ။
ကိုယ့်ဘာသာဖောက်ခွဲမှု၏ စွမ်းအားသည် ချိပ်တံဆိပ်ကြောင့် ကန့်သတ်ခံထားရသော်လည်း အရိုင်းဆန်ပြီး ကြောက်စရာကောင်းနေဆဲပင်။ မည်သို့ဖြစ်ပါစေ ယင်းက မဟာလောကတစ်ခု ဖြစ်သည်။
ဤအခိုက်အတန့်မှာ ဝုန်းခနဲ မြည်သံများကြားတွင် ဟင်းလင်းပြင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး ကြမ်းတမ်းသော အားလှိုင်းအတတ်အကျများက ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။
လန်ယောင်နှင့် ယွဲ့တုန်က ထိုအဖျက်စွမ်းအားကို ပထမဆုံး တွေ့ကြုံလိုက်ရသည်။ ထုံးစံအားဖြင့် သူတို့က အသက်မစတေးဝံ့သောကြောင့် ထိုအဖျက်စွမ်းအားကို တိမ်းရှောင်ရန် အနောက်ဆုတ်သွားကြသည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည်တော့ အစောနက တိုက်ခိုက်ပြီးကတည်းက ဆက်ပြီး မတိုက်ခိုက်ခဲ့ကြပေ။
ဖုန်းသည်လည်း ရွှီချင်းနှင့် ခေါင်းဆောင်ကို တိုက်ခိုက်ရန် လက်လျော့လိုက်သည်။ သူက ချိပ်ပိတ်ထားသော မဟာလောက၏ ပေါက်ကွဲမှုစွမ်းအားကို အသုံးပြု၍ ဤနေရာမှ ထွက်သွားနိုင်ရန် အခွင့်အရေးတစ်ခုကို ဖန်တီးချင်သည်။
သို့ဖြစ်၍ မျက်တောင်တစ်ခတ်အတွင်းမှာ သူက ဥမင်လှိုဏ်ခေါင်း၏ ဝင်ပေါက်ဆီသို့ တန်းမတ်စွာ ပြေးသွားသည်။ သူက ဝင်ပေါက်ဆီသို့ ရောက်ရှိသွားသည်နှင့် ယွဲ့တုန်၏ အကာအကွယ်ပေါ်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။
သူက ဤနေရာမှ ထွက်သွားချင်သည်။
တစ်ချိန်တည်းမှာ သူ၏ မျက်လုံးထဲမှ အေးစက်မှုက ပိုပြီးအားကောင်းလာသည်။ သူက ဤနေရာမှ ထွက်သွားရန် စီစဉ်ထားသော်လည်း ဤခရီးစဉ်ကို လက်မလျော့နိုင်ပေ။ ထို့ကြောင့် သူက ဥမင်လှိုဏ်ခေါင်း၏ အပြင်ဘက်မှာ ချုပ်နှောင်ခံထားရသော ရွှေကြွက်ကို လွှတ်ပေးရန် စီစဉ်ထားသည်။
ယင်းက ဤနေရာကို ဖရိုဖရဲဖြစ်သွားစေလိမ့်မည်။ သို့မှသာ သူက ထိုအခြေအနေကို အခွင့်ကောင်းယူ၍ တိုက်ပွဲရေစီးကြောင်းကို ပြောင်းပြန်လှန်ပစ်နိုင်မည့် အခွင့်အရေးတစ်ခုကို ဖန်တီးနိုင်လိမ့်မည်။
သို့မှသာ မဟာလောကတစ်ခု၏ ဆုံးရှုံးမှုက တန်ဖိုးရှိလိမ့်မည်။
သို့သော်လည်း တခြားလေးယောက်သည် ငတုံးများ မဟုတ်ကြပေ။ ရွှီချင်းနှင့် အားညိုကိုတော့ ပြောနေစရာပင် မလိုချေ။ လန်ယောင်သည် ဖုန်းကို လျှို့ဝှက်စွာ ဆန့်ကျင်ခဲ့သော်လည်း အခြေအနေမဆိုးဝါးခဲ့ပေ။ ယင်းကို ကြည့်ခြင်းအားဖြင့် သူက မည်မျှဉာဏ်ကောင်းကြောင်း စဉ်းစားကြည့်နိုင်သည်။
ယွဲ့တုန်က အများကြီး မထုတ်ဖော်ခဲ့သော်လည်း သူက သိုးရေခြုံထားသော ဝံပုလွေဖြစ်သည်။ သို့ဖြစ်၍ သူက သာမန်မဟုတ်ကြောင်း မြင်သာပေသည်။
ဖုန်းက သူ၏ မဟာလောကကို ဖောက်ခွဲလိုက်ပြီး ဥမင်လှိုဏ်ခေါင်း၏ အကာအကွယ်ကို တိုက်ခိုက်လိုက်သည်နှင့်ချက်ချင်း လူတိုင်းက သူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ခေါင်းဆောင်၏ ဦးခေါင်းပေါ်မှ နွယ်ပင်က လှုပ်ယမ်းသွားပြီး သူက အော်ပြောလိုက်သည်။
“ အားလုံးပဲ… သူ့ကို အတူပူးပေါင်းပြီး သတ်ကြ… တကယ်လို့ ကြွက်စုတ်လွတ်သွားရင် ငါတို့အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ် ”
ခေါင်းဆောင်သည် စကားဆုံးသည်နှင့် အစွမ်းကုန် ထုတ်သုံးတော့မည့်အလား အရှေ့သို့ ပြေးထွက်သွားသည်။ အနောက်ဆုတ်သွားသော လန်ယောင်နှင့် ယွဲ့တုန်သည်လည်း အံတင်းတင်းကြိတ်လိုက်ပြီး အရှေ့သို့ ပြေးသွားကြသည်။
သူတို့အားလုံးက ဖုန်းကို တိုက်ခိုက်တော့မည့်ပုံပေါ်သည်။ သို့သော်လည်း သူတို့သုံးယောက်ထဲတွင် မမျှော်လင့်ထားသော အပြုအမူများက ဖြစ်ပေါ်လာသည်။
ယွဲ့တုန်တစ်ယောက်တည်းသာ အကာအကွယ်ကို တိုက်ခိုက်နေသော ဖုန်းဆီသို့ ချဉ်းကပ်သွားသည်။
ခေါင်းဆောင်က လေထဲမှာ ရပ်တန့်လိုက်ပြီး လန်ယောင်က အနောက်ဆုတ်သွားကာ လျောင်ရွှမ်းရေကန်ဆီသို့ ဦးတည်သွားသည်။
သူက လက်ဝှေ့ယမ်းလိုက်ပြီး ရေကန်ထဲမှ လျောင်ရွှမ်းအရည်နှင့် ရွှေဥကို သိမ်းဆည်းရန် ကြိုးစားလိုက်သည်။
ဖုန်းကို တိုက်ခိုက်နေသော ယွဲ့တုန်သည် မအံ့ဩသွားပေ။ ဤသည်မှာ ထိုသို့ဖြစ်လာလိမ့်မည်ဟု သူက ကြိုသိထားသည့်အလားပင်။
သို့သော်လည်း ခေါင်းဆောင်၏ နွယ်ပင်က လန်ယောင်နှင့် ရည်ရွယ်ချက်ချင်း တူညီနေသည်။
နွယ်ပင်၏ အလျင်သည် အလွန်အံ့ဖွယ်ကောင်းသည်။ နွယ်ပင်သည် လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာပြီး ရွှေဥကို ရစ်ပတ်သွားသည်။ နောက်ဆုံးမှာတော့ နွယ်ပင်နှင့် လန်ယောင်သည် ရေကန်ထဲမှ လျောင်ရွှမ်းအရည်ကို မြန်ဆန်စွာ ခွဲဝေလိုက်ကြသည်။
သို့သော်လည်း နွယ်ပင်သည် ရွှေဥကို အရင်ပစ်မှတ်ထားခဲ့သောကြောင့် ရေကန်ထဲမှ အရည်(၂၀)ရာခိုင်နှုန်းကိုသာ စုဆောင်းနိုင်ခဲ့သည်။ ကျန်(၈၀)ရာခိုင်နှုန်းကိုတော့ လန်ယောင်က ယူဆောင်သွားသည်။
လန်ယောင်သည် ရွှေဥကို စွန့်လွှတ်ရန် အနည်းငယ် ဆန္ဒမရှိသော်လည်း အားညို၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက နွယ်ပင်ကို စိုးရိမ်စွာ တစ်ချက်ကြည့်လိုက်ပြီး အမြန်အနောက်ဆုတ်သွားသည်။
ခေါင်းဆောင်သည်လည်း ဆန္ဒမရှိပုံပေါ်သည်။ သို့သော်လည်း လက်ရှိအခြေအနေအရ ထိုသို့လုပ်ဆောင်ရန် မသင့်တော်ကြောင်း သူသိသည်။ သို့ဖြစ်၍ အဆုံးမှာတော့ သူက လန်ယောင်ကို ထွက်သွားခွင့်ပြုလိုက်သည်။ တစ်ချိန်တည်းမှာ သူက အနီးအနားရှိ ပျက်စီးနေသော ရှိခိုးကောင်အလောင်းအစိတ်အပိုင်းများကို သိမ်းဆည်းလိုက်သည်။
တစ်ချိန်တည်းမှာ ဖုန်းနှင့် ယွဲ့တုန်ကြားမှ တိုက်ပွဲသည် အရေးကြီးအခိုက်အတန့်သို့ ရောက်ရှိသွားသည်။
ယွဲ့တုန်၏ ကြားဝင်နှောင့်ယှက်မှုကြောင့် အကာအကွယ်ကို ချိုးဖြတ်မည့် ဖုန်း၏ ကြိုးစားမှုက မအောင်မြင်သွားခဲ့ပေ။ မည်သို့ဖြစ်ပါစေ ထိုအကာအကွယ်ကို ခင်းကျင်းခဲ့သူသည် ယွဲ့တုန်ဖြစ်သည်။
သို့သော်လည်း ဖုန်း၏ စိတ်ဓာတ်ပြတ်သားမှုသည် သာမန်မဟုတ်ပေ။
အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် ချိပ်ပိတ်ခံထားရသော ဒုတိယမဟာလောကက ပေါက်ကွဲသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အင်အားက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားပြီး မုန်တိုင်းတစ်ခုသို့ ပြောင်းလဲသွားသည်။ ယွဲ့တုန်သည် စွမ်းအင်မုန်တိုင်းကြောင့် အတင်းအကျပ် အနောက်ဆုတ်လိုက်ရသည်။ တစ်ချိန်တည်းမှာ ဥမင်လှိုဏ်ခေါင်း၏ ဝင်ပေါက်ရှေ့မှ အကာအကွယ်သည် အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။
ဖုန်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက ချက်ချင်း ဥမင်လှိုဏ်ခေါင်းထဲသို့ ပြေးသွားသည်။
ထိုအခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးသည် မည်းနက်သွားသည်။ တားမြစ်အဆိပ်နတ်ဘုရားအခွင့်အာဏာက ရုတ်တရက် ပေါ်ထွက်လာပြီး အနက်ရောင်မြူခိုးကို ဖွဲ့စည်းလိုက်သည်။ အဆိပ်မြူခိုးထဲတွင် မင်ဖေးက ဒြပ်ထည်ဖြစ်ပေါ်လာသည်။
“ နတ်ဘုရားရဲ့ ညစ်ညမ်းမှုခြောက်မျိုး ”