← Chapters

မြေခွေးဝိညာဉ်

Vol. 46 Ch. 680

မြေခွေးဝိညာဉ်

Vol. 46 Ch. 680

ရဲ့လင်းချန်က ခြေတစ်ချက် ဆောင့်နင်း၍ မမြင်ရသော လှေကားပေါ် တက်သကဲ့သို့ လေပေါ် လွှားခနဲ ခုန်တက်လိုက်လေသည်။ သူ၏ အရှိန်က သူမတူအောင် လျင်မြန်လွန်းပြီး မြေခွေးဖြူ‌၏ အရှေ့တည့်တည့်သို့ ရောက်သွားသည်။

“ကျိကျိ”

မြေခွေးဖြူ အလန့်တကြား ထခုန်မိပြီးနောက် နောက်လှည့်၍ ထွက်ပြေးလေသည်။

ထိုအခိုက်တွင် ၎င်း၏ ခြေလက်များကို မည်မျှ အသည်းအသန် ရွှေ့ပါသော်လည်း ရှေ့သို့ ရောက်နိုင်ရန် ခက်ခဲနေကြောင်း သတိထားမိသွားသည်။ ရဲ့လင်းချန်၏ ညာလက်က ၎င်း၏ အမြီးကို အသာဖမ်းကိုင်ထားပြီး ၎င်းအား ပြုံး၍ ကြည့်နေသည်။

“အား … သွားပြီ၊ ငါ့ဘဝတော့ သွားပါပြီ”

ချက်ချင်းဆိုသလိုပင် မြေခွေးဖြူ၏ နှလုံးသား ကွဲကြေသွားလေသည်။ ရဲ့လင်းချန်က ၎င်းအား ကောက်မ လိုက်သဖြင့် ၎င်း၏ ခန္ဓာကိုယ်က ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

“ကျိကျိ … ကျိကျိ”

၎င်းက ခြေလက်များကို အသည်းအသန် ယမ်းခါနေပြီး ခန္ဓာကိုယ်ကို လူးလွန့်နေကာ မထိန်းနိုင် မသိမ်းနိုင် တုန်ယင်နေ၏။

ဝံပုလွေအုပ်က ဘေးတစ်ဖက်မှ ရောက်လာပြီး ၎င်းအား တည့်တည့်စိုက်ကြည့်လာသဖြင့် ၎င်း၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ထပ်မံ၍ မလှုပ်ရဲတော့ချေ။

ရဲ့လင်းချန်က မြေခွေးဖြူအား သူ၏ မျက်နှာရှေ့တည့်တည့်သို့ မချီ၍ အသေအချာ ကြည့်နေသည်။

သူ ထင်ယောင်ထင်မှားများ ဖြစ်နေသလားဟု မသေချာသော်လည်း မြေခွေးဖြူ၏ မျက်နှာတွင် ကလေးဆန်သော အရိပ်အယောင်နှင့် နူးညံ့သိမ်မွေ့သော အမူအရာကိုပါ တွေ့လိုက်ရသည်။ ထိုအချိန်၌ ၎င်းက ရဲ့လင်းချန်ကို မျက်ရည်များ ဝဲနေသော အကြည့်ဖြင့် သနားစဖွယ် ကြည့်နေသည်။ အလွန် စိုးရိမ်တုန်လှုပ်နေသောကြောင့် ၎င်း၏ အမွေးများက ထောင်မတ်မနေတော့သလို နားရွက်နှစ်ဖက်က အောက်စိုက်နေ၏။

“မင်း အခုတော့ ကြောက်နေပြီမလား”

ရဲ့လင်းချန်က သဘောတကျ မေးလိုက်ပြီး ၎င်း၏ အမြီးကို အနည်းငယ် လှုပ်ခါလိုက်သည်။ ထိုအခါ မြေခွေးဖြူ၏ အမူအရာက မသိမသာ ပြောင်းလဲသွားပြီး မမျှော်လင့်ဘဲ ၎င်း၏ လက်ဖဝါးဖြင့် မျက်လုံးကို အုပ်လာသည်။

ရဲ့လင်းချန် စိတ်ဝင်စားသွားပြီး လင်ဇီးကို ထုတ်၍ မြေခွေးဖြူ၏ နှာခေါင်းနား ထားလိုက်သည်။

မြေခွေးဖြူ၏ နှာခေါင်းက လှုပ်စိလှုပ်စိဖြစ်လာပြီး လျှာသပ်လာကာ ချီတုံချတုံဖြင့် လက်ကို အောက်ချလာ၏။

မြေခွေးဖြူသည် လင်ဇီးကို စိုက်ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေလေသည်။ ထို့နောက် ရဲ့လင်းချန်အား စူးစမ်းစွာ ကြည့်လာပြီး ၎င်း၏ နက်မှောင်သော မျက်လုံးများက မသိမသာ ဝင်းလက်သွားသည်။

ရဲ့လင်းချန်က လင်ဇီးကို ပါးစပ်နား ဆက်တိုးပေးလိုက်သည်။ ထိုအခါတွင်မှ မြေခွေးဖြူက ရဲ့လင်းချန်၏ သဘောထားကို နားလည်သွားလေသည်။ ၎င်း၏ အောက်စိုက်နေသော နားရွက်များက ပြန်ထောင်မတ်လာပြီး လက်ကိုဆန့်၍ လင်ဇီးကို လှမ်းယူသည်။ ထို့နောက် ၎င်းက ပါးစပ်ဟ၍ တစ်ကိုက် ကိုက်လိုက်သည်။

“ဂျွတ်ဂျွတ်…”

၎င်းက ပါးစပ်ကို ဟလိုက်၊ပိတ်လိုက်နှင့် အလျင်စလို စားနေ၏။ ၎င်း၏ မျက်လုံးများက စိတ်ကျေနပ်မှုကြောင့် မှေးစင်းနေကာ အစာကို အရသာခံ၍ နောက်တစ်ကိုက် ထပ်ကိုက်ကာ မှိုကို စားသကဲ့သို့ စားနေလေသည်။

ရဲ့လင်းချန် အလိုလို တံတွေးမျိုချမိသည်။ မြေခွေးဖြူက ဆေးပင်ကို အားပါးတရ စားနေပုံက ရဲ့လင်းချန်ကိုပါ ဗိုက်ဆာလာစေသည်။

ဤလင်ဇီးသည် အရွယ်အစားကြီးပြီး သက်တမ်းအားဖြင့် ရာစုနှစ်တစ်ဝက်ကျော်သည်။ သို့သော် ရဲ့လင်းချန်က စိတ်ထဲ သိပ်မထားချေ။ သူ၏ သစ်သား ဝိညာဉ် ခန္ဓာကိုယ်နှင့်ဆိုလျင် လင်ဇီးပင် စိုက်ရန် သူ့အတွက် အလွယ်လေးပင်။ ထို့အပြင် သူ၏ ဆေးစိုက်ခင်း၌ အခြားသော ဆေးပင်များလည်း များစွာ ရှိနေသေးသည်။

မြေခွေးဖြူတွင် စိတ်ဝိညာဉ်နှင့် ပြည့်နေသည်က အံ့ဩစရာ မဟုတ်တော့ချေ။ ၎င်း၏ အမွေးက သူမတူအောင် နူးညံ့နေခြင်းမှာ ဆေးပင်များကို စားသုံး၍ ဖြစ်လေသည်။ ယင်းက မယုံနိုင်စရာ ကောင်းလွန်းလှသည်။ ၎င်းက သန္ဓေပြောင်းလဲမှုဖြစ်ပြီး သာမန်ထက် ကျော်လွန်နေ၏။

ရဲ့လင်းချန် ကြည့်နေစဉ်မှာပင် မြေခွေးဖြူက ၎င်းခန္ဓာကိုယ်၏ တစ်ဝက်ကျော်မျှ ရှိသော လင်ဇီးကို စား၍ ပြီးသွားလေသည်။ ထို့နောက် ၎င်းက ရဲ့လင်းချန်ကို ကြည့်လာသည်။

၎င်း၏ မျက်လုံးတွင်းမှ သတိထားသော အရိပ်အယောင်က အနည်းငယ် လျော့ကျသွားသော်လည်း စိုးရိမ်ပူပန်သလို ခံစားနေရဆဲပင်။

ရဲ့လင်းချန်က ၎င်းကို ဆေးစိုက်ခင်းထဲ၌ ပြန်ချပေးလိုက်သည်။ သူက ၎င်းကို လက်ဟန်ခြေဟန်ပြ၍ စိုက်ခင်းထဲမှ ဆေးပင်များကို လက်ညှိုးထိုးပြသည်။

သူက မြေခွေးနှင့် စကားမပြောနိုင်သော်လည်း သူ၏ အဆင့်မြင့် သားရဲယဉ်ပါးခြင်းစွမ်းရည်က သူ့အား မြေခွေးဖြူနှင့် ရိုးရိုးရှင်းရှင်း ဆက်သွယ်နိုင်စေသည်။ မြေခွေးဖြူက ရဲ့လင်းချန်၏ ဆိုလိုရင်းကို လျင်မြန်စွာ နားလည်သွားပြီး မျက်လုံးတွင်း၌ ဝမ်းသာရိပ်များ ပေါ်လာသည်။ ၎င်း၏ အရှေ့မှ ဆေးပင်များကိုကြည့်၍ သွားရည်များ ကျစပြုလာ၏။

ထို့နောက် ရဲ့လင်းချန်က ဝံပုလွေအုပ်နှင့် ရှောင်ပိုင်ကို လက်ညှိုးထိုး၍ အချင်းချင်း သင့်သင့်မြတ်မြတ်နေ၍ တစ်ဦးကိုတစ်ဦး မိတ်ဆွေအဖြစ် သဘောထားကြရန် အချက်ပြလိုက်သည်။

မြေခွေးဖြူက အနည်းငယ် ကြောက်လန့်နေသေးသည်။ ရှောင်ချင်နှင့် ရှောင်ဟွေက သူတို့၏ နှာခေါင်းကို တိုး၍ အနံ့ခံကြသည်။ ထိုအခိုက်တွင် ရှောင်ပိုင်က မြေခွေးဖြူနှင့် ကစားနေကာ ၎င်းတို့၏ တူညီသော အရောင်နှင့် အရွယ်အစားကြောင့် အချင်းချင်း စိမ်းကားသလို မခံစားရချေ။

အားလုံး ပြီးသွားပြီးနောက် ရဲ့လင်းချန် ထရပ်ကာ အိမ်ဘက်သို့ ပြန်သွားပြီး အိပ်စက်ရန် ပြင်လေသည်။ မြေခွေးဖြူ၏ ဉာဏ်ရည်က မြင့်မားပြီး ကြီးမားသော ဆေးစိုက်ခင်းတစ်ခု ရှိနေသဖြင့် ထွက်ပြေးမှာ မဟုတ်ပေ။ လူသားဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ချမ်းသာကြွယ်ဝမှု၏ ဖြားယောင်းမှုအင်အားကို မလွန်ဆန်နိုင်ကြချေ။

နောက်တစ်နေ့၌ ရဲ့လင်းချန် စောစော နိုးလာပြီး ဝံပုလွေများအား တောအုပ်ထဲသို့ ခေါ်လာကာ အိပ်နေဆဲ ဖြစ်သည့် ရှောင်ပိုင်ကို ပွေ့လာခဲ့သည်။ မြေခွေးဖြူမှာမူ ဂျင်ဆင်းပင်ကို အမြီးဖြင့် ပတ်၍ ပျော်ရွှင်စွာ အိပ်မောကျနေ၏။ ၎င်း၏ နှာခေါင်းက မကြာခဏ လှုပ်လှုပ်လာပြီး အိပ်မက်မက်နေသလိုပင်။ ရဲ့လင်းချန်က သူ့ကို အာရုံမထား တော့ချေ။

ဆေးပင်များစွာနှင့် အိပ်စက်နိုင်ခြင်းက ၎င်း၏ အိပ်မက် ဖြစ်လောက်သည်။

ရဲ့လင်းချန် လေ့ကျင့်ပြီး ပြန်လာသောအခါ လူတစ်စုက ဆေးစိုက်ခင်းနား၌ စုဝေးနေပြီး ဧည့်သည်အသစ်အား အသေအချာ ကြည့်နေကြသည်။ မြေခွေးဖြူကလည်း လူတိုင်းကို စူးစမ်းစွာ ကြည့်နေပြီး ထွက်မပြေးပေ။

၎င်းက ရဲ့လင်းချန် ရောက်လာသည်ကို အာရုံခံမိသည်နှင့် အမြီးကို ယမ်းကာ ရဲ့လင်းချန်ထံသို့ ချက်ချင်း ပြေးလာသည်။

“ဝါး … သိပ်ချစ်ဖို့ကောင်းတာပဲ၊ ချစ်စရာကောင်းလိုက်တာ”

တုန်းမြောင်မြောင်၏ မျက်လုံးများက အသည်းပုံပုံစံ ပြောင်းလုနီးနီး ဖြစ်သွားသည်။ သူမသည် မြေခွေးဖြူအား ပွေ့ချီ၍ ပွတ်သပ်ရန် မစောင့်နိုင်တော့ပေ။

“လင်းချန်၊ ကျွန်မကို ဒီအကောင်လေး ဖက်ခွင့်ပေးပါလား၊ သူ့နားရွက်တွေက သိပ်ချစ်ဖို့ကောင်းတာပဲ၊ ကျွန်မ တကယ် ကိုင်ဆွဲချင်လိုက်တာ”

ရှောင်ဖေးဖေးက လက်များ ယားယံလာသကဲ့သို့ ခံစားလာရပြီး စိတ်မရှည်တော့ဘဲ မြေခွေးဖြူကို ကိုင်ရန် လက်လှမ်းလိုက်သည်။

“သူ့အမွေးတွေက ပိုးသားတွေလို နူးညံ့နေမှာပဲ၊ ကျွန်မ ကိုင်ကြည့်ဦးမယ်”

ဟောင်ယွင်ကလည်း ကိုယ်ကို ကိုင်း၍ တိုးလာသည်။

အမျိုးသမီးသုံးယောက်လုံး၏ မျက်လုံးများက မီးတောက်နေပြီး မသိလျင် မြေခွေးဖြူကို အကောင်လိုက် မျိုချတော့မည်ဟု ထင်မှတ်ရသည်။ သူမတို့က မြေခွေးဖြူကို ခြောက်လှန့်သကဲ့သို့ ဖြစ်သွားပြီး ၎င်းက တုန်ယင်သွားကာ ရဲ့လင်းချန်၏ ခြေထောက်အနောက်၌ ပုန်းလေတော့သည်။

“ကဲကဲ … မင်းတို့ သုံးယောက်လုံး ပြန်ကြည့်ကြဦး၊ မင်းတို့ ရှောင်ဟူကို လန့်အောင် လုပ်မိသွားပြီး၊ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းဦး”

ရဲ့လင်းချန်က မြေခွေးဖြူအား ချက်ချင်း နာမည်ပေးလိုက်သည်။

“ရဲ့နတ်ဘုရား၊ ရှင် တကယ်ပဲ ကြုံရာနာမည် ပေးတော့မလို့လား”

ဟောင်ယွင်က စိတ်ပျက်ဟန်ဖြင့် အကြည့်လွှဲ၍ စောဒက တက်လေသည်။

ရှောင်ချင်၊ ရှောင်ဟွေနှင့် ရှောင်ပိုင်တို့က သူတို့၏ အရောင်ကို လိုက်၍ နာမည်ပေးထားခြင်း ဖြစ်သည်။ မြေခွေးသည်လည်း အဖြူရောင် ဖြစ်နေသည်။ သို့သော် ရှောင်ပိုင်ဟု နာမည်ပေး၍ မရချေ။ ထို့ကြောင့် ရဲ့လင်းချန်က ရှောင်ဟူကို နာမည်ပေးလိုက်ခြင်း ဖြစ်သည်။

“ဒီနာမည်က ကောင်းတယ်လို့ ငါ ထင်တာပဲ၊ ရှောင်ဟူ လာပါဦး၊ မမဆီ လာပါပြီး၊ ငါ့မှာ မင်းအတွက် အရသာ ရှိတာလေး ရှိတယ်”

တုန်းမြောင်မြောင်က မနေ့က လက်ကျန် ကြက်သားတုံးကို တွေ့ပြီး ရှောင်ဟူအား မြူဆွယ်လေသည်။

သို့သော် ရှောင်ဟူက ကြက်သားအား တစ်ချက်ကြည့်၍ မမျှော်လင့်ဘဲ အထင်သေး ရွံ့ရှာဟန် ပြလာသည်။ ၎င်းက အနီးအနားမှ ဆေးပင်တစ်ချို့ကို ဆွဲကိုက်၍ စားလေသည်။

“သူ … သူက ဆေးပင်ကို စားတာလား”

တုန်းမြောင်မြောင် အမူအရာကို မထိန်းနိုင်တော့ဘဲ သူမအသံ၌ မယုံနိုင်ဟန်တို့နှင့် ပြည့်နှက်သွားသည်။

“အင်း …”

ရဲ့လင်းချန်က အေးအေးလူလူ ခေါင်းညိတ်ပြလိုက်သည်။

“ငါ မနေ့ကလေးတင် သူ့ကို လင်ဇီးကျွေးထားတာ”

“ဘာ”

တုန်းမြောင်မြောင် ချက်ချင်း မှင်တက်သွားပြီး သူမ ကြားလိုက်ရသည့်အရာကို မယုံနိုင် ဖြစ်သွားလေသည်။ သူမ ဆေးစိုက်ခင်းကို စစ်ဆေးကြည့်သောအခါ အမှန်ပင် လင်ဇီးတစ်ပင် ပျောက်နေပြီး ၎င်းက သက်တမ်းရင့်များထဲမှ တစ်ခု ဖြစ်နေ၏။

အခြားသူများလည်း ထပ်တူ အံ့ဩသွားပြီး ထိုသို့သော အရာမျိုး ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားကြချေ။

“ရှင် ရူးသွားပြီလား၊ ဥက္ကဋ္ဌရဲ့၊ ရှင်က အဲ့ဒါကို မြေခွေးဖြူကို ကျွေးလိုက်တာလား၊ အဲ့လင်ဇီးက အနည်းဆုံး ယွမ်နှစ်သိန်း တန်တယ်”

တုန်းမြောင်မြောင်၏အသံက အက်ကွဲလုနီးပါး ဖြစ်နေသည်။

ယွမ်နှစ်သောင်းက မပြောပလောက်သော်လည်း မြေခွေးဖြူ၏ အစာတစ်နပ်အတွက် ယွမ်နှစ်သိန်း ကုန်ရသည်က ရူးချင်စရာပင်။ ပိုဆိုးသည်က မြေခွေးဖြူသည် လင်ဇီးကို စားပြီး အဆင်ပြေနေပုံ ရသည်။ လူသားများတောင်မှ လင်ဇီးကို တစ်ထိုင်တည်း မစားနိုင်ချေ။ ဆက်တိုက် နှာခေါင်းသွေးယိုခြင်းက အပျော့စား သက်ရောက်မှုများထဲမှ တစ်ခု ဖြစ်ပြီး အခြေအနေ ပိုဆိုးပါက လူတစ်ယောက်၏ ခန္ဓာကိုယ်က ဆေးပင်၏ ဂုဏ်သတ္တိကို မထိန်းနိုင်ဘဲ ဖြစ်လာပေလိမ့်မည်။

*သောက်ကျိုးနည်း၊ ဒါ မြေခွေးဖြူ မဟုတ်တော့ဘူး၊ မြေခွေးဝိညာဉ်ပဲ*

All Chapters