ဇာတ်လမ်းနောက်ကွယ်မှ အမှန်တရား(က)
Vol. 87 Ch. 1340
မင်ဖေး၏ ခန္ဓာကိုယ်သည် အလွန်ကြောက်စရာကောင်းသည်။ မင်ဖေးထွက်ပေါ်လာသည်နှင့်ချက်ချင်း အနက်ရောင်မြူခိုးက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်။
တာအိုကျိန်စာ၏ အမိန့်ပေးသံသည် ရွှီချင်းနှင့် မင်ဖေး၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။
“ ပထမညစ်ညမ်းမှု… မီးခိုးက နတ်ဘုရားမီးတောက်ထဲကနေ မြှောက်တတ်လာတယ်… အစက နတ်ဘုရားမီးတောက်ထဲမှာ မီးခိုးမရှိဘူး… မီးခိုးထဲမှာ ညစ်ညမ်းမှုတွေ ပါဝင်တယ် ”
ဥမင်လှိုဏ်ခေါင်း၏ အဝင်ဝတွင် ဥမင်လှိုဏ်ခေါင်းထဲသို့ ထွက်ခွာသွားတော့မည့် ဖုန်းသည် ရုတ်တရက် တုန်ယင်လာပြီး အမူအရာပျက်ယွင်းသွားသည်။ ညစ်ညမ်းမှုပါဝင်နေသော အမည်းစက်များက သူ၏ ခန္ဓာကိုယ်ပေါ်မှာ မရေမတွက်နိုင်အောင် ထွက်ပေါ်လာကြသည်။ ယင်းတို့က သူ၏ ခန္ဓာကိုယ်နှင့် မျက်နှာတစ်ပြင်လုံးကို ဖုံးလွှမ်းသွားသည်။
“ ဒုတိယညစ်ညမ်းမှု… အလိုရမ္မက်က နတ်ဘုရားဝိညာဉ်ထဲကနေ ထွက်ပေါ်လာတယ်… အစက နတ်ဘုရားဝိညာဉ်ထဲမှာ အလိုရမ္မက် မရှိဘူး… လိုအင်ဆန္ဒတွေက အနန္တအသိဉာဏ်ကို ဆုံးရှုံးစေတယ် ”
နောက်အခိုက်အတန့်မှာ သူ၏ စိတ်အာရုံက ဖယ်ရှားခံလိုက်ရသည်။
“ တတိယညစ်ညမ်းမှု… ယိုယွင်းပျက်စီးမှုက နတ်ဘုရားခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာတယ်… အစက နတ်ဘုရားခန္ဓာကိုယ်ထဲမှာ ယိုယွင်းပျက်စီးမှု မရှိဘူး… ယိုယွင်းပျက်စီးမှုက ထာဝရဖြစ်တည်မှုကို ဆုံးရှုံးစေတယ် ”
ဖုန်း၏ ခန္ဓာကိုယ်ပေါ်မှ အမည်းစက်အားလုံးက ပုပ်သိုးဆွေးမြေ့သွားပြီး သူ၏ အသွေးအသားများက ကွာကျလာသည်။ သူ၏ အရိုးများကိုပင် ထင်ရှားစွာ မြင်နိုင်လာသည်။
“ စတုတ္ထညစ်ညမ်းမှု… ဖုန်မှုန့်က နတ်ဘုရားရောင်ဝါပေါ်မှာ တွယ်ကပ်နေတယ်… အစက နတ်ဘုရားရောင်ဝါပေါ်မှာ ဖုန်မှုန့်မရှိဘူး… ဖုန်မှုန့်က ရောင်ဝါတောက်ပမှုကို ဖုံးကွယ်ပေးတယ် ”
ဖုန်းသည် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။ မဟာလောကများ၏ ပေါက်ကွဲမှုကြောင့် ယိုင်နဲ့နေသော သူ၏ တာအိုအုတ်မြစ်က ဤအခိုက်အတန့်က ပြိုကွဲသွားကြောင်း သူအာရုံခံမိသွားသည်။
သို့သော်လည်း ကျိန်စာသည် မပြီးဆုံးသေးပေ။
“ ပဉ္စမညစ်ညမ်းမှု… နတ်ဘုရားသဘာဝက ညစ်ညမ်းသွားတယ်… အစက နတ်ဘုရားသဘာဝမှာ ညစ်ညမ်းမှုမရှိဘူး… နတ်ဘုရားသဘာဝရဲ့ ညစ်ညမ်းမှုက အသိဉာဏ်ကင်းမဲ့စေတယ် ”
“ ဆဌမညစ်ညမ်းမှု… ကျိန်စာက နတ်ဘုရားတစ်ပါးရဲ့ ဘဝမှာ မွေးဖွားလာတယ်…. အစက နတ်ဘုရားရဲ့ ဘဝမှာ ကျိန်စာမရှိဘူး… ကျိန်စာရဲ့ မွေးဖွားလာမှုက ဘဝကို ဖြတ်တောက်ပစ်ပြီး နတ်ဘုရားအရင်းအမြစ်ကို ငြိမ်းသတ်စေတယ် ”
ဝိညာဉ်ကို အမြစ်ဖြတ်သုတ်သင်ပစ်မည့် စွမ်းအားက ပေါ်ထွက်လာသည်။ ဖုန်းသည် အကျည်းတန်သော တစ္ဆေတစ်ကောင်နှင့် မခြားတော့ပေ။ သူ၏ ခန္ဓာကိုယ်က ဆိုးဝါးစွာ ယိုယွင်းပျက်စီးနေပြီး ပြင်းထန်သော အပုပ်နံ့ကို ထုတ်လွှတ်နေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ဖုန်းသည် သူ၏ ရင်ဘက်ကို အကြမ်းပတမ်း ထုရိုက်လိုက်သည်။ ချက်ချင်းဆိုသလို ပမာဏ အလွန်များပြားသော သွေးနှင့် အော်ဟစ်ညည်းညူသံများက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
ယင်းတို့က သူ၏ သွေးမျိုးဆက်ထဲမှ လူပေါင်းသန်းနှစ်ဆယ်၏ သွေးနှင့် ဝိညာဉ်များ ဖြစ်သည်။ စောစောတုန်းက ဥမင်လှိုဏ်ခေါင်းကို သူဖွင့်လှစ်ခဲ့စဉ် ယင်းတို့ကို သူ၏ သွေးမျိုးဆက်ဖြင့် ပေါင်းစည်းခဲ့ကာ လျောင်ရွှမ်းသွေးမျိုးဆက်ကို အပြည့်အဝ အသက်ဝင်စေခဲ့သည်။ ယခု သူ့မှာ ယင်းတို့ကို စွန့်ပစ်ရန်မှတပါး တခြားရွေးချယ်စရာမရှိတော့ပေ။
သွေးပင်လယ်နှင့် ဝိညာဉ်များက ပျံ့နှံ့ထွက်လာသည့်အခါ သူ၏ သွေးမျိုးဆက်သန့်စင်မှုက လျော့ကျသွားသည်။ တစ်ချိန်တည်းမှာ အတောင်ပံများက သူ၏ နောက်ကျောပေါ်မှာ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး တတိယမျက်လုံးက သူ၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ ကျိန်စာများသည်တော့ ပျက်ပြယ်သွားသည်။ သို့သော်လည်း သူက မပြိုလဲသွားရုံမျှသာ တောင့်ခံထားနိုင်သည်။ သူ၏ နောက်ကျောပေါ်မှ အတောင်ပံများက တဖျပ်ဖျပ်လှုပ်ခတ်သွားသည့်အခါ သူ၏ အလျင်က တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။ သူက တုံ့ဆိုင်းမနေဘဲ ဥမင်လှိုဏ်ခေါင်းအတွင်းသို့ ပြေးသွားသည်။
သို့သော်လည်း ရွှီချင်း၏ ကျိန်စာများက သာမန်မဟုတ်ပေ။ ယင်းတို့က အတင်းအကျပ် ဖိနှိပ်ခံထားရသော်လည်း ဖုန်း၏ အလျင်အပေါ် သက်ရောက်မှုရှိနေဆဲပင်။ ထို့ကြောင့် သူက အပြင်သို့ ရောက်တော့မည်နှင့်တစ်ပြိုင်နက် သူနှင့် အနီးဆုံးမှာရှိသော ယွဲ့တုန်က အတောင်ပံတဖျပ်ဖျပ်ခတ်လိုက်ပြီး သူ့နောက်သို့ အမြန်လိုက်ဖမ်းသည်။
တစ်ချိန်တည်းမှာ ယွဲ့တုန်က ချိပ်တံဆိပ်လက်ဟန်များစွာကို လက်နှစ်ဖက်စလုံးဖြင့် ဖွဲ့စည်းလိုက်လေရာ ဥမင်လှိုဏ်ခေါင်းထဲတွင် အတားအဆီးများစွာက ထွက်ပေါ်လာကြသည်။
ထိုအတားအဆီးများကို ဥမင်လှိုဏ်ခေါင်းထဲမှာ သူပုန်းအောင်းနေစဉ် လျှို့ဝှက်စွာ ခင်းကျင်းခဲ့ခြင်း ဖြစ်သည်။ ယခု ထိုအတားအဆီးများက ယွဲ့တုန်၏ မန္တန်အောက်မှာ အသက်ဝင်လာကြပြီး ဖုန်းကို တားဆီးလိုက်ကြသည်။
သို့ဖြစ်၍ အတားအဆီးများစွာ၏ နှောင့်ယှက်မှုအောက်မှာ ဖုန်းက ဥမင်လှိုဏ်ခေါင်းထဲသို့ အရင်ဦးစွာ ဝင်သွားခဲ့သော်လည်း သူ၏ အလျင်က အနည်းငယ် နှေးကွေးနေဆဲပင်။ မည်သို့ဖြစ်ပါစေ နောက်ဆုံးမှာတော့ သူက သူ့ဘိုးဘေးချန်ထားခဲ့သော ဥမင်လှိုဏ်ခေါင်းထဲမှ ထွက်ခွာနိုင်သွားသည်။
ဖုန်းက ဥမင်လှိုဏ်ခေါင်း၏ အပြင်သို့ ထွက်သွားသည်နှင့်ချက်ချင်း သူ့အနောက်မှ ယွဲ့တုန်က ဖုန်းကို ကျော်ဖြတ်သွားပြီး ရွှေကြွက်၏ အရှေ့မှာ ဆင်းသက်လိုက်သည်။ သို့ဖြစ်၍ ဖုန်း၏ အစီအစဉ်က တားဆီးခံလိုက်ရသည်။
ဖုန်းသည် အခြေအနေမဟန်တော့ကြောင်း ရိပ်စားမိသဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း လန်ယောင်က အနောက်မှာ ထွက်ပေါ်လာပြီး သူထွက်ပြေးမည့် လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
နောက်အခိုက်အတန့်မှာ ရွှီချင်းနှင့် ခေါင်းဆောင်က ဥမင်လှိုဏ်ခေါင်း၏ အပြင်သို့ ရောက်ရှိလာကြသည်။ သို့သော်လည်း သူတို့က ဖုန်းကို မတိုက်ခိုက်ပေ။ ယင်းအစား သူတို့က လှိုဏ်ဂူ၏ အပေါ်မှ ထွက်ပေါက်ဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည် ဤအခွင့်အရေးကို အသုံးချ၍ ဤနေရာမှ ထွက်သွားချင်သည်။
ဖုန်းနှင့် တခြားနှစ်ယောက်သည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ ရှိနေကြသည်။ သို့ဖြစ်၍ ဤအခိုက်အတန့်က သူတို့အတွက် ထွက်ပြေးရန် အသင့်တော်ဆုံးအချိန် ဖြစ်၏။
ဤသည်မှာ ရွှီချင်းနှင့် ခေါင်းဆောင်က ဥမင်လှိုဏ်ခေါင်းထဲမှာ လျှို့ဝှက်စွာ ဖန်တီးခဲ့သော အခွင့်အရေးဖြစ်သည်။
သို့မဟုတ်လျှင် ရွှီချင်းက နတ်ဘုရား၏ ညစ်ညမ်းမှုခြောက်မျိုးကို ထုတ်သုံးခဲ့လိမ့်မည် မဟုတ်ချေ။
သူက တားမြစ်အဆိပ်နတ်ဘုရားအခွင့်အာဏာကို အသုံးပြုခဲ့ခြင်းသည် ဖုန်းကို သတ်ပစ်ရန် မဟုတ်ပေ။ ယင်းအစား သူက ဖုန်းကို အချိန်ကြန့်ကြာစေပြီး ရွှေကြွက်အား လွှတ်ပေးမည့် တစ်ဖက်လူ၏ အစီအစဉ်ကို တားဆီးရန် ဖြစ်သည်။
သူတို့သုံးယောက်က ဆက်လက် တိုက်ခိုက်ပြီး မည်သည့်ရလဒ် ထွက်ပေါ်လာမလဲမှာ သူတို့ကိစ္စမဟုတ်ပေ။
ရွှီချင်းနှင့် ခေါင်းဆောင်သည် အကျိုးအမြတ်အလုံအလောက်ကို ရရှိထားပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့က ထွက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
သို့သော်လည်း ရွှီချင်းနှင့် ခေါင်းဆောင်၏ ပုံရိပ်က လေထဲသို့ ပျံသန်းသွားပြီး ထွက်ပေါက်ဆီသို့ ရောက်ရှိတော့မည်နှင့်ချက်ချင်း အကာအကွယ်အလွှာတစ်ခုက လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ယင်းက အဖြူရောင်သလင်းကျောက်ချည်မျှင်များဖြင့် ဖွဲ့စည်းထားသော ငွေရောင်ကွန်ချာတစ်ခု ဖြစ်သည်။ ငွေရောင်ကွန်ချာသည် အရွယ်အစား အလွန်ကြီးမားလေရာ လှိုဏ်ဂူတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
ငွေရောင်ကွန်ချာသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။ ထို့ပြင် ယင်းထဲမှာ အလွန်အံ့ဖွယ်ကောင်းသော ချိပ်ပိတ်မှုတစ်ခုလည်း ပါရှိသေးသည်။ ထိုစွမ်းအားသည် ဖုန်း၏ မဟာလောကများ ပေါက်ကွဲမှုထက် ပိုပြီးအားကောင်းသည်။
ထိုမျှသာဆိုလျှင် အဆင်ပြေသေး၏။ မည်သို့ဖြစ်ပါစေ ရွှီချင်းနှင့် ခေါင်းဆောင်က အင်ပါယာအလောင်းထဲသို့ ဝင်ရောက်သွားပြီးနောက် တန်ဖိုးအနည်းငယ် ပေးချေပြီး ထိုငွေရောင်ကွန်ချာကို ဆုတ်ဖြဲပစ်နိုင်ပေသည်။ သို့သော်လည်း ငွေရောင်ကွန်ချာ၏ အပေါ်တွင် အဆောင်တစ်ခု ရှိသေးသည်။
အဆောင်သည် ငွေရောင်စက္ကူတစ်ခုဖြစ်သည်။ အဆောင်ပေါ်မှ စာလုံးများက ထင်ရှားသော်လည်း ယင်းတို့၏ အဓိပ္ပာယ်ကို ဖော်ပြရန် ခက်ခဲသည်။ သို့သော်လည်း အဆောင်မှ ထုတ်လွှတ်နေသော သန့်စင်မွန်မြတ်သည့် ခံစားမှုက အလွန်သိပ်သည်းသည်။
ယင်းက နတ်ဘုရား၏ အရှိန်အဝါနှင့် ခြားနားသည်။ ယင်းက မဟာဧကရာဇ်၏ အရှိန်အဝါ ဖြစ်သည်။
ရွှီချင်းနှင့် ခေါင်းဆောင်၏ အမူအရာက ပျက်ယွင်းသွားသည်။
ထိုချိပ်ပိတ်မှုနှင့်ပတ်သက်ပြီး သူတို့စဉ်းစားစရာ မလိုပေ။ သူတို့နောက်ကို တစ်ချိန်လုံး လျှို့ဝှက်စွာ လိုက်ပါလာခဲ့သော ယွဲ့တုန်က ဤချိပ်ပိတ်မှုကို ခင်းကျင်းထားခဲ့ကြောင်း ချက်ချင်း သူတို့နားလည်သွားကြသည်။
ယွဲ့တုန်နှင့် လန်ယောင်တွင် တစ်ယောက်က အပြင်မှာ တိတ်တဆိတ် လှုပ်ရှားပြီး တစ်ယောက်က အထဲမှာ ထင်ပေါ်စွာ လှုပ်ရှားခဲ့သည်။ သူတို့နှစ်ယောက်၏ ပူးပေါင်းဆောင်ရွက်မှုကို ပြီးပြည့်စုံသည်ဟု ဆိုနိုင်ပေသည်။
ထို့ပြင် ထိုမျှတန်ဖိုးကြီးမားသော အဆောင်ကို ဤနေရာအား ချိပ်ပိတ်ရန် အသုံးပြုထားလေရာ သူတို့၏ ရည်ရွယ်ချက်က ရတနာရှာဖွေရန်သက်သက် မဟုတ်နိုင်ပေ။
မည်သို့ဖြစ်ပါစေ ထိုအဆောင်သည် အလွန်တန်ဖိုးကြီးမားသည်။
“ တာအိုရောင်းရင်းတို့… ဘာမှစိတ်မပူပါနဲ့… အဲ့ဒီချိပ်ပိတ်မှုက မင်းတို့ကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး… ဖုန်းလင်းတောင် ထွက်ပြေးသွားမှာကို ကာကွယ်ဖို့ပါ… ငါတို့နှစ်ယောက် ဖုန်းလင်းတောင်ကို သတ်ပြီးသွားရင် ချိပ်ပိတ်မှုကို ဖွင့်လှစ်ပြီး မင်းတို့ကို ထွက်သွားခွင့်ပေးပါမယ် ”
“ ပြီးတော့ တကယ်လို့ မင်းတို့နှစ်ယောက်က ဝင်ကူညီပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ… အဲ့ဒါက သတ်ဖြတ်မှုအတွက် အချိန်တိုတောင်းစေလိမ့်မယ်… ဘာပဲဖြစ်ဖြစ် ရွှေကြွက်ကို အချိန်အကြာကြီး မချုပ်နှောင်ထားနိုင်ဘူးမလား ”
ယွဲ့တုန်က တည်ငြိမ်စွာ ပြောသည်။ သူ့အနောက်မှ ရွှေကြွက်သည် ပိုပြီးကြမ်းတမ်းစွာ ရုန်းကန်လာသည်။ ရှင်းလင်းစွာပင် ၎င်းကို ဆယ့်ငါးမိနစ်ကြာအောင် ချုပ်နှောင်ထားနိုင်သည်ဟု လန်ယောင်ပြောခဲ့သည်မှာ အလိမ်အညာဖြစ်သည်။ ကြေးမုံသည် ရွှေကြွက်ကို အချိန်အကြာကြီး မချုပ်နှောင်နိုင်ပေ။
ရွှီချင်းနှင့် ခေါင်းဆောင်သည် နှလုံးတုန်သွားသည်။
သူတော်စင်ကုန်းမြေမှ ဤကျင့်ကြံသူသုံးယောက်သည် အလွန်အစွမ်းထက်ပြီး ဓမ္မရတနာအများအပြားကို ပိုင်ဆိုင်ထားရုံသာမက အတော်လေး ဉာဏ်များကြောင်း သူတို့ဝန်ခံရလိမ့်မည်။ သူတို့ဆီမှာ ဤခရီးစဉ်နှင့်ပတ်သက်ပြီး ရည်ရွယ်ချက်ကိုယ်စီရှိသည့်အပြင် အရံအစီအစဉ်များစွာကိုလည်း ချမှတ်ထားသေးသည်။
အကယ်၍ တစ်စုံတစ်ယောက်က သတိတစ်ချက်လစ်ဟင်းသွားလျှင် ဤနေရာမှာ အသက်ဆုံးရှုံးသွားလိမ့်မည်။
ဖုန်းသည်လည်း လှိုဏ်ဂူထဲမှ ချိပ်ပိတ်မှုကို အာရုံခံမိသွားသည်။ သူ၏ မျက်နှာက ပိုပြီးဖြူဖျော့သွားသည်။ အမှန်မှာ သူ၏ မျက်လုံးထဲတွင် စိတ်ပျက်အားလျော့သော အရိပ်အယောင်ပင် ထွက်ပေါ်လာသည်။ ထို့နောက် သူက ခါးသီးစွာ ရယ်မောလိုက်သည်။