ချန်နဂါးဧကရာဇ်
Vol. 109 Ch. 1631
ထိုစဉ်.. မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ငရဲစုန်း ဧကရာဇ်၏ မကောင်းဆိုးရွားဆန်သော အကြောက်တရားကနေ ရုန်းထွက်မလာနိုင်ခင်မှာပင် သူတို့က ရုတ်တရက် အပူလှိုင်းတစ်ခုကို ခံစားလိုက်ရ၏။
အဲဒါက အရမ်းကို ပူပြင်းလေသည်။
လူတိုင်းသည် ဧရာမ မီးဖိုတစ်လုံးထဲသို့ ကျရောက်သွားပြီး ရုန်းမထွက်နိုင်တော့သည့်အလား ခံစားရလေသည်။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအပေါ် အပူချိန်က ရုတ်တရက် မြင့်တက်လာပြီး သူတို့ထဲမှ ကျင့်ကြံမှုအဆင့်နိမ့်သောသူတချို့သည် နေရာမှာပင် သတိလစ်သွားကြ၏။
အခြားသော သက်ရှိများကလည်း ချွေးများဖြင့် စိုရွှဲလာခဲ့၏။
ဒါ့အပြင်.. အဲဒါသည် အစီအရင် ဝင်္ကပါ အထပ်ထပ်ဖြင့် ပိုင်းခြားထားသော ပဟေဠိနန်းတော် အတွင်းမှာ ဖြစ်လေသည်။
ပဟေဠိနန်းတော်၏ အပြင်ဘက်မှာဆို ကောင်းကင်ဖြန့်ကြက် တောင်ကြောရိုးတစ်ခုလုံးမှာ အလျှံညီးညီး မီးတောက်များက လောင်ကျွမ်းနေခဲ့ပြီဖြစ်၏။ တောင်တန်းများက ပြိုကျလာပြီး ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ရောက်ရှိလာတော့မည့်အလား.. မြေကြီးထဲကနေ ချော်ရည်များက အတောမသတ် ပန်းထွက်လာနေ၏။
ပဟေဠိနန်းတော် အပြင်ဘက်တွင် သက်ရှိအားလုံးကို ဖယ်ရှားရှင်းလင်းပစ်ချင်နေသည့် ပွက်ပွက်ဆူနေသော ချော်ရည်လောကတစ်ခုနီးပါး ဖြစ်လာခဲ့၏။
ကျင့်ကြံသူများစွာသည် အလိုလိုမော့ကြည့်လိုက်ပြီး ကောင်းကင်ထက်မှာ တူညီသော သိပ်သည်းပြင်းထန်စွာဖြင့် လွင့်မျောနေသည့် နေတစ်စင်းကို တွေ့မြင်လိုက်ရ၏။ ဒုတိယနေတစ်စင်းထံမှ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာပြီး ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်နှင့် ငရဲစုန်း ဧကရာဇ်တို့ထက် မနိမ့်ကျသော စွမ်းပကားတစ်ခုကို ထုတ်ဖော်လာခဲ့၏။
ရွှေကျီးကန်း မီးဧကရာဇ်က ဆင်းသက်ရောက်ရှိလာခဲ့လေပြီ။
လုံယန်၏ အမူအရာက သုန်မှုန်လာပြီး နဂါးများကလည်း တုန်လှုပ်နေကြ၏။
လက်ရှိ မျက်မှောက်ခေတ် ကမ္ဘာဦးမျိုးနွယ်များ၏ အသန်မာဆုံး ဧကရာဇ် ၃ပါးက ပဟေဠိနန်းတော်သို့ ရောက်ရှိလာခဲ့လေပြီ။
သူတို့က သိပ်သည်းပြင်းထန်သော ဖိအားကို ခံစားလိုက်ရ၏။
တကယ်ဆို နဂါးများစွာသည် နောက်သို့ပင် ဆုတ်ခွာချင်လာကြ၏။ ဧကရာဇ် ၃ပါး ထုတ်ဖော်လိုက်သော အော်ရာများသည် အရမ်းကို ကြောက်စရာကောင်းလေသည်။
သူတို့သည် ဘိုးဘေးနဂါးများ ဖြစ်ကြသော်လည်း သူတို့သည် ဤကဲ့သို့သော အော်ရာတစ်ခုကို ဆန့်ကျင်တိုက်ခိုက်ဖို့ သတ္တိပင် မရှိတော့ပေ။
ကျင့်ကြံသူများစွာကလည်း စိတ်ပျက်အားငယ်သွားကြ၏။
ထိုအခိုက်အတန့်မှသာလျှင်… လူသားမျိုးနွယ်မှ ဧကရာဇ်များသည် ဘာကြောင့် ပေါ်ထွက်လာခြင်း မရှိဘဲ ပုန်းရှောင်နေရသလဲ သူတို့က အမှန်တကယ် နားလည်သဘောပေါက်လာ၏။
ဤကဲ့သို့သော ပညာရှင်များနှင့် ရင်ဆိုင်ရချိန်မှာ လူသားမျိုးနွယ်၏ မည်သည့် ဧကရာဇ်မဆို ပေါ်ထွက်လာသည့် ခဏမှာပင် အညှာတာမဲ့စွာ ဖိနှိမ်ခံရပေလိမ့်မည်။
ဧကရာဇ်များစွာသည် ဤအဆင့်ထိ ကျင့်ကြံထားကြပြီဖြစ်ပြီး ကောင်းကင်ဘုံသို့ တက်လှမ်းဖို့ ခြေတစ်လှမ်းသာ လိုတော့လေသည်။ ဘယ်သူကများ သူတို့၏ အသက်များကို စွန့်လွှတ်စတေးချင်ပါ့မလဲ။
ပဟေဠိနန်းတော်၏ နဂါးအိုကြီးပင်လျှင် စိုးရိမ်ပူပန်သည့်ပုံပေါ်လာပြီး ကြိတ်၍ သက်ပြင်းချလိုက်၏။
သူက သူ၏ အကောင်းဆုံးအချိန်မှာ ရှိနေလျှင်တောင် သူသည် ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်နှင့် အခြားသူများကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ ယခု သူက အသက်အရွယ် လွန်စွာအိုမင်းနေခဲ့ပြီဖြစ်၏။
အဲဒီမှာ ဖြေရှင်းစရာ နည်းလမ်းမရှိတော့ပေ။
အဲဒါက လုံးဝ ပျက်သုဉ်းရမည့် အခြေအနေတစ်ရပ် ဖြစ်လေသည်။
“ဟီးဟီး.. မင်းတို့တွေက ရောက်လာတာ စောသားပဲ… ငါက လူသားမျိုးနွယ်မှာ တခြား ဘာဝှက်ဖဲတွေ ရှိဦးမလဲ စောင့်ကြည့်နေတာ”
အဖြူရောင်ဝတ် အမျိုးသားတစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့၏။ သူ့မျက်နှာက နီမြန်း၍ ကြော့ရှင်းနေလေသည်။
သူသည် တစ်မူထူးခြားစွာ ကြည့်ကောင်းပြီး လက်ရှိ လူသားကျင့်ကြံသူ အများစုထက်ပင် ပို၍ ကြော့ရှင်းခံ့ညားနေ၏။
သို့သော်လည်း ဤလူသည် မျက်တောင်တစ်ချက် မခတ်ဘဲ သတ်ဖြတ်နိုင်သည့် ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်ဖြစ်ကြောင်း ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များစွာက သိရှိထားကြလေသည်။
သွေးနွယ်ပင်မျိုးနွယ်မှ သွေးဧကရာဇ်..
သွေးနွယ်ပင်များ အားလုံးနီးပါးသည် လူသားသွင်ပြင်သို့ ယူပြီးနောက်…သွေးချီဖြင့် ပြည့်နှက်နေကြ၏။
သို့သော်လည်း သွေးဧကရာဇ်ထံမှ မည်သည့် သွေးချီမှ ဖြာထွက်နေခြင်း မရှိဘဲ သူက သာမန်ကျင့်ကြံသူတစ်ယောက်နှင့် တူနေလေသည်။
သို့သော်လည်း ထိုသို့ဆိုလေ သွေးဧကရာဇ်က ပို၍ ကြောက်စရာကောင်းလေဖြစ်၏။
“ငါလည်း ဒီကိုရောက်လာပြီ”
အခြားတစ်ဖက်မှာတော့ အနက်ရောင်ဝတ် အမျိုးသားတစ်ယောက်က လျှောက်လှမ်းလာ၏။ သူ၏ မျက်လုံးများက ကြည်လင်နေသော်လည်း မျိုးနွယ်စုတစ်သောင်းကို တုန်လှုပ်ချောက်ချားသွားစေသည့် အရာမှာ အနက်ရောင်ဝတ် အမျိုးသား၏ နှာရောင်ပေါ်ရှိ ဒေါင်လိုက် အနက်ရောင် မျက်လုံးတစ်လုံး ဖြစ်လေသည်။
သူ၏ အမာရွတ်ထံမှ အဖျက်စွမ်းအား အော်ရာတစ်ခု ဖြာထွက်နေပြီး ၎င်းဖြတ်သွားရာ နေရာတိုင်း လေဟာနယ်က တုန်ခါသွားလေသည်။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ မဟူရာမျက်လုံးဧကရာဇ်…
ကမ္ဘာဦးမျိုးနွယ် ၆စု၏ ထိပ်သီးဧကရာဇ်များ အားလုံးက ရောက်ရှိလာကြလေပြီ။
ပုံမှန်အခြေအနေမှာဆိုလျှင်.. ဆိုးယုတ်လေယက္ခ၊ သွေးဧကရာဇ်နှင့် မဟူရာမျက်လုံးဧကရာဇ်တို့သည် အန္တိမ နတ်ဘုရားစွမ်းအား ၃ခုကို နားလည်ဆင်ခြင်ထားပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားသည် အန္တိမ နတ်ဘုရားစွမ်းအား ၅ခုကို နားလည်ဆင်ခြင်ထားသည့် လူသားမျိုးနွယ်မှ ဧကရာဇ်များနှင့် ယှဉ်နိုင်လေသည်။
ထိုဧကရာဇ် ၃ပါးသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အထွတ်အထိပ် တည်ရှိမှု ၃ခုဖြစ်ပြီး အရာရာတိုင်းကို ဖယ်ရှားရှင်းလင်းကာ မျိုးနွယ်စုတစ်သောင်းကို ဖိနှိမ်နိုင်လေသည်။
သို့သော်လည်း ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၊ ငရဲစုန်းဧကရာဇ်နှင့် ရွှေကျီးကန်း မီးဧကရာဇ်တို့ ရောက်ရှိလာမှုကြောင့် သူတို့ ၃ယောက်၏ အရောင်အဝါက အနည်းငယ် မှိန်ဖျော့သွားလေသည်။
ဧကရာဇ် ၆ပါး ပေါ်ထွက်လာမှုသည် လက်ရှိ ကျင့်ကြံသူများကို မပြောနှင့်.. ခွန်မျိုးနွယ်၊ နဂါးမျိုးနွယ်နှင့် လူရိုင်းမျိုးနွယ်တို့၏ အော်ရာများကိုပင် အပြတ်အသတ် ဖိနှိမ်သွားခဲ့လေသည်။
ဧကရာဇ် ၆ပါးသည် သူတို့၏ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်ကြ၏။ သူတို့သည် ဖန်တီးခြင်းကြာပဒုမ္မာကို ခဏကြာ စိုက်ကြည့်ပြီးနောက်.. သူတို့၏ အကြည့်များက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာပေါ်သို့ ဆင်းသက်သွားလေသည်။
ဧကရာဇ် ၆ပါးသည် အမူအရာ ပြောင်းလဲသွားခြင်း မရှိဘဲ တိုက်ခိုက်လာခြင်းလည်း မရှိပေ။
သို့သော်လည်း သူတို့၏ မျက်လုံးများထဲမှာ အထင်သေးမှုနှင့် လှောင်ပြောင်သရော်လိုသည့် အရိပ်အယောင်တစ်ခု ရှိနေ၏။
ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုဖြစ်သော ဖန်တီးခြင်းကြာပဒုမ္မာနှင့် နဂါးဖီးနစ်ခန္ဓာသည် အကန့်အသတ်မဲ့သော ပါရမီအလားအလာကို ပိုင်ဆိုင်ထားလေသည်။
သို့သော်လည်း ဧကရာဇ် ၆ပါး၏ မျက်လုံးထဲမှာ သူတို့က လုံးဝ ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။ သူတို့ အလိုရှိသည့်နှင့်အမျှ သူတို့သည် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုကို လက်ညိုးတစ်ချောင်းဖြင့် အချိန်မရွေး သတ်ဖြတ်နိုင်လေသည်။ ရှင်းရှင်းပြောရလျှင် ပဟေဠိနန်းတော်၏ နဂါးအိုကြီးပင်လျှင် ဧကရာဇ် ၆ပါး၏ မျက်လုံးထဲမှာ ဘာမှဟုတ်မနေပေ။
“ငါက အခုဆို တကယ်ကို အိုမင်းသွားပြီပဲ”
ပဟေဠိနန်းတော်၏ နဂါးအိုကြီးက သက်ပြင်းချလိုက်၏။
သူသည် ထိုဧကရာဇ် ၆ပါးထက် ပို၍ အသက်ကြီးသော်လည်း သူတို့ တစ်ယောက်ချင်းစီက သူ့ကို အလွယ်တကူ ဖိနှိမ်နိုင်လေသည်။
“အဘိုးကြီး.. မင်းဝင်ရှုပ်တာ များနေပြီ”
ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်က မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းက စောစောစီးစီး သေချင်နေပြီဆိုမှတော့ ငါကလည်း မင်းရဲ့ လမ်းကြောင်းပေါ်ကို ပို့ပေးရမှာပေါ့”
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင်.. ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်က သူ၏ လက်ညိုးကို ဆန့်ထုတ်လိုက်၏။
ထိုလက်ညိုးက အဆုံးမဲ့ နတ်ဘုရားအလင်းတစ်ခုကို ထုတ်ဖော်ပြီး အလျင်အမြန် ပြန့်ကားလာကာ ကောင်းကင်ထိုးဖောက် နတ်ဘုရားကျောက်တိုင်တစ်တိုင်ကဲ့သို့ ပဟေဠိနန်းတော်၏ နဂါးအိုကြီးကို ဖိနှိမ်လာခဲ့၏။
ဘုန်း…
နဂါးအိုကြီးသည် အပေါ်သို့ ခုန်တက်ပြီး ကျယ်လောင်သော မြည်သံနှင့်အတူ ကောင်းကင်ထိုးဖောက် နတ်ဘုရားကျောက်တိုင်နှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်လိုက်၏။
ဂျွတ်…
နဂါးအိုကြီး၏ ဦးခေါင်းပေါ်ရှိ ဦးချိုနှစ်ဖက်က ချက်ချင်းပင် ကျိုးပဲ့သွားလေသည်။
နဂါးအိုကြီးက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ မျက်လုံးများထဲမှာ နက်ရှိုင်းသော နာကျင်မှုက တလိပ်လိပ် ထိုးတက်လာ၏။ သို့သော်လည်း သူက အသံတစ်ချက် မထွက်ပေ။
နဂါးဦးချိုတစ်စုံသည် ရွှေကျီးကန်းမျိုးနွယ်၏ တတိယခြေထောက်နှင့် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကောင်းကင်ဘုံမျက်လုံးများကဲ့သို့ ဖြစ်လေသည်။ သူတို့က တစ်ခါပျက်စီးထိခိုက်သွားသည်နှင့် ပြန်လည်ကုသနိုင်ဖို့ ခဲယဉ်းလေသည်။
သူ၏ အသက်အရွယ်အရ သူသည် ဤကဲ့သို့သော ပြင်းထန်သည့် ဒဏ်ရာတစ်ခုကို ပြန်လည်ကုသနိုင်တော့မည် မဟုတ်ပေ။
ဤထိတွေ့ရိုက်ခတ်မှုနှင့် ရင်ဆိုင်ရချိန်မှာ နဂါးအိုကြီးသည် သိသိသာသာ ထပ်မံအိုစာသွားသည်ဟု ထင်ရလေသည်။
သို့သော်လည်း ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်၏ စွမ်းအားသည် ရပ်တန့်မသွားဘဲ အဆုံးမဲ့သည်ဟု ထင်ရလေသည်။
ဘုန်း… ဘုန်း..
အကြည့်များစွာအောက်မှာ နဂါးအိုကြီး၏ ပေပေါင်းထောင်ချီ ရှည်လျားသော ခန္ဓာကိုယ်သည် ပြင်းထန်စွာ ဖိနှိမ်ခံရပြီး မြေပြင်ပေါ်သို့ ပစ်ဆောင့်ကျသွားလေသည်။
ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်က သူ၏ လက်ညိုးတစ်ချောင်းကိုသာ အသုံးပြုလိုက်ခြင်း ဖြစ်၏။
သို့သော်လည်း ထိုလက်ညိုးသည် နဂါးအိုကြီးကို မြေပြင်ပေါ်မှာ ဖိချထားပြီး ထိုသူက ဘယ်လောက်ပင် လှုပ်ရှားရုန်းကန်သည်ဖြစ်စေ.. ရုန်းထွက်မလာနိုင်တော့ပေ။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက အသံတိတ်သွားကြ၏။
ကျင့်ကြံသူများစွာကလည်း ကြောက်လန့်တကြား ဖြူဖပ်ဖြူလျော် ဖြစ်လာကြ၏။
အဲဒါသည် ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်၏ စွမ်းအား ဖြစ်လေသည်။
ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်က ပစ်ရိုက်ချလိုက်မည်ဆိုလျှင် ပဟေဠိနန်းတော်တစ်ခုလုံးကပင် အပျက်အစီးပုံများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
“အဟမ်း”
ထိုစဉ်မှာပင် အိုမင်း၍ ခြောက်သွေ့အက်ကွဲသော ချောင်းဟန့်သံတစ်သံ ထွက်ပေါ်လာ၏။
ပဟေဠိနန်းတော်ထက်မှာ အသက်အရွယ် လွန်စွာအိုမင်းနေသော အဘိုးအိုတစ်ယောက်က သူ၏ လက်ထဲမှာ မတ်တတ်တံမြက်စည်းတစ်လက်ကို ဆုပ်ကိုင်ပြီး ကုပ်ကုပ်ကိုင်းကိုင်း ရှိနေ၏။ သူက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး အချိန်အရွေး လဲကျသေဆုံးသွားနိုင်သည့်ပုံပင်။
အဘိုးအို၏ ပေါ်ထွက်လာမှုက ရုတ်တရက်ဆန်ပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် မည်သည့်အရာကိုမှ မခံစားမိနိုင်ကြပေ။
သို့သော်လည်း ကမ္ဘာဦးမျိုးနွယ် ၆စုမှ ဧကရာဇ်များသည် သူတို့၏ မျက်လုံးများကို မှေးကျဉ်းပြီး သူတို့၏ အမူအရာများက အေးခဲရပ်တန့်သွား၏။
“သွားတော့”
အဘိုးအိုက သူ၏ လက်ထဲရှိ မတ်တတ်တံမျက်စည်းကို ကိုင်မြှောက်ပြီး ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်၏ တဖျပ်ဖျပ် တလက်လက် လက်ညိုးရှိရာသို့ ဝှေ့ယမ်းကာ ညင်သာစွာ ပြောလိုက်လေသည်။
ဝုန်း.. ဝုန်း…
ထိုညင်သာသော ဝှေ့ယမ်းမှုက ကောင်းကင်ဘုံနတ်ဘုရား ဧကရာဇ်၏ ခန္ဓာကိုယ်ကို တုန်ခါသွားစေပြီး သူ၏ လက်ညိုးပေါ်ရှိ နတ်ဘုရားဆန်ဆန် အလင်းက တဖျပ်ဖျပ်ဖြစ်ကာ အလျင်အမြန် ပျက်ပြယ်သွားလေသည်။
သူက သူ၏လက်ညိုးကို ပြန်လည်ရုတ်သိမ်းလိုက်ရ၏။
“စီနီယာ.. ခင်ဗျား ဒီကို ရောက်လာတာပဲ”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အလောတကြီး ဦးညွှတ်လိုက်၏။
ဤစီနီယာသည် ဘိုးဘေးနဂါးကုန်းမြေ၏ အနက်ပိုင်းထဲမှာ အုတ်ဂူများကို တံမျက်စည်းလှည်းကျင်းပေးနေသည့် နဂါးမျိုးနွယ်မှ အဘိုးအိုဖြစ်လေသည်။
“နှုတ်ဆက်ပါတယ် ချန်နဂါးဧကရာဇ်”
လုံယန်နှင့် အခြားသူများသည် အဘိုးအိုကို တွေ့မြင်သောအခါ ရိုသေလေးစားသော အမူအရာများကို ထုတ်ဖော်ပြသပြီး တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြ၏။